Thursday, February 25, 2010

အနုပညာရှင်များရဲ့ အချစ်အဓိပ္ပာယ် (Part II)

အချစ်ဆိုတာ

နေတိုး - အချစ်နဲ့ပတ်သက်ပြီး တိတိကျကျခံစားချက်မျိုးတော့မရှိဘူး။ ဒါပေမဲ့ လူတစ်ယောက်မှာ အချစ်ဆိုတာ တကယ်ရှိဖို့လိုအပ်တယ်။ မရှိမဖြစ် ရှိလာတဲ့အရာတစ်ခုပေါ့။အဲဒီအရာမှာ အကောင်းဆုံးဖြစ်အောင် အဆင်ပြေဆုံး ဖြစ်အောင် ဘ၀အတွက်တစ်ခါတည်းစဉ်းစားပေး တယ်ဆိုရင် အချစ်ကပိုပြီး သန့်ရှင်းခိုင်မာမယ်လို့ ထင်တယ်။

ဝိုင်းစုခိုင်သိန်း - အချစ်ဆိုတာ အဓိပ္ပာယ်အမျိုးမျိုးဖွဲ့လို့ရတဲ့ အရာပေါ့နော်။ တစ်ခါတလေလည်း ချိုတယ်။ တစ်ခါတလေလည်း ခါးတယ်။ အရသာမျိုးစုံရှိတယ်။

သဇင် – တစ်ယောက်နဲ့တစ်ယောက်က အချစ်ကို ခံယူချက်ခြင်းမတူကြဘူး။ အချစ်က လူတွေအတွက် မရှိလို့လည်း မဖြစ် ဘူး။ အဲ့ဒီတော့ အချစ်က မရှိမကောင်း ရှိမကောင်း။ ဘယ်အရာမှ အလွန်အကျွံကြီးဆိုရင်တော့ မကောင်းဘူးပေါ့။ အဲ့ဒီလိုပဲ ထင်တယ်။

ခင်လေးနွယ် – အချစ်ကို နားလည်မှုတစ်ခုလို့ သဘောထားတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည် မှုရှိဖို့ပါပဲ။

ချောရတနာ – တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိသလို အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ကို စောင့်ရှောက် သလို ညီမ တစ်ယောက်ကလည်း အစ်ကိုတစ်ယောက်ကို ချစ်သလိုမျိုးပဲဖြစ်စေချင်တယ်။

ပြေတီဦး - အစ်ကိုလက်ခံထားတဲ့အချစ်က ပူလောင်မှုတစ်ခုပေါ့။

သူထူးစံ – အချစ်ဆိုတာကို ဘ၀မှာ မရှိမဖြစ် အရာတစ်ခုလို့နားလည်ထားပါတယ်။

အေးမြတ်သူ – တချို့ကပြောတယ် အချစ်ဆိုတာ 'အ'လို့ချစ်တာတဲ့။ ကိုယ်ကတော့ အဲဒီလိုမယူဆပါဘူး။ အချစ်ကို လူတွေ ကိုယ်စီကိုယ်စီ အဓိပ္ပာယ်အမျိုးမျိုးဖွဲ့ကြတယ်။ သူတို့ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ၊ ကြုံခဲ့ရတဲ့ အချစ်တွေအပေါ် မူတည်ပြီး ဖွင့်ဆိုချက်တွေ မတူညီနိုင်ကြ ဘူး။ အေးမြတ်သူကတော့ အချစ်ဆိုတာထက် သံယောဇဉ်ကိုပိုပြီး မက်မောတယ်။ ချစ်ပြီး ရင် အမုန်းဆိုတာရှိတယ်။ အချစ်ရဲ့ဆန့်ကျင် ဘက်ကအမုန်း။ အချစ်=အမုန်းလေ။ သံယောဇဉ်က အဲ့ဒီလိုမဟုတ်ဘူး။ လူတစ်ယောက်ကို သံယောဇဉ်ဖြစ်ပြီးရင် ဖြတ်လို့မရဘူး။ သံယောဇဉ်တွယ်မိသွားရင် သူဘာလုပ်လုပ် မုန်းလို့မရဘူး။

ထွန်းထွန်း - အချစ်ဟာ ကိုယ့်ဟာကိုယ် ပြဿနာတက်ဖို့အတွက်ကို တကူးတက ရှာနေတဲ့အရာလို့ထင်တယ်။

မယ်လိုဒီ – လူသားတိုင်း အချစ်ကို ရှောင်လွှဲလို့မရဘူးဆိုတဲ့အပေါ်လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတိုင်းက ချစ် ချင်ကြတယ်။ အချစ်ခံချင်ကြတယ်လေ။ အဲဒါကြောင့်မို့ ရှောင်လွှဲလို့မရတာပါ။ အချစ်နဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကိုယ် ချစ် တတ်တဲ့သူလို့မြင်တယ်။ ခုမှ ချစ်လွန်းလို့ ခက်နေတာ။

ခန့်စည်သူ – အချစ်ဆိုတာကတော့ ကိုယ်ပေးသလောက်ပြန်ရမှာပါ။ ကိုယ်သိပ်မပေးရင် သိပ်ပြန်မရဘူး။ ကိုယ်က အပြည့် အ၀ပေးရင် အပြည့်အ၀ရမှာပဲ။ ဒါအချစ်ပဲ။

တချို့တွေကပြောကြတယ်။ အချစ်ကို အချစ်နဲ့ပဲ ကုစားလို့ရတယ်တဲ့။ အစ်ကို(အစ်မ)အနေနဲ့ရော..

နေတိုး - ခံစားမှုကို ဦးစားပေးတဲ့လူတစ်ယောက်ဆိုရင်တော့ မပြောတတ်ဘူးပေါ့။ ကျွန်တော်ကတော့ အချစ်ကိုအချစ်နဲ့ ကုစားတယ်ဆို တာကိုတော့ သိပ်လက်မခံဘူး။

ဝိုင်းစုခိုင်သိန်း - ကုစားလို့တော့ရပါတယ်။ ဒါပေမဲ့ မတူပါဘူး။

သဇင် – အသည်းကွဲတာကိုဖြေဖျောက်နိုင်ဖို့ အခုအချိန်မှာတော့ ကုစားလို့ရမယ့်အရာမတွေ့သေးဘူး။

ပြေတီဦး - အသည်းတော့ကွဲခဲ့ဖူးပါတယ်။ အသည်းကွဲခဲ့တဲ့အကြောင်းကတော့ မမှတ်မိတော့ဘူး မေ့သွားပြီ။ အသည်းကွဲခဲ့ တဲ့အချိန် တွေမှာ အလုပ်တွေဖိလုပ်ရင်းပြီးသွားတာပေါ့။

သူထူးစံ – ခံစားမှုတစ်ခုခုဖြစ်ရင် ကျွန်တော့်စိတ်ကို အလုပ်ထဲမှာ မြှုပ်ပြီး အလုပ်လုပ်လိုက်တယ်။ ကျွန်တော်တို့ အနုပညာ သမားတွေဆို တာ လောင်ကျွမ်းရင်း တောက်ပနေတာပဲလေ။

အေးမြတ်သူ – အမှန်အတိုင်းပြောရရင် ၀င်တယ်။ စိတ်ဓာတ်ကိုကျသွားတာ။ ဘယ်သူမှလည်းမရှိစေချင်ဘူး။ ဘယ်သူနဲ့မှ လည်း မတွေ့ ချင်တော့ဘူး။ ဘာမှလည်းမလုပ်ချင်တော့ဘူး။ အခန်းကျဉ်းတစ်ခုထဲမှာ တစ်ပတ်လောက် နေခဲ့ဖူးတယ်။ နောက်ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး အားတင်းတယ်။ ပြီးတော့ ဒီမော်ဒယ်လ်အလုပ်ကို လုံးဝစိတ်နှစ်ပြီး အာရုံကိုလွှဲပစ်လိုက် တယ်။ ဒီအလုပ်ကို အာရုံစိုက်လုပ်တဲ့အတွက် ကြောင့် သူ့ကိုမေ့ပစ်လိုက်နိုင်တယ်။

တစ်ဖက်သတ်ချစ်ရတဲ့ ခံစားမှုအပေါ်မှာရော ဘယ်လိုမြင်မိလဲ။

နေတိုး - တစ်ဖက်သတ် ချစ်နေရတဲ့အချိန်မှာ လူတစ်ယောက်က သူ့အပေါ်မချစ်ဘူးလို့ငြင်းဆိုတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် သူ့ရဲ့အချစ် ကို အသိအမှတ်မပြုတာပဲဖြစ်ဖြစ် အားငယ်မိတယ်။ ၀မ်းနည်းမိမယ်လို့ ထင်တယ်။

ဝိုင်းစုခိုင်သိန်း - အဲဒီလို တစ်ဖက်သတ်ကြီးတော့ မချစ်ချင်ပါဘူး။ တစ်ဖတ်သတ် ချစ်ရတာကြီးက တစ်မျိုးကြီးပဲ။ နှစ်ယောက်စလုံး နှစ်ဦး နှစ်ဖက် ချစ်တာမျိုးပဲလိုချင်တယ်။

ခင်လေးနွယ် – ကိုယ့်ကိုနားလည်မှုရှိတဲ့ ချစ်ခြင်းမျိုးကိုပဲ လိုချင်တယ်။ ကိုယ့်ကိုယ် တစ်ဖက်သတ်ကြီး အရမ်းချစ်နေတာ မျိုးလည်းမလိုချင် ဘူး။ ကိုယ့်ဘက်က အရမ်းချစ်နေရတာမျိုးလည်း မလိုချင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် နားလည်မှုမျိုးနဲ့ ချစ်တဲ့ဟာကို ပဲလိုချင်တယ်။ အဲ့ဒါဆို စိတ်လည်း ချမ်းသာမယ်။

သဇင် – သဇင်က အစွဲအလန်းတော့ကြီးတယ်။ ချစ်ရင် အရမ်းချစ်တတ်တယ်။ အဲ့ဒါမကောင်းဘူး။ ကိုယ့်ကိုယ်ကိုလည်း သိတယ်။ သံယောဇဉ်လည်း အရမ်းဖြစ်တတ်တယ်။ စွဲစွဲလမ်းလမ်းပေါ့။ သက်ရှိမဟုတ်တဲ့ သက်မဲ့ပစ္စည်းတွေကိုတောင် အရမ်းအစွဲအလမ်းကြီး တယ်။ ကိုယ်ကချစ်မိပြီဆိုရင် ပိုဆိုးတယ်။ အဲ့ဒါကြောင့် ကိုယ့်စိတ်ကိုထိန်းတယ်။ မနည်းမျော မသွားအောင် ထိန်းထားတယ်။ အဓိပ္ပာယ် မရှိတဲ့ဟာတော့ မလုပ်တတ်ဘူး။ အဲ့ဒါတော့သိတယ်။

အနေဝေးခြင်း၊ နီးခြင်းက ချစ်သူနှစ်ဦးအတွက် သက်ရောက်မှုရှိတယ်လို့ ထင်လား။

နေတိုး - တကယ်အချစ်စစ်ဖြစ်ခဲ့ရင်တော့ အရမ်းလွမ်းတဲ့ စိတ်မျိုး၊ အရမ်းသတိရတဲ့စိတ်မျိုးဖြစ်မှာပေါ့။ ဒါပေမဲ့ အပေါ်ယံပဲ ဖြစ်ခဲ့မယ် ဆိုရင်တော့ အဲဒီခံစားမှုက ဝေးခြင်း၊နီးခြင်းက ချစ်သူနှစ်ဦးအတွက် ဆန့်ကျင်ဘက်ဖြစ်သွားနိုင်တယ်။

ဝိုင်းစုခိုင်သိန်း - နည်းနည်းတော့ အကျိုးသက်ရောက်မှုရှိပါတယ်။ အနေဝေးရင်တော့သွေးအေးသွားတတ်ကြတယ်။ ဒါပေမဲ့တကယ် ချစ်တယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် အနေဝေးတာ၊ နီးတာနဲ့မဆိုင်တော့ပါဘူး။

အေးဝတ်ရည်သောင်း - ပေါက်စီအနေနဲ့ အနေဝေးခြင်း၊နီးခြင်းက ချစ်သူနှစ်ဦးအပေါ် အများကြီးသက်ရောက်မှုရှိမယ် မထင်ပါဘူး။ ဝေး နေပေမယ့် ရင်ထဲက ချစ်နေရင်ပြီးတာပဲလေ။ သူ့ကိုသတိရတဲ့အခါ သူ့ဆီဖုန်းဆက်။ သူ့ကိုလွမ်းတဲ့ အချိန်ဆို အလွမ်းသီချင်းတွေ နား ထောင်ဖြစ်တယ်။ သီချင်းတွေ နားထောင်ပြီးရင်တော့လည်း ခံစားရတယ်။ သူ့နာမည် လေး ကြားရင်ပဲဖြစ်ဖြစ်၊ သူနဲ့တွေ့ရရင်၊ သူနဲ့ စကားပြောရရင်ပဲ ဖြစ်ဖြစ်၊ အမြဲရင်ခုန်နေမိတယ်။

ပြေတီဦး - များသောအားဖြင့် အနေဝေးရင် သွေးအေးသွားကျတာများပါတယ်။ အနေနီးပြီး ရိုးသွားတာမျိုးလည်းရှိတယ်။ တကယ့် တကယ်ကျတော့ ရာခိုင်နှုန်းနည်းပါတယ်။ တကယ်ချစ်ကြတဲ့ လူတော်တော်များများကတော့ ဘယ်လောက်ပဲ အနေနီးနီး ရိုးသွားတာ တော့မရှိဘူး။ သံယောဇဉ်က ပိုပြီးခိုင်မြဲသေးတယ်။ အနေနီးလို့ ရိုးသွားတယ်ဆိုတဲ့ လူသည် လူနည်းစုပေါ့။

ပုံဖော်ချင်တဲ့ အချစ်ရဲ့ပုံစံလေးက ဘယ်လိုမျိုးပါလဲ....။

နေတိုး - စိတ်ကူးထဲမှာတော့ မျိုးစုံပေါ့နော်။ စိတ်ကူးဆိုတာက တိတိကျကျကြီးတော့ မဟုတ်ဘူး။ အဓိကကတော့ ရုပ်ဆို တာထက် စိတ် ရှင်းပြီး တကယ် စိတ်ထားကောင်းတဲ့ ချစ်သူပဲဖြစ်စေချင်တယ်။

ဝိုင်းစုခိုင်သိန်း - နားလည်မှုရှိရမယ်။ ကိုယ်ပိုင်အစွမ်းအစရှိရမယ်။ စိတ်ထားမြင့်မြတ်ရမယ်။ အဓိကကတော့ အဲဒီ့သုံးခုပေါ့။

ပြေတီဦး - ကျွန်တော့်မှာ ချစ်ရမဲ့သူသာတွေ့ခဲ့ရင် သူ့အပေါ်ပေးဆပ်တဲ့အချစ်မျိုးပါပဲ။ ကိုယ့်ဘက်က အမြဲဖြည့်ဆည်း ပေး တဲ့အချစ် မျိုးနဲ့ပဲချစ်ချင်ပါတယ်။

ထွန်းထွန်း - ချစ်သူနှစ်ဦးကြားမှာ အပြန်အလှန်ယုံကြည်မှုနဲ့ရင့်ကျက်နားလည်မှုတွေကလည်း အရေးကြီးတယ်။ ဒါပေမဲ့ နေရာတကာ လိုက်ရစ်နေမယ့် မိန်းကလေးမျိုးဆို မဖြစ်ဘူး။

ဒီနေ့လည်းပျင်းပျင်းရှိတာနဲ့ ဖေဖော်ဝါရီလထုတ် မြင်ကွင်းမဂ္ဂဇင်းကိုဖတ်ဖြစ်ရင်း အနုပညာရှင်တွေရဲ့ အချစ်ဖွင့်ဆိုချက်များ စွာကိုဖတ် ရပါတယ်။ ထုံးစံအတိုင်းပါပဲ ကျွန်တော်သိချင်တဲ့ ပြန်ပြောပြချင်တဲ့ မေးခွန်းလေးတွေ အဖြေလေးတွေကိုသာကူး ရေးပြီးပြန်လည်တင် ပြလိုက်ပါတယ်နော်။

No comments: