Tuesday, October 20, 2009

သဏ္ဌာန်လှစ်၍ အနှစ်ကိုရှာပါ

'ဟော..ကိုဝင်းပါလား။ ထိုင်ဗျာ၊ ခင်ဗျားနဲ့ အေးအေးဆေးဆေး စကားမပြောရတာတောင် အတော်ကြာပြီ'

'အေးဗျာ...ဒီနေ့အလုပ်အားရက်လည်းဖြစ်၊ ခင်ဗျားဆီမရောက်တာလည်းကြာပြီမို့ မြို့ထဲဝင်လာရင်းဝင်ခဲ့တာပဲ ကိုလင်းရေ'

'ဒါနဲ့ ခရီးရောက်မဆိုက် ခင်ဗျားကို မကျေနပ်တာ ပြောရဦးမယ်'

'ဘာများလဲကိုလင်းရ'

'ဘာဟုတ်ရမလဲဗျာ၊ ဟိုးတစ်ပတ်က ကျွန်တော့်အိမ်ကို ဘုရားဖူးကြွလှည့်ပါလို့ ခင်ဗျားဆီဖုန်းနှစ်ခါတောင်ဆက်ပြီး သေသေချာချာ ဖိတ်ပါ ရက်နဲ့ ဘာလို့မလာတာလဲဗျ'

'အင်း...အဲဒါက မအားလို့ပါဗျာ'

'အံမယ်.....ဒီလိုတော့ လွယ်လွယ်မဖြီးနဲ့လေဗျာ၊ ခင်ဗျားကို အလုပ်အားရက်လာခိုင်းတာပဲ၊ အခုဟာက ကြုံတောင့်ကြုံခဲ ဆုတောင်းပြည့် မုနိရုပ်ပွားတော်ကို ဖူးစေချင်လွန်းလို့ တကူးတကဖိတ်တာတောင် မလာတာက ဘာသဘောလဲဗျ'

'အင်း...ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော့်အနေနဲ့ လာစရာ မလိုဘူးထင်လို့ပဲဗျာ'

'ဘယ်လိုဗျ...၊ ဘုရားဖူးလာစရာမလိုလို့ ဟုတ်လား၊ ခင်ဗျား ဗုဒ္ဓဘာသာဝင်မှဟုတ်သေးရဲ့လား'

'ဒါကတော့ ခင်ဗျားက ဗုဒ္ဓဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်တာနဲ့ ဆင်းတုရုပ်တုတွေ ကိုးကွယ်ဆည်းကပ်တာကို ခွဲခြားနားမလည်လို့ ပြောတာပဲဗျ'

'ကျုပ်တို့က ရုပ်တုဆင်းတုတွေကို ကိုးကွယ်ဆည်းကပ်တာမှမဟုတ်ဘဲ၊ ဗုဒ္ဓရုပ်ပွားတော်တွေကို ဗုဒ္ဓရှင်တော်မြတ်ဘုရား သက်တော် ထင်ရှားရှိဘိအလား စိတ်အာရုံဝင်စားပြီး ကိုးကွယ်ပူဇော်ကြတာပဲဗျ'

'ဒါဆိုရင် ကိုလင်းအိမ်က ဘုရားစင်မှာ ရုပ်ပွားတော်တစ်ဆူရှိပြီးသားပဲဗျာ၊ အဲဒီ...မုနိရုပ်ပွားတော်ကို ထပ်ပြီးပင့်ဆောင် ပူဇော်နေစရာ လိုသေးသလားဗျ'

'ဟာ ဒါကတော့ ဘယ်တူပါ့မလဲ ကိုဝင်းရဲ့၊ အဲဒီ...မုနိဆိုတာက ဆရာတော်၊ သမားတော်ကြီးများက ၀ိဇ္ဇာနည်းကျ ဓာတ်ပေါင်းစုံရောစပ်ပြီး ဖိုဝင် သိဒ္ဓိတင်၊ စမ ခံထားတဲ့ ရုပ်ပွားတော်ဗျ၊ သူ့ကိုပင့်ဆောင်ပူဇော်ရင် စီးပွားတိုးတယ်၊ ရာထူးဂုဏ်သိန်တက်တယ်၊ အနာရောဂါကင်း တယ်တဲ့ဗျ၊ တလောကဆို သူဌေးတစ်ယောက်က ကြည်ညိုလွန်းလို့ဆိုပြီး စိန်ဘယက်ကြီးတောင် ဆက်ကပ်ဆင်ယင်ပေးသွားသေးတယ်၊ လှူလိုက်ကြတာများဗျာ၊ မကိုဋ်တော်ဆိုလည်း ပတ္တမြားရောင်၊ မြရောင်၊ ရွှေရောင် တဖိတ်ဖိတ်နဲ့ အလွန်ကြည်ညိုစရာ ကောင်းပါတယ်၊ ခင်ဗျားသာ မာရ်နတ်မှောင့်ပြီး လာမဖူးတာ ကိုဝင်းရ'

'ဟား..ဟား၊ အဲဒါကြောင့်ပြောတာပေါ့ ကိုလင်းရ၊ ကိုယ့်အိမ်က ရုပ်ပွားတော်ကိုကိုယ် ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပြီး သက်ရှိထင်ရှား မြတ်ဘုရားကို အာရုံပြုပူဇော်ရင်လည်း ရရဲ့သားနဲ့၊ ဒီ...မုနိရုပ်ပွားတော်ကိုမှ အထွတ်အမြတ်ထား ကိုးကွယ်ပူဇော်ကြတယ်ဆိုတော့ ခင်ဗျားတို့က ဗုဒ္ဓမြတ်ဘုရားကို ကိုးကွယ်ဆည်းကပ်တာမှမဟုတ်တော့ဘဲ၊ ဒီ..မုနိလို့ အမည်သညာ သတ်မှတ်ထားတဲ့ သက်မဲ့ရုပ်ဝတ္ထု ပစ္စည်းတစ်ခုကို မိမိရဲ့ အားထားရာအဖြစ် ကိုးကွယ်ဆည်းကပ်နေကြတာပဲ မဟုတ်လားဗျ'

'ဒါကတော့ ကိုဝင်းက ရုပ်ဝါဒီဆန်ဆန်တွေးပြီး ပြောတာပဲ'

'ကိုလင်းကလည်း မဟုတ်တာပြောရော့မယ်၊ တကယ်တမ်း ရုပ်ဝါဒီဖြစ်နေတာက ခင်ဗျားတို့ပဲဗျ'
'ဟား.....၊ ဒီလောက် ဘုရားနဲ့တရားနဲ့နေတဲ့ လူတွေကိုများ ရုပ်ဝါဒီလို့ပြောရင် ခင်ဗျားကိုလူတွေက အရူးလို့ပြောကြမှာပေါ့'

'ကျွန်တော်ပြောတာ နားထောင်ပါဦးလေ၊ ဗုဒ္ဓမြတ်စွာသက်တော်ထင်ရှားရှိစဉ်အခါကတော့ သူ့ကိုကိုးကွယ်ဆည်းကပ်မယ်ဆိုရင် ကိုးကွယ်ဆည်းကပ်ပူဇော်သူတွေကို စီးပွားတိုးအောင်၊ ရာထူးဂုဏ်သိန်တက်အောင်၊ အနာရောဂါကင်းအောင်လုပ်ပေးမယ်လို့ ဟောကြားခဲ့ဘူးသလား'
'ဒီလိုတော့မဟောခဲ့ဘူးပေါ့ဗျာ'

'ဟုတ်ပြီ၊ ဗုဒ္ဓက သူ့ကိုကိုးကွယ်ဆည်းကပ်ပူဇော်ရာ ဘုရားရှင်အဖြစ်လက်ခံတယ်ဆိုရင် သူဟောကြားခဲ့တဲ့ ဓမ္မလမ်းစဉ်အတိုင်း လျှောက် လှမ်းကြဖို့ကိုသာ လမ်းညွှန်ခဲ့တာဗျ။ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာရတာကလည်း လူတွေစီးပွားတိုးဖို့၊ ရာထူးဂုဏ်သိန်တက်ဖို့၊ အနာရောဂါ ကင်းဖို့စတဲ့ လောကီရေးရာလိုအင်တွေကို ဖြတ်လမ်းနည်းနဲ့ ဖြည့်ဆည်းပေးဖို့ မဟုတ်ဘူးဗျ၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ငြိမ်း ချမ်းသာရာကျင့်စဉ်နည်းလမ်းမှန်တွေကို ညွှန်ကြားသွန်သင်ဖို့၊ တစ်နည်းပြောရရင် လောကီအကျိုးစီးပွားတွေထက် အဆပေါင်းများစွာ သာလွန်မြင့်မြတ်တဲ့ လောကုတ္တရာ အကျိုးစီးပွားအတွက် ပွင့်တော်မူခဲ့ခြင်းသာဖြစ်တယ်ဗျ'

'ဒါဆို လောကီအကျိုးစီးပွားတွေ တိုးတက်ဖို့ကျတော့ ဘယ်သူ့သွားအားကိုးရမှာလဲဗျ'

'လွယ်ပါတယ် ကိုလင်းရာ၊ ကိုယ့်အားကိုယ်ကိုးပေါ့ဗျာ၊ ကိုယ့်အားကိုယ်ကိုးပြီးကြိုးစားရင် လောကရဲ့အမြင့်ဆုံး အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ဘုရားရှင်ဗုဒ္ဓအဖြစ်ကိုတောင် ရနိုင်သေးတာပဲ၊ ကိုယ့်ရဲ့ ကံ၊ဥာဏ်၊ ၀ီရိယအစွမ်းကိုလိုက်ပြီး အကျိုးကျေးဇူးခံစားကြရတာဟာ လောကရဲ့ ဓမ္မတာသဘာဝရဲ့ နိယာမပဲ ကိုလင်းရ'

'အင်း.......ဒါလည်းဟုတ်တာပဲ'

'ဒါကြောင့် ကိုယ့်ဖာသာကိုယ်မကြိုးစားဘဲနဲ့တော့ အခုအခါခေတ်စားနေတဲ့ ဘာမုနိ၊ ညာမုနိ၊ တိဗက်ပြန်၊ ရခိုင်ပြန်၊ ယိုးဒယားပြန်၊ ဘာပြန်၊ ညာပြန် စမ ခံတဲ့ ၀ိဇ္ဇာဓိုရ်၊ သိဒ္ဓိတင် ဓာတ်ဆင်းတုတော်ဆိုတာတွေက လာပြီးစောင်မပေးနိုင် မှာမဟုတ်ဘူးဗျ၊ ဗုဒ္ဓသက်တော် ထင်ရှားရှိစဉ်အခါကတောင် သတ္တ၀ါတွေရဲ့ ကံ၊ဥာဏ်၊၀ီရိယအလိုက် ခံစား၊ စံစား နေကြရတဲ့ လောကီအမှုကိစ္စတွေကို ၀င်ရောက်စွက် ဖက်မှု မပြုခဲ့တဲ့ဟာကို ဒီသက်မဲ့ ရုပ်ပွားတော်တွေကျမှ လောကီကိစ္စတွေမှာဝင်ပြီး ကယ်တင်စောင်မနိုင်ပါ့မလားဗျာ'

'အေးဗျာ.....ကိုဝင်းပြောမှပဲ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ကိုမကိုးကွယ်မိဘဲ ရုပ်တု၊ ဆင်းတုကိုးကွယ်တဲ့လူတွေ ဖြစ်မှန်းမသိဖြစ်ခဲ့ရတာကို သဘောပေါက်လာတော့တယ်။'

'အဲဒီလို ဗုဒ္ဓမြတ်စွာကိုမကိုးကွယ်ဘဲ ရုပ်တုဆင်းတုကိုသာ ကိုးကွယ်နေမိသူတွေကြောင့် တချို့နိုင်ငံခြားသား ဘာသာခြားတွေက မင်းတို့ ဗုဒ္ဓဘာသာဆိုတာ ရုပ်တုကိုးကွယ်တဲ့ဘာသာပါကွာလို့ ဝေဖန်ပြစ်တင်ကြတာပဲဗျ၊ ဒါပေမယ့် တကယ်တမ်းကျတော့ ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်းငါးရာလောက်ကြာမှ အိန္ဒိယမှာ ဂရိကျောက်ဆစ်ပညာ ထွန်းကားလာမှုနဲ့အတူ ဗြာဟ္မဏအယူဝါဒ ရော ယှက်ထားတဲ့ မဟာယာနဗုဒ္ဓဘာသာ ကိုးကွယ်သူတွေဆီက စတင်လာခဲ့တယ်လို့ သမိုင်းအထောက်အထားတွေမှာ တွေ့ရသဗျ၊ မဟာ ယာနတွေရဲ့ ဗုဒ္ဓရုပ်ပွားတော်ထုလုပ်ပူဇော်မှုကို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေက အစပိုင်းမှာ လက်မခံခဲ့ပေမယ့် နောက်ပိုင်းကျတော့ လူများစုရဲ့အလိုကို လိုက်လျောခဲ့ရတယ်လို့ ဆိုတယ်ဗျ'

'အင်း.....ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပြီး ဒါတွေကို စောစောက မစဉ်းစားခဲ့မိလို့ ကိုယ့်ကိုယ်ကို ရှက်မိပါသေးတော့တယ်ဗျာ'

'ဒါကတော့ သတိမမူဂူမမြင်ဆိုသလိုပေါ့ဗျာ၊ လူတွေဟာ လောဘစိတ်မွှန်လာပြီဆိုရင် ဘယ်လောက်ပဲ ပညာဗဟုသုတနဲ့ ပြည့်စုံတဲ့ လူဖြစ်ပါစေ၊ အမှားမှားအယွင်းယွင်းတွေ လုပ်မိကြတာ ဓမ္မတာပဲဗျ။ မိမိကံ၊ ဥာဏ်၊ ၀ီရိယနဲ့ ထိုက်တန်တာထက်လွန်ကဲပြီး စီးပွား တိုးချင်တယ်၊ ရာထူးတက်ချင်တယ်စတဲ့ လောဘစိတ်တွေက လွှမ်းမိုးသွားတော့ အားကိုးရာရှာရင်းနဲ့ အလိမ်ခံရမှန်းမသိ ခံကြရ တော့တာပဲ ကိုလင်းရေ...'

'ဟုတ်ပါ့ဗျာ၊ ကိုယ့်အားကိုယ်မကိုးမိဘဲ သက်မဲ့ပစ္စည်းတွေကို ကိုယ့်ဘ၀ရဲ့ကယ်တင်ရှင်၊ ကံကြမ္မာကိုဖန်တီးပေးနိုင်သူအဖြစ် စွဲလမ်း တာဟာ ရုပ်ဝတ္ထုပစ္စည်းတွေကို တန်ခိုးရှိသူ အစိုးရသူ အတ္တအဖြစ် စွဲလမ်းမှုတစ်မျိုးလို့တောင် ဆိုရမလားပဲဗျနော......'

"ဒါကြောင့်မို့ တကယ်တမ်း ရုပ်ဝါဒီတွေဖြစ်နေတာက ခင်ဗျားတို့ပါလို့ပြောတာပေါ့ ကိုလင်းရ။ အမှန်တော့ ရုပ်ပွားတော်၊ ဆင်းတုတော် တွေကို ပုံသဏ္ဍာန်အမျိုးမျိုး၊ မုဒြ(လက်အနေအထား)အဖုံဖုံနဲ့ ထုလုပ်ကိုးကွယ်ခြင်းဟာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေရဲ့ ပဓာနအလုပ် မဟုတ်ဘူးဗျ။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ ကဆိုရင် 'ဗုဒ္ဓဘာသာဝင် အတော်များများဟာ လေးသင်္ချေ နဲ့ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီဖြည့်ပြီးမှ ဖြစ်တော်မူလာရတဲ့ဘုရား၊ ပါရမီတော်အဟုန် တစ်ကိုယ်လုံးထုံပြီး အလွန် သပ္ပာယ်တော် မူတဲ့ဘုရား၊ ထိုသပ္ပာယ်သော ရုပ်တော်ဝယ် မေတ္တာတော် ကရုဏာတော် ဥာဏ်တော်ကြီးဖြင့် အလွန်တင့်တယ်သော ဘုရား၊ သတ္တ၀ါ တို့တရားထူးရ အောင် ပရိနိဗ္ဗာန်စံတော်မူခါနီး စက္ကန့်ပိုင်းအထိမနားမနေ တရားဟောတော်မူ တဲ့ဘုရား၊ ဒီလိုသက် တော်ထင်ရှားဘုရား ကိုမမှန်းနိုင်မမျှော်နိုင်ကြဘဲ ရုပ်ပုံ၊ရုပ်ပွားဆင်းတု စေတီတော်များကိုသာ အများစုကိုးကွယ်ရာ ဘုရားလို့ထင်နေခြင်း ဟာ ဘုရားအစစ်ကို ရုပ်ပုံ၊ရုပ်ပွားတော် စသည်က(မမြင်အောင်) ကွယ်ထားသလိုဖြစ်နေမှာပေါ့ ' လို့သူ့ရဲ့ ကိုယ်ရေး ထေရုပ္ပတ္တိဖြစ်တဲ့ 'တစ်ဘ၀သံသရာ' ကျမ်းမှာ ထည့်သွင်းရေးသားသွားခဲ့တာပဲဗျ"

'အင်း....ဆရာတော်ကြီးကတော့ ကျွန်တော်တို့လို လူမိုက်တွေအတွက် ကြိုတင်မြင်ယောင် ရေးသားထားခဲ့သလားတောင် အောက်မေ့ ရတယ် ကိုဝင်းရေ.......'

'ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်ပူဇော်ခြင်းဆိုတာ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအတွက်တော့ အသွင်သဏ္ဍာန်(Phenomenon) တစ်ခုလောက် ပဲဖြစ်တယ်။ ဗုဒ္ဓရုပ်ပွားတော်ကိုဖူးမြော်လိုက်ရတာနဲ့ ဗုဒ္ဓသက်တော်ထင်ရှားရှိနေသလို စိတ်အာရုံမှာမြင်ယောင် ကြည်ညို သဒ္ဓါပွားလာပြီး ဗုဒ္ဓရဲ့ဓမ္မဒေသနာအဆုံးအမတွေကို ယုံကြည်လိုက်နာလိုစိတ်တွေ တဖွားဖွားပေါ်ပေါက်လာတာနဲ့အမျှ လက်တွေ့ဘ၀မှာ လိုက်နာ ကျင့်သုံးလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်သည်သာ အနှစ်သာရ (Essence) အစစ်အမှန်ဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် ဗုဒ္ဓမြတ်စွာ ကို ဓမ္မပူဇာနဲ့ ပူဇော်ကြဖို့ပဲ ကိုလင်းရ'

'ဓမ္မပူဇာရဲ့ အဓိပ္ပာယ်လေးလည်း လင်းစမ်းပါဦး'

'ဓမ္မပူဇာဆိုတာက ဗုဒ္ဓရဲ့ ဓမ္မတရားတော်များနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းလို့ အဓိပ္ပာယ်ရတယ်ဗျ။ အဲ...ဗုဒ္ဓကို ဆွမ်း၊ ပန်း၊ ရေချမ်း၊ သင်္ကန်းစတဲ့ပစ္စည်းဝတ္ထု ဆက်ကပ်ပူဇော်ခြင်းကိုတော့ အာမိသပူဇာလို့ခေါ်သဗျ။ ဗုဒ္ဓရှင်တော်မြတ်ဘုရားကတော့ ငါဘုရားအား ဓမ္မပူဇာဖြင့် ပူဇော်ခြင်းသည်သာ မြတ်သောပူဇော်ခြင်းမည်၏လို့ ဟောကြားခဲ့ပါတယ်'

'ကိုဝင်းပြောမှ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ရုပ်ပွားတော်များထုလုပ်ပူဇော်ခြင်းရဲ့ ရည်ရွယ်ချက်ကို ဘာသာ ခြားတွေနားလည်အောင် ရှင်းပြနိုင်တဲ့ အနီးစပ်ဆုံးဥပမာတစ်ခုကို သွားသတိရမိတယ်ဗျ'

'ဆိုစမ်းပါဦး ကိုလင်းရ'

'ဒီလိုလေဗျာ၊ ကျွန်တော်တို့ မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကို အစဉ်သတိရပြီး ဗိုလ်ချုပ်ရဲ့တိုင်းချစ်ပြည်ချစ် မျိုးချစ်စိတ်ကို အားကျဂုဏ်ယူအတုယူချင်လာအောင်၊ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို လိုက်နာပါ့မယ်လို့ သံန္နိဌာန်ပြုပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဗိုလ်ချုပ်ကြေးရုပ်တွေ ထုလုပ်အလေးပြုကြတဲ့သဘောမျိုးပဲပေါ့၊ မဟုတ်ဘူးလား'

'သိပ်ဟုတ်တာပေါ့ ကိုလင်းရာ၊ ဒါနဲ့ခင်ဗျားက ဗိုလ်ချုပ်ကြေးရုပ်အကြောင်းပြောမှ ကျွန်တော်လည်း ကာတွန်းဆရာကြီးတစ်ဦးရေးဆွဲခဲ့တဲ့ အာဇာနည်နေ့ကာတွန်းလေးကို သတိရမိပြန်သဗျ'

'ဘယ်လိုများတုံး ကိုဝင်းရ'

"ကာတွန်းလေးက ဒီလိုဗျ၊ အာဇာနည်နေ့အထိမ်းအမှတ် ချီတက်အလေးပြုဖို့လာကြတဲ့လူအုပ်ကြီးကို ဦးဆောင်တဲ့လူကရှေ့ကနေ 'အာ ဇာနည် ခေါင်းဆောင်ကြီးများကို အလေး......ပြု'လို့လည်း အမိန့်ပေးလိုက်ရော လူအုပ်ကြီးက တညီတညွတ်တည်း အလေးပြုလိုက်ကြ တယ်ဗျ၊ အဲ....သတ်မှတ်တဲ့ မိနစ်ပိုင်းလည်းစေ့ရော ဦးဆောင်တဲ့လူက 'နေမြဲ'လို့ တစ်ခွန်းတည်း အမိန့်ပေးရမယ့်အစား သူက - 'နေမြဲ၊ စားမြဲ၊ခိုမြဲ၊ ကပ်မြဲ ခါတိုင်းလိုပဲ ဆက်လုပ်ကြ' ဆိုပြီးအမိန့်ပေးသွားပုံကို ရေးဆွဲထားတယ်လေ၊ စာသားအတိအကျတော့မဟုတ်ဘူးပေါ့ဗျာ၊ အဲဒီသဘောအတိုင်းပေါ့'

'ဟား....ဟား....ဟား ကာတွန်းဆရာကြီးက လူတွေရဲ့ လုပ်ရိုးလုပ်စဉ်လိုသဘောထားပြီး ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ စရိုက်ကို သရော်ထားတာပေါ့နော'

'မှန်တာပေါ့ ကိုလင်းရာ၊ အခုလည်း ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓရုပ်ပွားတော်ရှေ့ကိုသွား၊ ကိုယ်ရတတ်သမျှ ဘုရားရှိခိုး စာတွေတသီကြီး ရွတ်ဖတ်ပူဇော်ကန်တော့လို့လည်းပြီးရော အခုနကလိုပဲ နေမြဲ၊ ခိုးမြဲ၊ လိမ်မြဲ၊ကောက်မြဲ၊ သတ်မြဲ၊ ညစ်ပတ် မြဲဆိုရင်တော့ ဗုဒ္ဓရုပ်ပွားတော်တွေကို ၀တ်ပြုကိုးကွယ်ခြင်းဆိုတဲ့ အသွင်သဏ္ဌာန်တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ဗုဒ္ဓရဲ့ဓမ္မဒေသနာ တော်တွေကို လက်တွေ့ ဘ၀မှာ လိုက်နာကျင့်သုံးခြင်းဆိုတဲ့ အနှစ်သာရ ပျောက်ကွယ်သွားတော့မှာပေါ့ဗျာ။ ကဲ....စကားကောင်းနေလိုက်ကြတာ အချိန်လည်း အတော်လင့်ပြီမို့ ပြန်ခွင့်ပြုပါဦး ကိုလင်းရေ'

'ကောင်းပါပြီဗျာ၊ နောက်တစ်ပတ်ကျ ပြန်ဆုံကြသေးတာပေါ့'

ဝင်းသိန်းဦး
(၁၃-၂-၉၁)
ဓမ္မရံသီ၊ ၁၉၉၁ခုနှစ်၊ ဧပြီလ။

No comments: