Thursday, October 17, 2019

နှလုံးလား... ဦးနှောက်လား


**********************
စိတ်အကြောင်းလူ​တွေခဏခဏ ပြောကြ၊ရေးကြပါတယ်။
နေ့စဉ်သုံးနေတဲ့ ဖေ့စ်ဘွတ်ခ်မှာဖွင့်ကြည့်လိုက်ရင်လည်း
what's on your mindဆိုတဲ့ စိတ်ထဲရှိတာ
ရေးခိုင်းတဲ့ စိတ်အကြောင်းပဲတွေ့ရတယ်။

ဒါပေမဲ့ အဲဒီစိတ်ဘယ်မှာရှိသလဲ
စိတ်ရဲ့တည်နေရာ Locationနဲ့ပတ်သက်ပြီး
ဗုဒ္ဓဘယ်လိုဟောခဲ့သလဲမေးကြည့်ရင်
အများစုကနှလုံးထဲမှာလို့​ဖြေကြပါလိမ့်​မယ်​။
စိတ်​နှလုံးဆိုပြီး​တောင်​တွဲသုံးကြပါတယ်​။

စိတ်ရဲ့တည်နေရာကိုဗုဒ္ဓက အဲဒီအတိုင်းဟောခဲ့တယ်ဆိုရင်
သိပ္ပံပညာကတော့ နာမ်တရားစိတ်ကို
ဦးနှောက်ကိုမှီပြီးဖြစ်တယ်​လို့​ပြောတဲ့အတွက်
ဗုဒ္ဓကပြောတဲ့စိတ်တည်နေရာနဲ့လွဲနေပြီလို့ဆိုလို့​ပြောလို့ရပါတယ်​။

ဒါဆို စိတ်ရဲ့တည်နေရာက နှလုံးလို့ဗုဒ္ဓတကယ်ဟောခဲ့ပါသလား။

ဟဒယဝတ္ထု-နှလုံးဆိုတဲ့စကားဟာ ဗုဒ္ဓစကားမဟုတ်ကြောင်း
ပြောခဲ့တဲ့သူက မြန်မာပါဠိပညာရှင် ဆရာဦးရွှေဇံအောင်ပါ။

ဘာကြောင့်လဲဆိုတော့ ပါဠိ​တော်​မူရင်းမှာ
စိတ်ရဲ့တည်ရာဟာ နှလုံးလို့ဖော်ပြထားတာမရှိလို့ပါပဲ။
ဘာလို့အဲဒီလို ဟဒယဝတ္ထုကိုချန်ထားလဲဆိုတော့
ဗုဒ္ဓခေတ်ကလူတွေက ရုပ်ဝါဒသမားတွေများသလို
လူရဲ့နှလုံးကို စိတ်ရဲ့တည်ရာလို့စွဲနေကြတဲ့အတွက် ဗုဒ္ဓရဲ့စကားကိုလက်ခံမှာမဟုတ်တဲ့အတွက် ပဋ္ဌာန်းကျမ်းမှာ
ချန်ထားခဲ့တယ်လို့ဆိုပါတယ်။

ပဋ္ဌာန်းပါဠိတော်မှာ
ယံရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏ ဓာတုယာစ ဝတ္တန္တိ ဆိုပြီး ယံရူပံ-အကြင်မှီရာဖြစ်သည့်ရုပ်ကလေးကို၊ နိဿာယ-
အမှီပြုပြီးမှ၊ မနောဓာတုစ-မနောဓာတ်ဟုခေါ်သည့်
စိတ်သည်လည်းကောင်း၊ မနောဝိညာဏဓာတုစ-
မနောဝိညာဏဓာတ်ဟုခေါ်သည့်စိတ်သည်လည်းကောင်း၊
ဝတ္တန္တိ-ဖြစ်ပေါ်၍လာကြကုန်၏' လို့ဆိုထားပါတယ်။

စိတ်ရဲ့တည်ရာဟာ နှလုံးအိမ် ဟဒယဝတ္ထုလို့မဆိုဘဲ
ယံရူပံ- အကြင်ရုပ်ဝတ္ထုလို့ပဲဆိုထားပါတယ်။
တကယ်လို့စိတ်ရဲ့တည်ရာဟာ နှလုံးလို့ဆိုပါက
အဲဒီမှာ ရုပ်ဝတ္ထု(ရူပ)ဆိုတဲ့ စကားလုံးနေရာမှာ
နှလုံး(ဟဒယ)ဆိုတဲ့ စကားလုံးကိုသုံးခဲ့မှာလို့ဆိုပါတယ်​။

ဒါပေမဲ့ ပါဠိတော်ကို အကျယ်ဖွင့်ဆိုတဲ့
အဋ္ဌကထာဆရာတွေကတော့ ယံရူပံ ဆိုတဲ့
စကားလုံးကိုရှင်းပြဖို့အတွက် လူအများ
လက်ခံယုံကြည်စွဲယူပြီးသားဖြစ်တဲ့
ဟဒယဆိုတဲ့စကားလုံးနဲ့ဖွင့်ဆိုခဲ့တာလို့ဆိုပါတယ်။

အဲဒီတော့ ပါဠိတော်မူရင်းတွေအရ စိတ်ဆိုတာ
ရုပ်ဝတ္ထုတွေကိုမှီပြီးဖြစ်ပြီး စိတ်ရဲ့တည်ရာLocationကို
အဋ္ဌကထာက ဟဒယ-နှလုံးလို့ယူတာဖြစ်ပါတယ်။

ပါချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသကလည်း
`မြတ်စွာဘုရားက ဟဒယဝတ္ထုရုပ်ဆိုတဲ့ စကားလုံးကိုမသုံးဘဲနဲ့
`ယံရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏဓာတုစ ဝတ္တန္တိ'-
အကြင်မှီရာဖြစ်တဲ့ ရုပ်ကလေးကို အမှီပြုပြီးမှ မနောဓာတ်လို့ခေါ်တဲ့ စိတ်သည်လည်းကောင်း၊မနောဝိညာဏဓာတ်လို့ခေါ်တဲ့
စိတ်သည်လည်းကောင်း ဖြစ်ပေါ်၍လာကြကုန်၏'တဲ့။
မြတ်စွာဘုရားက ယံရူပံဆိုပြီးတော့ general စကားလုံးနဲ့
ဟောသွားတာ။ဟဒယဝတ္ထုရုပ်မဟောဘူး၊
ဒါပေမဲ့ ရှင်မဟာဗုဒ္ဓဃောသတို့
လက်ထက်ရောက်တဲ့အခါ(နှစ်ပေါင်းတစ်ထောင်ကျော်ကြာတဲ့အခါ) ယံရူပံ ဆိုတာဘယ်ရုပ်လဲစဉ်းစားကြပုံပေါ်တယ်။
စဉ်းစားပြီး Location ရှာတော့ လူတွေယုံကြည်နေတဲ့
နှလုံးသားကိုယူပြီးတော့ ဟဒယဆိုတဲ့စကားလုံး
လေးထည့်ပြီးတွင်ကျယ်လာတာ။ ဟဒယဆိုတဲ့စကားလုံးက
နှလုံးကိုလည်းဟောတယ်၊စိတ်ကိုလည်းဟောတယ်။
နှလုံးအနေနဲ့ယူရင်ဟဒယဝတ္ထုရုပ်ဆိုတာ ဘယ်မှာရှိတုန်းဆိုတော့ ညစ်အားပြုနေတဲ့ Pump နှလုံးသားထဲမှာရောက်ရှိနေတဲ့သွေး၊
နှလုံးသားထဲမှာ (လက်ဖဝါးကလေးကို ဖြန့်လိုက်ပြီးရင်
ပြန်တွန့် ပြီးတော့ ခုံးထားလိုက် ခုံးပြီးလို့ရှိရင် အဲဒီထဲမှာ
အရည်ထည့်လိုက်လို့ ရှိရင် ဆံ့လောက်တဲ့ပမာဏရှိတဲ့)နှလုံးသွေးထဲမှာ ဟဒယဝတ္ထု တည်ရှိပါတယ်ပြောတာ။ အဲဒီတော့ သွေးကိုဟဒယဝတ္ထုခေါ်တာမဟုတ်ဘူး။နှလုံးသားကို
ဟဒယဝတ္ထုခေါ်တာမဟုတ်ဘူး။
ရှင်မဟာဗုဒ္ဓဃောသနဲ့ခေတ်ပြိုင်ပေါ်တဲ့ အဘိဓမ္မာမူလဋီကာဆရာ အရှင်အာနန္ဒာကတော့ အဘိဓမ္မာအဖွင့်ကျမ်းမှာ ဟဒယဝတ္ထုဆိုတဲ့စကားလုံးကိုဘယ်လိုရှင်းသလဲဆိုရင် ဟဒယကိုနှလုံးသား-Heartလို့မပြောဘူး။ ဟဒယဆိုတာစိတ်၊ဝတ္ထုဆိုတာတည်ရာ အဲဒီတော့ ဟဒယဝတ္ထုဆိုတာ စိတ်ရဲ့တည်ရာဆိုပြီးဖွင့်တယ်။
ဒီကနေ့သိပ္ပံခေတ်က လူတွေကျတော့ စိတ်ဟာ
နှလုံးမှာဆိုတာထက် ဦးနှောက်ကိုပိုပြီးပြောလာကြပြန်တယ်။
ဟုတ်တော့ဟုတ်တာပေါ့။ ဦးနှောက်မပါဘဲနဲ့လည်း
ဒီစိတ်ကဖြစ်တာမှမဟုတ်တာကိုး။
ဟဒယဝတ္ထုရုပ်ရဲ့Locationကိုနှလုံးသားထဲကသွေးထဲမှာ
ရှိတယ်လို့ပြောတဲ့ အဋ္ဌကထာဋီကာအဖွင့်တွေစကားနဲ့ဆိုရင်
ဦးနှောက်နဲ့မသက်ဆိုင်သလိုဖြစ်သွားပြန်ရော။
မြတ်စွာဘုရားက ယံရူပံဆိုပြီး ရူပလို့သာမန်ဟောသွားတာ
အဓိပ္ပါယ်ရှိတယ်။
ဟဒယလို့ပြောလိုက်ရင် နှလုံးနဲ့ပဲသက်ဆိုင်သွားပြီးတော့
ဦးနှောက်ကိုယူလို့မရတော့ဘူး။ အခုတော့ နှလုံးပဲပြောပြော
ဦးနှောက်ပဲပြောပြောနှစ်ခုလုံးနဲ့သက်ဆိုင်သွားတယ်။'
ဆိုပြီး​ဟောထားပါတယ်​။
(ပဋ္ဌာန်းမြတ်ဒေသနာ-
အရှင်နန္ဒမာလာဘိဝံသ-စာ၁၆၂-၁၆၅/၄၀၆-၄၁၁)

စိတ်​ရဲ့တည်​​နေရာ Location ကိုဗုဒ္ဓဘယ်​လို
ဟောသွားသလဲဆိုတာကိုဓမ္မပဒမှာရှာ​တဲ့အခါ
ဦးမြင့်​ဆွေ(မဟာဝိဇ္ဇာ)လန်​ဒန်​အကျဉ်းချုပ်​​ရေး​တဲ့
ဓမ္မပဒဝတ္ထုစာအုပ်​ထဲမှာ​တော့
မူရင်းပါဠိ​တော်​အာ​ဘော်​သတ်​သတ်​မဟုတ်​ဘဲ
အစဉ်​အလာအဋ္ဌကထာအယူအဆအာ​ဘော်ကို
ယူထားတာ​တွေ့ရပါတယ်​။

မူရင်းပါဠိ​တော်​မှာ `ဂုဟာသယံ-လှိုဏ်​ဂူတွင်းကိန်း​အောင်း´ကို
ဦးမြင့်​​ဆွေရဲ့စာအုပ်​ထဲမှာ
နှလုံးတည်းဟူ​သောဂူထဲ၌ ကိ​န်း​အောင်းဆိုပြီး
နှလုံးထည့်​ပြန်​သွား​တော့ စိတ်​ဟာနှလုံးထဲမှာရှိတယ်​လို့
ဆိုလိုရာ​ရောက်​သွားပါတယ်​။

သာသနာ​ရေးဝန်​ကြီးဌာနကမြန်​မာပြန်​တဲ့ ဓမ္မပဒဝတ္ထုမှာကျ​တော့
`ဂုဟာသယံ´ကို `မဟာဘုတ်​တည်းဟူ​သော
လိုဏ်လျှင်​တည်​ရာရှိထ​သော´လို့
နှလုံးမပါဘဲ ပြန်​​ပေမဲ့ ဟိုဘက်​မြန်​မာလိုမှာကျ​တော့
ဟဒယရုပ်​ဆိုပြီးထည့်​ပြန်​ထားပြန်​ပါတယ်​။
အဋ္ဌကထာအတိုင်းပြန်​တာပါ။

သင်္ဂဇာဆရာ​တော်​ရဲ့ ဓမ္မပဒပါဠိ​တော်​နိဿယမှာ​တော့
`ဂုဟာဟယံ-မဟာဘုတ်​တည်းဟူ​သော
လိုဏ်​လျှင်​တည်​ရာရှိ​ထ​သော´ ဆိုပြီးရိုးရိုးအနက်​ပြန်​ထားပါတယ်​။

ဆရာ​​​တော်​အရှင်​​သေဋ္ဌိလ မြန်​မာပြန်​တဲ့ ဓမ္မပဒမှာကျ​တော့
`ဟဒယဝတ္ထု နှလုံးတည်းဟူ​သော လိုဏ်​ဥမင်​ကိုမှီဖြစ်​​ပေါ်၏´ဆိုပြီး ဟဒယဝတ္ထု​ရော နှလုံးပါထည့်​ပြန်​ထားသလို ဆရာ​တော်​ဗုဒ္ဓရက္ခိတအင်္ဂလိပ်​လိုပြန်​တဲ့ဓမ္မပဒမှာကျ​တော့ Dwelling in the cave(of the heart)ဆိုပြီး heartကို ကွင်းစကွင်းပိတ်​နဲ့ထည့်ထားသလို ​နောက်​ကအဖွင့်​မှာလည်း Heart is the seat of consciousness ဆိုပြီး​ရေးထား​တော့ နှလုံးဟာစိတ်​ရဲ့စံအိမ်​တည်​ရာဆိုပြီး​ဆိုလိုရာ​ရောက်​ပါတယ်​။

ဒေါ်မြတင်​ အင်္ဂလိပ်​လိုပြန်​ဆိုတဲ့ ဓမ္မပဒဝတ္ထုမှာလည်း
it lies in the cave(chamber)of the heartဆိုပြီး
နှလုံးဆိုတဲ့လှိုဏ်​ဂူကိုမှီပြီးဖြစ်​တယ်​လို့ဆိုထားတဲ့အတွက်
အဋ္ဌကထာအတိုင်းပြန်​ထားပါတယ်​။

အရှင်​ကုမာရပြုစုတဲ့ ဓမ္မပဒပန်းကုံးကျမ်းထဲမှာကျ​တော့
`ဂုဟာသယံ-မဟာဘုတ်​လိုဏ်​ဂူကိုမှီ​နေရ​သော
ဟဒယဝတ္ထုကိုအမှီပြုကာဖြစ်​​ပေါ်လာရ၏´ လို့အနက်​ဖွင့်​ထားတယ်​။
အဲဒီမှာလည်း ဟဒယဝတ္ထုဆိုပြီးထည့်​ပြန်​ထားပြန်​တယ်​။
အဲဒီပြန်​ဆိုချက်​အရလည်း စိတ်​ဟာ
နှလုံးမှာတည်​တယ်​လို့ဖြစ်​သွားတယ်​။
အဋ္ဌကထာမူအတိုင်းပြန်ထားပြန်​တယ်​။

ဦး​ရွှေ​အောင်​ပြုစုတဲ့ ဓမ္မပဒစာအုပ်​ထဲမှာလည်း
`ဟဒယဝတ္ထုတည်းဟူ​သော ဥမင်​၌မှီ၏။စိတ်​ကဟဒယဝတ္ထုရုပ်​၌သာမှီ​နေပြီး အ​ဝေးကြီးက အာရုံများက
စိတ်​သို့လာ​ရောက်​ထင်​ခြင်းဖြစ်​၏´လို့​ရေးခဲ့တဲ့အတွက်
အဋ္ဌကထာဖွင့်​တဲ့အတိုင်း
ဂုဟာသယံကို ဟဒယဝတ္ထုဆိုတဲ့ဥမင်​မှာမှီတယ်​လို့ 
ရေးထားပါတယ်​။

တကယ်​က မူရင်းပါဠိ​တော်​မှာ ဟဒယဝတ္ထုမပါသလို
နှလုံးဆိုတာလည်းမပါဘဲ
`ဂုဟာသယံ-ဂူ၌ကိန်း​သော´ လို့ပဲအနက်​ထွက်​ပါတယ်​။
နှလုံးလို့မပါဘူး။ ဂူလို့ပဲ​ဟောသွားပါတယ်​။
စိတ်​ရဲ့တည်​​ရာကို ဂူထဲမှာကိန်း​အောင်းလို့​ပဲ​ဟောသွားပါတယ်။

ဒါ​ပေမဲ့ဓမ္မပဒကိုအကျယ်​ဖွင့်​ထားတဲ့
အရှင်​မဟာဗုဒ္ဓ​ဃောသပြုစုခဲ့တဲ့ ဓမ္မပဒအဋ္ဌကထာမှာ​တော့
`ဂုဟာနာမ-ဂုဟာမည်​သည်​ကား။ စတုမဟာဘူတဂုဟာ-
မဟာဘုတ်​​လေးပါးတည်းဟူ​သောတွင်းလှိုဏ်​တည်း။
ဣဒဉ္စ-ဤစိတ်​သည်​လည်း။ဟဒယရူပံ-ဟဒယရုပ်​ကို။
နိဿာယ-မှီ၍။ပဝတ္တတိ-ဖြစ်​တတ်​၏။
ဣတိ-ထို့​ကြောင့်​။ဂုဟာသယံနာမ-ဂုဟာသယမည်​သည်​။´
လို့ ဟဒယရုပ်​ကိုမှီပြီးဖြစ်​တယ်​လို့ဖွင့်​သွားတဲ့အတွက်
နောက်​ပိုင်း ဓမ္မပဒကိုပြန်​ဆိုတဲ့သူ​တွေက အဋ္ဌကထာဖွင့်​ထားတဲ့
အတိုင်း ဟဒယဝတ္ထုကိုယူပြီး ဂူဆိုတာ နှလုံးလို့ယူကြပုံ​ပေါ်ပါတယ်​။

မဟာစည်ဆရာတော်ကြီးရဲ့
'ပဋိစ္စသမုပ္ပာဒ် တရားတော်ကြီး' ပထမတွဲမှာ​တော့
'ပဋ္ဌာန်းပါဠိတော်မှာ မနောဝိညာဏ်စိတ်၏ တည်ရာရုပ်ကို ယံရူပံ နိဿာယ-အကြင်ရုပ်ကိုမှီ၍ ဖြစ်ကုန်၏။ တံရူပံ-ထိုမှီရာရုပ်က မှီရာအဖြစ်ဖြင့် စိတ်အား ကျေးဇူးပြုတယ်လို့ ဒီလို သာမညပဲ
ဟောခဲ့ပါတယ်( ဤနေရာ၌ 'နှလုံး' ရုပ်ဟု ဗုဒ္ဓသည် မသုံးနှုန်းဘဲ 'ရုပ်' ဟုသာ သုံးထားခြင်းကို သတိပြုစရာဖြစ်၏) မည်သည့်နေရာက မည်သို့​သော ရုပ်လို့ အထူးဖော်ပြပြီး မဟောခဲ့ပါဘူး။ ဒါ​ကြောင့် အဲဒီ ပဋ္ဌာန်းပါဠိတော်အလိုအားဖြင့် ကိုယ်ထဲမှာရှိတဲ့
တစ်နေရာရာက ရုပ်ဟာ စိတ်၏ မှီရာတည်ရာ ဖြစ်တယ်လို့
ယူဆနိုင်ပါတယ်။ နှလုံးသားထဲက ရုပ်လည်းဖြစ်နိုင်တယ်။
ဦးခေါင်းထဲက ရုပ်လည်းဖြစ်နိုင်တယ်။ အဲဒီတော့
နှလုံးသားထဲက ရုပ်ကို မှီရာအဖြစ် သဘောမကျရင်
ဦးခေါင်းထဲက ရုပ်ကိုလည်း မှီရာလို့ ဆိုနိုင်ပါတယ်။
ဒီပါဠိတော်နည်းအရဆိုရင်တော့ နှလုံးသား အသစ်လဲတဲ့
ပြဿနာနဲ့ စပ်ပြီး ရှုပ်ထွေးစရာမရှိတော့ပါဘူး။'
လို့​ရေးထားပါတယ်​။

စိတ်​နဲ့ဦး​နှောက်​ဟာ အတူတူပဲလား၊ သတ်​သတ်​စီလားဆိုတာနဲ့
ပတ်​သက်​ပြီး အငြင်းအခုံဟာ​ရှေး​ခေတ်​ကတည်းကရှိခဲ့ပါတယ်​။
အရစ္စတိုတယ်​(၃၈၄-၃၂၂ဘီစီ)နဲ့ပ​လေတို(၄၂၈-၃၄၈ဘီစီ)တို့
က​တော့ လူတစ်​​​ယောက်​ရဲ့ဝိညာဉ်​ဟာ
အသိဥာဏ်​ရဲ့ဗဟိုချက်​ဖြစ်​တယ်​။
ဝိညာဉ်​ဆိုတာရုပ်​ပိုင်းဆိုင်​ရာမဟုတ်​ဘူး။
ဒါ​ကြောင့်​ စိတ်​နဲ့ဦး​နှောက်​ဟာသတ်​သတ်​စီပဲလို့ဆိုပါတယ်​။

ပြင်​သစ်​ဒဿနပညာရှင်​​ဒေးကတ်​(၁၅၉၆-၁၆၅၀)က​တော့
စိတ်​ဟာ သိစိတ်​နဲ့ကိုယ့်​ကိုယ်​ကိုယ်​သိမြင်​မှုကိုထိန်းချုပ်​တယ်​။
ဒါ​ကြောင့်​စိတ်​နဲ့ဦး​နှောက်​ဟာသတ်​သတ်​စီပဲ။
ဒါ​ပေမဲ့ ဦး​နှောက်​ဟာ အသိဥာဏ်​ရဲ့စံအိမ်​ဖြစ်​တယ်​လို့ဆိုပါတယ်​။

ဒါ​ပေမဲ့ AI နယ်​ပယ်​ကသု​တေသနပညာရှင်​ မာဗင်​မင်​စကီ(၁၉၂၇-၂၀၁၆)က​တော့ ၁၉၈၆ခုနှစ်​ကထုတ်​တဲ့
The Society of the Mindဆိုတဲ့သူ့ရဲ့စာအုပ်​ထဲမှာ​တော့
`စိတ်​​​ဆိုတာ ဦး​နှောက်​ကလုပ်​တဲ့အရာသာဖြစ်​တယ်​´
လို့ဆိုခဲ့ပါတယ်​။

နာဗ်ကြောသိပ္ပံ(Neuroscience)အရလည်း
စိတ်ကနှလုံးမှာရှိတာမဟုတ်ဘူးလို့ဆိုပါတယ်​။
ဦးနှောက်ခွဲစိတ်မှုတွေလုပ်ရင် ဦးနှောက်ထိခိုက်သွားရင်
လူတစ်ယောက်ဟာ အမူအကျင့်ရောစိတ်ပါပြောင်းသွားပါတယ်။

သိပ္ပံပညာဖြစ်တဲ့ စိတ်ပညာနဲ့ နာဗ်ကြောသိပ္ပံအရ
စိတ်ကဦးနှောက်နဲ့အာရုံကြောထဲက နာဗ်ဆဲလ်ဖြစ်တဲ့
နျူရွန်ထဲမှာဖြစ်တာလို့ဆိုပါတယ်။ ဒါပေမဲ့စိတ်က
ဦးနှောက်လို့ပြောတာမဟုတ်သလို
ဦးနှောက်ကလည်းစိတ်လို့ပြောတာမဟုတ်ဘူး။
စိတ်ကဦးနှောက်ကြောင့်ဖြစ်သလို
ဦးနှောက်အလုပ်လုပ်ပုံကလည်းစိတ်ကြောင့်ဖြစ်တာ။
အဲဒါကြောင့်လူတစ်ယောက်ရဲ့အမူအကျင့်တွေကို
ပြောင်းချင်ရင် ဦးနှောက်ကိုပြောင်းပါလို့​ပြောကြပါတယ်​။

တကယ်တော့ ဗုဒ္ဓ​ဟောခဲ့တဲ့ ပါဠိ​တော်​မူရင်းမှာ
ယံရူပံ နိဿာယ မနောဓာတုစ မနောဝိညာဏ
ဓာတုယာစ ဝတ္တန္တိ နဲ့ ဂုဟာသယံဆိုတဲ့ စကားလုံး​တွေသာ
စိတ်​ရဲ့မှီရာ(တည်​ရာ)နဲ့ပတ်​သက်​ပြီး​ဟောကြားသွားတာ​တွေ့ရပြီး ပါဠိ​တော်​ကိုဖွင့်​ဆိုတဲ့ အဋ္ဌကထာ၊ဋီကာဆရာ​တွေကသာ
ဟဒယဝတ္ထုကိုထည်ဖွင့်​တာ​တွေ့ရတဲ့အတွက်
စိတ်​ရဲ့တည်​​နေရာကို နှလုံးလို့​ပြောသွားတဲ့ ပါဠိ​တော်​မူရင်း
မရှိတဲ့အတွက်​ နှလုံးလို့ယတိပြတ်​ယူဆလို့မရပါဘူး။
ဆက်​​လက်​​လေ့လာသု​တေသနလုပ်​ဖို့လိုပါတယ်​။

ဖြိုးဝေ (မဟာဝိဇ္ဇာ) 

ရည်ညွန်းကိုးကား
၁။ဓမ္မပဒအဋ္ဌကထာနိဿယ(ဒုတိယအုပ်​)-ပြသာဒ်​​ကျောင်း
ဆရာ​တော်​ အရှင်​သာရဒဿီ
၂။ဓမ္မပဒပါဠိ​တော်​နိဿယ-သင်္ဂဇာဆရာ​တော်
၃။ဓမ္မပဒပန်းကုံး-အရှင်​ကုမာရ
၎။ဓမ္မပဒ- ဆရာ​​​တော်​အရှင်​​သေဋ္ဌိလမြန်​မာပြန်​၍
ဆရာ​တော်​ဗုဒ္ဓရက္ခိတအင်္ဂလိပ်​လိုပြန်​ဆိုသည်​။
၅။ပဋိစ္စသမုပ္ပာဒ် တရားတော်ကြီး
(ပထမတွဲ)မဟာစည်​ဆရာ​တော်​ကြီး
၆။ဓမ္မပဒ-ဦးမြင့်​​ဆွေ
၇။ဓမ္မပဒ-ဦး​ရွှေ​အောင်
၈။ဓမ္မပဒဝတ္ထု-(ဒုတိယတွဲ)-သာသနာ​ရေးဝန်​ကြီးဌာန
၉။Daw Mya Tin,Dhammapada-
၁၀။S.Z.Aung,Compendium of Philosophy
၁၁။ဗုဒ္ဓနှင့်​ဗုဒ္ဓဝါဒ-ဦး​အေး​မောင်
၁၂။ပဋ္ဌာန်းမြတ်ဒေသနာ-အရှင်နန္ဒမာလာဘိဝံသ
၁၃။ပဋ္ဌာန်းပါဠိတော်မြန်မာပြန်
၁၄။Rick Hanson,Buddha's Brain
၁၅။David Eagleman,The Brain:the story of you
၁၆။Jennifer L.Larimore, Neuroscience Basics
၁၇။စိတ်​၏စံအိမ်​ဦး​နှောက်​-ဦးခင်​​မောင်​​ဆွေ(မန်းတက္ကသိုလ်​)

No comments: