Thursday, October 15, 2009
ကမ္ဘာကြီးကို လွှင့်မပစ်လိုက်ပါနဲ့
(၁)
အသက်အရွယ်ကြောင့်လား၊ဒါမှမဟုတ် လက်လှမ်းမီသမျှ တောင်ဖတ်၊မြောက်ဖတ် ဖတ်မိတာကလေးတွေကြောင့်လား မသိ။ အခုနောက်ပိုင်း ဘာမှမဟုတ်တာကလေးတွေကို နှမြောတတ်လာ၊ ဘ၀တာတစ်လျှောက် ဆုံကြုံခဲ့ရသည့် နှမြော စစ်စီတတ်သူ၊ ချွေတာတတ်သူတို့ကို မကြာခဏ သတိရမိလာတာကိုဖြင့် ကျွန်တော်ဝန်ခံလိုပါသည်။
နီးလည်းနီးစပ်၊ လွယ်လည်းလွယ်ကူရာ ဥပမာအဖြစ် ကျွန်တော့်ဝန်းကျင်၌ ဘောလ်ပင် (ball pen) ကလေးတွေရှိပါသည်။ တစ်ခါသုံး ဘောလ်ပင်ကလေးတွေကို မကြာခဏ ၀ယ်ရေးမိခဲ့ပြီး၊ ရေးလို့ကုန်သည်နှင့် လွှင့်ပစ်ရဖို့ အကြောင်းဖန်လာတိုင်း ၀န်လေးနေမိသည်ကဖြင့် အမှန်ပဲဖြစ်ပါသည်။ ဘောလ်ပင်ကလေးတွေက နှမြောစရာကောင်းလောက်အောင် ချစ်စရာ ကောင်းနေခဲ့သည်ကိုး။
ခေတ်က ကျွန်တော်တို့ ချာတိတ်အရွယ်ကလို ခေတ်မျိုးမဟုတ်။ဘောလ်ပင်အကောင်းစားကို Refill လဲကာသုံးသူတွေ မရှိ မဟုတ်၊ ရှိနိုင်ပါသည်။ ဖောင်တိန် (Fountain pen) ကို မင်ထည့်ကာသုံးသူတွေလည်း မရှိမဟုတ်ရှိနိုင်ပါသည်။ သို့သော် အများစုက တစ်ခါသုံးဘောလ်ပင်များသာ။
တစ်ခါသုံးဘောလ်ပင်တွေကလည်း ချစ်စရာကောင်းလိုက်တာ။ အရောင်စုံ၊ အသွေးစုံဒီဇိုင်းအမျိုးမျိုး။ ငွေကလေးသုံးလေးငါးရာကျပ်သာ ရှိလျှင်ကြိုက်တာဝယ်ရေးပေတော့။ သည်တော့ ကျွန်တော် ကလည်း ၀ယ်ရေးပါသည်။ သို့သော်မင်ကုန်သွားသည်နှင့် လွှင့်ပစ်ရမှာကိုနှမြောနေမိခြင်းဖြစ်ပါသည်။ ငွေကြေးကိုနှမြော နေမိတာမဟုတ်။ အလဟဿလွှင့်ပစ်လိုက်ရသည့် ၀တ္ထုပစ္စည်း၊ တစ်နည်းအားဖြင့် သဘာဝသယံဇာတကို နှမြောနေ မိတာမျိုးဖြစ်ပါသည်။ သည်ဘောလ်ပင်အတွက် ကုန်ကြမ်းပစ္စည်းကို ကမ္ဘာ့သဘာဝသယံဇာတတွေကနေ ကျွန်တော်တို့ ထုတ်ယူထားခဲ့ကြတာမဟုတ်လား။
နောက် ကျွန်တော်စိတ်မသက်မသာဖြစ်ရသည့် ပစ္စည်းတစ်ခုကရေသန့်ဘူးများ။ ရေသန့်ဘူးတွေကလည်း တစ်ခါသုံး တွေပဲမဟုတ်လား။ခေတ်က ကျွန်တော်တို့ငယ်ငယ်ကလို ရေချမ်းစင်ကလေးတွေခေတ်မဟုတ်တော့။ ကိုယ်ပိုင်ရေဘူး ကလေးတွေနှင့် ခရီးသွားသူတွေက ရှာမှရှား။ ဘယ်ဆိုင်မှာဝင်ဝယ်ဝယ် အလွယ်တကူရနိုင်သည့် ရေသန့်ဘူးတွေက မျက်မှောက်ခေတ်၏ အမှတ်လက္ခဏာ။
သည်တော့ရေကိုမော့သောက်လိုက် ဘူးခွံကိုလွှင့်ပစ်လိုက်။ ဘာစိတ်ခံစားမှုမှမရှိ။ ကျွန်တော်ကထိုရေဘူးက ကြည်ကြည်လှလှကလေးများကို အလွယ်တကူလွှင့်ပစ်လိုက်ရတာကို နှမြောနေမိခြင်းဖြစ် ပါသည်။
ကျွန်တော့်မိတ်ဆွေ ကာတွန်းဆရာ အော်ပီကျယ်ကတော့ ရေသန့်ဘူးကို လွှင့်မပစ်ဘဲ အကြိမ်ကြိမ် အလီလီ သုံးဖို့ ရောက်ရှိရာစင်မြင့်ထက်ကနေ ဟောပြောလေ့ရှိသူဖြစ်ပါသည်။ သည်ရေသန့်ဘူးလုပ်ဖို့ ကုန်ကြမ်းကိုလည်း ကျွန်တော်တို့နေထိုင်ရာ မဟာပထ၀ီမြေကြီးထဲကနေပဲ ကျွန်တော်တို့ထုတ်ယူထားခြင်းဖြစ်ပါသည်။ နှမြောဖို့ကောင်း လိုက်တာ။
အစားအသောက်ကိစ္စပြီးသည်နှင့် လွှင့်ပစ်လိုက်သည့် ၀ါးတူကလေးများ၊ ဘီယာ သို့မဟုတ် အအေးတစ်ခုခုကို မော့ချ လိုက်ပြီးသည်နှင့် လွှင့်ပစ်လိုက်သည့် ဘူးခွံကလေးတွေ။ မုန့်ပဲသရေစာစားပြီး လွှင့်ပစ်လိုက်ရသည့် ကော်ခွက်ပလတ်စတစ် ခွက်ကလေးတွေ။ တဗွမ်းဗွမ်းလျှံကျနေသည့် ရေပိုက်ခေါင်းတွေ။မလိုအပ်ဘဲ ဖွင့်ထားသည့် မီးလုံး၊မီးချောင်းများ၊ နှမြောစရာတွေချည်းပဲမဟုတ်လား။
(၂)
လန်ဒန်အခြေစိုက် သတ္တဗေဒအဖွဲ့ World Wide Fund for Nature (WWF) နှင့် Global Foot Print Network တို့ပူး ပေါင်းထုတ်ပြန်သည့်သတင်းတစ်ရပ်ကို Guardian သတင်းစာမှတစ်ဆင့် ကျွန်တော်ဖတ်ဖူးပါသည်။
စစ်တမ်းအမည်က Living planet စစ်တမ်း။ ကမ္ဘာ့သယံဇာတတွေကို လူသားတွေသုံးနေကြသည်မှာ ကမ္ဘာကြီးက ပေးနိုင် သည်ထက် ၃၀ရာခိုင်နှုန်းပိုသုံးနေကြလေသတဲ့။ အများဆုံးသုံးနေကြသူတွေက တရုတ်နှင့် အမေရိကန်တွေတဲ့။ သည်အတိုင်းဆက်သုံးနေခဲ့ကြသော် ၂၀၃၀ခုနှစ်တွင် အခုလို ကမ္ဘာမျိုးနှစ်ခုလိုအပ်လေမတဲ့။ ကြောက်စရာကောင်းလိုက် တာ။ အစွယ်ထွက်နေသော လူသားရဲ့ အလိုရမ္မက်တွေ။
အလေဏတောဆန်သည့် မိန်းမပျက်တစ်ယောက်လို အသုံးအဖြုန်းကြီးသည့် ကမ္ဘာသူ၊ ကမ္ဘာသားတွေ။ သည်ကမ္ဘာကြီးက ကျွန်တော်တို့အတွက် မလုံလောက်နိုင်တော့ပါတဲ့။
(သုံး)
ကျွန်တော်တို့တစ်တွေ ကမ္ဘာ့သယံဇာတစွမ်းအင်အရင်းအမြစ်တွေကို နည်းမျိုးစုံနှင့် ထုတ်ယူသုံးစွဲကြပါသည်။ သည်အထဲ မှာ နေ၊ လေ၊ရေ၊စွမ်းအင်လိုပြန်ဖြစ်ဖို့ မြန်သည့် အရင်းအမြစ်တွေပါသကဲ့သို့ ရေနံတို့၊ ဓာတ်ငွေ့တို့ ကျောက်မီးသွေးတို့လို ပြန်၍ဖြစ်နိုင်ခဲသော အရင်းအမြစ်တွေလည်း ပါပါသည်။ ပြီးတော့ သစ်ပင်၊ သစ်တောတွေ။ သားငါးပုစွန်တွေ။
တစ်ခါသုံးဘောလ်ပင်ကလေးတွေကို လွှင့်ပစ်သလို၊ ရေသန့်ဘူးတွေကိုလွှင့်ပစ်သလို၊၀ါးတူကလေးတွေကို လွှင့်ပစ်သလို ကျွန်တော်တို့ ဖြုန်းတီးခဲ့ကြတာတွေက အနန္တဖြစ်ပါသည်။
ကမ္ဘာကိုပြန်ကယ်ဖို့အတွက် သယံဇာတများကို မဖြုန်းတီးဖို့ရာ R ငါးလုံးကို လူသိများပါသည်။
Reduce လျှော့သုံးပါတဲ့
လျှပ်စစ်မီးကို လျှော့သုံးတာမျိုးပေါ့။
Reuse ပြန်သုံးပါတဲ့။
ဘောလ်ပင်ထဲ Refill ထည့်သုံးတာမျိုးပေါ့။
Recycle ပြန်ထွင်သုံးပါတဲ့။
စက္ကူအဟောင်းတွေကိုကြိတ်ပြီး စက္ကူပြန်လုပ်တာမျိုးပေါ့။
Reject ငြင်းပယ်ပါတဲ့။
ကြွပ်ကြွပ်အိတ်နဲ့ထည့်ပေးတာကို မယူတာမျိုးပေါ့။
Return ပြန်ပေးပါတဲ့။
ကြွပ်ကြွပ်အိတ်ကို ပြန်ပေးတာမျိုးပေါ့။
သည် R ငါးလုံးတို့၏ အခြေခံက နှမြောမှုစစ်စီမှု၊ ချွေတာမှုတို့တွင် အခြေခံထားကြောင်း ထင်ရှားလှပါသည်။
(လေး)
သဘာဝသယံဇာတတွေ ရှားပါးလာမှုကြောင့် အသက်ရှူကျပ်နေရသော ကမ္ဘာမြေပေါ်၌ နှမြောတတ် စစ်စီတတ်၊ ချွေတာ တတ်သူတို့ကား ကမ္ဘာမြေကို စောင့်ရှောက်သူများပင်ဖြစ်ပါသည်။ဆန်ဆေးရေကို ခံထားသော ပန်းကန်ကို အကြမ်းဆေး နေသည့် အမျိုးသမီးတစ်ယောက်၊ ချက်ပြုတ်ကြော်လှော်စရာ အိုးကြီး၊အိုးငယ် အသွယ်သွယ်ကို အသင့်ပြင်ဆင်ထားပြီးမှ မီးဖိုပေါ်တွင် အကြားအလပ်မရှိတစ်အိုးပြီး တစ်အိုး ဆက်တိုက်ချက်ပြုတ်သွားသည့် အိမ်ရှင်မတစ်ဦး၊ ဟောင်းနွမ်းစုတ်ပြတ် သွားသည့် အ၀တ်အစား မျက်နှာသုတ်ပ၀ါစသည်တို့ကို လက်နှီးစုတ်၊ ခြေသုတ်ပ၀ါအဖြစ်ပြောင်းလဲပစ်သည့် အမျိုးသမီး၊ ထမင်းကြမ်းအကြွင်းအကျန်တွေကို ဆန်ကောထဲဖြန့်ကာ အခြောက်လှန်းနေသည့် အဒေါ်ကြီးတစ်ယောက်၊ ဈေးသို့လာ သည့်အခါတိုင်း တစ်ခုတည်းသော ကြွပ်ကြွပ်အိတ်ကို အကြိမ်ကြိမ်အခါအခါယူလာကာ သားငါးပုစွန်ထည့်တတ်သည့် ဈေးဝယ်သူတစ်ဦး၊ ယောက်ျားဆောင်း ဖဲထီးကြီး၏ ထီးခရိုင်တွေ သံချေးမတတ်ရလေအောင် အုန်းဆီနှင့်ပွတ်ပေးနေသည့် အဘိုးအိုတစ်ယောက်၊ ဘဲဥ ကြက်ဥလာဝယ်တိုင်း စပါးခွံထည့်ထားသည့်အိတ်ကလေးနှင့် အမြဲလိုလိုလာဝယ်တတ်သည့် ဈေးဝယ်တစ်ဦး၊ အားလုံးကို ကျွန်တော်အမှန်ရနေမိတာ အမှန်ပဲဖြစ်ပါသည်။ ဒါဟာ တစ်ထောင့်တစ်နေရာကနေ ကမ္ဘာကို စောင့်ရှောက်တာမဟုတ်ဘူးလား။
ကမ္ဘာကြီးက လူသားတို့လိုအပ်သလောက်ကို ထုတ်ပေးနိုင်ပါသည်တဲ့။ လိုချင်သလောက်ကိုတော့ မထုတ်ပေးနိုင်ပါတဲ့။ ကောင်းလိုက်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစကား။
ကျွန်တော်တို့က လိုအပ်သလောက်သာယူနေတဲ့လူတွေလား ဒါမှမဟုတ် လိုချင်သလောက်ယူနေတဲ့လူတွေလား။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးရမည့် မေးခွန်းပဲဖြစ်ပါလေသည်။ ။
မောင်သာချို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment