Saturday, October 24, 2009

We can speech look like Obama

အိုဘားမားလေဟန်အတိုင်း ပြောနည်း (၅)နည်း
လောလောလတ်လတ် နိုဗယ်ဆုရသွားတဲ့ ဘားရက်အိုဘားမားကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဘားရက် အိုဘားမားလို မပြောသင့်ဘူး။ ဆိုလိုချင်တာဟာ သင်ဟာသင့်ပုံစံအတိုင်းပဲ ပြောသင့်တယ်။ သင်မဟုတ်တဲ့ တခြားသူ တစ်ယောက်ရဲ့ လေဟန်အတိုင်းမပြောသင့်ဘူးလို့ ဆိုလိုတာဖြစ်တယ်။ ဒီတော့ဘာလို့ အိုဘားမားလိုပြောနည်း ဆိုနေရ တုန်းလို့ မေးမယ်ဆိုရင်တော့ စု၊တု၊ပြု လမ်းစဉ်အတိုင်းပြုလုပ်စေချင်လို့ ဖြစ်တယ်။ သူဘယ်လိုပြောလဲဆိုတာ ကြည့်လိုက် ကြရအောင်....။


(၁) ပရိတ်သတ်ရဲ့ စိတ်ဝင်စားမှုအကြောင်းပြောဆိုခြင်း
ကွန်ကရက်ရဲ့ ဌာနခွဲတစ်ခုအတွက် ပထမဆုံးအကြိမ်ဟောပြောတဲ့အကြိမ်ကို စာဖတ်သူ သတိပြုမိရဲ့လား။ သတိမဆ အသိမဟမိရင်လည်း ရပါတယ်။ အဲဒီ့တုန်းက အိုဘားမားက သူပြောချင်တဲ့အကြောင်းမပြောခင် ကျွန်တော်တို့နဲ့ ပတ် သက်ဆက်နွယ်နေတဲ့အကြောင်းကို ဦးစွာစကားခင်းသွားခဲ့တယ်။ ကျွန်တော်တို့ရဲ့အိပ်မပျော်တဲ့ညတွေ၊ အိပ်မရတဲ့ည တွေအကြောင်း အရင်ပြောသွားခဲ့တယ်။ ပြီးတော့မှ သူပြောချင်တဲ့စကားလမ်းကြောင်းကို လမ်းလွှဲသွားခဲ့တယ်။ အဲဒီ့နည်း ဟာ မဆိုးဘူး၊အလုပ်ဖြစ်တယ်။ စာဖတ်သူတို့လည်း အဲသလို အသုံးပြုနိုင်တယ်။

ကိုယ့်စကားကိုနားထောင်ပေးနေတဲ့ ပုဂ္ဂိုလ်ရဲ့ လက်ငင်းရင်ဆိုင်နေရတဲ့ ပြဿနာကို အရင်ဆုံးပြောပါ။ ဒီလိုပြောတဲ့အတွက် နားထောင်သူရဲ့ ခေါင်းတဆတ်ဆတ်ညိတ်မှုကို လက်ခံရရှိလာမှာဖြစ်တယ်။ ဆက်ပြီး သူတို့ရင်ထဲမှာ တအုံ့နွေးနွေး အစိုင် အခဲတည်နေတဲ့ ပြဿနာ၊ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဆက်ရှင်းသွားပါ။ နားထောင်သူရဲ့ အာရုံစိုက်မှုကို ရရှိလာတဲ့ နောက်ပိုင်းမှာ ကိုယ်ပြောချင်တဲ့အပိုင်းကို ဆက်လက်ဦးပြောင်းကာ ဆွေးနွေးသွားပါ။

(၂) ရိုးရှင်းပါစေ
အရိုးဆုံးသည် အကောင်းဆုံးလို့ဆိုကြသည်။ ယင်းစကားသည် အခြေအနေအတော်များများ၌ မှန်ကန်လေသည်။ ဤသို့ သော ဟောပြောပွဲအခြေအနေ၌လည်း မှန်ကန်လေသည်။ အိုဘားမားလည်း ယင်းအဆိုအား ထောက်ခံသောအားဖြင့် လို့ဆိုခဲ့တာ အားလုံးအသိပဲဖြစ်တယ်။ သူသုံးသွားတဲ့ စကားလုံးတွေကရိုးတယ်။ရှင်းတယ်။မျက်စိထဲတန်းခနဲ မြင်လွယ် တယ်။မှတ်မိလွယ်တယ်။ ဒီအတိုင်းပဲ တစ်ဖက်သားကို ကိုယ်ဖြစ်ချင်တာ၊ ပြောချင်တာကို အမြန်အဆန်နဲ့အလွယ် တကူနားလည်လွယ်အောင် စကားလုံးသုံးစွဲမှုပြတ်သားရှင်းလင်းလွယ်ကူဖို့ အရေးကြီးပါတယ်။

(၃) ပရိတ်သတ်တွေးတောနေသော အကြောင်းအရာအား မျှော်လင့်ချက်ပေးထားပါ။
အိုဘားမားနဲ့ သူ့မိန့်ခွန်းရေးပုဂ္ဂိုလ်တွေဟာ ဂိုသယ်ရဲ့စာတွေ တော်တော်ဖတ်ထားပုံရတယ်။ ဘာကြောင့်လည်းဆိုတော့ စကားလုံးတိုင်းဟာ ယင်းစကားလုံးရဲ့ဖုံးကွယ်နေတဲ့အတွေးတွေကို ထိုးဆွနိုင်စွမ်းရှိရမယ်လို့ ဆိုထားတဲ့အတွက်ဖြစ်ပါ တယ်။ ဒါမှ ပရိတ်သတ်ရင်ထဲမှာ သို့လော သို့လောတွေနဲ့ ကျန်ရှိပြီး မေးခွန်းတွေနဲ့ ရစ်ပတ်လုံးထွေးနေမှာဖြစ်တယ်။ ဆန့်ကျင်ဘက်တွေကို မရှာဖွေ မထိုးဆွနိုင်ရင် ပရိသတ်ရဲ့ အာရုံဝင်စားမှုကို ရရှိနိုင်မှာ မဟုတ်ဘူး။ ကိုယ်ခင်းလာတဲ့ အခက်တစ်ခုကို ပရိတ်သတ်များ အမေးထုတ်ရင်း အာရုံကိုသယ်လာပြီးမှ နောက်ဆုံး ပြန်ဖြည်ပေးလိုက်ရပါမယ်။

(၄) အဖြတ်အတောက်
စကားပြောတဲ့အခါမှာ အဖြတ်အတောက်ဟာ အရမ်းကို အရေးကြီးပါတယ်။ တကယ်လို့ကျွန်တော်တို့ပြောနေတဲ့ စကားသံ တွေကို အဖြတ်အတောက်မရှိ တညီတည်းပြောလိုက်မယ်ဆိုရင် စကားသံဟာ ဘယ်လိုမှကို ထားထဲရှောရှောရှူရှူဝင်မှာ မဟုတ်ပါဘူး။ တောင့်တောင့်ကြီးနဲ့ အတောင့်လိုက် နားထဲဝင်သွားမှာဖြစ်ပါတယ်။ နားဝင်မကောင်းတဲ့အတွက် နားဝင်နိုင် ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ နားမ၀င်နိုင်တဲ့အတွက် စိတ်အာရုံကို မဖမ်းဆုပ်နိုင်တော့ပါဘူး။ စိတ်အာရုံဝင်စားမှုကို မဖမ်းဆုပ်နိုင်ရင် ကိုယ်ပြောချင်တဲ့အကြောင်းအရာဟာလည်း ကျွဲပါးမယ်ဒလင်တီးသလို ဖြစ်သွားပါလိမ့်မယ်။

အိုဘားမားကတော့ အဖြတ်အတောက်နေရာမှာ ဆရာကျလှတဲ့သူပါ။ ဒီလိုဆရာကျလို့လည်း ဒီနေရာကို ရောက်လာ တာဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်လည်း စကားပြောတာ အဖြစ်အတောက်ကောင်း ကောင်းလေးနဲ့ ပြောမယ် ဆိုရင် အလိုလိုနေရင်း ကိုယ့်စကားနားဆင်နေသူရဲ့ အာရုံဖမ်းဆုပ်လို့ရပြီပေါ့။ အဖြတ်အတောက် ဘယ်လိုလုပ်ရမလဲ ဆိုတော့ အခြေခံကတော့ ၀ါကျတစ်ခုမှာ ပြုလုပ်သူ၊ ခံရသူ၊ ကတ္တား စသည်တို့ပါတာမို့ အဲဒီ့အတိုင်းဖြတ်တောက်သွားမှာ၊ နာမ၀ိသေသနစကားစုတွေဆိုရင် အဲဒီ့အပိုင်းတွေကို သတ်သတ်ဖြတ်ပြီးနားပြီးမှ တဖန်ရှေ့ဆက်ပြော။ အဲဒီလိုဖြစ်ပါတယ်။

စကားအဖြတ်အတောက်ပြုလုပ်တဲ့နေရာမှာ ကိုယ်ဆိုလိုချင်တဲ့အပိုင်းသဘောကို ပရိတ်သတ်မျက်စိ၊ နားထဲ ထင်းထင်း ၀င်လာအောင် ကိုယ်ပြချင်တဲ့နေရာတွေရောက်ရင် အဖြတ်အတောက်ပြုလုပ်ပေးသွားရမှာဖြစ် ပါတယ်။ ဒါကို နည်းမှီပြီး မိမိဘာသာဆက်လက်တွေးခေါ်ကြံဆသွားရမှာ ဖြစ်ပါတယ်။

(၅) ကိုယ်ဟန်အမူအယာ
Rapper တွေပဲ ကိုယ်ဟန်အမူအယာလုပ်ခွင့်ရှိတာ မဟုတ်ပါဘူး။ အောင်မြင်ကျွမ်းကျင်တဲ့စကားပြောကျွမ်းသူ တစ် ယောက်ဖြစ်ချင် တယ်ဆိုရင် ကိုယ်ပြောချင်တဲ့ စကားအတိုင်း ကိုယ်ဟန်အမူအယာက အလိုက်သင့် ပရိတ်သတ်ကို တင်ဆက်ပေးသွားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ဟန်အမူအယာက အရမ်းအကဲဆတ်ပါတယ်။ များလို့မဖြစ်ပါဘူး။ များရင် လူအမြင်ကပ်စေပါတယ်။ နောက်ပြီး ဟောင်းနွမ်းရိဆွေးနေတဲ့ ကိုယ်ဟန်အမူအယာတွေ မသုံးပါနဲ့။ ကိုယ်ပိုင် ကိုယ်ဟန် အမူအယာတွေသာ ထွင်သုံးပါ။ ကိုယ်လုပ်တဲ့ ကိုယ်ဟန်အမူအယာဟာ သက်သောင့်သက်သာအနေအထားရှိရပါမယ်။ ပျောင့်ပျောင်းတဲ့သဘောရှိရပါမယ်။ အခါအချိန်သင့်ရပါမယ်။ ဒီလိုဆိုရင် ကိုယ်သုံးတဲ့ ကိုယ်ဟန်အမူအယာဟာ ပရိတ် သတ်အတွက် ဘယ်တော့မှ မမေ့မပျောက်နိုင်တဲ့ ကိုယ်ဟန်အမူအယာအဖြစ် အကြောင်းတိုက်ဆိုင်လာတိုင်း မြင်ယောင် သွားစေမှာ ဖြစ်ပါတယ်။

နောက်ပြီး ကိုယ်ဟန်အမူအယာတစ်ခုဟာ ချက်ခြင်းစိတ်ကူရပြီး ထလုပ်တဲ့ဟာမျိုးမဖြစ်စေရပါဘူး။ အဲဒါဆိုရင် သဘာဝ မကျတော့ဘဲ ကိုးယို့ကားယားဖြစ်သွားစေပါတယ်။ ကိုယ်ဟန်အမူအယာလုပ်ချင်တဲ့သူတစ်ယောက်အနေနဲ့ ကိုယ်ထုတ် ချင်တဲ့ ကိုယ်ဟန်အမူအယာကို မှန်ရှေ့မှာ ကျင့်ရပါလိမ့်မယ်။ သဘာဝကျတဲ့အထိ ကျင့်သွားရပါမယ်။ ကိုယ်ပြောလိုက်တဲ့ စကားနဲ့ ကိုယ်ထုတ်လိုက်တဲ့ကိုယ်ဟန်အမူအယာဟာ တစ်ထပ်တည်း တူညီနေရပါမယ်။

ကဲ..ဒီလောက်ဆို အိုဘားမားနည်းတွေသိပြီး ကိုယ်လိုချင်တဲ့အပိုင်းကို ကိုယ်ကြိုက်သလို စီရင်နိုင်ကြပြီပေါ့။
သူငယ်ချင်းတို့အဆင်ပြေပါစေကြောင်း......။

ဇာနည်
Ref: 8 Days A week Journal Vol. 1 No. (31) – Oct. 23 – 30 2009

No comments: