Tuesday, October 8, 2019

"ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ​စေဖို့"




ရေးသားသူ - ​ဒေါက်တာ ဖြိုးသီဟ

ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာက တော်တော်များများ ကြုံနေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်၊၊ ကိုယ့်အကြောင်း သူ့အကြောင်း သိနေပြီးသား လူတွေအတွက် ပြဿနာမရှိပေမဲ့ အခုမှ စတွေ့မယ့်လူနဲ့ကျ First Impression က သိပ်အရေးပါလာတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် စတွေ့တဲ့အချိန်မှာ ဘယ်သူမဆို သူဘာလဲ ငါဘာလဲ အကဲခတ်တတ်ကြတာချည်းပါပဲ။ အဲဒီလို စတွေ့တွေ့ချင်း ၃ စက္ကန့်လောက် အချိန်ဟာ ကျန်တဲ့ဆက်ဆံမှုတစ်ခုလုံးအပေါ်မှာ ကြီးကြီးမားမား သက်ရောက်မှု ရှိပါတယ်။ လွဲသွားလို့ ဆိုပြီး နောက်တစ်ကြိမ်လည်း ပြန်ပြင်ခွင့် မရှိပါဘူး။ အဲဒီအပြင် လုပ်ငန်းခွင်မှာဆိုလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဟာ သူများထက် တစ်ပန်းသာလေ့ရှိတာကို တွေ့ရပါလိမ့်မယ်။

ဒီတော့ ကျွန်တော်တို့မှာ အားနည်းနေတဲ့ အဲဒီ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဘယ်လို တည်ဆောက်ကြမလဲ။

ကျွန်တော့်အမြင်အရ အဓိကကျတဲ့ အချက်(၃)ချက် ပြောပြလိုပါတယ်။

၁။ Competence (ကျွမ်းကျင်မှု)

ကိုယ်ကျွမ်းကျင်မှု မရှိတဲ့ နယ်ပယ်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်ရတာ သိပ်ခက်ပါတယ်။ ဆရာဝန်ကို စီးပွါးရေးအကြောင်း စကားတက်ပြောခိုင်းရင် သေချာတယ်၊ မဝံ့မရဲ ဖြစ်နေမှာပဲ။ ကျန်းမာရေးအကြောင်းပဲ ကိုယ်သိတာ ကိုယ်ပြောပါ ဆိုရင်တောင် တစ်ခါမှ မပြောဖူးသူဆို စင်ကြောက်တာနဲ့ ဒူးတုန်နေဦးမှာပါ။ ပြောဖူးတဲ့ အတွေ့အကြုံတွေလည်း ရှိတယ်၊ ကိုယ်ကျွမ်းကျင်ရာကိုလည်း ပြောရမယ်၊ ထပ်ကာထပ်ကာလည်း လေ့ကျင့်ထားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်နဲ့ စကားပြောနိုင်ပါလိမ့်မယ်။

Confidence comes from Competence.

တကယ်တော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာ ကျွမ်းကျင်မှုကနေ လာပါတယ်။ အလုပ်မှာဖြစ်ဖြစ်၊ အတတ်ပညာတခုခုကို သင်နေတာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူးဆိုတာ မကျွမ်းကျင်သေးလို့ပါ။ ကျွမ်းကျင်လာအောင် ထပ်ကာထပ်ကာ လေ့ကျင့်ရင်းနဲ့ ယုံကြည်မှုတွေ ရလာပါလိမ့်မယ်။

၂။ Style (၀တ်စားဆင်ယင်မှု)

ကိုယ့်အတွေ့အကြုံပေါ်ပဲ တည်ပြီး ပြောပါ့မယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာ ကိုယ်ဘယ်လိုဝတ်စားသွားသလဲ ဆိုတာကလည်း အများကြီးစကားပြောပါတယ်။ ရိုးရိုးနာရီနဲ့ အကောင်းစားနာရီ ၀တ်ထားတဲ့အခိုက်အတန့်မှာ စိတ်ခံစားချက်ချင်း မတူကြပါဘူး။ နာရီ၊ ဖုန်း၊ ပိုက်ဆံအိတ်၊ ဖိနပ် စတာတွေက အတိုင်းအတာတစ်ခုထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် လုပ်ပေးနိုင်ပါတယ်၊၊ နောက်ပြီး ခန္ဓာကိုယ် အချိုးအစားကလည်း အရေးကြီးတာပါပဲ၊၊

အဲဒီတော့ လန်ပျံနေအောင် ၀တ်စားရမှာလားဆိုရင် မဟုတ်ပါဘူး။ တကယ်တော့ Looking good ကြည့်ကောင်းတယ် ဆိုတာ သူများနဲ့လိုက်ဖက်တဲ့ အ၀တ်အစားတွေ ကိုယ့်ခန္ဓာကိုယ်ပေါ် တင်လိုက်တာကို ခေါ်တာမဟုတ်ပါဘူး၊ ကိုယ်နဲ့ လိုက်ဖက်တဲ့ပုံစံကို ရွေးချယ်ဝတ်ဆင်တတ်ခြင်းကို ခေါ်တာဖြစ်ပါတယ်။

အဝတ်အစားနဲ့ ပတ်သက်ပြီး ၃ ချက် ဝေမျှလိုပါတယ်။

√ ပထမတစ်ခု – အရောင်ပါ။ ကျွန်တော့်အသားရောင်ဆိုရင် ညိုတဲ့ဘက်ကို မဆိုစလောက်လေး (တကယ့်ကိုမှ မဆိုစလောက်လေး) ရောက်ပါတယ်။ ဒီအခါ အရမ်းတောက်တဲ့အရောင်တွေ၊ အဖြူပြောင်တွေ ၀တ်ရတဲ့အခါတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိပါဘူး။ ဝတ်လိုက်ရင် အသားနည်းနည်းဖြူသွားသလို ခံစားရတဲ့ အရောင်မျိုးတွေဝတ်မှပဲ ကိုယ့်ကိုယ်ကိုယ် ကျေနပ်ပါတယ်။

√ ဒုတိယတစ်ချက် – ခုမှ ၀ယ်လာတဲ့ အသစ်စက်စက်ကို ပွဲနေ့ကျမှ ထုတ်ဝတ်တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့စေပါတယ်။ အနည်းဆုံး တစ်ခါလောက် ၀တ်ထားပြီးတဲ့ အ၀တ်ကမှ ကိုယ်နဲ့အသားကျသလို၊ ရင်းနှီးသလို ခံစားရတာကြောင့် ဖြစ်ပါတယ်။

√ နောက်ဆုံးတစ်ချက် – ၀တ်တဲ့အ၀တ်က မကြပ်လွန်း၊ မပွလွန်း ဖြစ်ဖို့ လိုပါတယ်။ ကြပ်လွန်းရင်လည်း နေရထိုင်ရ မလုံသလို၊ ပွပွကြီးဝတ်စားထားတာကလည်း ကိုယ့်ရဲ့ယုံကြည်မှုကို ကျစေပါတယ်။

အဓိကကတော့ အ၀တ်အစားဝတ်တဲ့အခါမှာ သူများအမြင်မှာ လှဖို့ထက် ကိုယ့်စိတ် သက်သောင့်သက်သာ ရှိဖို့၊ ဒီအ၀တ်အစား၊ ဒီအသုံးအဆောင်တွေက ကိုယ့်ရဲ့ ယုံကြည်မှုကို မြင့်တက်စေဖို့က ပိုအရေးကြီးပါတယ်။

၃။ Fake it (ဟန်ဆောင်ပါ)

လူတစ်ယောက်ရဲ့ ကိုယ်နေဟန်ထား (Body gesture) ကို ကြည့်လိုက်ရုံနဲ့ ဒီလူဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် မရှိဘူး သိနိင်ပါတယ်။

အဲဒီလို Confidence ရှိမရှိက ကိုယ်နေဟန်ထားမှာ လာပေါ်နေသလို၊ ပြောင်းပြန်အနေနဲ့ ကိုယ်နေဟန်ထားကလည်း ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ သိပ်အရေးကြီးပါတယ်။

ယုံကြည်မှုကတော့ နည်းနေတယ်၊ ဒါပေမယ့် တမင်တကာ ကိုယ်နေဟန်ထားကို ပြင်ပြီး ယုံကြည်မှုရှိသလို ဟန်ဆောင်လိုက်ပါ။

TED Talk တစ်ခုမှာ နားထောင်ဖူးတယ်။ လူတွေကို မာန်ပါတဲ့ စတိုင်လ်၊ မာန်မပါတဲ့ စတိုလ်မျိုးတွေနဲ့ ၂ မိနစ်စီ နေစေပြီး သူတို့ရဲ့ Cortisol Hormone (စိတ်ဖိစီးမှုဖြစ်ရင် ထွက်တဲ့ ကော်တီဇော ဟော်မုန်း) ကို တိုင်းတာတဲ့အခါမှာ လူတစ်ယောက်တည်းမှာကိုပဲ မာန်ပါတဲ့ဟန် လုပ်ထားချိန်မှာ Cortisol ပမာဏ ပိုနည်းတာကို တွေ့ရပါတယ်။

ဒါကြောင့် အရေးကြီးတဲ့အလုပ်တခုခု မလုပ်မီမှာ ၂ မိနစ်လောက် အဲဒီလို ယုံကြည်မှုရှိတဲ့ ကိုယ်နေဟန်ထားမျိုး (High power pose) ကို တမင်လုပ်ယူကြည့်ပါ။ အဲဒါက စိတ်ဖိစီးနေတာတွေကို လျော့နည်းစေပြီး ကိုယ့်ရဲ့ ယုံကြည်မှုကို တက်စေပါလိမ့်မယ်။

တစ်ခုတော့ ရှိပါတယ်။ အဲဒီခဏလေး အောင်မြင်အောင် လုပ်လိုက်နိုင်ဖို့အတွက်နဲ့ပဲ ဟန်မဆောင်ပါနဲ့။ တကယ်ကို ကိုယ့်စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ကိန်းအောင်းလာတဲ့အထိ ဟန်ဆောင်ကြဖို့တော့ လိုပါတယ်။

Don’t fake it ‘til you make it. Fake it ‘til you become it.

ဒါဆိုရင် အချိန်တစ်ခု ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။

မှတ်ထားပါ၊ စိတ်ခံစားချက်တွေက ကိုယ်နေဟန်ထားမှာ လာပေါ်သလို၊ ကိုယ်နေဟန်ထားကလည်း စိတ်ခံစားချက်ကို ပြင်ပေးပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိချင်ရင်

√ ကိုယ်လုပ်ရမယ့်အလုပ်မှာ ကျွမ်းကျင်အောင် ကြိုးစားပါ။
√ ၀တ်စားဆင်ယင်မှုကို ဂရုစိုက်ပါ။
√ နောက်ပြီး အရေးကြီးတာတခုခု လုပ်တော့မယ့်အခါတိုင်း ၂ မိနစ် ဟန်ဆောင်ပါ။

Self-Con-Fidence = Style + Competence + Fake ဖြစ်ပါတယ်၊၊

ဒေါက်တာ ဖြိုးသီဟ
၁၃.၅.၂၀၁၇

Ref: Your body language shapes who you are – Amy Cuddy (TED talk, June 2012)
- - - - - - - - - -

No comments: