Friday, April 3, 2020

ပန်းသေးအမဲမဆလာမွှေး _မာလာခေါက်ဆွဲ

ပန်းသေးအမဲမဆလာမွှေး 
(Five Spices Beef)
五香肉
-------------------------------


 မြန်မာလို အမဲမဆလာမွှေးလို့ခေါ်တဲ့ ပန်းသေးရိုးရာဟင်းတစ်ခွက် ဖြစ်ပါတယ်။ ပြုလုပ်ရ လွယ်ကူပြီး တာရှည်ခံအောင်လည်း သိမ်းဆည်း နိုင်ကာ ပန်းသေးအိမ်တိုင်းနဲ့ မစိမ်းလှတဲ့ ဟင်းပွဲပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• အမဲသားနုနု (မိုးခိုသား)  -  ၂၅၀ ဂရမ်
• ဆား  -  အနည်းငယ်
• ချင်း  -  လက်တစ်ဆစ်
• ကြက်သွန်ဖြူ  -  ၃ မြွှာ
• ငရုတ်သီးခြောက်  -  ၅ တောင့်
• ရှောက်ကောအမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ပါကော (နာနတ်ပွင့်အမှုန့် )  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဟွားကျောက် (ဇီချွမ်းငရုတ်ကောင်း)  -  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
• ဆီ  -  ၅၀ မီလီလီတာ
• နံနံပင်/ကြက်သွန်မြိတ်  -  အနည်းငယ် (optional)


ပြုလုပ်နည်း
၁။ အမဲသားနုနုကို ရေဆေးသန့်စင်ပြီး ပါးပါးလှီးထားပါ။ ချင်းကိုလည်း အမျှင် (သို့)ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကို ရိုက်ပြားထားပါ။ ငရုတ်သီး ခြောက်ကို အနေတော် ညှပ်ထားပါ။
၂။ အားလုံးအသင့်ဖြစ်လျှင် အမဲသားထဲ ဆား၊ ချင်း၊ ကြက်သွန်ဖြူ လှီးဖြတ်ထားသည်တို့ကို ထည့်ပါ။ ရှောက်ကော၊ ပါကော၊ ဟွားကျောက် ထည့်၍ သမအောင် နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
၃။ အသင့်ဖြစ်လျှင် အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ မီးပြင်းဖွင့်ထားပါ။ ဆီပူလာလျှင်  ဖြတ်ထားသော ငရုတ်သီးခြောက်ကို ထည့်ကြော်ပါ။ အစပ် အရသာ မနှစ်သက်လျှင် အတောင့်လိုက် ထည့်ကြော်ပါ။
၎။ ငရုတ်သီးခြောက် အနည်းငယ်ညိုရောင်သန်းလျှင် အရသာနယ်ထားသော  အသားကို ထည့်ပြီး ကြော်ပါ။ မီးပြင်းပြင်းဖြင့် အဆက်မပြတ် မွှေပေးပြီး အသားအရောင်ပြောင်းပါက မီးဖိုမှချကာ နှစ်သက်လျှင် နံနံပင်ထည့်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။ တာရှည်ခံထားလိုလျှင် အနည်းငယ်ခြောက်သည်အထိ ကြော်ပြီး ပုလင်းထဲ ထည့်ကာ သိမ်းဆည်းထားနိုင်ပါတယ်။
------------------------------------
Sofia

မာလာခေါက်ဆွဲ
------------------------


ပါဝင်ပစ္စည်းများ
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငရုတ်ကောင်း  -  အနည်းငယ်
• ပဲငံပြာရည်အကြည်  -  အနည်းငယ်
• နှမ်း  -  အနည်းငယ်
• မြေပဲထောင်း  -  စားပွဲဇွန်း ၂ ဇွန်း
• မာလာရှမ်းကောအနှစ်  -  ၈၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၄ မြွှာ
• ကြက်သွန်နီ  -  ၂ လုံး
• ကြက်အူချောင်း  -  ၃ ချောင်း
•ြွကက်နားရွက်မှို  -  ၃ ဂရမ်
• ကျောက်ပွင့်  -  ၃ ဂရမ်
• ကြာစွယ်  -  ၃ ဂရမ်
• ငွေနှင်းမှို  -  ၃ ဂရမ်
• မုန်လာဥနီ  -  ၃ ဂရမ်
• ပြောင်းဖူးအသေး  -  ၃ ဂရမ်
• ရွှေပဲသီး  -  ၃ ဂရမ်
• မုန်ညင်းထုပ်  -  ၅ ဂရမ်
• ဂေါ်ဖီထုပ်  -  ၅ ဂရမ်
• မုန်ညင်းဖြူထုပ်  -  ၅ ဂရမ်
• ထိုင်ဝမ်မုန်ညင်း  -  ၅ ဂရမ်
• ပန်းပွင့်စိမ်း  -  ၅ ဂရမ်
• ကော်ရည်  -  စားပွဲဇွန်း ၃ ဇွန်း
• ဟွားကျောက်  -  အနည်းငယ်
• ရှောက်ကော  -  အနည်းငယ်
• ဝက်သား  -  ၁ဝဝ ဂရမ်
• ခေါက်ဆွဲ  -  ၁ဝဝ ဂရမ်
• ကြက်ဥ  -  ၂ လုံး


ပြုလုပ်နည်း
 ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။ ကြက်သွန်နီကို ၄ စိတ်စိတ်ထားပါ။ မုန်လာဥနီကို အနေတော်လှီးပါ။ ပြောင်းဖူးအသေးကို ထက်ခြမ်းခြမ်းပါ။ ပန်းပွင့်စိမ်းနှင့် ဂေါ်ဖီကို အနေတော် လှီးပြီး ထိုင်ဝမ်မုန်ညင်းကိုလည်း အနေတော်လှီးပါ။ မုန်ညင်းဖြူကို ပါးပါးလှီးပါ။ ကြက်အူချောင်းကို အနေတော်လှီးပါ။ ကြက်ဥ ၂ လုံးကို ဖောက်ပြီး ခေါက်ထားပါ။ ကျောက်ပွင့်နှင့် ဝက်သားကို အနေတော်လှီးဖြတ်ပါ။ ရေနွေးဆူဆူထဲ ဆားထည့်ပြီး ခေါက်ဆွဲကို ၅ မိနစ်ခန့် ပြုတ်ပါ။ ခေါက်ဆွဲကျက်လျှင် ရေအေးနှင့် ဆေးပြီး ရေစစ်ထားပါ။ ဒယ်အိုးကို အပူပေး၍ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို ထည့်ပါ။
 အနံ့မွှေးလာလျှင် ဟွားကျောက်နှင့် ရှောက်ကောထည့်ပါ။ အနံ့မွှေးလာလျှင် ဝက်သားထည့်ပါ။ ခေါက်ထားသော ကြက်ဥထည့်ပါ။ မာလာရှမ်းကောအနှစ်ထည့်ပါ။ အနံ့မွှေး လာလျှင် ကြာစွယ်၊ြွကက်နားရွက်မှို၊ ကျောက်ပွင့်၊ ငွေနှင်းမှို၊ ကြက်ဥချောင်း၊ မုန်လာဥနီ၊ ဂေါ်ဖီ၊ အရသာအဖြစ် ဆား၊ သကြား၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အကြည်နှင့် ရေထည့်ပါ။ ရေဆူလာလျှင် ခေါက်ဆွဲ၊ ပန်းပွင့်စိမ်း၊ ရွှေပဲသီး၊ ကန်စွန်းရွက်၊ ပြောင်းဖူး အသေး၊ မုန်ညင်းထုပ်နှင့် ထိုင်ဝမ်မုန်ညင်းအသေးတို့ကို ထည့်ပါ။ ခေါက်ဆွဲကျက်လျှင် နှမ်းနှင့် ထောင်းထား သော မြေပဲထည့်ပါ။ အနံ့ အရသာ ပြည့်စုံလျှင် ကော်ရည်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။
----------------------------------
Eant Wint Htut

ဇီချွမ်းခေါက်ဆွဲပြုတ်
-----------------------------


 ခေါက်ဆွဲဆိုရင် ဘယ်လိုပုံစံမျိုးမဆို နှစ်သက်လှတဲ့ ဆိုဖီယာအတွက်တော့ ဒီလို ဇီချွမ်းအရသာ ပူပူစပ်စပ်နဲ့ လတ်ဆတ်တဲ့ လက်လုပ်ခေါက်ဆွဲပြုတ်လေးက ဘာနဲ့မှ မလဲနိုင်တဲ့ ခေါက်ဆွဲပြုတ်လေးပဲ ဖြစ်ပါတယ်။ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
• အိမ်လုပ် ခေါက်ဆွဲအစို  -  ၄ ပွဲစာ
• ကြက်သား  -  ၁ စိတ် (၂၅၀ ဂရမ်)
• ရှီတာခီမှိုခြောက်  -  ၅ ပွင့်
• ချင်း  -  လက်တစ်ဆစ်
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• ဇီချွမ်းငရုတ်ကောင်းဆီချက်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်သွန်မြိတ်  -  ၂ ပင်
• ပဲငါးပိအစပ်  -  စားပွဲဇွန်း ၂ ဇွန်း
• ပဲငံပြာရည်  -  စားပွဲဇွန်း ၄ ဇွန်း
• ကြက်သွန်ဖြူဆီချက်  -  စားပွဲဇွန်း ၂ ဇွန်း
• ရေ  -  ၁ လီတာ
• ကြက်ဥပြုတ်  -  ၄ လုံး (optional)
• ဆား  -  အနည်းငယ်


ပြုလုပ်နည်း
၁။ ဦးစွာ ကြက်သားကို  အနေတော်အရွယ် အတုံးလေးများ တုံး၍ ဆား အနည်းငယ်ဖြင့် ၁၅ မိနစ် ခန့် နယ်ပြီး နှပ်ထားပါ။ မှိုခြောက်ကို ရေစိမ်ထားပါ။
၂။ ဟင်းရည်ချက်မည့်အိုးထဲ ရေနွေးကို ဟင်းရည် ၄ ပွဲစာ ထည့်ပြီး တည်ပါ။ ချင်း၊ ကြက်သွန်ဖြူ နှင့် ကြက်သွန်မြိတ်အရင်းပိုင်းတို့ကို ရိုက်ပြားပြီး ထည့်ပါ။ ဆူပွက်ပါက ဆားနယ်ထားသော ကြက်သားကို ထည့်ပြုတ်ပါ။
၃။ ကြက်သားပြုတ်ထားစဉ် ထွက်လာသောအမြှုပ်များကို ခပ်ထုတ်ပစ်ပါ။ ပြီးလျှင် ပဲငံပြာရည်၊ ပဲငါးပိအစပ်၊ ကြက်သွန်ဖြူဆီချက်၊ ရေစိမ်ထားသောမှိုကို ပါးပါးလှီးထည့်ပါ။ ဇီချွမ်းငရုတ် ကောင်းဆီချက်ထည့်ပါ။ ကြက်သားနူးအိလျှင် အရသာ အပေါ့အငန် မြည်းပါ။ လိုအပ်လျှင် ဆားအနည်းငယ် ထည့်ပါ။
၎။ ဟင်းရည်အဆင်သင့်ဖြစ်လျှင် ခေါက်ဆွဲပွဲပြင်ရန်အတွက် အိမ်လုပ်ခေါက်ဆွဲကို သီးသန့် ပြုတ်လိုပါက ရေနွေးအိုး သီးသန့်တည်ပြီး ပြုတ်ပါ။ သီးသန့်မပြုတ်ဘဲ ဟင်းရည်အိုးထဲ တစ်ခါ တည်း ထည့်ချက်လျှင် ပိုပြီးအရသာပြည့်စုံတဲ့ ခေါက်ဆွဲကို ရရှိမှာ ဖြစ်ပါတယ်။
၅။ ဆူပွက်နေသောဟင်းရည်အိုးထဲ ခေါက်ဆွဲအစိုကို ထည့်၍ ၅ မိနစ်ခန့် ပြုတ်ပြီး ပန်းကန်ထဲမှာ ကြက်သားမှိုခေါက်ဆွဲတို့ကို မျှတအောင် ထည့်ပါ။ ကြက်ဥပြုတ် ထည့်လိုလျှင် ထက်ခြမ်းခြမ်း ထည့်ပါ။ နောက်ဆုံးမှာ ကြက်သွန်မြိတ်ဖြူးပြီး ပူစပ်စပ်အရသာရှိသော ဇီချွမ်းခေါက်ဆွဲ
ပြုတ်ကို တည်ခင်းသုံးဆောင်နိုင်ပါပြီ။
-----------------------------------
Sofia

No comments: