Tuesday, October 27, 2009

Myths about blood donation'

'သွေးသည်အသက် ၊ အသက်သည်သွေး' တဲ့ သွေးကိုလှူဒါန်းခြင်းသည် မိမိအသက်ကိုလှူဒါန်းခြင်းနှင့် သဘောညီသည်။ သွေးလှူဒါန်းတာနဲ့ပတ်သက်ပြီး အယူအဆအမှားတွေ၊ အတွေးအမှားတွေ အများကြီး ကြုံဖူးကြားဖူးခဲ့ပါသည်။ ကျွန်တော် ကိုယ်၌လည်း အတွေးမှား၊ အမြင်မှားတွေ ဟိုတစ်ချိန်တုန်းက ရှိခဲ့ဖူးပါသည်။ အဲဒီလို အယူအဆအမှား၊ အမြင်အမှားတွေ ကြောင့် သွေးလှူနိုင်ရဲ့သားနဲ့ သွေးမလှူဖြစ်တဲ့လူတွေ အများကြီးပါ။ မွန်မြတ်ဖြူစင်လှသည့် လှူဒါန်းမှုတစ်ခုကို လူတွေက ပြုလုပ်ချင်ပေမယ့် ဘယ်လိုအချက်တွေက တားဆီးထားသလဲ။ အောက်ပါအချက်တွေက သွေးလှူဒါန်းချင်တဲ့စိတ်ကို အဟန့်အတားဖြစ်နေတာတွေပါပဲ။ လက်ဆင့်ကမ်းမျှဝေပြီး မွန်မြတ်တဲ့ဒါနပြုကြဖို့ တိုက်တွန်းပေးကြပါလို့။

(၁) သွေးလှူပြီးရင် ၀လာမယ်။
တကယ်တော့ သွေးလှူတာကြောင့် ခန္ဓာကိုယ်အလေးချိန်တိုးလာပြီး ၀လာတာမျိုး မရှိပါဘူး။ အသားအရည်စိုပြည်ပြီး အလှတိုးတာပဲရှိပါတယ်။ သွေးလှူထားတာကြောင့် အားပြန်ဖြည့်ဖို့ဆိုပြီး ပုံမှန်စားသောက်တာထက် ပိုပြီးစားဖို့သောက်ဖို့ လည်း မလိုပါဘူး။ ဒါကြောင့် ပုံမှန်အတိုင်းပဲ စားသောက်နေထိုင်ပါ။ အဲဒီလိုဆို အရင်ကထက်ပိုပြီး ၀လာစရာမရှိပါဘူး။

(၂) သွေးလှူတာကြောင့် ရောဂါကူးမယ်။
တကယ်တော့ သွေးဖောက်ယူတဲ့နေရာမှာ အသုံးပြုတဲ့အပ်တွေ၊ သွေးအိတ်တွေ၊ ပစ္စည်းကိရိယာတွေဟာ သန့်ရှင်းပါတယ်။ သွေးဖောက်တဲ့အခါမှာ တစ်ခါသုံးအပ်တွေကို သုံးထားပါတယ်။ သွေးဖောက်ပေးတဲ့ သူနာပြုတွေကလည်း တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုပါတယ်။ အစအဆုံးစနစ်တကျရှိလှတဲ့အတွက် သွေးလှူရှင်တွေအနေနဲ့ ရောဂါကူးစက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

(၃) သွေးလှူပြီးရင် ကျန်းမာရေး ထိခိုက်မယ်။
တကယ်တော့ သွေးမလှူခင်မှာတင် ဆရာဝန်က သွေးလှူရှင်ရဲ့ ကျန်းမာရေးကို အရင်စစ်ဆေးပေးပါတယ်။ သွေးလှူဒါန်းဖို့ သင့်၊ မသင့်ကို ဆုံးဖြတ်ပေးပါတယ်။ ကျန်းမာရေးကောင်းမွန်မှ သွေးပေးလှူတာပါ။ ဒါပေမဲ့ သွေးလှူပြီးရင်တော့ ခုတင်ပေါ်မှာ မိနစ်အနည်းငယ်လောက်တော့ အနားယူသင့်ပါတယ်။

(၄) သွေးဖောက်တဲ့အခါ အပ်ကြီးကြောင့် နာမယ်။
တကယ်တော့ နာတယ်ဆိုတာ အရမ်းနာတာမဟုတ်ပါဘူး။ နားဖောက်တာလောက် ၊ သွားနုတ်တာလောက်မနာပါဘူး။ ပုရွက်ဆိတ်ကိုက်ရင်တော့ ဒီထက်ပိုနာပါတယ်။ တစ်ခုလောက် သတိရစေချင်တာက သွေးလှူဖို့ အပ်ထိုးတဲ့အချိန် နာတဲ့ နာကျင်မှုဒုက္ခက သွေးလိုနေတဲ့လူနာရဲ့ သွေးမရရင် ခံစားရမယ့် နာကျင်မှုဒုက္ခနဲ့ နှိုင်းယှဉ်ရင် ဘာမှမဟုတ်ဘူးဆိုတာပါပဲ။

(၅) သွေးလှူရတာ အချိန်ကုန်မယ်။
တကယ်တော့ သွေးလှူတာ အစအဆုံးက အလွန်ဆုံး တစ်နာရီပတ်ဝန်းကျင်ပဲကြာပါတယ်။ အဲဒီ တစ်နာရီမှာ လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေဖြည့်ရတာတွေ၊ မေးခွန်းတွေဖြေရတာတွေ၊ ကျန်းမာရေးစစ်ဆေးမှုခံယူရတာတွေက အချိန်အများဆုံး ယူသွားပါတယ်။ သွေးလှူတဲ့အချိန်က ၁၀မိနစ်ပတ်ဝန်းကျင်ပဲရှိပါတယ်။

(၆) သွေးလှူတဲ့အခါ သွေးအများကြီးဖောက်ယူခံရမယ်။
တကယ်တော့ သွေးအများကြီး ဖောက်မယူပါဘူး။ သွေးလှူရှင်ရဲ့ ကိုယ်အလေးချိန်အပေါ်မူတည်ပြီး ၄၀၀ မီလီလီတာကနေ ၄၅၀ မီလီလီတာကြားပဲယူပါတယ်။ အဲဒီထုတ်ယူလိုက်တဲ့သွေးပမာဏကို ခန္ဓာကိုယ်က အချိန်ပိုင်းအတွင်း ပြည်လည်ဖြည့်ဆည်းပေးပါတယ်။

(၇) ကျွန်တော်သွေးလှူဖို့ မလိုဘူး၊ သွေးလှူရှင်တွေက အများကြီးပဲလေ။
တကယ်တော့ လူနာတွေအတွက် သွေးလှူရှင်လိုနေပါတယ်။ သွေးလှူလို့ ရနိုင်တဲ့လူဦးရေစုစုပေါင်းရဲ့ ၅ရာခိုင်နှုန်းကပဲ သွေးလှူနေကြတာပါ။ မြန်မာနိုင်ငံမှာဆို ဒီထက်နည်းပါတယ်။ သွေးကို အစားထိုးဖို့အရာ မပေါ်သေးပါဘူး။ သက်ရှိလူသားဆီကပဲ ရနိုင်တဲ့အတွက် သွေးလှူရှင်တွေ အများကြီးလိုနေပါတယ်။

(၈) သွေးဆိုတာ အကြာကြီးအထားခံတယ်။ တစ်ခါလှူပြီးရင် လုံလောက်တယ်။
တကယ်တော့ အေးခဲထားတဲ့သွေးရည်ကြည်ဟာ တစ်နှစ်တိတိ သိမ်းထားလို့ရပါတယ်။ သွေးနီဥကို သာမန်အခြေအနေမှာ ၄၂ရက်တိတိသိုလှောင်နိုင်ပါတယ်။ သွေးဥမွှားကတော့ ငါးရက်ပဲ အထားခံပါတယ်။ အဲဒီလို အထားခံပေမယ့် လူနာတွေရဲ့ သွေးလိုအပ်ချက်က များလွန်းတဲ့အတွက် လှူထားတဲ့သွေးတွေ သွေးဘဏ်မှာ အဲဒီလောက်တောင် ကြာကြာမထားလိုက်ရဘဲ လူနာတွေဆီကို သွေးသွင်းကုသပေးလိုက်ရတာများပါတယ်။ ဒါကြောင့် သွေးဘဏ်မှာ သွေးအိတ်တစ်ခုကို အကြာကြီးမမြင်ရပါဘူး။

(၉) ဘာသာတရားကြောင့် သွေးလှူလို့မရဘူး။
တကယ်တော့ ကိုးကွယ်တဲ့ ဘာသာတရားတိုင်းလိုလို ကုသိုလ်ဒါနပြုမှုကို အားပေးချီးမြှောက်ထားပါတယ်။ သွေးလှူတယ်ဆိုတာ ထပ်ခါတလဲလဲပြုလုပ်လို့ရတဲ့ မွန်မြတ်ဖြူစင်ဇီဝိတဒါနလှူဒါန်းမှုတစ်ခုပါ။
အခုပြောသွားတဲ့အချက်တွေကြောင့် သွေးမလှူဖြစ်ခဲ့တာပါဆိုရင် နောက်ရက်တွေကစပြီး လူ့အသက်တွေကို ကယ်ဖို့အတွက် ဒီစာကို တစ်ခါလောက် အစအဆုံးပြန်ဖတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။

ကိုဇူလိုင် (RAVEN BDC)
Ref: The Voice weekly Journal – Vol.5/No.50 (Oct. 19-25, 2009)


ပြန်လည်တင်ပြသူ ကျွန်တော် ဇာနည် ပြောပြချင်တာလေးကို ဖြည့်စွက်လိုက်ပါရစေ - လူငယ်များ ဦးဆောင်ဖွဲ့ စည်းထား သော ရင်ခုန်သံသွေးလှူရှင်အသင်း၏ စုပေါင်းသွေးလှူဒါန်းပွဲလေးတွေဟာ (၁၅) ကြိမ်မြောက်တောင် ဖြစ်သွားပါပြီ။ သွေးလိုအပ်လို့ပဲဖြစ်ဖြစ် သွေးလှူဒါန်းဖို့စိတ်ဝင်စားရင်ပဲဖြစ်ဖြစ် ဆက်သွယ်ချင်ရင် သူတို့ဖုန်းနံပါတ်တွေကို ဆက်သွယ် လို့ရပါတယ်နော်။ ၀၁-၃၈၉၈၂၇၊ ၇၂၁၅၇၈၊ ၂၄၃၅၄၂ တို့ပဲဖြစ်ပါတယ်။ အတွင်းရေးမှူးက ဦးမျိုးမင်းပါ။

ပြည်သူ့ဆေးရုံကြီးတွေမှာလည်း သွေးဌာနတွေရှိပြီး အဲဒီမှာလည်း သွေးလှူဒါန်းနိုင် သွေးလှူဒါန်းဖို့ စုံစမ်းစာရင်းပေး သွင်းနိုင်ကြပါတယ်။ ကျွန်တော်တို့ မန္တလေးပြည်သူ့ဆေးရုံကြီးမှာဆိုလည်း အလားတူ ဌာနရှိပြီး သွားရောက်လှူဒါန်း နိုင်ကြပါကြောင်း ပြောပြချင်ပါတယ်။

No comments: