စီချွမ်ငရုတ်ကောင်းနဲ့ချက်တဲ့ ကြက်သားကော်ရည်ခေါက်ဆွဲ (၃ ပိဿာ)
................................
စီချွမ် ငရုတ်ကောင်း (Hun Jiao)ရဲ့ ရနံ့ကိုနှစ်သက်တာကြောင့် ဒီနည်းလေးလုပ်ဖြစ်တာပါ။ Sule Shangrila ရဲ့ စီချွမ်ဟင်းလျာမိတ်ဆက်ပွဲကိုရောက်တော့ စိတ်ကူးရတာနဲ့ တရုတ်စားဖိုမှူးစီကနေ Hua Jiao ငရုတ်ကောင်းတောင်းလာခဲ့ပြီး အိမ်ရောက်တော့ ပြန်ချက်ကြည့်လိုက်တာ၊ အရသာထူးခြားလွန်းတော့ ပရိသတ်များအတွက် ပြန်ဝေမျှပေး လိုက်တာပါ။ Hua Jiao ငရုတ်ကောင်းကိုတော့ ၆ဝ ဂရမ်ပုလင်းလေးတွေနဲ့ City Mart မှာဝယ်လို့ရပါတယ်။ ချက်နည်းလေးကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်းများ
.....................
• ခေါက်ဆွဲအလုံးကြီး - ၃ ပိဿာ
• ကြက်လည်ပင်း၊ ခြေထောက်၊ လည်ချောင်းအရိုးစုံ - ၁ ပိဿာ
• ကြက်ရင်ပုံ - ၁ ပိဿာ
• ဆား - ၁ဝဝဂရမ်
• သကြား - ၅ဝ ဂရမ်
• ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း ၁ ဇွန်း
• ခေါင်းစိမ်းပဲငံပြာရည် - ၁ဝဝ မီလီလီတာ
(ပုလင်းအသေးတစ်ဝက်စာ)
• ချင်းမှုန့် - ထမင်းစားဇွန်း ၂ ဇွန်း
• စီချွမ်ငရုတ်ကောင်း - ထမင်းစားဇွန်း ၂ ဇွန်း
• နာနတ်ပွင့် - ၅ ပွင့်
• ရေ - ၃ဝ လီတာ
• ငရုတ်ကောင်းအမည်းမှုန့် - စားပွဲဇွန်း ၃ဇွန်း
• ဘဲဥ - ၁ဝလုံး
• ကော်မှုန့် - ၆ထုပ်
• ကြက်သွန်နီကြော်ပြီး - ၅ ကျပ်သား
• ပဲပင်ပေါက် - ၁ ပိဿာ
• ကန်စွန်းရွက် - ၁ဝ စည်း
တွဲဖက်စားရန် ငါးပိထောင်းလုပ်နည်း
..........................
၁။ ထိုင်းကင်းမွန်စိမ်းစားငါးပိ ၁ ဘူးကို ငရုတ်နီအတောင့် ၂ဝ၊ ကြက် သွန်ဖြူများနှင့် အလူမီနီယမ်ဖိုင်ပြားမှာဖြန့်တင်ပြီး အိမ်သုံးအကင် မီးဖိုမှာကင်ပါ (သို့မဟုတ်) ရိုးရိုးမီးဖိုမှာကင်မယ်ဆိုရင် အထက် အောက်လုံအောင်ထုပ်ပြီး ငါးမိနစ်ခန့်ကင်ပေးပါ။ အအေးခံပြီး ကြိတ်စက်မှာ ပုစွန်ခြောက်များနှင့် အတူရောထည့်ပြီးကြိတ်ပေးပါ။
၂။ ကြိတ်ပြီး ရလာသောငါးပိအနှစ်များကို ရှလကာရည်နှင့်ဖျော်ပြီး ခေါက်ဆွဲနှင့်တွဲဖက်စားနိုင်သလို၊ ငရုတ်ပွအနီတောင့်ကြီးများကို ပါးပါးလှီးပြီး ရှလကာရည် သို့မဟုတ် ကီကိုးမန်းပဲငံပြာရည်စိမ် ထားတဲ့ အချဉ်နဲ့လည်း တွဲဖက်စားနိုင်ပါတယ်။
ကြက်သားကော်ရည်ချက်ရန်
.........................
၁။ ဦးစွာ ကြက်အရိုးနှင့် အသားအားလုံးကို ရေစင်အောင်ဆေးပြီး ဆား၊ သကြား၊ ပဲငံပြာရည် ၂ မျိုး စလုံးနဲ့ ရောနယ်ထားပါ။
၂။ ဆီလုံးဝမပါဘဲ ဟင်းအရည်ချက်မည့်ဒန်အိုးကြီးမှာ ကြက်သားများကို Hua Jiao ငရုတ်ကောင်း၊ နာနတ်ပွင့်တို့ထည့်ပြီး အရည်များထွက်လာသည်အထိ လုံးတည်ထားပါ။ ကြက်ရိုးများမှအ ရည်များထွက်လာပြီး ပွက်ပွက်ဆူလာလျှင် ရေနွေးထည့်ပြီးတည်ပါ။ အမြှုပ်များစစ်ထုတ်ပေးပါ။
၃။ ရင်ပုံများကိုဖယ်ထုတ်ပြီး အအေးခံထားပါ။ ဟင်းရည်ကိုဆက်တည်ပြီး အရသာမြည်းကြည့်ပါ။
၎။ ဘဲဥများကိုကြေအောင် နာနာခေါက်ပြီး ဟင်းရည်ကိုမွှေပြီး ဘဲဥအရည်များကို နည်းနည်းချင်း လောင်းထည့်ပါ။
၅။ ကော်မှုန့်ကိုအရည်ဖျော်ပြီး ဟင်းရည်မှာထည့်မွှေပေးပြီး အနည်းငယ်ပွက်သည်အထိတည်ပေး၊ ကြက်သွန်နီကြော်များထည့်ပေးပြီး အရည်ပျော်သွားပြီးရင် ငရုတ်သီးမှုန့်ထည့်ပြီး စားသုံးရန် ဟင်းရည် အသင့်ရပါပြီ။
ခေါက်ဆွဲပြုတ်ရန်နှင့် ပြင်ဆင်ရန်
.........................
၁။ ရေများများဆူအောင်တည်ထားပြီး ခေါက်ဆွဲများကို ၃ မိနစ်ခန့် ပြုတ်ပါ။ ခေါက်ဆွဲများနူးလာ လျှင်ရေစစ်ပြီး မကပ်စေရန် ဆီ အနည်းငယ်ဆမ်းပြီး သမထားပါ။
၂။ ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်များကိုလည်း ရေနွေးဖျောထားပါ။
၃။ အအေးခံထားသောကြက်သားများကို ပါးပါးလွှာထားပါ။
၎။ ခေါက်ဆွဲပွဲပြင်ရန် ခေါက်ဆွဲများကို ပန်းကန်လုံးတစ်ခုထဲအရင်ထည့်ပြီး ဟင်းရည်များလောင်း ပါ။ ဘေးမှ ပါးပါးလှီးထားသော အသားများ၊ ကန်စွန်းရွက်၊ ပဲပင်ပေါက်များနဲ့ပြင်ဆင်ပြီး သုံး ဆောင်နိုင်ပါပြီ။
........................
ကိုသစ်ထူး
(My Foodies)

Credit: Food Magazine Myanmar

No comments:
Post a Comment