Friday, October 9, 2009

ပန်းတိုင်ချင်းမတူပါ

"ကိုဝင်းပါလား၊ ပျောက်ချက်သား ကောင်းလှချည်လားဗျ"
"ပျောက်ဆို သမုဒ္ဒရာဝမ်းတစ်ထွာအတွက် လှုပ်ရှားနေရလို့ပေါ့ဗျာ"


"မသိပါဘူးဗျာ၊ ခုတလော စာရေးဆရာတွေ တောထွက်တာခေတ်စားနေလို့ ခင်ဗျားလည်း ဟိုဆရာလို ပါဂျဲရိုးစီးပြီး တောထွက်သွားပြီလားလို့ပါ"

"ခင်ဗျားကလည်း စတွေ့တာနဲ့ မဟုတ်မဟပ်ပြောတော့မယ်"
"အဲဒါ အဟုတ်အဟပ်ပါဗျ။ ကျုပ်တို့ဆီက ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ အဲဒီဆရာ ဘယ်နေ့ကတောထွက်သွားပြီ၊ ဘယ်မြို့ကဘယ် ထမင်းဆိုင်မှာဝင်စားပြီး ဘယ်နေရာမှာ တုပ်ကွေးမိနေပြီဆိုတာကအစ မဟာသတင်းထူးကြီးတစ်ခုလို အလုအယက်ထည့်နေကြတာဗျ"

"ကျွန်တော်လည်း ဖတ်ရပါတယ်ဗျာ၊ ဒါပေမဲ့ အဲဒီဆရာက သူ့ကိုယ်သူ တောထွက်တယ်လို့ မသုံးခဲ့ပါဘူး၊ ဂန္ဓာရီခရီး ထွက်တယ်လို့ပဲ သုံးခဲ့တာပါဗျာ"

"ဒါပေမဲ့ ကိုယ့်အိမ်ရာနဲ့ လူဝတ်ကြောင်ဘ၀ကိုစွန့်ပြီး ပိတ်ဖြူစင်ကြယ်နဲ့ ထွက်သွားတာဆိုတော့ တောထွက်တယ်လို့ ပဲ လွယ်လွယ် ပြောကြတာပေါ့ဗျာ"

"လူတွေက လွယ်လွယ်ပြောကြပေမယ့် အဓိပ္ပာယ်ချင်း၊ အနှစ်သာရချင်း မတူဘူးဗျ။ ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအဖို့ တောထွက်တယ်လို့ ပြောလိုက်ရင် မိမိရဲ့ လောကီစည်းစိမ် ဥစ္စာတွေကို အပြီးအပိုင်စွန့်လွှတ်၊ လူသူကင်းဝေးရာ တောရိပ်တောင်ရိပ် ကို ခိုလှုံပြီး သစ်တစ်ပင် ၀ါးတစ်ပင်အောက်မှာ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းတရား ကျင့်ကြံအားထုတ်တာကိုသာ မြင်ယောင်လာကြမှာဗျ။ ခင်ဗျားပြောတဲ့ ဆရာက လောကီသိဒ္ဓိအ၀၀ ပြီးပြည့်စုံရေးကိုရည်ရွယ်ပြီး ဂန္ဓာရီကျင့်စဉ်တွေ ကျင့်ကြံအားထုတ်ဖို့ ခရီးထွက်သွားတာပဲ၊ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များသိထားတဲ့ တောထွက်ခြင်းဆိုတာက ပါရမီဆယ်ပါးထဲက နိက္ခမပါရမီကိုဖြည့်ကျင့်တဲ့ သဘော၊ ဒီဆရာ ခရီး ထွက်တာက ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်တဲ့ ဂန္ဓာရီကျင့်စဉ် ကျင့်ကြံတဲ့သဘောမို့ သူ့လမ်းနဲ့သူ တခြားစီပါဗျာ။ မူလဗုဒ္ဓဘာသာ ကနေ ခွဲထွက်သွားတဲ့ မဟာယာနဗုဒ္ဓဘာသာဂိုဏ်းကွဲတချို့ အတွက်တော့ ဒီအလုပ်မျိုးက မထူးဆန်းလှပါဘူး"

"ဒါဆိုရင် အဲဒီမဟာယာန ဂိုဏ်းကွဲတချို့က ယုံကြည်လက်ခံထားတဲ့ ဂန္ဓာရီခရီးထွက်ရခြင်းရဲ့ အကြောင်းရင်းကို နည်းနည်းရှင်းပြ စမ်းပါအုံး"

"ဒီလိုဗျ၊ သူတို့က နိဗ္ဗာန်ဆိုတာ နေရာဌာနတစ်ခုရယ်လို့ ယုံကြည်ထားကြတယ်၊ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို ကိုးကွယ်သူတွေ လက်ခံထားတဲ့ ထာဝရအသက်ရှင်ရာ ကောင်းကင်ဘုံနဲ့ သဘောချင်းအတူတူပါပဲ၊ အနောက်အရပ်မှာ တည်ရှိပြီး အမြဲတမ်းရှင်သန် နိုးကြား သက်ရှိထင်ရှား စံပယ်တော်မူနေတဲ့ အာဒိဗုဒ္ဓလို့ခေါ်တဲ့ ထာဝရဘုရားသခင်ကြီး ရှိနေတယ်လို့ ယုံကြည်ထားကြတယ်လေ"

"လောကမှာ မိမိကိုယ်ကို အစိုးရနေသူ ထာဝရတည်မြဲနေသူရယ်လို့ မရှိဘူးဆိုပြီး ဖန်ဆင်းရှင် ကယ်တင်ရှင်အယူအဆ ကို ငြင်းပယ်ခဲ့တဲ့ မူလဗုဒ္ဓဘာသာနဲ့တော့ တခြားစီပဲဗျ"

"သူတို့အယူအဆကတော့ အဲဒီ ထာဝရဘုရားသခင် တည်ရှိရာဌာနမှာ အတူရှိနေတဲ့ ဘုရားအလောင်း ဗောဓိသတ္တတွေ၊ ၀ိဇ္ဇာဓိုရ်တွေရဲ့ လမ်းညွှန်ချက်အတိုင်း ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် ဘယ်သောအခါမှ သေဆုံးပျောက်ပျက်ခြင်းမရှိ တဲ့ ထာဝရအသက်ကို ပိုင်ဆိုင် ကြမယ်။ ဒီလို ထာဝရအသက် ပိုင်ဆိုင်သူများဟာ ကမ္ဘာမြေရဲ့တစ်နေရာမှာရှိတဲ့ ထာဝရဘုရားသခင် စံပယ်တော်မူနေရာ နယ်မြေဒေသ ထဲကို ၀င်ခွင့်ရသွားမယ်လို့ ယုံကြည်ထားကြတယ်ဗျ၊ ဂန္ဓာရီသမားတွေရဲ့ စကားနဲ့ပြောရရင် အရှင်ထွက် ထွက်သွားတယ်ပေါ့ဗျာ"

"ခင်ဗျားပြောတဲ့ နယ်မြေဒေသဆိုတာ အနောက်တိုင်းသားတွေက သျှမ်ဘဲလား(ရှမ်ဂရီလာ)လို့တစ်မျိုး၊ မြန်မာတို့က မဟာမြိုင်တော လို့တစ်သွယ် တင်စားပြောဆို ရေးသားနေကြတဲ့ နေရာပဲမဟုတ်လား"

"အမှန်ပါပဲဗျာ၊ သျှမ်ဘဲလားပဲပြောပြော၊ မဟာမြိုင်လို့ပဲဆိုဆို လိုရင်းကတော့ ဖန်ဆင်းရှင် ထာဝရဘုရားကိုးကွယ်သူ တွေ ယုံကြည်ထား တဲ့ ကောင်းကင်ဘုံအယူအဆနဲ့ အတူတူပါပဲ။ ဂန္ဓာရီသမားတွေကတော့ သူတို့ကိုးစားရာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်ကြီးများဟာ အဲဒီဒေသ ကို အရှင်ထွက် ထွက်သွားတယ်လို့ ယုံကြည်ထားကြတယ်"

"အင်း.... ကျွန်တော်တွေ့ကြုံဖူးသလောက် ဘိုးတော်ဂိုဏ်းတွေကတော့ သူတို့ရဲ့ခေါင်းဆောင်ကြီးတွေ လူတကာမြင်ကွင်းက ပျောက်သွား ပြီး သေသလား၊ ရှင်သလား မသိရတော့ရင် တို့ဆရာကြီး၊ တို့ရဲ့အဖေကြီး အရှင်ထွက်ထွက်သွားပြီ လို့ကြွေးကြော်ကြတယ်။ တကယ်လို့ မမာမကျန်းဖြစ်ပြီး သူတို့ရှေ့တင် ကွယ်လွန် အနိစ္စရောက်သွား ပြန်တော့လည်း အသေထွက်ထွက်သွားတာ လို့ပြောကြပြန်သဗျ"

"ဂန္ဓာရီလမ်းလိုက်သူ အတော်များများဟာ လောကီသိဒ္ဓိတွေ ပြီးမြောက်ပြီး သျှမ်ဘဲလား သို့မဟုတ် မဟာမြိုင်တောဆီ အရှင်ထွက် ထွက်သွားနိုင်ဖို့ ကြိုးစားကြတာပဲ။ ဗုဒ္ဓအဘိဓမ္မာအရဆိုရင် ဘယ်သတ္တ၀ါမှ လောကရဲ့ နိယာမတရား တွေကို လွန်ဆန်နိုင်စွမ်းမရှိ ကြပါ ဘူး။ နိယာမငါးပါးထဲက ဗီဇနိယာမနဲ့အညီ လူရယ်လို့ဖြစ်လာရင် လူ့သက်တမ်းစေ့ သာနေခွင့်ရပြီး အချိန်တန်ရင် ကွယ်လွန်အနိစ္စ ရောက်ကြရမှာပါပဲ။ လူ့ဗီဇ လူ့သဘာဝကို ကျော်လွန်ပြီး ထာဝရရှင်သန်ဖို့ ကြိုးစားနေကြတဲ့ ဂန္ဓရီဆရာတွေရဲ့ လုပ်ရပ်ကတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာရှုထောင့်က ကြည့်ရင် အချည်းနှီး အဓိပ္ပာယ်မဲ့တဲ့ စိတ်ကူးယဉ်မှု တစ်ခုပါပဲဗျာ"

"ဒါဆို ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ မျှော်မှန်းတဲ့ အို၊နာ၊သေဘေးကင်းရာ နိဗ္ဗာန်ဆိုတာကရော စိတ်ကူးယဉ်ရာ မရောက်ပေဘူးလား"
"မရောက်ပါဘူးဗျာ။ ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်တာဟာ ထာဝရအသက်ကိုရဖို့ မဟုတ်သလို ထာဝရသုခနယ်မြေထဲ ရောက်သွားဖို့လည်း မဟုတ်ပါဘူး"

"နိဗ္ဗာန်ရောက်ရပါလို၏လို့ ဆုတောင်းကြတာကရော နိဗ္ဗာန်ဆိုတာ နေရာဒေသတစ်ခုရယ်လို့ ဆိုလိုရာမရောက်ပေဘူးလားဗျ"
"နိဗ္ဗာန်ဆိုတာ ရောက်အောင်သွားရတဲ့ အရပ်ဒေသတစ်ခု မဟုတ်ဘူးဆိုတာ ထေရ၀ါဒဗုဒ္ဓဘာသာကို လေ့လာသူတိုင်း သိကြပါတယ်။ လူပြိန်းနားလည်အောင် ရေးကြပြောကြရာက နိဗ္ဗာန်ရောက်တယ်ဆိုတဲ့စကားက တွင်ကျယ်နေတာပါ။ တကယ်တော့ နိဗ္ဗာန်ကိုမျက် မှောက်ပြုတယ်ဆိုတာကပိုပြီး အမှန်တရားနဲ့ နီးစပ်ပါတယ်"

"နိဗ္ဗာန်ဟာ ဘုံဌာနနေရာဒေသတစ်ခု မဟုတ်ခဲ့ရင် ဘယ်လိုဟာမျိုးလဲဗျ"
"စစ်မှန်တဲ့ အသိတစ်ရားတစ်ခုကို သိမြင်လိုက်တဲ့အတွက် အယူအမြင်စင်ကြယ်မှု ဖြစ်သွားတာနဲ့တပြိုင်နက် အကျိုးဆက်အဖြစ် လောဘ၊ ဒေါသ၊ မောဟတရားတွေ ချုပ်ငြိမ်းသွားပြီး လွတ်မြောက်မှုရသကို ခံစားလိုက်ရတာပဲဗျ'

"စင်ကြယ်စွာသိခြင်းရဲ့ အကျိုးဆက်အဖြစ် လွတ်မြောက်မှုရသကို ခံစားရတာဆိုပါတော့၊ ဟုတ်လား"

"ဟုတ်ပါတယ်။ ကျွန်တော် လက်လှမ်းမီသလောက် အရိုးစင်းဆုံး ဥပမာလေးနဲ့ပြောရရင် ခင်ဗျားမှာ ပြည်တန်ပတ္တမြား တစ်လုံးရှိနေတယ် ဆိုပါတော့၊ အဲဒီပတ္တမြားကြီးကို သူများခိုးဝှက်လုယူသွားမှာ မစိုးရိမ်ဘူးလား"
"စိုးရိမ်မှာပေါ့ဗျ"

"ငါ့ပတ္တမြားကြီး သူများတွေ လာလုလေမလား၊ ခိုးသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထိန်းသိမ်းထားနေရချိန်မှာ အဖြစ်မှန်ကိုသိတဲ့ လူတစ်ယောက် ရောက်လာပြီး 'စိုးရိမ်မနေပါနဲ့ဗျာ၊ ခင်ဗျားရဲ့ပတ္တမြားက အစစ်မဟုတ်ပါဘူး၊ အတုကြီးပါ၊ ဘာမှမက်လောက်စရာ မရှိပါ ဘူး'လို့ လာပြောရင် ခင်ဗျားအနေနဲ့ ဒီပတ္တမြားတုကြီးအတွက် စိုးရိမ်သောကတွေ ရှိပါအုံးမလား"

"ဘယ်စိုးရိမ်တော့မလဲဗျ။ ပတ္တမြားကအတုကြီးမှန်း သိလိုက်ရတော့ မက်မောတွယ်တာစိတ်တွေလည်း မရှိတော့ဘူး၊ ပျက်စီးဆုံးရှုံး မှာလည်း မကြောက်တော့ဘူး၊ ၀န်ထုပ်ကြီးတစ်ခုကျသွားသလို ပေါ့ပါးလွတ်မြောက်သွားမှာ အမှန်ပဲ"

"ဒါဟာ အမှန်ကိုသိခြင်းအားဖြင့် လွတ်မြောက်ခြင်းဆိုတဲ့ အကျိုးဆက်ကို ရရှိခံစားလိုက်ရတာပဲ မဟုတ်လား"

"ဒါတော့ဟုတ်ပါပြီ၊ နိဗ္ဗာန်အကြောင်း ဆက်ပါအုံး"
"ဒီသဘောအတိုင်းပါပဲ၊ သတ္တ၀ါတွေဟာ မိမိတို့ကိုယ်ကို အစိုးရမှုမရှိဘဲ သူ့သဘောသူဆောင်ပြီး ဖြစ်ပျက်နေခြင်း သက်သက်ပါပဲလား။ ငါရယ်၊သူရယ်၊ယောက်ျားရယ်၊မိန်းမရယ်လို့ ပညတ်ချက်တွေဟာ တကယ်တော့ ဘာမှမရှိပါလားဆိုတာ သိသွားပြီဆိုရင် မိမိကိုယ်ကို တွယ်တာငဲ့ကွက်တဲ့စိတ်တွေ ရှိပါဦးမလား"
"ဘယ်ရှိတော့မလဲဗျာ"

"ဒီလိုတွယ်တာငဲ့ကွက်စိတ်တွေ မရှိတော့ရင် ငါအိုသွားမှာ၊ ငါနာလာမှာ၊ ငါသေရမှာတွေကို တွေးတောပြီး ပူပင်သောကရောက်စရာ ရှိပါဦးမလား"
"ငါဆိုတာမရှိမှန်း ကိုယ်တွေ့သိမြင်လိုက်ရပြီဆိုရင် ဒီခန္ဓာကိုယ်ကြီး 'အို'မှာလည်းမကြောက်၊ 'နာ'မှာလည်းမကြောက်၊ 'သေ'မှာလည်း မကြောက်တော့ဘူးပေါ့ဗျာ။ အိုခြင်း၊နာခြင်း၊သေခြင်းဆိုတဲ့ သဘာဝတရားတွေက 'ငါ'ဆိုတာ မရှိမှန်းသိထားတဲ့ လူတစ်ယောက်ကို မချောက်ချားစေနိုင်တော့ဘူးပေါ့"

"ကဲ....ဒါဆိုရင် အိုခြင်း၊နာခြင်း၊သေခြင်းတို့မှ လွတ်မြောက်သွားတာပဲ မဟုတ်လားဗျာ"
'ဟုတ်ပါ့ဗျာ- ဒါ့ကြောင့် နိဗ္ဗာန်ဆိုတာ အိုခြင်း၊နာခြင်း၊သေခြင်းတို့မှ လွတ်မြောက်ရာရယ်လို့ တင်စားခေါ်ဝေါ်ကြတာကိုး။ မဟာယာနဂိုဏ်း တချို့က ယုံကြည်ထားတဲ့ အနောက်ဘက်က ထာဝရသုခဘုံတို့၊ ဂန္ဓာရီဆရာကြီးများမျှော်မှန်းရာ သျှမ်ဘဲလားတို့နဲ့ ဘာမှမဆိုင်ဘူးဆို တာ ထင်ရှားနေတာပဲ'

"စောစောက ဥပမာအတိုင်းပြောရရင် ထေရ၀ါဗုဒ္ဓဘာသာဝင်တွေ နိဗ္ဗာန်ရောက်ကြောင်းတရား ကျင့်ကြံအားထုတ်ကြ တယ် ဆိုတာဟာ ပြည်တန်ပတ္တမြားလို့ မိမိထင်မှတ်မှားနေတဲ့အရာဟာ ဘာမှတန်ကြေး မရှိတဲ့ ကျောက်နီတုံး တစ်ခု သာဖြစ်ကြောင်း မှန်ရာကိုအရှိအတိုင်း သိမြင်လာအောင် ဝေဖန်ဆန်းစစ်ကြတာနဲ့ အလားသဏ္ဍာန်တူပါတယ်။ လောကီဂန္ဓရီလမ်း လိုက်သူတွေကတော့ ဘာမှတန်ကြေးမရှိတဲ့ ကျောက်နီတုံးကို ပြည်တန်ပတ္တမြားရယ်လို့ စွဲပိုက်မှတ်ယူပြီး မိမိလက်ထဲမှာ မပျောက်မပျက်တည်တံ့နေအောင်၊ သက်တမ်းရှည်ကြာ ခိုင်ခန့်နေအောင် အားထုတ်ကြိုးပမ်းနေသူများနဲ့ အလားသဏ္ဍာန်တူပါတယ်။"

"အေးဗျာ... ခင်ဗျားနဲ့ဆွေးနွေးလိုက်မှပဲ ဂန္ဓာရီခရီးဆိုတာ ထေရ၀ါဒဗုဒ္ဓသာသနာတော်လာ တောထွက်ခြင်းနဲ့ ကျင့်စဉ်ရော ပန်းတိုင်ပါ အခြားနားကြီး ခြားနားနေမှန်း သဘောပေါက်တော့တယ်။ ကျွန်တော်တို့ သဘောပေါက်သလို ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်ရယ်လို့ ခံယူ ထားသူတိုင်းနားလည် သဘောပေါက်ပြီး အမှန်နဲ့အမှား ခွဲခြားသိမြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ချင်ပါတော့တယ်ဗျာ"

ဝင်းသိန်းဦး
(၆-၈-၉၇)
ဓမ္မရံသီ၊ ၁၉၉၇ခုနှစ်၊ နိုဝင်ဘာလ။

No comments: