Monday, October 5, 2009

ရာသီ၁၂ပါးနှင့် အချစ်မေတ္တာ


လူတွေကိုယ်စီမွေးဖွားကြ သေဆုံးကြရာမှာ မွေးဖွားရာ ရာသီခွင်ပေါ်မှာ မူတည်ပြီး အကျင့်စရိုက် ကွဲပြားကြတယ်။ စိတ်နေ သဘောထားကွဲကြတယ်လို့ ယူဆကြပါတယ်။ အသက်ရလာတော့ ချစ်သူတွေထားကြတယ် ချစ်သူတွေရကြတယ်။ ကိုယ့် ချစ်သူရဲ့ စိတ်နေသဘောထားကို သိထားတော့ သူ့ရဲ့အချစ်စိတ်သဘာဝကို လည်းနားလည်နိုင်မယ်ထင်ပါရဲ့။

အခု ဆရာ စံဇာဏီဘိုရဲ့ စာအုပ်လေးတစ်ခုကိုဖတ်ကြည့်ပြီး သဘောကျတာနဲ့ အောက်ပါ အကြောင်းအရာလေးကို ကူးယူ ဖော်ပြလိုက်ပါတယ်။ ဖတ်ကြည့်ပြီး သယ်ရင်းတို့ အဆင်ပြေ ပြေချစ်နိုင်ကြပါစေ။

မိဿရာသီဖွား ARIES (မတ် ၂၁ မှ ဧပြီ ၂၀) ကြား
မိဿရာသီဖွားများကို"The ardent lover" ပြင်းပြင်းပြပြနှင့် ချစ်တတ်သောသူများဖြစ်သည်။ ချစ်ခြင်းမေတ္တာအပေါ်၌ အလေးအနက်ထားတန်ဖိုးထားသည်။ ခံစားချက်ပြင်းထန်သည်။

ပြိဿရာသီ TAURUS (ဧပြီ 20 မှ မေ 20ကြား)
ပြိဿရာသီဖွားများကို "The Sensual Lover" ဟုသတ်မှတ်သည်။ မနောအာရုံထဲမှ တိမ်းညွှတ်၍ချစ်တတ်သော မေတ္တာရှင်များဖြစ်သည်။ အပြည့်အ၀ ခံစားချက်နှင့် ပေးဆပ်သော မေတ္တာရှင်များဖြစ်သည်။ ခံစားမှုအနှစ်သာရကို အလေးထားသောသူဖြစ်သည်။ ချစ်ခဲသည်။အချစ်မြဲသည်။

မေထုန်ရာသီ GEMINI (မေ 21 မှ ဇွန် 21ကြား)
မေထုန်ရာသီဖွားများကို "The eloquent lover" များဟုသတ်မှတ်သည်။ လေးနက်သောမေတ္တာရှင် ဖြစ်သည်။ အဓိပ္ပာယ်ပြည့်ဝသောမေတ္တာကို လိုလားသူဖြစ်သည်။ အချစ်မေတ္တာ၏ လှုံ့ဆော်မှုအပေါ် အလေးအနက်ထားသောသူဖြစ်သည်။ အချစ်ဆိုသောအရာ၏ အနှစ်သာရကို ဖော်ကျူးနိုင်သောသူဖြစ်သည်။

ကရကဋ်ရာသီ CANCER (ဇွန် 22 မှ ဇူလိုင် 22ကြား)
ကရကဋ်ရာသီဖွားများကို "The Caring Lover" များဟု သတ်မှတ်သည်။ ချစ်သူအပေါ်၌ ကြင်နာသော ပေးဆပ်သော၊ အချစ်အပေါ်၌ အလေးအနက်ထားသော၊ မေတ္တာတရားအား တန်ဖိုးထားသော အချစ်ပိုင်ရှင်များဖြစ်သည်။ ကိုယ်က ဂရုစိုက်သော အချစ်မေတ္တာကို ဖော်ကျူးသည့်သူများဟု သတ်မှတ်သည်။

သိဟ်ရာသီ LEO (ဇူလိုင် 23 မှ သြဂုတ် 22ကြား)
သိဟ်ရာသီဖွားများကို "The Proud Lover" များဟုသတ်မှတ်သည်။ မြင့်မြတ်ထည်ဝါသော အချစ်ပိုင်ရှင်များဖြစ်သည်။ ချစ်ခြင်းမေတ္တာအပေါ် အထိမခံ အချစ်မာနကြီးသော မေတ္တာရှင်များဖြစ်သည်။ သိက္ခာရှိရှိ ချစ်တတ်သောသူများ၊ အချစ်မေတ္တာအပေါ် တန်ဖိုးထားတတ်သောသူများဖြစ်သည်။

ကန်ရာသီ VIRGO (သြဂုတ် 23 မှ စက်တင်ဘာ 22ကြား)
ကန်ရာသီဖွားများကို "The Discerning Lover" များဟု သတ်မှတ်သည်။ အချစ်စစ် အချစ်မှန်ကို ခွဲခြားသိမြင်နိုင်စွမ်းရှိသော၊ အလိုက်သိသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သည်။ ထက်မြက်သော အမြင်နှင့် အချစ်ကို ပိုင်ဆိုင်ထားသောသူဖြစ်သည်။

တူရာသီ LIBRA (စက်တင်ဘာ 23 မှ အောက်တိုဘာ 22ကြား)
တူရာသီဖွားများကို "The Winsome Lover" များဟု သတ်မှတ်သည်။ စွဲမက်စရာကောင်းသောမေတ္တာကို ပိုင်ဆိုင်ထားသောသူများဖြစ်တတ်သည်။ မေတ္တာတရားကြီးမားသည်။ ချစ်သူအပေါ်ချစ်တတ်သော၊ စွန့်လွှတ်သွားမည်ကို စိုးသောသူများဖြစ်သည်။

ဗြိစ္ဆာရာသီ SCORPIO (အောက်တိုဘာ 23 မှ နိုဝင်ဘာ 21ကြား)
ဗြိစ္ဆာရာသီဖွားများကို "The Jealous Lover" များဟုသတ်မှတ်သည်။ သ၀န်တိုတတ်သောအချစ်ကို ပိုင်ဆိုင်သည်။ ကိုယ်ကသာ ချစ်သူကိုချစ်မည်။ ကိုယ့်ချစ်သူအား တစ်ပါးသူက လာချစ်မည်ကို မလိုလား။ အမြဲတစေ သ၀န်ကြောင်နေသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်သည်။ အချစ်ဆိုသောအရာသည် သ၀န်တိုတတ်ခြင်းအပေါ် အခြေခံသည်ဟု ယူဆသူများဖြစ်သည်။

ဓနုရာသီ SAGITTARIUS (နိုဝင်ဘာ 22 မှ ဒီဇင်ဘာ 21ကြား)
ဓနုရာသီဖွားများကို "The Adventurous Lover" များဟုသတ်မှတ်သည်။ စွန့်စား၍ ချစ်တတ်သူများဖြစ်သည်။ ချစ်သူအပေါ် စွန့်စွန့်စားစားပေးအပ်၍ ချစ်တတ်သည်။ စိတ်သောကဖြစ်စရာများ အတိုက်အခံများကြားမှ အချစ်ဆိုသောအရာကို မျက်စိမှိတ်၊ စွန့်စားချစ်တတ်သူများဖြစ်သည်။

မကာရရာသီ CAPRICORN (ဒီဇင်ဘာ 22 မှ ဇန်န၀ါရီ 19ကြား)
မကာရရာသီဖွားများကို "The Consistent Lover" များဟု သတ်မှတ်သည်။ တူညီသောမေတ္တာကို တုံ့ပြန်တတ်သော နှလုံးသားပိုင်ရှင်များဖြစ်သည်။ ကိုယ်က ချစ်သလောက် ကိုယ့်အပေါ်ပြန်ချစ်သောသူကို လိုလားသည်။ စရိုက်သဘာဝချင်းကိုက်ညီသော အချစ်ကို လိုလားသောသူများဖြစ်သည်။ အချစ်ကြောင့် အေးချမ်းမှု လိုလားသူများဖြစ်သည်။

ကုမ်ရာသီ AQUARIUS (ဇန်န၀ါရီ 20 မှ ဖေဖော်ဝါရီ 18ကြား)
ကုမ်ရာသီဖွားများကို "The Dispassionate Lover" မေတ္တာရှင်ဖြစ်သည်။ ကိုယ်ကျိုးကြည့်လေ့မရှိ၊ ချစ်ခြင်းမေတ္တာကို တန်ဖိုးထားသည်။ ပေးဆပ်သော မေတ္တာနှင့် ချစ်တတ်သောသူဖြစ်သည်။ မိမိအပေါ်၌ ရိုးသားမှုအပြည့်နှင့် ချစ်ခြင်းကို လိုလားသည်။

မိန်ရာသီ PISCES (ဖေဖော်ဝါရီ 19မှ မတ်လ 20ကြား)
မိန်ရာသီဖွားများကို "The Romantic Lover" ဟုသတ်မှတ်သည်။ အချစ်အပေါ် အလွန်တန်ဖိုးထားသည်။ နက်နက်နဲနဲချစ်တတ်သည်။ ခံစားချက်အပြည့်နှင့် နှလုံးသားကို ပိုင်ဆိုင်ထားသည်။ မိမိစိတ်ကူးနှင့် တည်ဆောက်ထားသော အချစ်မေတ္တာအား ပိုင်ဆိုင်လိုသည်။

ရာသီတစ်ခုချင်းစီ၏ ချစ်ခြင်းမေတ္တာအပေါ် ဖော်ပြခြင်းသည် တစ်ဦးနှင့်တစ်ဦး သိရှိရန်ဖြစ်သည်။ မည်သို့သော အချစ်မေတ္တာကို ပိုင်ဆိုင်ထားရသည်ကိုသိလျှင်ပင် ချစ်ခြင်းမေတ္တာအတွက် တစ်စုံတစ်ရာသော အထောက်အကူရ စေရန်ဖြစ်သည်။

Zar Ni

No comments: