Sunday, September 8, 2019

ဆီးကျိတ်ကြီးခြင်းရောဂါ (BPH) ကို ဆေးဝါးဖြင့်ကုသခြင်း


************************************

💢 MWD: BPH ဖြစ်နေသူတွေဟာ မလွဲမသွေဆိုသလို ဆေးဝါးတွေကို မှီဝဲရလေ့ရှိပါတယ်.. ဒီလိုမှီဝဲရာမှာ သိသင့်သိထိုက်တာလေးတွေကို ဗဟုသုတအဖြစ် တင်ဆက်သွားမှာဖြစ်ပါတယ်…

💢 USN: ပြီးခဲ့တဲ့အပတ်ကတော့ BPH ဖြစ်တဲ့သူတွေအတွက် ဘယ်လိုနေထိုင်စားသောက်သင့်တယ်ဆိုတဲ့ အကြောင်းတော့ သိရပါပြီဆရာ..  ဒါ့အပြင် BPH ဖြစ်နေသူတွေအနေနဲ့ ဘယ်လိုမျိုးဆေးဝါးတွေ မှီဝဲသင့်တယ်ဆိုတာလဲ သိချင်ပါတယ် ဆရာ…

Dr.KML: ပြီးခဲ့တဲ့အပတ်ကပြောခဲ့တဲ့  Life style လို့ခေါ်တဲ့ အနေအထိုင်၊ အစားအသောက်ကတော့ အားလုံးနဲ့ သက်ဆိုင်ပါတယ်.. အချို့လဲ အနေအထိုင်၊ အစားအသောက် ဂရုစိုက်ပေးလိုက်တာနဲ့ ဘာဆေးမှသောက်စရာမလို၊ ခွဲစရာစိတ်စရာလဲမလိုဘဲ ကောင်းနေတဲ့သူတွေ အများကြီးရှိပါတယ်.. ဒါပေမယ့် BPH ဖြစ်တာကြာလို့ပဲဖြစ်ဖြစ်၊ အသက်ပိုကြီးလာလို့ပဲဖြစ်ဖြစ် (ဥပမာ အသက် ၆၀ ကျော်ရင်)၊ ဆီးနဲ့ပတ်သတ်တဲ့လက္ခဏာတွေ ခံစားနေရရင်တော့ ဆေးတွေပါမှီဝဲဖို့လိုပါတယ်.. ဒီလိုမှီဝဲတဲ့အခါမှာ အုပ်စု (၂) ခု ရှိပါတယ်..

(၁) ဓာတုဗေဒနည်းနဲ့ ပြုလုပ်ထားတဲ့ဆေးဝါးများ (Chemical Drugs)
(၂) သဘာဝဆေးဝါးများ (Natural Medicine) ဆိုပြီးဖြစ်ပါတယ်..

💢 USN: ဓာတုဗေဒဆေးဝါတွေအကြောင်းလဲ အသေးစိတ်သိချင်ပါတယ် ဆရာ..

Dr.KML: ဒီမှာလဲ ပြန်ပြီးအုပ်စု (၂) ခု ထပ်ခွဲထားပါတယ်.. Anti-androgen အုပ်စုနဲ့ Alpha-blocker အုပ်စုဆိုပြီး ဖြစ်ပါတယ်.. Anti-androgen အုပ်စုဆိုတာက Testosterone ကနေ DHT ပြောင်းတာ နည်းသွားအောင် လုပ်တဲ့ဆေးတွေဖြစ်ပါတယ်.. ဥပမာ Finasteride လိုဆေးမျိုးပေါ့.. 5 Alpha-reductase inhibitor လို့လဲခေါ်ကြပါတယ်.. ဒီဆေးကိုပေးလိုက်ရင် DHT တွေလျော့သွားလို့ Prostate gland ရဲ့အရွယ်အစားလဲ ပြန်သေးသွားပါတယ်..  Prostate အရွယ်အစားကြီးလေလေ ပိုပြီးထိရောက်လေဖြစ်ပြီး စပြီးဖြစ်ခါစဆိုရင်တော့ ထိရောက်မှုနည်းပါတယ်.. သူ့ကိုသောက်ရင် တစ်နေ့တစ်လုံးပဲ သောက်ဖို့လိုပါတယ်.. သောက်သောက်ချင်း အာနိသင်ချက်ချင်းမပြပါဘူး.. တဖြည်းဖြည်းချင်းသာပြပြီး ၆ လလောက်ကြာမှ သိသိသာသာ သက်သာတတ်ပါတယ်.. အချို့လူတွေမှာတော့ Response လုပ်ချင်မှလုပ်ပါတယ်.. အထူးသဖြင့် BPH ဟာ gland မှာရှိတဲ့ smooth muscle လို့ခေါ်တဲ့ ကြွက်သားတွေကြီးလို့ ဖြစ်တာဆိုရင်တော့ ဒီဆေးနဲ့မသက်သာနိုင်ပါဘူး..

💢 USN: Side effect တွေ ဘာတွေများရှိပါသလဲ ဆရာ..

Dr.KML: ကြာကြာစွဲသောက်ရတဲ့ဆေးဖြစ်တာကြောင့် တချို့အမျိုးသားတွေမှာ ရင်သားတွေတင်းပြီး ထိရင်နာတာမျိုး ဖြစ်တတ်ပါတယ်.. အချို့လူနည်းစု (၅%လောက်) ကတော့ Impotence လို့ခေါ်တဲ့ ပန်းသေပန်းညှိုးဖြစ်တတ်ပါတယ်.. ဒီလိုဖြစ်ရင် ဆရာဝန်နဲ့ ပြန်တိုင်ပင်သင့်ပါတယ်.. တခြားကြီးမားတဲ့ side effect တော့မရှိပါဘူး..

💢 USN: နောက်ထပ်ဆေးတစ်မျိုးလဲ ဆက်ပြောပါဦး ဆရာ..

Dr.KML: ဒုတိယအုပ်စုကိုတော့ Alpha-blocker လို့ခေါ်ပါတယ်.. သူကတော့ smooth muscle လို့ခေါ်တဲ့ ကြွက်သားလေးတွေကို တင်းနေရာကနေ လျော့သွားအောင် လျှော့ပေးတဲ့ဆေးဖြစ်ပါတယ်.. သူ့ကို အရင်က သွေးတိုးရောဂါကုသရာမှာ သုံးခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ.. ဘာလို့လဲဆိုတော့ သွေးတိုးရောဂါဆိုတာ သွေးကြောလေးတွေရဲ့နံရံမှာရှိတဲ့ ကြွက်သားလေးတွေ ကျုံ့သွားလို့ အဓိကဖြစ်ရတာဆိုတော့ ဒီဆေးပေးလိုက်ရင် သွေးကြောလေးတွေ ကျယ်သွားတဲ့အတွက် သွေးပေါင်ချိန်လဲ ကျသွားပါတယ်..


 အလားတူပဲ.. Prostate gland မှာလဲ smooth muscle ကြွက်သားလေးတွေ ရှိပါတယ်.. ဒီကြွက်သားလေးတွေတင်းလာရင် အတွင်းမှာရှိတဲ့ဆီးပြွန်ကို အပြင်ကနေ ညှစ်ထားသလိုဖြစ်တော့ ဆီးသွားရခက်တာပေါ့..  ဒီလိုလူမျိုးကို Alpha-blocker ပေးလိုက်ရင် သက်သာတာမြန်ပါတယ်.. ရက်ပိုင်းအတွင်း ဒါမှမဟုတ် တစ်ပတ်နှစ်ပတ်အတွင်း သက်သာနိုင်ပါတယ်.. ခုနကပြောခဲ့တဲ့ Finasteride မလုပ်နိုင်တဲ့အလုပ်ကို သူကလုပ်ပေးပါတယ်..
အထူးသဖြင့် BPH လဲရှိမယ်.. သွေးတိုးရောဂါလဲ ရှိမယ်ဆိုရင်တော့ ဒီဆေးဟာ အထူးပဲသင့်တော်ပါတယ်.. ဈေးလဲသက်သာပါတယ်.. ဥပမာအနေနဲ့ပြောရရင် Prazosin, Terazosin, Doxazosin, Tamsulosin, Alfuzosin ဆိုတဲ့ဆေးတွေဖြစ်ပါတယ်.. တစ်မျိုးသောက်ရင် လုံလောက်ပါတယ်..

💢 USN: သူ့ရော side effect တွေ ဘာတွေ ရှိပါသေးလား ဆရာ..

Dr.KML: အဓိက side effect ကတော့ သွေးကြောတွေကိုကျယ်စေတဲ့အတွက် ရုတ်တရက် BP (သွေးပေါင်) ကျသွားတတ်ခြင်းဖြစ်ပါတယ်.. အထူးသဖြင့် အိပ်နေရာကနေ ရုတ်တရက် ထိုင်လိုက်လို့ပဲဖြစ်ဖြစ်၊ ထိုင်နေရာကနေ ရုတ်တရက်ထလိုက်လို့ပဲဖြစ်ဖြစ်၊ ဦးနှောက်ကိုသွေးရောက်တာ ရုတ်တရက်နည်းသွားပြီး မိုက်ကနဲဖြစ်တာတို့၊ မူးသွားတာတို့ကအစ ကြမ်းပြင်ပေါ်လဲကျတဲ့အထိ ဖြစ်တတ်ပါတယ်.. ဒါကိုရှောင်လွှဲနိုင်ဖို့အတွက် ဒီဆေးကို ညအိပ်ခါနီးသောက်တာ အကောင်းဆုံးဖြစ်ပါတယ်..
တခြား side effect အနေနဲ့ နှာခေါင်းမှာရှိတဲ့ သွေးကြောတွေပါ ကျယ်စေတဲ့အတွက် နှာခေါင်းပိတ်တာတို့၊ ကြွက်သားတွေလျော့နေလို့ ခြေလက်မသယ်ချင်ဖြစ်တာတို့၊ ဆီးကျိတ်ရဲ့ကြွက်သားတွေလျော့နေလို့ သုတ်ရည်လွှတ်တာ လျော့သွားတာ (ejaculation)တို့ ဖြစ်တတ်ပါတယ်..

💢 USN: ဒီဆေးနှစ်မျိုးကို တွဲပြီးသောက်လို့ရော ရပါသလား ဆရာ..

Dr.KML: ရပါတယ်.. များသောအားဖြင့်လဲ ဆရာဝန်တွေက တွဲပေးလေ့ရှိပါတယ်.. ဒီဆေးတွေဟာ မိမိသဘောအတိုင်း မသောက်သင့်ဘဲ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ပြသပြီး သောက်ရမှာဖြစ်ပါတယ်.. side effect တွေကိုတော့ သိထားသင့်ပြီး ဖြစ်လာခဲ့ရင် မိမိကိုကုသနေတဲ့ ဆရာဝန်ဆီမှာ အမြန်ဆုံးပြောပြပြီး ဆေးအတိုးအလျှော့လုပ်ရမှာ ဖြစ်ပါတယ်..

💢 USN: ဓာတုဗေဒဆေးဝါးတွေအကြောင်းတော့ အတော်လေး ပြည့်ပြည့်စုံစုံသိရပါပြီ.. သဘာဝဆေးဝါးတွေအကြောင်းလဲ ဆက်ပါဦး ဆရာ..

Dr.KML: သူ့မှာလဲ အဓိက သဘာဝဆေး (၂) မျိုးရှိပါတယ်.. Bee Pollen နဲ့ Saw Palmetto တို့ပဲဖြစ်ပါတယ်..

💢 USN: Bee Pollen ကတော့ ကျွန်တော် သောက်နေတာကြာပါပြီ ဆရာ.. ဒါပေမယ့် ဒီဆေးအကြောင်းကိုတော့ ဂဃနဏ မသိခဲ့ပါဘူး..  အခုတော့ ကျွန်တော်သိချင်နေတာတွေ မေးခွင့်ရတော့ အဆင်ပြေသွားတာပေါ့.. ပထမဆုံးသိချင်တာက Bee Pollen ဆိုတာ ဘာလဲဆိုတာ သိပါရစေ..

Dr.KML: ကျွန်တော်တို့သက်ရှိလောကမှာ အပင်လောက (Plant Kingdom) နဲ့ သတ္တ၀ါလောက (Animal kingdom) ဆိုပြီး အဓိက (၂) ခုရှိတာ အားလုံးအသိပဲဖြစ်ပါတယ်.. သက်ရှိတွေရဲ့ အဓိကတာဝန်တစ်ရပ်အနေနဲ့ မျိုးဆက်ပြန့်ပွားရေးကို လုပ်ဆောင်ကြရပါတယ်.. ကျွန်တော်တို့လူတွေကိုကြည့်ရင် Sperm လို့ခေါ်တဲ့ အဖိုမျိုးစေ့နဲ့ Ovum လို့ခေါ်တဲ့ မမျိုးဥတို့ ပေါင်းစပ်ပြီး မျိုးအောင်ခြင်းကိုဖြစ်စေတဲ့အတွက် လူသားမျိုးနွယ်တွေဖြစ်လာပါတယ်..
အလားတူပါပဲ.. အပင်တွေမှာလဲ ပန်းပွင့်တွေမှာရှိတဲ့ အဖိုဝတ်မှုန်နဲ့ အမ၀တ်မှုန်တို့ ပေါင်းစပ်မျိုးအောင်ပြီး နောက်ထပ်အပင်တစ်ပင် ဖြစ်စေပါတယ်.. ဒီတော့ ကျွန်တော်တို့လူရဲ့ အဖိုမျိုးစေ့ sperm နဲ့ အပင်ရဲ့အဖိုမျိုးစေ့ဟာ သဘောသဘာဝချင်း အတူတူဖြစ်ပါတယ်.. ပါဝင်ဖွဲ့စည်းပုံတော့ အနည်းငယ်ခြားနားတာပေါ့လေ.. ပန်းပင်မှာရှိတဲ့ အဖိုဝတ်မှုန်မှာ ကျွန်တော်တို့အမျိုးသားတွေရဲ့ အဖိုဟိုမုန်းတွေရဲ့ Precursor လို့ခေါ်တဲ့ အခြေခံပစ္စည်းတွေ အများကြီးပါပါတယ်.. ပန်းပွင့်မှာရှိတဲ့ ၀တ်ရည်ကိုစုပ်ဖို့ ပျားကလေးတွေဟာ ရောက်လာတဲ့အခါ ၀တ်ရည်စုပ်တဲ့အလုပ်အပြင် သူတို့ခြေထောက်တွေမှာ ကပ်ညှိလာတဲ့အဖိုဝတ်မှုန်တွေကို ပျားရည်နဲ့ရောပြီး အလုံးကလေးတွေ (granules) ဖြစ်အောင်ပြုလုပ်ပါတယ်.. ပြီးရင် သူ့ရဲ့ခြေထောက်မှာရှိတဲ့ ၀တ်မှုန်အိတ် (Pollen busket) ထဲကိုထည့်ပြီး ပျားအုံဆီကိုပြန်လာပါတယ်.. ပြီးရင် ၃ ရက်ကျော်တဲ့ ပျားသားပေါက်လေးတွေကို ကျွေးပါတယ်.. သူ့မှာပါတဲ့ အာဟာရဓာတ်တွေကြောင့် ပျားလေးတွေဟာ ၂၂ ရက်ကြာရင် Adult Bee လို့ခေါ်တဲ့ အရွယ်ရောက် အလုပ်လုပ်နိုင်တဲ့ပျားတွေ ဖြစ်သွားပါတယ်.. ဒီ Pollen တွေကိုစုစည်းပြီး ရတဲ့ပစ္စည်းကို Bee Pollen လို့ခေါ်ခြင်းဖြစ်ပါတယ်..

💢 USN: ဒါဆိုရင် ပျားကတဆင့်သယ်လာတဲ့ Bee Pollen ကိုမယူဘဲနဲ့ ပန်းပွင့်ကနေရတဲ့ အဖိုဝတ်မှုန်ကိုပဲ တိုက်ရိုက်ယူပြီးစားရင်ကော မရဘူးလား ဆရာ..

Dr.KML: ဒါ မေးသင့်တဲ့မေးခွန်းဖြစ်ပါတယ်.. မရဘူးလို့ပဲဖြေရပါမယ်.. အဓိကအချက် (၂) ချက်ကြောင့်ပါ.. ပထမအချက်က ပန်းပင်မှာရှိတဲ့ Pollen ဟာ လူအများစုအတွက်ကို allergy လို့ခေါ်တဲ့ ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်.. Antigenicity လို့ခေါ်ပါတယ်.. အရေပြားယားယံတာကအစ ပန်းနာရင်ကြပ်ရောဂါအထိ ဖြစ်စေနိုင်ပါတယ်..
ဒုတိယအချက်က အဖိုဝတ်မှုန်တစ်ခုချင်းကို အပြင်ကနေ shell လို့ခေါ်တဲ့အခွံနဲ့ အုပ်ထားပါတယ်.. အဲဒီအခွံဟာ အလွန်မာကြောတာကြောင့် ခန္ဓာကိုယ်ထဲမှာ အလွယ်တကူမကျေနိုင်ပါဘူး.. ဒါကြောင့် ပါဝင်တဲ့အာဟာရဓာတ်တွေလဲ မစုပ်ယူနိုင်လို့ အာနိသင်လဲရမှာမဟုတ်ပါဘူး.. ဒါကြောင့် အာနိသင်မရဘဲ side effect ပဲရနိုင်တဲ့ ပန်းပင်ကရတဲ့ဝတ်မှုန်ကို တိုက်ရိုက်ယူပြီး မစားသင့်ပါဘူး..

💢 USN: Bee Pollen ဖြစ်သွားရင်ရော ဘယ်လိုများပြောင်းလဲသွားလို့ သုံးနိုင်တဲ့အဆင့်ကို ရောက်သွားတာပါလဲ ဆရာ..

Dr.KML: ပန်းပွင့်မှာရှိတဲ့ အဖိုဝတ်မှုန်တွေဟာ ပထမဆုံး လုပ်သားပျားမရဲ့ခြေထောက်မှာ အရင်ဆုံးကပ်ညှိပါတယ်.. ပြီးတော့ ပျားမရဲ့ပါးစပ်မှာရှိတဲ့ saliva တံတွေးနဲ့စုပ်ပြီး granule လို့ခေါ်တဲ့ အလုံးလေးတွေဖြစ်အောင် လုပ်ပါတယ်.. ပြီးရင် သူ့ရဲ့အစာအိမ်ကနေတဆင့် ပြန်ထုတ်လိုက်တဲ့ပျားရည်နဲ့ ထပ်ပြီးလုံးပါတယ်.. ပြီးမှ သူ့ရဲ့ Pollen Busket ထဲထည့်ခြင်း ဖြစ်ပါတယ်.. ဒီလိုလုပ်လိုက်တဲ့အတွက် Salivary enzyme တွေရယ် ပျားရည်မှာပါတဲ့ enzyme တွေကြောင့် လူရဲ့ခန္ဓာကိုယ်ကို allergic ဖြစ်စေနိုင်တဲ့ Protein တွေဟာ ပျက်စီးသွားပါတယ်.. ပြီးတော့ Shell လို့ခေါ်တဲ့အခွံဟာလဲ ပျက်စီးသွားတဲ့အတွက် ခန္ဓာကိုယ်ကနေ အလွယ်တကူချေဖျက်ပြီး စုပ်ယူနိုင်ပါတယ်..
ဒါကြောင့် Bee Pollen ဟာ 100% absorb လုပ်နိုင်ပြီး allergic မဖြစ်တော့တဲ့ ဆေးဖက်ဝင်ပစ္စည်း ဖြစ်သွားရခြင်းဖြစ်ပါတယ်..

💢 USN: Bee Pollen သောက်ရင် BPH ကို ဘယ်နည်းဘယ်ပုံ သက်သာစေတာလဲဆိုတာ သိပါရစေ ဆရာ..

Dr.KML: Bee Pollen မှန်မှန်သောက်ရင် BPH အတွက် အများကြီးအကျိုးရှိပါတယ်..
ပထမဆုံးအနေနဲ့ Prostate gand ကို ပုံမှန်ပြန်ပြီးအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်.. Bee Pollen မှာပါတာက အဖိုဝတ်မှုန်တွေဖြစ်လို့ male hormone ဖြစ်တဲ့ Testosterone ထုတ်လုပ်ရာမှာ လိုအပ်တဲ့ကုန်ကြမ်းတွေ အင်ဇိုင်းတွေ အများကြီးပါဝင်ပါတယ်.. သူ့ကိုပုံမှန်စားရင် Testosterone တွေ ပုံမှန်ပြန်ထွက်လာစေတဲ့အတွက် DHT အဖြစ်ပြောင်းတာ နည်းသွားပါတယ်.. Estrogen activity ကို ကောင်းစွာဟန့်တားထားနိုင်လို့ ရှိပြီးသား DHT တွေဟာလဲ ဆီးနဲ့အတူ အလွယ်တကူ စွန့်ထုတ်နိုင်ပါတယ်.. ဒါ့ကြောင့် Prostate gland ဟာ ထပ်မကြီးနိုင်တော့ပါဘူး..
ဒုတိယအနေနဲ့ Prostate မှာရှိတဲ့ ကြွက်သားတွေကို လျော့သွားစေပါတယ်.. ဒါ့ကြောင့် ဆီးသွားလို့ပိုကောင်းစေပါတယ်.. သူဟာ တိုက်ရိုက်လျော့ပါးစေတာဖြစ်ပြီး Alpha blocking ကြောင့်ရတာမဟုတ်လို့ သွေးကြောနံရံတွေကျယ်ပြီး သွေးပေါင်းကျတာတို့၊ မူးတာတို့ ဖြစ်လေ့မရှိပါဘူး..
နောက်တတိယအချက်အနေနဲ့ သူ့မှာပါတဲ့ enzyme တွေဟာ Prostate gland ရဲ့ရောင်ရမ်းမှုကို ကျစေပါတယ်.. BPH ဖြစ်တဲ့သူတွေအများစုဟာ ဆီးကျိတ်ရောင်လေ့ရှိပါတယ်.. ရောင်ရင် ဆီးလမ်းကြောင်းပိတ်ပြီး ဆီးသွားလို့မရဘူး ဖြစ်တတ်ပါတယ်.. ဒါ့ကြောင့် အရောင်ကျစေတဲ့သတ္တိ Anti-inflammation ဟာလဲ အရေးပါတဲ့အာနိသင်ဖြစ်ပါတယ်.. ဒီသုံးချက်ကြောင့် Bee Pollen မှန်မှန်သောက်ရင် BPH လူနာတွေ သက်သာသွားတာဖြစ်ပါတယ်..

💢 USN: သူ့မှာရော ဘာ side effect တွေများ ရှိတတ်ပါသလဲ ဆရာ..

Dr.KML: Flower Pollen ကနေတဆင့်လာတဲ့အတွက် အချို့သောသူတွေမှာ ဓာတ်မတည့်မှု ဖြစ်တတ်ပါတယ်.. ဥပမာ ဆေးသောက်ပြီး အရေပြားယားယံတာတို့ နားရွက်တွေ မျက်နှာတွေ နီလာတာတို့ နှုတ်ခမ်းတွေထူလာတာတို့ ချောင်းဆိုးချင်သလိုလိုဖြစ်တာတို့ ဖြစ်တတ်ပါတယ်.. အချို့သူတွေမှာ အဆုတ်ပြွန်လေးတွေ ကျယ်သွားတဲ့အတွက် ရင်ကြပ်တာတို့ဘာတို့ ဖြစ်တတ်ပါတယ်.. ပန်းနာရင်ကြပ်အခံရှိသူတွေအနေနဲ့ ပိုသတိထားရပါမယ်..  အကောင်းဆုံးက စသောက်ခါစမှာ တည့်/မတည့်မသေချာသေးတော့ နည်းနည်းချင်း စသောက်ပါ.. ပြီးမှ တဖြည်းဖြည်း လိုချင်တဲ့အတိုင်းအတာကိုသောက်ရင် ပြဿနာမရှိပါဘူး..
ဒုတိယကတော့ အချို့လူတွေမှာ အစာမကြေတာ၊ ရင်ပြည့်တာ၊ ၀မ်းပျက်တာတို့ ဖြစ်တတ်ပါတယ်.. ဒီလိုမျိုးဖြစ်ရင် အစာစားပြီးမှသောက်ရင် အဆင်ပြေသွားတတ်ပါတယ်..
တတိယအနေနဲ့ သူ့မှာ သဘာဝ sugar (၁၁) မျိုးပါဝင်တဲ့အတွက် ဆီးချိုသွေးချိုရောဂါရှိသူများသုံးရင် သတိထားရပါမယ်.. မိမိကိုကုသနေတဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်..
နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးကတော့ Bee Pollen ရဲ့ Quality ပိုင်းဆိုင်ရာ side effect ဖြစ်ပါတယ်.. Quality မကောင်းတဲ့ Bee Pollen ကိုသောက်မိရင် ရောဂါမပျောက်ဘဲ side effect တွေရနိုင်ပါတယ်.. ဥပမာ Pollen ကို စုဆောင်းထုတ်လုပ်ရာမှာ သန့်ရှင်းမှုမရှိခဲ့ရင် bacteria တို့ fungus တို့စတဲ့ ရောဂါပိုးတွေ ပါလာတတ်ပါတယ်..

💢 USN: Bee Pollen အကြောင်းတော့ အတော်လေး ပြည့်ပြည့်စုံစုံသိရပါပြီ ဆရာ..  Saw Palmetto အကြောင်းလဲ ဆက်ပါဦး ဆရာ..

Dr.KML: အပင်နာမည်မှာပါတဲ့ Saw ဆိုတာ လွှလို့ အဓိပ္ပာယ်ရပါတယ်.. သူ့ရဲ့အရွက်လေးတွေဟာ လွှသွားနဲ့တူလို့ဖြစ်ပြီး Palm ဆိုတာကတော့ ထန်းပင်အုပ်စုမှာပါလို့ ခေါ်တာဖြစ်ပါတယ်.. etto ဆိုတာ ဘယ်ရီသီးလို့ အဓိပ္ပာယ်ရပါတယ်.. ဒါ့ကြောင့် အားလုံးခြုံပြီးပြောရရင် ဘယ်ရီသီးသီးသော လွှသွားပါသည့်ထန်းပင်လို့ အဓိပ္ပာယ်ရပါတယ်.. မြန်မာအမည်အနေနဲ့ ဆေးဖက်ဝင်တဲ့ ထန်းပင်အုပ်စုဖြစ်လို့ ဆေးထန်းပင်လို့ ခေါ်ပါတယ်..
သူရဲ့ Native ကတော့ မြောက်အမေရိကတိုက်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု California ပြည်နယ်ကနေ Florida ပြည်နယ်အထိ ပေါက်ရောက်ပါတယ်.. အဲ့ဒီကနေမှတဆင့် ဥရောပတိုက်ကို ရောက်သွားပါတယ်.. အပင်ကတော့ ၆ ပေကနေ ၁၀ ပေလောက်အထိပဲ မြင့်ပါတယ်.. ဘယ်ရီသီးကို ဆေးထုတ်ရတာဖြစ်ပါတယ်..

💢 USN: ဒီအသီးတွေက ဘယ်လိုများ အာနိသင်ရှိပါသလဲ ဆရာ..

Dr.KML: သူ့မှာပါတဲ့ Beta-sitosterol လို့ခေါ်တဲ့ active principle တွေဟာ Testosterone ကနေ DHT မဖြစ်အောင် ဟန့်တားနိုင်စွမ်းရှိလို့ DHT နည်းအောင် လုပ်ပေးခြင်းဖြစ်ပါတယ်.. DHT မှာ Receptor (၂) မျိုးရှိရာမှာ နံပတ် (၁) က ဦးခေါင်းဆံပင်ရင်းမှာရှိပြီး နံပါတ် (၂) က ဆီးကျိတ်မှာရှိပါတယ်.. သူက (၂) ခုစလုံးကို ပိတ်ပင်ဟန့်တားတဲ့အတွက် ဆီးကျိတ်ကိုသေးစေရုံမက ဆံပင်ပါမကျွတ်အောင် ဟန့်တားနိုင်စွမ်းရှိပါတယ်..

💢 USN: Bee Pollen နဲ့ Saw Palmetto ဟာ တစ်ခုချင်းစီပဲ သောက်ရမှာလား.. ဒါမှမဟုတ် တွဲသောက်ရမလားဆိုတာလဲ သိပါရစေ ဆရာ..

Dr.KML: နှစ်ခုတွဲသောက်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်.. Bee Pollen က Testosterone တွေပုံမှန်ထုတ်နိုင်အောင် လုပ်ပေးမယ်.. ရောင်တာတွေဘာတွေ မဖြစ်အောင်လုပ်ပေးမယ်.. Saw Palmetto က Testosterone ကနေ DHT မဖြစ်အောင် ကာကွယ်ပေးမယ်ဆိုရင် အထိရောက်ဆုံးဖြစ်ပါတယ်..

#BPH
#NaturalSupplement
#HealthTalk

မူလတင်ထားတဲ့ စာမျက်နှာက - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

No comments: