Sunday, October 13, 2019

*** Estrogen ဟိုမုန်းအကြောင်းသိကောင်းစရာ ***


...........................................................
👩 MWD: Estrogen ဆိုတဲ့ဟိုမုန်းဟာ ဘယ်လိုဟိုမုန်းမျိုးလဲဆိုတာ အရင်ဆုံးရှင်းပြပေးပါ ဆရာ..

Dr.KML: ကျွန်တော်တို့လူတွေမှာ အမျိုးသား၊ အမျိုးသမီးရယ်လို့ ခွဲခြားပြီး တာဝန်ထမ်းဆောင်ဖို့ အဓိကညွှန်ကြားပေးတဲ့ဟိုမုန်းတွေကို sex hormone လို့ ခေါ်ပါတယ်.. အမျိုးသားတွေအတွက် အဖိုဟိုမုန်း Testosterone လိုအပ်သလို အမျိုးသမီးတွေအတွက်ကို မဟိုမုန်း Estrogen နဲ့ Progesterone လိုအပ်ပါတယ်.. ဒါကြောင့် Estrogen ဟာ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ sex hormone တစ်ခုဖြစ်ပါတယ်..

👩 MWD: Estrogen ဟာ sex hormone ဆိုတော့ ဘယ်လိုမျိုးတာဝန်တွေကို ထမ်းဆောင်ပါသလဲ..

Dr.KML: အမျိုးသမီးတွေရဲ့ မျိုးဆက်ပြန့်ပွားခြင်းနဲ့သက်ဆိုင်တဲ့ကိစ္စအားလုံးမှာ estrogen ဟာ မရှိမဖြစ်လိုအပ်ပါတယ်.. ဥပမာ ဓမ္မတာမှန်မှန်ပေါ်ဖို့ကအစ လိင်မှုဆိုင်ရာခန္ဓာကိုယ်အစိတ်အပိုင်းတွေဖွံ့ဖြိုးဖို့၊ ကိုယ်ဝန်ဆောင်ဖို့ပြင်ဆင်တာအားလုံးအတွက် လိုအပ်ပါတယ်..


👩 MWD: Estrogen ဟာ ကျွန်မတို့စားတဲ့အစားအစာကနေရတာလား.. ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းကထုတ်တာလားဆိုတာ သိပါရစေ.

Dr.KML: ကုန်ကြမ်းအနေနဲ့တော့ စားတဲ့အစားအစာကနေ ရတာပေါ့.. အစာထဲမှာပါတဲ့ အဆီဓာတ်တစ်မျိုးဖြစ်တဲ့ Cholesterol တွေ ခန္ဓာကိုယ်ထဲရောက်ရင် estrogen အဖြစ် ပြောင်းလဲအောင်ပြုလုပ်ပေးပါတယ်..
၉၀% သော estrogen ကိုတော့ ovaries လို့ခေါ်တဲ့ မမျိုးဥအိမ်ကနေ ထုတ်ပေးပါတယ်..
ကျန် ၁၀% ကိုတော့ ကျောက်ကပ်ရဲ့အပေါ်မှာကပ်နေတဲ့ adrenal glands ကနေ Androgen လို့ခေါ်တဲ့ ဟိုမုန်းကနေတဆင့် အခြား tissue တွေဖြစ်တဲ့ အရေပြားအောက်မှာရှိတဲ့အဆီတွေမှာ ပြောင်းလဲပေးနိုင်ပါတယ်.. ကိုယ်ဝန်ဆောင်စဉ်ကာလဆိုရင် အချင်း (Placenta) ကလည်း ထုတ်ပေးလေ့ရှိပါတယ်..

👩 MWD: Estrogen နဲ့ ပတ်သက်တဲ့ဆေးတွေမှာ နာမည်အမျိုးမျိုးတွေ့နေရတာ ဘာကြောင့်ပါလဲဆရာ..

Dr.KML: တကယ်တော့လွယ်အောင်သာ Estrogen လို့ခေါ်နေတာပါ.. တကဲ့တကယ်တော့ Estrogen ဆိုတာ single hormone မဟုတ်ပါဘူး.. Hormone တွေအများကြီးကို စုစည်းခေါ်ဝေါ်ထားတာ ဖြစ်ပါတယ်.. ဒါ့ကြောင့် Estrogen ကိုရေးရင် နောက်က ‘s’ တပ်ပေးရပါတယ်.. Estrogens လို့ခေါ်မှ ပိုမှန်ပါတယ်..
အဓိကအရေးကြီးတဲ့ Estrogen (၃)မျိုး ရှိပါတယ်..
 (၁) Estradiol
 (၂) Estrone
 (၃) Estriol

👩 MWD: သွေးထဲမှာရှိတဲ့ estrogens ပမာဏဟာ အမြဲတမ်းတသမတ်တည်းရှိပါသလား.. ဘယ်လိုအချိန်တွေမှာနည်းသွားတတ်ပါသလဲ ဆရာ..

Dr.KML: တသတ်မှတ်တည်းတော့မရှိပါဘူး.. ရာသီသွေးပေါ်တဲ့အခြေအနေ (Menstrual cycle) ပေါ်မူတည်ပြီး ပြောင်းလဲလေ့ရှိပါတယ်.. အပေါ်ကပြောခဲ့တဲ့အချိုးအစားကတော့ ပြောင်းလဲခြင်းမရှိပါ.. ဒါပေမယ့် သွေးဆုံးပြီဆိုရင်တော့ Estrogen တွေများစွာ လျော့နည်းသွားပါတယ်.. ဘာလို့လဲဆိုတော့ ovaries ကနေ လုံးဝမထုတ်နိုင်တော့လို့ ဖြစ်ပါတယ်..

Ovaries ကနေထုတ်တာက ၉၀% ဆိုတော လုံးဝမထုတ်တာနဲ့ ၉၀% Production  (Major Production) ကျသွားပါတယ်.. အဲဒီ့အချိန်မှာ ကျန် ၁၀% ကို ထုတ်ပေးနိုင်တဲ့နေရာတွေကနေ ဆက်ထုတ်ပေးဆဲ ဖြစ်ပါတယ်.. ဥပမာ ခန္ဓာကိုယ်အဆီထဲမှာ Androgen ကနေ ပြောင်းလဲထုတ်ပေးပါတယ်.. အဆီဓာတ်မရှိတဲ့အမျိုးသမီးတွေမှာတော့ ထုတ်လုပ်မှုလျော့နည်းပြီး ဝတဲ့အမျိုးသမီးတွေမှာ ပိုမိုထုတ်နိုင်တာ တွေ့ရပါတယ်.. ဒါ့ကြောင့် ဝတဲ့အမျိုးသမီးတွေဟာ ပိန်တဲ့အမျိုးသမီးတွေထက်စာရင် သွေးဆုံးတဲ့လက္ခဏာတွေခံစားရတာ လျော့နည်းတာတွေ့ရပါတယ်.. ဥပမာ hot flashes လို့ခေါ်တဲ့ခန္ဓာကိုယ်ပူပြီးနီရဲနေတာတို့ Osteoporosis လို့ခေါ်တဲ့အရိုးပွတာတို့ လျော့နည်းတာကို တွေ့ရပါတယ်.. ဒါပေမဲ့ estrogen လှုံ့ဆော်မှုကြောင့်ဖြစ်တဲ့ရောဂါတွေဖြစ်တဲ့ သားမြတ်ကင်ဆာ (Breast cancer) လိုဟာမျိုးတော့ ဝတဲ့သူတွေမှာပိုဖြစ်နိုင်ပါတယ်.. နောက်တစ်ခုကလည်း ဝတဲ့သူတွေမှာ SHBG (Sex Hormone Binding Globulin) ဟာ ပိန်တဲ့လူထက်စာရင်ပိုနည်းတာကြောင့်Estrogen တွေဟာ free form အနေနဲ့ နေတာပိုများလို့ ပိုပြီးactive ဖြစ်တယ်ဆိုတာကြောင့်လဲပါပါတယ်..

👩 MWD: ဆရာ ခုနကပြောခဲ့တဲ့ Estrogen သုံးမျိုးဟာ ဘယ်လိုများခြားနားပါသလဲ.. ဘယ်အမျိုးအစားတွေက ပိုအရေးပါပါသလဲ..

Dr.KML:
 (၁) Estradiol
သူ့ကို ovaries လို့ခေါ်တဲ့ မမျိုးဥအိမ်ကနေထုတ်ပေးပါတယ်.. သွေးမဆုံးမီအထိ ဆက်တိုက်ထုတ်ပေးပါတယ်.. သွေးဆုံးရင်တော့ လုံးဝမထုတ်နိုင်တော့ပါ.. လစဉ်ဓမ္မတာပေါ်အောင် မှန်နေအောင်ထိန်းချုပ်ပေးပါတယ်.. လစဉ် မမျိုးဥ တစ်ဥစီကြွေဖို့ တာဝန်ထမ်းဆောင်ပါတယ်..

(၂) Estrone
ခန္ဓာကိုယ်အဆီတွေကနေ ထုတ်ပေးပါတယ်.. Adrenal gland ကနေထုတ်တဲ့ Androgen ကနေ ပြောင်းလဲထုတ်ပေးခြင်း ဖြစ်ပါတယ်.. သွေးမဆုံးမီအချိန်အထိ အရေးမပါလှပေမယ့် သွေးဆုံးပြီးရင် Estrogen တွေ မထုတ်နိုင်တဲ့အခါမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ပါတယ်.. သွေးဆုံးပြီး သွေးဆုံးကိုင်ဝေဒနာတွေမဖြစ်အောင် ကာကွယ်ပေးတဲ့ဟိုမုန်းဖြစ်ပါတယ်..

(၃) Estriol
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အများဆုံးထွက်ရှိပါတယ်.. သူ့ကိုတော့ မိခင်ထံမှသာမကပဲ ကလးနဲ့ အချင်း(Placenta) ကနေပါ ထုတ်ပေးပါတယ်.. ကိုယ်ဝန်ဆောင်ကာလမှာ သာမန်အခြေအနေထက် ပိုပြီးနုပျိုသွားတာဟာ ဒီဟိုမုန်းတွေကြောင့် ဖြစ်ပါတယ်.. ခုနကပြောခဲ့တဲ့ ဟိုမုန်းနှစ်ခုရဲ့Metabolite အနေနဲ့လဲ တွေ့ရပါတယ်.. အစကတော့  သူ့ရဲ့အရေးပါမှုကို သိပ်မသိခဲ့ကြပါဘူး.. နောက်ပိုင်းရောက်မှ ပိုပြီးသိလာကြပါတယ်..

ခုနကပြောခဲ့တဲ့ Hormone ၂ ခုဟာ များရင် Hormone Dependent Cancer ဖြစ်နိုင်ပါတယ်.. ဒါကို opposed လုပ်ဖို့အတွက် Estriol လိုအပ်ပါတယ်.. သူဟာ estrogen အုပ်စုတွေထဲမှာတော့ စိတ်အချရဆုံးဖြစ်ပါတယ်.. ကင်ဆာမဖြစ်အောင်ကာကွယ်ပေးတဲ့ Estrogen လို့လဲ ပြောနိုင်ပါတယ်.. ဂျပန်နိုင်ငံမှာ စမ်းသပ်ချက်အရ တစ်နေ့ကို 2 mg ပေးရင်bone loss သက်သာတယ်လို့ ဆိုပါတယ်..
ဒါကြောင့် သွေးဆုံးတဲ့ (Menopause ရောက်တဲ့) HRT (Hormone Replacement Therapy) ပေးမယ်ဆိုရင် Estriol ပါတဲ့ Preparation အဖြစ် ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ပြောင်းလဲထုတ်လုပ်လာကြတာ တွေ့ရပါတယ်..


👩 MWD: ဆရာပြောတဲ့အထဲမှာပါတဲ့ HRT ဆိုတာ ဘာကိုခေါ်တာပါလဲဆရာ..

Dr.KML: သွေးဆုံးတဲ့အမျိုးသမီးတစ်ယောက်အနေနဲ့ သွေးထဲမှာ Estrogen level ကျသွားပါတယ်.. ဒါကြောင့် သွေးဆုံးကိုင်ခြင်းဆိုတဲ့ ရောဂါဝေဒနာအစုအဝေးကို ခံစားရလေ့ရှိပါတယ်.. အထူးသဖြင့် Osteoporosis လို့ခေါ်တဲ့ အရိုးပွဝေဒနာခံစားရလေ့ရှိပါတယ်.. ဒီလိုမခံစားရအောင် သွေးဆုံးတာနဲ့ Estrogen ပါတဲ့ဆေးဝါးတွေကို မှီဝဲဖို့လိုအပ်ပါတယ်.. ဒီလိုမှီဝဲရာမှာ အအနောက်တိုင်းဆေးဝါးပဲဖြစ်ဖြစ် သဘာဝဆေးဝါးပဲဖြစ်ဖြစ် မှီဝဲလို့ရပါတယ်.. ဒါကို HRT လို့ခေါ်ခြင်းဖြစ်ပါတယ်..

👩 MWD: အနောက်တိုင်းဆေးအနေနဲ့ ဘယ်လိုပစ္စည်းတွေကိုအခြေခံပြီး ပြုလုပ်ထားတယ်ဆိုတာလဲ ဗဟုသုတအဖြစ်သိပါရစေ..

Dr.KML: ဒီကနေ့အသုံးပြုနေတဲ့ အနောက်တိုင်းဆေးတွေကိုတော့ ခန္ဓာကိုယ်ရဲ့ပြင်ပမှာ ပြုလုပ်တဲ့အတွက် exogenous estrogen လို့လဲ ခေါ်ပါတယ်.. အနောက်တိုင်းဆေးအနေနဲ့ သောက်ဆေး၊ ထိုးဆေး၊ Topical patch လို့ခေါ်တဲ့ အရေပြားမှာကပ်ထားတဲ့ဆေးရယ်၊ မိန်းမကိုယ်ထဲထည့်တဲ့ဆေးဆိုပြီး မျိုးစုံရှိပါတယ်.. ဒါတွေကိုသုံးစွဲရာမှာ မိမိသဘောနဲ့မိမိ မသုံးစွဲသင့်ဘဲ သက်ဆိုင်ရာမီးယပ်သားဖွားကျွမ်းကျင်တဲ့ဆရာဝန်များရဲ့ ညွှန်ကြားချက်နဲ့သာ သုံးရမှာ ဖြစ်ပါတယ်.. အဓိကအနေနဲ့ ကိုယ်ဝန်ဆောင်တဲ့မြင်းမတွေ (Pregnant mares/horses) ကနေ ထုတ်ပါတယ် ..

မြင်းတွေကိုယ်ဝန်ဆောင်လို့ ၁၁ လပြည့်ရင် သီးခြားလှောင်ထားလိုက်ပါတယ်.. အပြင်ကိုပေးမထွက်တော့ပါဘူး.. သူ့ရဲ့ဆီးကိုယူလိုက်ရင် အဲဒီထဲမှာ estrogen စုစုပေါင်း ၁၇ မျိုးပါဝင်ပါတယ်.. ပါဝင်တဲ့ concentration များအောင် မြင်းကို ရေနည်းနည်းပဲတိုက်ပါတယ်.. ဒါမှလဲ ထုတ်လုပ်မှုစရိတ်သက်သာမှာ ဖြစ်ပါတယ်.. မြင်းကိုလှုပ်ရှားမှုမရှိအောင် ထားရပါတယ်.. ပြီးရင် လှဲပြီးမအိပ်အောင် အခန်းကျဉ်းကျဉ်းလေးထဲမှာ မတ်တပ်ရပ်ခိုင်းထားပါတယ်.. အိပ်ရင် Estrogen ထွက်တာနည်းသွားလို့ ဖြစ်ပါတယ်.. အပြင်ထွက်လမ်းလျှောက်ရင်လဲ Estrogen ကို urine ကနေစွန့်ထုတ်တာနည်းသွားလို့ ပေးမလျှောက်ခိုင်းခြင်း ဖြစ်ပါတယ်.. ကလေးမွေးပြီးပြီဆိုတာနဲ့ တစ်ပတ်ကြာရင် ခုနကလို ပြန်ထားပါတယ်.. ဒါကြောင့် Estrogen ထုတ်တဲ့ ဆေးဝါးစက်ရုံတွေမှာရှိတဲ့မြင်းတွေဟာ ကိုယ်ဝန် ၂ ကြိမ် ၃ ကြိမ်ဆောင်ပြီးတာနဲ့ stress of confinement ကြောင့် သေဆုံးကြရပါတယ်.. ဒါကြောင့် တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးအသင်းအဖွဲ့များနဲ့ မကြာခဏဆိုသလို ပြဿနာတက်ပါတယ်..

 နောက်ဆုံးမှာ တိရိစ္ဆာန်တွေကို သနားညှာတာမှုအနေနဲ့ အပင်ကရတဲ့ သဘာဝ plant estrogen ကိုသာ အသုံးပြုကြဖို့ ဆရာဝန်တွေကို ပိုမိုတိုက်တွန်းလာကြခြင်း ဖြစ်ပါတယ်.. ဒါကိုတော့ Xenoestrogen လို့ခေါ်ပါတယ်.. သူတို့ဟာ Estrogen နဲ့ ပုံသဏ္ဍာန်တူပြီး အပင်ကရတဲ့အတွက် တိရစ္ဆာန်ကရတာထက် ပိုပြီးအန္တရာယ်ကင်းတယ်လို့ ဆိုပါတယ်..

👩 MWD: သဘာဝဆေးဝါးတွေအနေနဲ့ ဘယ်လိုမျိုးဆေးဝါးတွေကို သုံးပါသလဲ ဆရာ..

Dr.KML: အဓိကအနေနဲ့ ဒေါင်းကွေး (Dong Quai)၊ ပဲပိစပ် (Soy bean) နဲ့ ပေါက်ဥ (Pueraria mirifica) တို့ကို သုံးလေ့ရှိပါတယ်.. အဲဒီမှာပါတဲ့ estrogen တွေကို Phytoestrogen လို့ ခေါ်ပါတယ်.. သဘာဝအစားအစာတွေထဲမှာ Phytoestrogen ပါဝင်မှုအများဆုံးကတေှာ့Soy လို့ခေါ်တဲ့ ပဲပိစပ်ဖြစ်ပြီး သဘာဝဆေးမြစ်တွေထဲမှာတော့ ဒေါင်းကွေး နဲ့ပေါက်ဥတို့ဖြစ်ပါတယ်..
အပင်ကရတဲ့ Phytoestrogen တွေဟာ တိရိစ္ဆာန်ကရတဲ့ estrogen တွေထက် ပိုမိုစိတ်ချရတဲ့အတွက် အခုနောက်ပိုင်းမှာ အပင်ကရတဲ့ estrogen ကိုပဲ ပိုပြီးသုံးလာကြပါတယ်.. ကျွန်တော်တို့အနေနဲ့ Rejuvir (ဒေါင်းကွေးဆေး)၊ Soyamin (ပဲပိစပ်ဆေး) ဆိုတဲ့ နာမည်နဲ့ထုတ်လုပ်ထားပြီးဖြစ်ပါတယ်.. သွေးဆုံးကိုင်ခြင်းမဖြစ်ရလေအောင် အမြဲသောက်သင့်ပါတယ်..

👩 MWD: အပင်ကရတဲ့ estrogen နဲ့ တိရိစ္ဆာန်ကရတဲ့ estrogen ဘာများကွာပါသလဲ ဆရာ..

Dr.KML: Estrogenရဲ့ တည်ဆောက်ပုံအနေအထား အနည်းငယ်ကွာပါတယ်.. တိရိစ္ဆာန်ကရတဲ့ estrogen ဟာ cholesterol ကနေ ပြောင်းလဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်.. Carbon atom ၂၇လုံးပါဝင်တဲ့ Cholesterol မော်လီကျူးကို အဆင့်ဆင့်ဖြိုခွဲရာမှာ ပထမအဆင့်မှာ Carbon atom ၂၁ လုံးပါဝင်တဲ့ Progesterone ကိုရပါတယ်.. ဒုတိယအဆင့်မှာ Carbon atom ၁၉ လုံးပါဝင်တဲ့ Androgen ကိုရပြီး နောက်ဆုံးအဆင့်မှာမှ Carbon atom ၁၈ လုံးပါတဲ့ Estrogen ကိုရပါတယ်.. အဲ့လိုရတဲ့အခါမှာ Carbon atom ၁၈ လုံးရှိတဲ့အနက်No.16 position မှာ hydroxy လို့ခေါ်တဲ့ OH group ရှိပါတယ်.. ဒါဟာများလာရင် cancer ဖြစ်နိုင်တဲ့ အနေအထားမှာရှိပါတယ်..
အပင်ကရတဲ့ Phytoestrogen ကတော့ Cholesterol ကနေဖြိုခွဲယူတာမဟုတ်ပါဘူး.. အပင်တွေမှာလဲ Cholesterol ဆိုတာမရှိပါဘူး.. သာမန်အဆီကနေ တည်ဆောက်ရတာဖြစ်လို့ Carbon atom ၁၈ ခုခြင်းတူပေမဲ့ ‘OH’ group ဝင်တဲ့ နေရာက No.2 position မှာ ဖြစ်ပါတယ်.. ကင်ဆာဖြစ်စေတဲ့ No.2 position မှာဝင်တဲ့အတွက် ကင်ဆာဖြစ်စေတဲ့ receptor မှာ ကပ်ညှိနိုင်ခြင်းမရှိလို့ ဘယ်လောက်များများစားစား ကင်ဆာမဖြစ်နိုင်ပါ..
ဒါကြောင့် ဒီနေ့အခါမှာ estrogen (၂) မျိုးခွဲထားပါတယ်.. အပင်ကရတဲ့ estrogen ကို good estrogen (2 hydroxy estrone) လို့ခေါ်ပြီး တိရိစ္ဆာန်ကရတဲ့ estrogen ကို Bad estrogen (16-hydroxy estrone) လို့ ခေါ်ပါတယ်..


👩 MWD: Estrogen များရင်ရော ဘာများဖြစ်နိုင်ပါသလဲ ဆရာ..

Dr.KML: Estrogen အပါအဝင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟိုမုန်းဓါတ်တွေဟာ သတ်မှတ်ချက်အတိုင်းသာရှိရပါမယ်.. နည်းရင်ရောဂါတွေရနိုင်သလို များရင်လဲ side effect တွေရမှာဖြစ်ပါတယ်.. Estrogen ဟာလဲ ပုံမှန်အတိုင်းရှိရင် အမျိုးသမီးတစ်ယောက်ပီပီသသဖြစ်ဖို့ တာဝန်ထမ်းဆောင်သလို အရိုးပွတာတို့ဘာတို့မဖြစ်အောင်လဲ ကာကွယ်ပေးပါတယ်.. လိုတာထက်ပိုများခဲ့ရင် အဓိက side effect အနေနဲ့ ကင်ဆာရောဂါဖြစ်နိုင်ပါတယ်.. သားမြတ်ကင်ဆာ (Breast cancer) နဲ့ သားအိမ်ခေါင်းကင်ဆာ (Cervical cancer) တို့ ဖြစ်ပါတယ်..

အခုနောက်ပိုင်း လေ့လာတွေ့ရှိချက်အရ Estrogen ၂မျိုး ၂စား ခွဲခြားနိုင်ပါတယ်..
(၁) Bad estrogen (16-alpha-hydroxy-estrone) ကင်ဆာဖြစ်စေနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်..
(၂) Good estrogen (2-hydroxy-estrogen) အန္တရာယ်ကင်းပြီး အကျိုးရှိတဲ့အမျိုးအစားဖြစ်တဲ့အတွက် ပြဿနာမရှိပါ..
ဒါတွေကိုလဲ ovaries ကနေ ထုတ်ပေးတာဖြစ်ပါတယ်.. ovaries ကနေ ဘယ်ဟာကိုထုတ်ပေးသလဲဆိုတာကတော့ ကာယကံရှင်ရဲ့ အနေအထိုင်၊ အစားအသောက်၊ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်ပေါ်မူတည်ပါတယ်.. ဒါတွေပေါ်မူတည်ပြီး ကင်ဆာဖြစ်ခြင်း/မဖြစ်ခြင်းကို ဆုံးဖြတ်ပါတယ်..

မူလရေးသားတင်ဆက်သည့်စာမျက်နှာ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

#Estrogen
#HealthTalk
#MWD

No comments: