Wednesday, October 28, 2009

သံတူကြောင်းကွဲ သတိပြုပါ

'ဟေး......ကိုဝင်းတစ်ယောက် ဘယ်ရောက်နေပါလိမ့်၊ အလုပ်နားရက်ဆိုပြီး အိပ်ရာထဲဝင်ကွေးနေပြီထင့်ပါ့'

'ကိုလင်းလား၊ လာဗျို့လာ၊ အိပ်ရာထဲဝင်ကွေးဖို့ နေနေသာသာဗျာ။ တစ်ပတ်စာအ၀တ်တွေ လျှော်ရဖွတ်ရ၊ ကလေးတွေစာပြရ၊ ထိန်းရ ကျောင်းရနဲ့ ပိုတောင်ပင်ပန်းသေးတယ်ဗျာ'

'ဒီအိုးဒီအိမ်၊ ဒီပုဆိုးဒီထဘီကို မစွန့်နိုင်သရွေ့ခံပေဦးပေါ့ဗျာ'

'မေ့အဖြစ်နဲ့မေသာ ရှိပါစေတော့မောင်ရေ ဆိုသလိုပေါ့ ကိုလင်းရယ်'

'ဟာ.....ဘယ့်နှယ် မေ့အဖြစ်ရမှာလဲကိုဝင်းရ၊ ဒီသီချင်းကို အဆိုတော်ကိုလွှမ်းမိုးက မောင့်အဖြစ်နဲ့မောင်သာ ရှိပါစေတော့မေရေလို့ ပြောင်းဆိုထားခဲ့ပြီးပြီဗျ'

'ဟုတ်လား၊ ဒီလိုဆိုတော့ ကျုပ်တို့ အားနွဲ့သူယောက်ျားသားတွေအတွက် ပိုပြီးထိမိသွားတာပေါ့ဗျာ၊ ဒါနဲ့ ခင်ဗျားကတော့ အိမ်ထောင့် တာဝန်တွေပစ်ပြီး တစ်ကိုယ်တည်းလူပျိုကြီးစတိုင်နဲ့ ဘယ်ကနေဘယ်ကို လှည့်လာတာတုံး'

'အိမ်က ဇနီးမယားနဲ့ သမီးသားတွေက မယ်တော်ကြီးဘုရားကျောင်း လိုက်ပို့ပါဆိုတာနဲ့ သူတို့သားအမိကို အဲဒီမှာထားခဲ့ပြီး ခင်ဗျား ဆီထွက်လာခဲ့တာ ကိုဝင်းရေ့'
'နေစမ်းပါဦး၊ ဘယ်က မယ်တော်ကြီးဘုရားကျောင်းတုံးဗျ'

'ဒီနားက ရှရီကာလီတမ်ပဲလ်လေဗျာ'

'သြော်....သိပြီ၊ သီပြီ။ ဒါနဲ့ .......ခင်ဗျာ့ဇနီးက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ဘယ့်နှယ် အဲဒီဟိန္ဒူဗြာဟ္မဏ ဘုရားကျောင်းကို သွားရတာလဲဗျ'
'ခင်ဗျား အတော်ခေတ်နောက်ကျနေပြီပဲ၊ အခုကျွန်တော်တို့ မိရိုးဖလာဗုဒ္ဓဘာသာဝင် အတော်များများက ဟိန္ဒူဗြာဟ္မဏနတ်ဘုရားတွေကိုပါ ရှိခိုးနေကြတာ မသိဘူးထင်တယ်'

'အင်း....ပညာရေးအတွက် သူရဿတီမယ်တော်၊ စီးပွားတက်ဖို့လက်ခ်ျမီးမယ်တော်ဆိုတဲ့ ဟိန္ဒူဗြဟ္မဏ နတ်သမီးကြီးတွေကို အိမ်မှာ ဓာတ်ပုံချိတ်၊ ပန်းအိုးနဲ့ စင်နဲ့ကိုးကွယ်ထားကြတာတွေတော့ တွေ့မိပါရဲ့'

'ဒီလို အိမ်မှာစင်ထိုး ပန်းအိုးနဲ့ကိုးကွယ်ရတာမ၀နိုင်လို့ အဲဒီသူရဿတီ၊ လက်ချမီး၊ ကာလီစတဲ့မယ်တော်ကြီးတွေ စံပယ်တော်မူနေတဲ့ ဟိန္ဒူဗြာဟ္မဏ ဘုရားကျောင်းတွေကိုပါသွားပြီး ပန်း၊ဆီမီးကပ်လှူပူဇော်နေကြပြီဗျ၊ တချို့များဆို အဓိဋ္ဌာန်ဝင်ပြီး တစ်ကိုယ်လုံးနနွင်းတွေ ၀ါထိန်နေအောင်လူး၊ နံငယ်ပိုင်းလေးတွေဝတ်၊ လျှာနဲ့ခန္ဓာအနှံ့မှာ အပ်တွေ စိုက်ပြီး အလှူခံထွက်တဲ့လူက ထွက်နေကြပြီ၊ ဟိန္ဒူဘာသာ ၀င်တွေရဲ့ မီးနင်းပွဲမှာလည်း ၀င်နွှဲတဲ့လူတွေကနွှဲနေကြပြီ'

'အင်း.....ဟိန္ဒူဗြာဟ္မဏသာသနာအတွက်တော့ အားတက်စရာပေါ့ဗျာ၊ ကျွန်တော်တို့နိုင်ငံမှာ ဘယ်သူမဆို လူမျိုး၊ ကျား/မ မရွေး ကိုယ်ကြိုက်နှစ်သက်ရာဘာသာတရားကို လွတ်လပ်စွာကိုးကွယ် ယုံကြည်ပိုင်ခွင့်ရှိနေတာမို့ ဗုဒ္ဓဘာသာ ကို မယုံကြည်လို့ စွန့်လွှတ်ပြီး ဟိန္ဒူဗြာဟ္မဏဘာသာဝင်အဖြစ် ခံယူသွားကြတာကို ဘာမှအပြစ်ပြောစရာမရှိပါဘူးဗျာ'

'ဒီလိုလည်းမဟုတ်သေးဘူး ကိုဝင်းရဲ့၊ ဒီပုဂ္ဂိုလ်တွေက ဟိန္ဒူဗြာဟ္မဏတွေရဲ့ ဘာသာရေးကျင့်ထုံးတွေကို လိုက်နာ ဆောင်ရွက်နေကြ ပေမယ့် သူတို့ကိုယ်သူတို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေပါလို့ ခံယူထားတဲ့သူတွေချည့်ပဲဗျ၊ တကယ် တော့ ဗုဒ္ဓ၀ါဒနဲ့ ဟိန္ဒူဗြာဟ္မဏ၀ါဒ တို့ဆိုတာ ရေခံမြေခံတစ်ခုတည်းက ဆင်းသက်ပေါက်ဖွားလာတဲ့ ညီရင်းအစ်ကို အယူဝါဒတွေပဲမဟုတ်လား၊ ကျွန်တော်တို့က ဂေါတမဗုဒ္ဓကို ကိုးကွယ်သလို သူတို့လည်းပဲ ဂေါတမဗုဒ္ဓကို ကိုးကွယ် ကြတာပဲ။ ခင်ဗျားမယုံရင် ဟိန္ဒူဗြာဟ္မဏဘုရားကျောင်းတွေကို သွားကြည့်ပါလား၊ ဗုဒ္မဆင်းတုတော်တွေကို ပူဇော် ထားတာတွေ့ရလိမ့်မယ်၊ သူတို့ဘုရားပွဲလှည့်တဲ့အခါမှာလည်း နွားလှည်းယာဉ်ကြီးတွေပေါ်မှာ ဗုဒ္ဓရုပ်ပွားတော်ကို ကျောင်းဆောင်ကြီးနဲ့တင်ပြီး တခမ်းတနားလှည့်လည် အပူဇော်ခံကြတာပဲမဟုတ်လား'

'ဟာ.....ဒီလိုအပေါ်ယံလုပ်ဆောင်မှု ပုံသဏ္ဌာန်လောက်ကိုကြည့်ပြီးပြောလို့ဘယ်ဖြစ်ပါ့မလဲ ကိုလင်းရဲ့။ ဗုဒ္ဓဆင်းတု တော်ကိုပူဇော်တိုင်း ဗုဒ္ဓရဲ့ဓမ္မဒေသနာကို လိုက်နာကျင့်ကြံသူတွေလို့ အတပ်မပြောနိုင်သေးဘူးဗျ၊ ဗုဒ္ဓဆင်းတုတော်ကို ပူဇော်တာချင်းတူပေမယ့် ပူဇော်ရတဲ့ ရည်ရွယ်ချက်၊ ဗုဒ္ဓမြတ်စွာအပေါ်ထားရှိတဲ့ သဘောထားအနှစ်သာရချင်းမှာတော့ ဗုဒ္ဓ၀ါဒီတွေနဲ့ ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေအကြား အခြားနားကြီးခြားနားနေတယ်ဆိုတာကို သတိပြုသင့်တယ်ဗျ'

'ကိုင်း...... ဒါဖြင့် ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေဟာ ဗုဒ္ဓ၀ါဒီတွေရဲ့ ကိုးကွယ်အားထားရာ သရဏဂုံသုံးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတို့အပေါ် ဘယ်လို သဘောထားတယ်ဆိုတာ ဆက်ရှင်းစမ်းပါဦး'

'ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံး ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်ပြီးတော့ပေါ့ဗျာ၊ ဗုဒ္ဓ၀ါဒီတွေက ဗုဒ္ဓမြတ်စွာဟာ သဗ္ဗညုတ ရွှေဥာဏ်တော် ကိုရဖို့အတွက် အနည်းဆု့းလေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရပြီးမှ လောကရဲ့ဓမ္မအလုံးစုံကို မခြွင်းမချန်ဆရာမကူ သိမြင် ဟောကြားတော်မူနိုင်ခဲ့သူအဖြစ်ယုံကြည်ကြတယ်လေ'

'ဟိန္ဒူဗြာဟ္မဏ၀ါဒီတွေကတော့ရောဗျာ'

'သူတို့အယူအဆကတော့ ဗုဒ္ဓမြတ်စွာဟာ ပါရမီဖြည့်ကျင့်ပြီးမှဘုရားဖြစ်လာတဲ့ ပုဂ္ဂိုလ်မဟုတ်ဘူးတဲ့ဗျ၊ လောကရဲ့ ဖန်ဆင်းရှင် ထာဝရ ဘုရားသခင် မဟာဗြဟ္မာ(ခေါ်) အတ္တမန် (ခေါ်) မဟာအတ္တကြီးရဲ့ ကိုယ်ပွားဗိဿနိုးနတ်ဘုရားရဲ့ လူဝင်စားတစ်ဦးဖြစ်တယ်လို့ သတ်မှတ် ကြတယ်လေ'

'ဟာ....ဒါဖြင့်ဟိန္ဒူဗြာဟ္မဏအယူအဆအရဆိုရင် ဗုဒ္ဓမြတ်စွာဟာ ဗိဿနိုးနတ်မင်းကြီးပဲ ဖြစ်နေတော့တာပေါ့'

'ဒါပေါ့ဗျာ၊ ဗိဿနိုးနတ်မင်းဟာ လောကကြီးထဲကို ဘ၀အဖုံဖုံအသွင်အမျိုးမျိုးဆောင်ပြီး လူသားတွေကိုကယ်တင်ဖို့ ရောက်ရှိလာ ခဲ့တယ်ဆိုပဲ၊ အဲဒီလို လူ့လောကထဲကိုရောက်ရှိလာတဲ့ ဗိဿနိုးနတ်မင်းဝင်စားသူတွေကို ဟိန္ဒူဗြာဟ္မဏ ၀ါဒီတွေက အ၀တာရ (Avatara) လို့ ခေါ်တယ်ဗျ၊ ကယ်တင်ရှင်တွေပေါ့ဗျာ၊ အဲဒီလို ဗိဿနိုးနတ်မင်းဝင်စားတဲ့ ကယ်တင်ရှင်ဆယ်ဦးရှိတဲ့အထဲက ကာလ်ကိအ၀တာရ ကလွဲရင် ကျန်ကိုးဦးကပွင့်ပေါ်ခဲ့ပြီးပြီဆိုပဲ'

'သူတို့အလိုအရဆိုရင် ဗုဒ္ဓမြတ်စွာက ဘယ်နှစ်ဦးမြောက်လဲဗျ'

'ကိုးဦးမြောက်အ၀တာရလို့ ယူဆကြတယ်လေ'

'အရင်ပေါ်ခဲ့တဲ့ အ၀တာရတွေကရောဗျာ'

'အင်း......ဘာသာရေးဗဟုသုတအနေနဲ့ အကျဉ်းချုံးပြောရရင် (၁) ကမ္ဘာဦးရေလွှမ်းမိုးစဉ်က ဟိန္ဒူဗြာဟ္မဏတို့ရဲ့ ဝေဒ လေးကျမ်းကို ဆယ်ယူပေးခဲ့တဲ့ငါးကြီး မစ္ဆအ၀တာရ၊ (၂) အဲဒီလိုရေကြီးစဉ်က လူသားတွေရေနစ်မသေအောင် ကျောက်ကုန်းပေါ်တင်ပြီးကယ်တင်ခဲ့တဲ့ လိပ်ကြီး ကုမ္မအ၀တာရ၊ (၃) ရေထဲမြှုပ်သွားတဲ့ကမ္ဘာကြီးကို အစွယ်နဲ့ကော်ပြီး ကယ်တင်ခဲ့တဲ့ ၀က်ကြီး ၀ရာဟအ၀တာရ၊ (၄) လူတကာ ကိုညှဉ်းပန်းနှိပ်စက်နေတဲ့ လူဆိုးကြီးဟိရညကသိပုကို ကုတ်ဖဲ့သတ်ဖြတ်ပြီး လူသားတွေကိုကယ်တင်ခဲ့တဲ့ လူ့ကိုယ်နဲ့ ခြင်္သေ့ခေါင်းတွဲစပ် ထားသူ နရသီဟအ၀တာရ၊ (၅) မာန်မာနကြီးလွန်းတဲ့ အ၀လိဘုရင်ရဲ့ဦးခေါင်းကို နင်းသတ်ခဲ့တဲ့ရသေ့ပုကွလေးဆိုတဲ့ ၀ါမနအ၀တာရ၊ (၆) ရသေ့ ရဟန်းတွေကိုနှောင့်ယှက်တဲ့ ဘီလူးသရဲတွေကို ပုဆိန်နဲ့ခုတ်သတ်ခဲ့တယ်ဆိုတဲ့ ဖရသုရာမအ၀တာရ.....'

'အဲဒီဖရသုရာမဆိုတာ ရာမလက္ခဏဇာတ်ထဲက ရာမမင်းသားကိုပြောတာလား'

'မဟုတ်ဘူး ကိုလင်းရဲ့၊ သူကပုဏ္ဏားရသေ့အသွင် ဆောင်ထားပြီး ပုဆိန်လက်နက်ကိုင်စွဲတဲ့ ပုဆိန်ထမ်းရာမဗျ၊ ပသျှူး ရာမလို့လည်း ခေါ်ကြတယ်လေ၊ ရာမ လက္ခဏာဇာတ်ထဲက ရာမမင်းသားကလည်း သတ္တမမြောက် နံပါတ်ခုနှစ် အ၀တာရပဲဗျ၊ ရာမစန္ဒြလို့လည်းခေါ် တယ်၊ အဋ္ဌမမြောက် နံပါတ်ရှစ် အ၀တာရကတော့ အဇ္ဇုနနဲ့ယုဓိဋ္ဌိလတို့ စစ်ပွဲမှာ အဇ္ဇုနဘက်က စစ်ရထားမောင်းပေးခဲ့သူ ခရစ်ရှနား ပေါ့ဗျာ'

'သြော်.... ကမ္ဘာကျော်ဘဂ၀ါဂီတကျမ်းကြီးကို ဟောကြားခဲ့တယ်ဆိုတဲ့ ပုဂ္ဂိုလ်ထင်ပါ့'

'ဟုတ်ပါ့ဗျာ၊ သူ့ရဲ့အချစ်ဆုံးမိဖုရားရာဓဟာ လက်ရှိခင်ပွန်းကိုစွန့်ပြီး ခရစ်ရှနားရဲ့အလုပ်အကျွေးပြု ဇနီးမယားအဖြစ် ခံယူခဲ့လို့ ဘုရားသခင် ကိုချစ်တဲ့နေရာမှာ စံနမူနာဆိုပဲကိုလင်းရဲ့'

'အင်း....လူသားတွေကို ဗိဿနိုးနတ်မင်းကြီး ကယ်တင်ပုံတွေကလည်း ထူးထွေတည့်အံ့ရာပါလားနော်၊ လူဖြစ်လိုက်၊ တိရစ္ဆာန်ဖြစ်လိုက်၊ လူတစ်ပိုင်းခြင်္သေ့တစ်ပိုင်းဖြစ်လိုက်နဲ့ စုံလို့ပါလား၊ ဒီထက်ပိုဆန်းတာက ရာမလက္ခဏာ ဇာတ်ထဲ မှာတင် ရာမစန္ဒြရော၊ ပုဆိန်ထမ်းပသျှူး ရာမပါ ဗိဿနိုး နှစ်ကိုယ်ခွဲပါနေတာပဲဗျ'

'ဒါတွေက ကျွန်တော်တို့ သေသေချာချာ မလေ့လာထားတဲ့ကိစ္စတွေမို့ မဝေဖန်သင့်ပါဘူးဗျာ၊ အဲ....ခက်သွားတာက ဗုဒ္ဓ၀ါဒီတွေက အတုလံအတုမရှိတဲ့ မြတ်စွာဘုရားသခင်လို့ ယုံကြည်ကိုးကွယ်ဆည်းကပ်ကြတဲ့ ဗုဒ္ဓမြတ်စွာကို အဲဒီ ဗိဿနိုးနတ်မင်းကြီးရဲ့ လူဝင်စား ကယ်တင်ရှင် ငါး၊ လိပ် စတဲ့တိရစ္ဆာန် အ၀တာရတွေနဲ့ တန်းတူထားလိုက်တာပဲဗျ'

'အေးဗျ၊ ဗုဒ္ဓမြတ်စွာရဲ့ ဆင်းတုတော်ကို ထားရှိပူဇော်တာခြင်းတူပေမယ့်၊ သူတို့ကဗုဒ္ဓကို ထာဝရဘုရားသခင်ရဲ့ ကိုယ်ပွား ဗိဿနိုး နတ်မင်းရဲ့ လူဝင်စားအဖြစ် တစ်ဆင့်နှိမ့်ပြီးသဘောထားတာဆိုတော့ အနှစ်သာရချင်းက တခြားစီ ဖြစ်နေတာပေါ့နော်။'

'ပြောမယ်ဆိုရင်တော့ ပြောမဆုံးပေါင်တောသုံးတောင်ပါပဲ ကိုလင်းရာ၊ ဒီတော့ ဗုဒ္ဓအပေါ်ထားရှိတဲ့သဘောထားကို အကျဉ်းခြုံးဆွေးနွေး ပြီးတဲ့အခါ ဗုဒ္ဓရဲ့ဓမ္မနဲ့ ဟိန္ဒူဗြာဟ္မဏတို့ရဲ့ ဓမ္မ ကွာခြားပုံကိုလည်း အကျဉ်းအားဖြင့် ဆက်လေ့ လာ ကြဦးစို့ဗျာ'

'ဗုဒ္ဓ၀ါဒီနဲ့ ဗြာဟ္မဏ၀ါဒီတို့အကြား ရှေးဘ၀နောက်ဘ၀ရှိတယ်ဆိုတဲ့ သံသရာလည်ပတ်ပုံ၊ ကံကြမ္မာကိုယုံကြည်ပုံချင်း တော့ အတူတူပဲ မဟုတ်လားကိုဝင်းရဲ့'
'အပေါ်ယံရှပ်ကြည့်ရင်တော့ ကိုလင်းပြောတာဟုတ်သလိုလို ပါပဲ၊ ဒါပေမယ့် ဗုဒ္ဓ၀ါဒက ဘ၀သံသရာလည်ပတ် ကူးပြောင်းမှုကို လက်ခံ ထားတယ်ဆိုရာမှာ ရုပ်ခန္ဓာတစ်ခုကနေ တခြားရုပ်ခန္ဓာတစ်ခုကို ကူးပြောင်းသွားတဲ့ အသက်ဝိညာဉ် (ခေါ်) ဇီဝအတ္တကောင်ရယ်လို့မရှိ ဘူးဗျ။ ဒီဘ၀၊ ဒီရုပ် ၊ ဒီနာမ်က ပြုခဲ့တဲ့စေတနာကံရဲ့ စွမ်းအင် အပေါ်မူတည်ပြီး ဒီဘ၀ချုပ်ငြိမ်းသွားပြီဆိုတာနဲ့ တစ်ချိန်တည်းမှာ အဲဒီ ကံရဲ့စွမ်းအင်ကြောင့် ရုပ်အသစ်၊ နာမ်အသစ် တွေ ဖြစ်ပေါ်လာတယ်လို့ပဲခံယူထားတယ်။ ဘာလို့လဲဆိုတော့ လောကမှာဘယ်သူမှ ထုခွဲဖျက်ဆီးလို့မရအောင် မဖောက်မပြန်ထာဝရ တည်မြဲနေတဲ့တရားရယ်လို့မရှိဘူး။ "သဗ္ဗေဓမ္မာ အနတ္တာ"လို့ ဗုဒ္ဓက ဟောကြားတော် မူခဲ့တယ် လေ'

'ဒါဆိုရင် ဗုဒ္ဓ၀ါဒအရ ဘ၀ကူးပြောင်းတယ်ဆိုရာမှာ မူလခန္ဓာကိုယ်ထဲက ၀ိညာဉ်ကောင်လေးထွက်သွားပြီး နောက်ခန္ဓာ ကိုယ်တစ်ခုထဲကူး ပြောင်း ၀င်ရောက်သွားတာမဟုတ်ဘူးပေါ့။'

'မှန်တာပေါ့ဗျာ၊ အဲ...ဗြာဟ္မဏ၀ါဒအလိုအရကတော့ လောကကြီးတစ်ခုလုံးဟာ ဖန်ဆင်းရှင် ထာဝရဘုရားသခင်လို့ ဆိုနိုင်တဲ့ မဟာဗြဟ္မာ ကြီးရဲ့ အတ္တ၀ိညာဉ်နဲ့ ဖွဲ့တည်ထားတာဖြစ်လို့ လောကမှာ ရှိရှိသမျှ သက်ရှိသက်မဲ့ အရာမှန် သမျှရဲ့ အတွင်းအဇ္ဈတ္တမှာ ဘယ်လိုမှချေဖျက် လို့မရနိုင်အောင် ထာဝရတည်မြဲနေတဲ့ အမာခံအနှစ်သာရ အတ္တကိုယ်စီ ဟာ စိမ့်ဝင်ပျံ့နှံ့ တည်ရှိနေတယ်ဆိုပဲဗျ'

'ဟာ....ဒါဆို ဗြာဟ္မဏတို့ရဲ့တရားက "သဗ္ဗေဓမ္မာ အတ္တာ"လို့ ပြောရမှာပေါ့နော်'

'ဆိုနိုင်ပါတယ်ဗျာ၊ ဒါကြောင့် လောကမှာအစဉ်မဖောက်မပြန်တည်တံ့နေတဲ့ မဟာအတ္တကြီး (ခေါ်) မဟာဗြဟ္မာကြီး ဆိုတာလည်း မရှိ ဘူးဆိုပြီး ဗြာဟ္မဏတို့ရဲ့ အတ္တ၀ါဒကိုငြင်းပယ်ပြီး အနတ္တ၀ါဒကိုထူထောင်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာရဲ့တရား ဓမ္မနဲ့ ဗြာဟ္မဏ တို့ရဲ့တရားဓမ္မဟာ ဘယ်တူနိုင်ပါတော့မလဲ ကိုလင်းရာ'

'ဒီလို တရားဓမ္မအနှစ်သာရချင်း ကွဲပြားခြားနားခဲ့လို့လည်း ဗြာဟ္မဏ၀ါဒီတွေအားကောင်းတဲ့ အိန္ဒိယနိုင်ငံမှာ စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓ သာသနာ တိမ်ကောခဲ့ရတာထင်ပါရဲ့၊ ဗုဒ္ဓမြတ်စွာရဲ့ ဓမ္မနဲ့ဘုရားသားတော်တွေလည်းဖြစ်၊ ရတနာမြတ် သုံးပါးမှာ တစ်ပါးအပါအ၀င်လည်း ဖြစ်တဲ့ ရဟန်းသံဃာတွေခမျာ ဗြာဟ္မဏတွေရဲ့ ရှုတ်ချတိုက်ခိုက်မှုကို ခံကြရမှာ ပေါ့နော်'

'ခံရပြီလားဗျာ၊ အတ္တ၀ါဒအပေါ်အခြေခံပြီး အပူဇော်ခံပုဏ္ဏားမျိုး(ဗြာဟ္မဏ)၊ မင်းမှူးမတ်စစ်သူရဲမျိုး(ခတ္တိယ)၊ ကုန်သည် လယ်လုပ်မျိုး (ဝေဿ)၊ အပယ်ခံသူဆင်းရဲမျိုး (သုဒ္ဒ) ဆိုပြီး အမျိုးဇာတ်ခွဲခြားခွင့်မရှိဘဲ ၀ါစဉ်အလိုက်သာ အရိုအသေ ပေးကြရတဲ့ ဗုဒ္ဓရဲ့သံဃိကအဖွဲ့ အစည်းကိုလည်း အလွန်မုန်းတီးခဲ့ကြတယ်ဗျ'

'ဗုဒ္ဓရဲ့သံဃိကအဖွဲ့အစည်းဟာ အမျိုးဇာတ်ခွဲခြားမှုစနစ်ကိုပစ်ပယ်ထားတာဆိုတော့ ဒီဇာတ်ခွဲခြားမှုအပေါ် အခွင့် ကောင်းယူ၊ အမျိုးအနွယ် လိုက်ပြီး အခွင့်ထူးခံနေသူတွေက ဘယ်မှာလာလိုလားကြပါ့မလဲ'

'ဒါကြောင့် ဗုဒ္ဓနဲ့တကွ တပည့်သားသံဃာတွေကို ဗြာဟ္မဏပုဏ္ဏားတွေက ဦးပြည်းကတုံးယုတ်တွေလို့ နှိမ့်ချဆဲဆို ခဲ့ကြသေးတယ်ဗျ၊ သူတို့က "ဘယ်လောက်ပဲ အကျင့်သီလနဲ့ပြည့်စုံတဲ့ ရဟန်းဖြစ်ပါစေ၊ မြင့်မြတ်တဲ့ ဗြာဟ္မဏပုဏ္ဏား မျိုးနွယ်ကမဟုတ်ရင် အဲဒီရဟန်းထက် အသက်ငယ်ပြီး အကျင့်သီလမဲ့သူ ဗြာဟ္မဏပုဏ္ဏားတစ်ဦးက အရိုအသေပေး စရာမလိုတဲ့အပြင် နှိမ့်ချပြီးတောင်ဆက်ဆံသင့်တယ်"လို့ ယူဆကြတယ်ဗျ'

'၀ါဒချင်းကအရှေ့နဲ့အနောက်လို ကွာခြားနေတော့လည်း အငြိုးကြီးရှာမှာပေါ့ဗျာ'

'အငြိုးကြီးခဲ့ပုံကတော့ ရှံကရဆိုတဲ့ ဗြာဟ္မဏရဟန်းမင်းကြီးလက်ထက်ကဆိုရင် ဗုဒ္ဓ၀ါဒီရဟန်းတော်တွေကို မေးခွန်း အမျိုးမျိုးထုတ်၊ ၀ါဒ ချင်းပြိုင်ပြီး သူမေးတာမဖြေနိုင်ရင် ဗုဒ္ဓ၀ါဒကိုစွန့်လွှတ်စေပြီး ဗြာဟ္မဏဘာသာထဲ ၀င်စေခဲ့တယ်၊ အဲဒါကို လက်မခံဘူးဆိုရင်တော့ ပွက် ပွက်ဆူနေတဲ့ဆီပူအိုးထဲကို ပစ်ထည့်သတ်ဖြတ်ခဲ့တယ်ဆိုတာ တိကျတဲ့သမိုင်း အထောက်အထားတွေမှာ ဖတ်ခဲ့ရဖူးတယ် ကိုလင်းရဲ့'

'ဟာ......၊ ဒါဆို ဗုဒ္ဓ၀ါဒီတစ်ယောက်နဲ့ ဗြာဟ္မဏ၀ါဒီတစ်ယောက်တို့ရဲ့ ဘုရား၊တရား၊သံဃာ ရတနာမြတ်သုံးပါး အပေါ်ထားရှိတဲ့ သဘောထားချင်းဟာ တခြားစီပါလားနော်'

'အဲဒါကို နားလည်သဘောပေါက်ပြီးမှ ဗုဒ္ဓ၀ါဒကိုစွန့်လွှတ်လို့ ဟိန္ဒူဗြာဟ္မဏဘာသာဝင်အဖြစ် ခံယူသွားကြသူတွေကို ဘာမှအပြစ် ဆိုစရာမရှိပါဘူးဗျာ၊ လူတိုင်းမှာ လွတ်လပ်စွာရွေးချယ် ယုံကြည်ကိုးကွယ်ပိုင်ခွင့်ရှိကြတာပဲ၊ ဒါပေမဲ့ ခင်ဗျားပြောသလို ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဗြာဟ္မဏဘာသာဆိုတာ သိပ်မကွာပါဘူး၊ အတူတူပါပဲ၊ သူတို့လည်း ဗုဒ္ဓကို ပူဇော်ကြတာပဲ၊ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဆိုပေမဲ့ ဟိန္ဒူဗြာဟ္မ၀ါဒကိုလည်း လက်ခံကျင့်သုံးနိုင်တယ်လို့ ထင်မြင် ယူဆလုပ်ကိုင်နေသူတွေအတွက်တော့ ကရုဏာဒေါသောဖြစ်မိတာ အမှန်ပဲဗျာ'

'အေးဗျ၊ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာတိုင်းရင်းသား အများစုကလည်း မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေဖြစ်နေတော့ ဒီလို ကွဲပြားခြား နားချက်တွေကို သတိမပြုမိကြဘူးဗျ'

'သတိပြုရတော့မယ် ကိုလင်းရေ၊ အခုလိုအချိန်အခါမျိုးမှာ အမှုမဲ့အမှတ်မဲ့နေခဲ့ကြရင် စစ်မှန်တဲ့ ထေရ၀ါဒဗုဒ္ဓသာသနာ တော် အဓွန့်ရှည် ရေးအတွက် ရင်လေးစရာဖြစ်နေတော့မှာပေါ့ဗျာ၊ ဆက်ပြီး အမှုမဲ့အမှတ်မဲ့နေ၊ အမှုမဲ့အမှတ်မဲ့လုပ်ကြ မယ်ဆိုရင် ကျွန်တော်ကြားဖူးတဲ့ ပုံပြင်ထဲက ဘုရင်ကြီးလို ဇာတ်သိမ်းမလှဖြစ်ကြရလိမ့်မယ်'

'ခင်ဗျာ့ ပုံပြင်ထဲကဘုရင်ကြီးအကြောင်း လုပ်စမ်းပါဦးဗျာ'

'ဒီလိုဗျ၊ တစ်ခါတုန်းက အမှုမဲ့အမှတ်မဲ့နမော်နမဲ့နေတတ်ပြီး ကိုယ်ခန္ဓာကြုံလှီသေးကွေးတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့၊ အဲဒီဘုရင်ကြီးမှာ တောင့်တင်းသန်မာလှတဲ့ မြင်းဖြူကြီး အထီး၊အမ တစ်စုံရှိတယ်။ ဘုရင်ကြီး တောကစားထွက်တဲ့ အခါ မြင်းထီးကြီးကိုစီး ပြီးထွက်လေ့ရှိ သတဲ့၊ အဲ တစ်နေ့ ဘုရင်ကြီးတောအလည်လွန်လို့ တစ်ယောက်တည်း မျက်စိလည် လမ်းမှားနေတုန်း ဗြုန်းဆို သူ့ရဲ့ ခုနှစ်ဘ၀က ဖခင် တော်စပ်ခဲ့ဖူးသူ ရုက္ခစိုးနတ်မင်းကြီးပေါ်လာသတဲ့'
'ကယ်တင်ရှင် ရောက်လာတယ်ဆိုပါစို့'

'ဒါပေါ့ဗျာ၊ အဲဒါနဲ့နတ်မင်းကြီးက "ငါ့သားဘုရင်ကြီး လိုရာဆုနှစ်ခုတောင်းစေ"ဆိုပြီးပြောတော့ ဘုရင်ကြီးက ပထမဆုံး အနေနဲ့ သူ့ရဲ့ အိပ်ခန်းဆောင်ထဲကို အခုချက်ချင်း ရောက်သွားအောင်လုပ်ပေးဖို့ တောင်းဆိုသတဲ့'

'တစ်နေကုန် တောကစားထွက်လာတာဆိုတော့ ဘုရင်ကြီးခမျာ မောမောနဲ့ ပစ်အိပ်လိုက်ချင်တယ်ထင်ပါ့၊ ဒါနဲ့ ဒုတိယတောင်းတဲ့ ဆုကရောဗျာ'

'အဲ.....နောက်တောင်းတဲ့ဆုတစ်ခုကတော့ သူအခုစီးလာတဲ့ မြင်းဖြူကြီးလို သန်မာထွားကျိုင်းတဲ့ လူသားတစ်ဦးအဖြစ် ဖန်ဆင်းပေးဖို့ပဲဗျ'

'အင်း......ကြုံလှီတဲ့ဘုရင်ကြီးဆိုတော့ သူလည်းအခုခေတ် အာနိုးတို့လို လူသန်ကြီးဖြစ်ချင်ပုံရတယ်နော်'

'ဆိုပါတော့ဗျာ၊ ဒါနဲ့ရုက္ခစိုးနတ်မင်းက သူ့တန်ခိုးနဲ့ဘုရင်ကြီးအလိုကျဖြစ်စေဆိုပြီး အဓိဋ္ဌာန်ပြုလိုက်တာ ဘုရင်ကြီးဟာ တောကြီးမျက် မည်းထဲကနေ သူ့ရွှေနန်းတော်က ကျိန်းစက်ရာအိပ်ခန်းဆီကို တန်းခနဲရောက်ပြီး အိပ်မောကျသွားတော့ သတဲ့ဗျာ'

'ဟန်သဗျို့၊ ကျုပ်တောင်အဲဒီရုက္ခစိုးနတ်နဲ့ တွေ့ချင်လာပြီ'

'ဒါက သူ့ရဲ့ခုနှစ်ဘ၀ကတော်စပ်ခဲ့တဲ့သားမို့ လုပ်ပေးတာဗျ၊ ခင်ဗျားတို့ကျွန်တော်တို့ဆို အနားတောင် ဘယ်အကပ် ခံပါ့မလဲ'

'ထားပါတော့ဗျာ၊ ဘုရင်ကြီးအိပ်ရာကလည်းနိုးရော အခုခေတ် လူသန်ကြီးတွေလို "ကြွက်သားအဖုဖု ထုထုလို့ခရာ ချင်စရာ ကွယ်"ဖြစ်သွားရောတဲ့လား'

'အင်း.....ဘုရင်ကြီး အိပ်ရာကနိုးလို့ ညီလာခံလည်းထွက်လာရော မှူးမတ်ရဲမက်ဗိုလ်ပါတွေခမျာ တအံတသြနဲ့ဝိုင်း ကြည့်ကြသတဲ့၊ ဘုရင်ကြီးကလည်း ငါ့ရဲ့ယောက်ျားပီသ တောင့်တင်းသန်မာတဲ့ ကိုယ်ခန္ဓာကိုကြည့်ပြီး ဒီကောင်တွေ အံ့သြကုန်ကြပြီလို့တွေးမိပြီး သူတောထဲမှာ ရုက္ခစိုးနဲ့တွေ့လို့ ဆုတောင်းပြည့်ခဲ့တဲ့အကြောင်း အားပါးတရပြောချ လိုက်တာပေါ့'

'ဒီတော့.......'

'ဒီတော့.....ဘုရင်ကြီးနဲ့အတူ တောကစားလိုက်ထွက်ခဲ့ကြတဲ့ ရဲမက်တွေက "အရှင်မင်းကြီး ဒီကနေ့စီးသွားတဲ့ မြင်းဖြူကြီးဟာ မြင်းမကြီး ပါဘုရား"လို့ မ၀ံ့မရဲလျှောက်တင် လိုက်ကြပါလေရောတဲ့ဗျာ'

'ဟိုက်.....သေလိုက်ပါတော့၊ ကိုယ်စီးလာတဲ့မြင်းကို အထီးမှန် အမမှန်းသိအောင် မလေ့လာ၊ မစူးစမ်း၊ သတိမထားဘဲ ဆုတောင်းမှားမိတဲ့ ဘုရင်ကြီးခမျာ ဘုန်းကညာတစ်ပါး လုံးရာကပြားရပါပေါ့လားနော်'

'ပုံပြင်လေးကတော့ ဒါပါပဲဗျာ၊ ဟာသပုံပြင်လေးဆိုပေမယ့် အသေအချာတွေးကြည့်ရင် လူတွေဟာကိုယ်လုပ်နေတဲ့ အလုပ်ရဲ့ အဓိပ္ပာယ် အနှစ်သာရကို အကောင်အဆိုး၊ အကြောင်းအကျိုးမခွဲခြား မဝေဖန်ဘဲ သတိလက်လွတ်ပြုမူကြ မယ်ဆိုရင် လိုချင်တာကတစ်ခု၊ ရလာတာ ကတစ်ခု၊ တလွဲတချော်ဖြစ်တတ်တယ်ဆိုတဲ့ သင်ခန်းစာရနိုင်တာပေါ့ ကိုလင်းရာ'

'အင်း.......ဒါကြောင့်လည်း ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့တပည့်သာဝကတွေကို သတိလက်လွတ်မပြုကြဖို့၊ အစဉ်သတိ ရှိကြဖို့ ဆိုဆုံးမတော် မူခဲ့တာကိုး'

'မှန်တာပေါ့ဗျာ၊ ဘယ်အလုပ်ပဲလုပ်လုပ် အရာရာကိုအပေါ်ယံ အသွင်သဏ္ဌာန်လောက်သာရှပ်မကြည့်ကြဘဲ သတိ တရားလက်ကိုင် ထားပြီး လုပ်ဆောင်ချက်တိုင်းရဲ့ အနှစ်သာရသဘောအဓိပ္ပာယ်ကို ရေရေရာရာနားလည်အောင် လေ့လာသုံးသပ်သင့်တယ်။ ပြီးမှ ဆုံး ဖြတ်ချက်ချမှတ် လုပ်ကိုင်သင့်တယ်ဗျ၊ နို့မဟုတ်ရင်တော့ အသံမှာတူသယောင် ရှိနေပေမယ့် အကြောင်းအရာချင်း တလွဲစီဖြစ်နေတဲ့ သံတူကြောင်းကွဲတွေကို မခွဲခြားတတ်ရင် မနစ်နာသင့်ဘဲနစ်နာ တတ်ကြရတယ်'

'ကိုင်း..... စကားပြောလို့တော့ကောင်းပါရဲ့ ကိုဝင်းရယ်၊ အခုလောက်ဆို ဟိုသားအမိတွေလည်း ကိစ္စပြီးလောက် ရောပေါ့၊ သူတို့ကိုလည်း အိမ်ရောက်မှ ဗုဒ္ဓရုပ်ပွားတော်ကို ပူဇော်ပါတယ်ဆိုတဲ့ အသံချင်းတူပေမယ့် ရည်ရွယ်ချက် သဘောအဓိပ္ပာယ်ဆိုတဲ့ အကြောင်းအရာချင်း ဆန့်ကျင်ကွဲလွဲပုံတွေကို တရားပြပြီးနားချဦးမယ်၊ အခုတော့ ဇနီးမယား နဲ့သမီး သားတွေကို သွားကြိုရဦးမှာမို့ ဒီမှာတင်ကျွန်တော်တို့ရဲ့ ဆွေးနွေးပွဲလေးတစ်ခန်းရပ်ပြီး နောက်တစ်ပတ်မှ ဆက်ကြဦးစို့ ကိုဝင်းရေ'

'ကောင်းပါပြီဗျာ'

ဝင်းသိန်းဦး
(၃၁-၁-၉၂)
ဓမ္မရံသီ၊ ၁၉၉၂ခုနှစ်၊ မေလနှင့် ဇွန်လ။

No comments: