Tuesday, October 13, 2009

Skin Diseases

အရေပြားမှိုစွဲရောဂါ
အရေပြားသည် လူ့ခန္ဓာကိုယ်၏ အင်္ဂါတစ်ခုဖြစ်ပြီး ယင်း၏လုပ်ဆောင်ချက်များသည် ခန္ဓာကိုယ်တွင်း အင်္ဂါများသို့ ပိုးမွှားများတိုက်ရိုက်ဝင်ရောက်မှုမရှိစေရန် ကာကွယ်ပေးလျက်ရှိသည်။ ထို့ကြောင့် အရေပြားသည် နေ့စဉ်နှင့်အမျှ ပြင်ပမှပိုးမွှားဖြစ်သည့် ဘက်တီးရီးယား၊ ဗိုင်းရပ်နှင့် မှိုအစရှိသည်များနှင့် ထိတွေ့နေရသည်။
ထိုအထဲတွင်မှ အရေပြားမှိုစွဲရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်သည်။ မှိုတို့၏ သဘောအရ ပူအိုက်စိုစွတ်သည့် ရာသီဥတုတွင် ပေါက်ပွားလေ့ရှိရာ မြန်မာနိုင်ငံ၏ ပြင်ပရာသီဥတုနှင့် လူ၏တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းသည့်အခါတွင် အရေပြားမှိုစွဲရောဂါဖြစ်ပွားလာလေ့ရှိသည်။


အရေပြားမှိုစွဲရောဂါသည် အသက်အရွယ်မရွေး၊ ကျား၊မ မရွေး ခန္ဓာကိုယ်၏မည်သည့် အင်္ဂါအစိတ်အပိုင်းတွင်မဆို ဖြစ်ပွားနိုင်ပြီး၊ ဖြစ်ပွားသည့်နေရာပေါ်တွင်မူတည်၍ ပုံသဏ္ဍာန်ကွဲပြား နိုင်ကြောင်း အရေပြားအထူးကုဆရာဝန် ဒေါက်တာစိုးဝင်းဦးကပြောသည်။
အလားတူ ကိုယ်ခံအားကျဝေဒနာရှင်များ၊ နာတာရှည်အိပ်ရာထဲလဲနေသူများ၊ သွေးချို၊ဆီးချိုရောဂါ သည်များ၊သွေးချို၊ ဆီးချိုရောဂါသည်များ၊ ကင်ဆာရောဂါသည်များသည်လည်း အရေပြားမှိုစွဲရောဂါဖြစ်နိုင်ခြေရှိကြောင်း သိရသည်။ များသောအားဖြင့် အရေပြားမှိုစွဲရောဂါသည် ခန္ဓာကိုယ်တွင်း အပူခိုဝင်ချွေးစိုနေလေ့ရှိသည့် ခန္ဓာကိုယ်ကြားနေရာ များတွင် ဖြစ်လေ့ရှိသည်ဟု ဒေါက်တာစိုးဝင်းဦးကပြောသည်။
အရေပြားမှိုစွဲရောဂါသည် ဖြစ်သည့်နေရာဒေသအလိုက် မှိုအမျိုးအစားအလိုက် ကွဲပြားခြားနားပြီး အခေါ်အဝေါ်များလည်း ကွဲပြားသွားကြောင်း သိရသည်။

ဒက်
ဒက်ဟုခေါ်သည့် အရေပြားမှိုစွဲရောဂါတစ်မျိုးသည် လူအများနှင့် ရင်းနှီးပြီးသားရောဂါတစ်မျိုးဖြစ်သည်။ များသော အားဖြင့် ကလေးငယ်များတွင် ဖြစ်လေ့ရှိပြီး၊ အထူးသဖြင့် ကိုရင်ငယ်လေးများတွင် ဖြစ်ပွားလေ့ရှိသည်ကို တွေ့ရသည်။
ဒက်ရောဂါသည် တစ်ဦးနှင့်တစ်ဦး ကူးစက်မြန်ဆန်သော အရေပြားရောဂါတစ်မျိုးဖြစ်ပြီး၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ အိပ်ရာခေါင်းအုံးများ မသန့်ရှင်းခြင်း၊ ဦးခေါင်းရိပ်ဓားများ မျှဝေသုံးစွဲခြင်း စသည်တို့ကြောင့် ဖြစ်ပွားလေ့ ရှိတတ်ကြောင်း သိရသည်။

ဒက်သည် ဦးခေါင်းအရေပြားတွင် ဖြစ်ပွားသော အရေပြားမှိုစွဲရောဂါဖြစ်သဖြင့် ဆံပင်အမြစ်ထဲအထိ လှိုက်စားကူး စက်နိုင်ကြောင်းသိရသည်။ ဒက်ပေါက်ပါက သာမန်အရေပြားလိမ်းဆေးများဖြင့် ကုသခြင်းမျိုးမဟုတ်ဘဲ တက်ကျွမ်း သူနှင့် စနစ်တကျ ကုသသင့်ကြောင်း သိရသည်။

"ဒက်က ဦးခေါင်းမှာဖြစ်တဲ့အရေပြားမှိုစွဲရောဂါဆိုတော့ ဆံပင်အမြစ်ထဲအထိ လှိုက်စားကူးစက်နိုင်တယ်။ ဒါကြောင့် အပြင်က အရေပြားဆေးတွေ လိမ်းရင်လည်း မျက်စိအမြင်မှာသာ ပျောက်သွားပေမယ့် တကယ်အမြစ်ပြတ်တာဟုတ် ချင်မှ ဟုတ်မယ်"ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

ဒက်ပေါက်ခြင်းမှ ကာကွယ်ရန် တစ်ကိုယ်ရည်သန့်ရှင်းရေးအား အထူးဂရုစိုက်ခြင်း၊ခေါင်းအုံးအား သန့်ရှင်းစွာထား၍ ခေါင်းအုံးစွပ်များအား သုံးရက်တွင် တစ်ကြိမ်လဲလှယ်ပေးရန်လိုအပ်ကြောင်း သိရသည်။

ညှင်း
ညှင်းသည်လည်း အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အတွင်း သန့်ရှင်းမှုအားနည်းခြင်းကြောင့် ဖြစ်ပွား လေ့ရှိပြီး၊ ညှင်းပေါက်ပွားပါက ခန္ဓာကိုယ်တွင်းရှိ အဆီအထွက်များသည့် ကျော၊ရင်ဘတ်၊လည်ပင်းနှင့် တစ်ခါတစ်ရံ မျက်နှာအထိ ပေါက်ပွားလေ့ရှိကြောင်းသိရသည်။ ၄င်းအပြင်သာမန်ထက်လွန်ကဲ များပြားလာပါက ကိုယ်ခန္ဓာတစ်ခု လုံးပေါက်ပွားသွားနိုင်ကြောင်းသိရသည်။

ခန္ဓာကိုယ်တွင်း ညှင်းပေါက်ပါက ယားယံခြင်းမရှိသော်လည်း အရေပြားပေါ်တွင် အညို၊အဖြူ၊ သို့မဟုတ် ပန်းရောင် အကွက်များဖြစ်ပေါ်လာတတ်ကြောင်း သိရသည်။ ညှင်း၏သဘောသည် လူမြင်သည့်နေရာများတွင် ပေါက်ပွားလေ့ ရှိသဖြင့် ဖြစ်ပွားပါက အမြန်ဆုံးကုသမှုပြုလုပ်ရန် လိုအပ်ကြောင်း ဒေါက်တာစိုးဝင်းဦးက ပြောသည်။

"လူငယ်တွေ ဘောလုံးကန်ပြီးတော့ ချွေးသံတွေနဲ့ အင်္ကျီတွေပြန်ဝတ်ပြီး၊ အအေးဆိုင်ထိုင်၊ အကြော်ဆိုင်ထိုင်နဲ့ဆို တော့ အဲဒီမှာ ညှင်းပေါက်ဖို့အလားအလာပိုများတာပေါ့။ ဒါကြောင့် ချွေးစိုနေတဲ့ အင်္ကျီတို့၊အတွင်းခံတို့ကို မ၀တ်သင့် ပါဘူး"ဟု ဒေါက်တာစိုးဝင်းဦးကပြောသည်။

ပွေး
ပွေးသည်လည်း ကြည့်ရဆိုးသော အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်အနှံ့အပြားတွင် ပေါက်ပွားလေ့ရှိပြီး၊ အထူးသဖြင့် ချိုင်း၊ ပေါင်ခြံ၊ တင်ပါးနှင့် ဗိုက်တို့တွင် ပေါက်ပွားလေ့ရှိကြသည်။

ပွေးသည်လည်း တစ်ကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း၊ တစ်ဦးနှင့်တစ်ဦး ကူးစက်ခြင်းစသည်အကြောင်းများကြောင့် ပေါက်ပွားနိုင်သည်။ ပွေးသည်ပျံ့နှံ့မြန်သော အရေပြားမှိုစွဲရောဂါတစ်မျိုးဖြစ်သဖြင့် တစ်ပတ်၊နှစ်ပတ်အတွင်း၌ပင် ၀မ်းဗိုက်တစ်ပြင်လုံး အထိ ကူးစက်သွားနိုင်သည်ဟု သိရသည်။

ခြေသည်း၊လက်သည်းပွေး
အရေပြားမှိုစွဲရောဂါသည် ခန္ဓာကိုယ်အနှံ့မည်သည့် နေရာတွင်မဆို ဖြစ်ပွားတတ်သည်ဟု အထက်တွင် ရေးသားဖော်ပြ ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်မှုစွဲရောဂါတစ်မျိုးဖြစ်သည် ပွေးသည်လည်း ခြေသည်း၊ လက်သည်းတို့တွင်ဖြစ်ပွား နိုင်သည်။ ခြေသည်း၊ လက်သည်းများသည် ဖွဲ့စည်းပုံမတူညီသဖြင့် ခဲ၍မာကျောကျောဖြစ်နေသော်လည်း အရေပြား မှိုစွဲဖြစ်နိုင်သည်ဟု ဒေါက်တာစိုးဝင်းဦးကဆိုသည်။

ခြေသည်း၊ လက်သည်းပွေးရောဂါသည် ရေအမြဲကိုင်နေရသူများ၊ အရည်တစ်မျိုးမျိုးနှင့် အစဉ်ထိတွေ့နေရသူများ အဖြစ်များသည်။ ထို့ကြောင့် အိမ်ရှင်မများ၊ အလှပြင်ဆိုင်များ၌ခြေသည်း၊ လက်သည်းအလှပြင်ရာ၌ သန့်ရှင်းမှု မရှိသည့် အလှပြင်ပစ္စည်းများနှင့် ပြုလုပ်ခံရသူများဖြစ်လေ့ရှိသည်။

ခြေသည်း၊လက်သည်း ပွေးရောဂါသည် ခြေသည်း၊လက်သည်းပွခြင်း၊ ခြေသည်း၊လက်သည်း ပန်းကုံးများ ပွခြင်း၊ ပြည်တည်ခြင်း စသည့် လက္ခဏာများဖြစ်လေ့ရှိသည်။ ထိုရောဂါအားကုသရာတွင် တုံ့ပြန်မှုနည်းသဖြင့် လအနည်း ငယ်မှ လအတော်ကြာအထိ ကုသရကြောင်း သိရသည်။

"အရေပြားရောဂါအများစုက အသက်အန္တရာယ်ကို ထိခိုက်နိုင်မှုနည်းပါတယ်။ ဒါပေမဲ့ လူမှုရေးအရကြည့်မယ် ဆိုရင် တော့ စိတ်ဓာတ်ကျခြင်း၊ self confident လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်းစတဲ့ လူမှုရေးပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်"ဟု ဒေါက်တာစိုးဝင်းဦးက ပြောသည်။

အကယ်၍ မိမိထံ၌လည်း အရေပြားမှိုစွဲရောဂါခံစားရပါက နီးစပ်ရာလိမ်းဆေးများ နှင့်ကိုယ်ပိုက်ကု သခြင်း မပြုလုပ်ဘဲ၊ တတ်ကျွမ်းနားလည်သူများနှင့် ပြသ၍ အမြစ်ပြတ်ပျောက်ကင်းသည်အထိကု သသင့်ကြောင်း သိရသည်။

သီဟ
Ref: 7Day News Journal Vol. 8, No. (30) – Oct. 8, 2009


No comments: