Wednesday, December 19, 2012

AIDS စောင့်ရှောက်ရေး ဂေဟာသစ် ဒဂုံမှာ ဖွင့်မည်


ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ
ပခုက္ကူပြည်သူ့ဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်ပြုလုပ်သူနှင့် ART ဆေး လာရောက်ထုတ်ယူသူဦးရေ ၂၀၀၀ နီးပါးထိ ရှိလာကြောင်း သတင်းရရှိပါသည်။

ပခုက္ကူပြည်သူ့ဆေးရုံကြီးသို့ HIV လူနာမှတ်ပုံတင်ခြင်းနှင့် ART ဆေး လာရောက်ထုတ်ခြင်းအား မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ချင်းပြည်နယ်အတွင်းရှိ မြိုနယ်များမှ လူနာများ လာရောက်ထုတ်ယူကြကြောင်း သိရသည်။

ပခုက္ကူဆေးရုံကြီးသို့ HIV လူနာ မှတ်ပုံတင်ခြင်းနှင့် ART ဆေး အခမဲ့ဖြန့်ဝေခြင်းအား လာရောက်ထုတ်ယူခြင်း ပြုလုပ်သူဦးရေသည် ယခင်နှစ်များထက် ပိုမိုများပြားလာသော်လည်း ပြင်ပဆေးဆိုင်များမှ ART ဆေး ၀ယ်ယူသောက်သုံးသူများလည်း ရှိနေသေးကြောင်း ဆေးဆိုင်များမှ စုံစမ်းသိရှိရသည်။

ပြင်ပမှ ဆေးဝယ်သောက်သုံး သူများသည် ပြည်သူ့ဆေးရုံတွင် လူနာမှတ်ပုံတင်ခြင်း ပြုလုပ်ပါက အမည်နှင့် နေရပ်လိပ်စာအား အများသိမည်ကို စိုးရိမ်ခြင်းများနှင့် အချို့ဝေဒနာရှင်များမှာ ART ဆေးထုတ်ယူရန် သွားလာနေထိုင်စရိတ် အဆင်မပြေခြင်းများကြောင့် ဖြစ်ကြောင်း သိရသည်။

“မှတ်ပုံတင်ရင် ကိုယ့်အမည်နဲ့ နေရပ်လိပ်စာတွေကို အများသိမှာ စိုးရိမ်ကြတယ်။ ဒါပေမယ့် သက်ဆိုင်ရာဌာနတွေက ဒါတွေကို လျှို့ဝှက်ပေးတယ်။ နားလည်မှုအားနည်းတဲ့ အပိုင်းတွေရှိတယ်။ တချို့ကြတော့ လည်း ဆေးလာ ထုတ်ရမယ့် နေရာတွေကို သွားလာနေထိုင်စားသောက်စရိတ် အဆင်မပြေတာတွေကြောင့် မှတ်ပုံတင်တာမလုပ်ဘဲ နေကြတယ်။ အရင်ထက်စာရင် HIV လူနာမှတ်ပုံတင်ပြီး ART ဆေး လာထုတ်သူ များလာပြီ” ဟု နှစ်သိမ့်ဆွေးနွေးခြင်းများတွင် ပါဝင်ဆောင်ရွက်နေပြီး ARTဆေး သောက်သုံးနေသူတစ်ဦးက ပြောသည်။

“ပခုက္ကူဆေးရုံကြီးကို ဆေးလာထုတ်တာတော့ နယ်စုံက လာတယ်။ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ချင်းပြည်နယ်ထဲက မြို့တွေကနေ လာထုတ်ကြတယ်။ အရင်ကဆို ဆေးလာထုတ်သူတွေ အနေနဲ့ နေထိုင်ရေး အခက်အခဲတွေ ရှိတယ်။ နောက်ပိုင်း HIV ဝေဒနာသည်တွေ ဆေးလာထုတ်ရင် နေထိုင်ဖို့အတွက် လူမှုရေးအသင်းတွေက ကူညီလို့ အဆင်ပြေလာတယ်” ဟု ၎င်းကပြောသည်။

ပခုက္ကူပြည်သူ့ဆေးရုံကြီးရှိ ခုခံကျ၊ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနသို့ မည်သည့်မြို့မှ HIV ဝေဒနာရှင်မဆို မှတ်ပုံတင်ပြုလုပ်ပြီး ART ဆေး ထုတ်ယူနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
Eleven - ပခုက္ကူဆေးရုံကြီး၌ HIV လူနာမှတ်ပုံတင်သူ ဦးရေ ၂၀၀၀ နီးပါး ရှိလာ 

AIDS စောင့်ရှောက်ရေး ဂေဟာသစ် ဒဂုံမှာ ဖွင့်မည်
 အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေ အတွက်  ရောဂါကာကွယ်ရေးနဲ့ ကူညီ စောင့်ရှောက်ရေး ဂေဟာသစ် တခုကို ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ မြောက်ပိုင်းတွေမှာ အေအိုင်ဒီအက်စ် ဝေဒနာရှင်တွေအတွက် ကူညီစောင့်ရှောက်ရေး ဂေဟာတွေ ဖွင့်လှစ်ပြီး အကူအညီပေးနေပေမယ့် လူနာအရေအတွက် များလာပြီး နေရာ မလုံလောက်တော့တဲ့ အတွက် တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်တာလို့ အန်အယ်လ်ဒီ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် အကူအညီပေးရေးအဖွဲ့က တာဝန်ရှိသူ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“ကျမတို့ လူနာတွေထားပြီး လုပ်လာတာ နှစ်တွေတော်တော်ကြာပြီ။ အခုကျတော့ လူနာ ၃၀၀ လောက်ဖြစ်သွားတယ်၊ ရှိနေတဲ့ နေရာနဲ့က တော်တော် မလောက်မငှဖြစ်တော့ မြေနေရာ၊ အဆောက်အဦ အခက် အခဲက တော်တော်ဖြစ်တယ်။ တချို့လူနာတွေဆို လူနာအဟောင်းပြန်မှ အသစ်ဝင်ရတဲ့ အနေအထားဖြစ်တော့ မေတ္တာရှင်ဆရာတော်က သူ့ကို လှူထားတဲ့ ပေ ၄၀x၆၀ မြေကွက်ကို ကျမတို့ကို ပြန်လှူပါတယ်။ အခု လူနာတွေထားပြီး ဆေးဝါးကုသဖို့ ကျမတို့ အကြမ်းဖျဉ်း ပေ ၁၂၀x၄၀၊ ၃ ထပ် အဆောက်အဦ ဆောက်မယ်လို့ ယာယီလုပ်လိုက်ပါတယ်။”

ဝေဒနာရှင် ၃၀၀ ကျော်ကို ပြုစု စောင့်ရှောက်ထားနိုင်မယ့် ၃ ထပ်အဆောက်အဦ ဂေဟာသစ်ကို ဒဂုံမြို့သစ် အရှေ့ပိုင်း ၆ ရပ်ကွက်မှာ ပြင်ပ အလှူရှင်တွေရဲ့ အကူအညီနဲ့ လာမယ့် ၂၀၁၃ ခုနှစ်မှာ  စတင်ဆောက် လုပ်ဖို့ စီစဉ်ထားပါတယ်။
ဂေဟာသစ် ဖွင့်လှစ်ပြီးပါက ဝေဒနာရှင်တွေကို တနေရာထဲမှာ စုစည်းထားပြီး ပိုမို ထိထိရောက်ရောက် စောင့်ရှောက်မှု ပေးနိုင် လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်း က ပြောပါတယ်။

“လူနာတွေကို တနေရာထဲစုထားဖို့ ကြိုးစားတာပါ။ အကုန်လုံး စုထားရင် တော်တော် အဆင်ပြေမယ်။ အခုက လူနာထားတာက ၂ နေရာ ၃ နေရာလောက် ဖြစ်နေတော့ အခက်အခဲရှိတယ်။ လုပ်ရကိုင်ရတာလည်း တနေရာနဲ့ တနေရာမတူတော့ နည်းနည်း အခက်အခဲဖြစ်တယ်။ တနေရာထဲ အားလုံးစုထားရင် လူနာတွေအတွက်ရော၊ လုပ်ကိုင်ဆောင်ရွက်တဲ့ သူတွေအတွက်ရော ပိုအဆင်ပြေတယ်။”

မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူပေါင်း ၂ သိန်း ၄ သောင်းလောက် ရှိမယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး အေအာဗွီ  အိတ်ခ်ျအိုင်ဗွီတန့်ဆေး တိုက်ကျွေးဖို့ လိုနေသူပေါင်း ၁ သိန်း ၂ သောင်းလောက် ရှိတာပါ။
ဒါပေမယ့် ဝေဒနာရှင်  ၄ သောင်းလောက်ကိုသာ ဆေးဝါး အကူအညီပေးနိုင်သေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ယူအန်အေအိုင်ဒီအက်စ် (UNAIDS) အဖွဲ့က ပြောထားပါတယ်။
DVB - AIDS စောင့်ရှောက်ရေး ဂေဟာသစ် ဒဂုံမှာ ဖွင့်မည် 

HIV/AIDS ကာကွယ်ရေးနှင့် စောင့်ရှောက်ရေး ဂေဟာသို့ ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း လာရောက်တွေ့ဆုံ
 ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ သစ်တွင် ဖွင့်လှစ်ထားသော HIV/AIDS prevention and care centre သို့ UNAIDS ဌာန ကိုယ်စားလှယ် မစ္စာ မာဖီနှင့် ထိုင်းနိုင်ငံမှ ကြက်ခြေနီ အသင်းတို့ လာရောက်လေ့လာ ခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့အား HIV/AIDS prevention and car centre တာဝန်ခံ၊ လင်္ဂလာတောင်ညွန့် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက လက်ခံ တွေ့ဆုံခဲ့ပြီး လုပ်ငန်း ဆိုင်ရာများကို မေးမြန်းဆွေးနွေး ခဲ့ကြသည်။

"အဓိကကတော့ သူတို့ အခုလို လာရောက်တာဟာ ဒီမှာ လုပ်ကိုင်ဆောင်ရွက်နေတာတွေကို လေ့လာချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး လူနာတွေအတွက် ART ဆေးဝါး ရရှိမှု အခြေအနေနဲ့ တကယ်လို့ သူတို့ ဘက်က လုပ်ကိုင်ဆောင်ရွက်ပေး နိုင်တာရှိရင် ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာ သိချင်လို့ ဖြစ်ပါတယ်။ သူတို့ကတော့ ပြောတယ်.. တကယ်လို့ ဆေးဝါးတွေ လှူမယ်ဆိုရင် အစိုးရပိုင်း အနေနဲ့ ပြဿနာ ရှိနိုင်သလားပေါ့နော်၊ အစ်မကတော့ မရှိနိုင်ဘူးလို့တော့ ပြောလိုက်တယ်။ ဒါပေမဲ့ အခွန်ကိစ္စတို့ ဘာတို့တော့ လိုက်လုပ်ရမှာပေါ့။ ဒီလောက်ပါပဲ ကျန်တာတော့ ဘာမှ ပြဿနာ မရှိပါဘူး" ဟု တာဝန်ခံ ဒေါ်ဖြူဖြူသင်း က မြန်မာ့ခေတ် ကို ပြောကြားသည်။

ထို့နောက် UNAIDS ဌာန ကိုယ်စားလှယ် မစ္စာ မာဖီနှင့် ထိုင်းကြက်ခြေနီ အသင်းမှ တာဝန်ရှိသူများဟာ ဒေါ်ဖြူဖြူသင်း ကူညီစောင့်ရှောက်မှု ပေးနေသော လူနာများအား လိုက်လံ အားပေးစကား ပြောကြား ခဲ့ပြီး ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

ရန်ကုန်၊ ဒီဇင်ဘာ၊ ၁၉
မြင့်ကျော် - The Myanma Age
သစ်ထူးလွင် - HIV/AIDS ကာကွယ်ရေးနှင့် စောင့်ရှောက်ရေး ဂေဟာသို့ ထိုင်းနိုင်ငံ ကြက်ခြေနီ အသင်း လာရောက်တွေ့ဆုံ

No comments: