Thursday, October 15, 2009

နှုတ်ဖြင့်မပြောသော ချစ်စကားများ

အချစ်စစ်မှန်ရင် မနာလိုဝန်တိုစိတ်ကတော့ မလွဲမသွေရှိတယ်။ အဲဒီ့မနာလိုဝန်တိုစိတ်ဟာ ၀န်တိုခြင်းငါးမျိုးနဲ့ မသက်ဆိုင် ဘူး၊ အချစ်မှာဝန်တိုတာဟာ သတ်သတ်ဖြစ်တယ်။ အချစ်မှာရှိတဲ့မနာလိုစိတ်လေးဟာ ဟင်းလျာတစ်ခွက်မှာရှိတဲ့ ဆားနဲ့ တူတယ်။ မပါရင် ပေါ့ရွှတ်ရွှတ်နိုင်ပြီး လွန်သွားရင်လည်း ငန်တန်တန်နဲ့ အရသာပျက်သွားတတ်တယ်။ ဒါကြောင့် ဆားနဲတဲ့ မနာလိုအချစ်လေးအကြောင်း ပြောရင်း အချစ်ဋီကာ ဖွင့်လိုက်ကြပါစို့။

အချစ်စစ်မှန်ရင် မနာလိုမြဲ
မနာလိုစိတ်ဟာ သာမန်အားဖြင့် နားလည်ခံစားပေးလို့ရတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုချစ်လို့သာ မနာလိုစိတ် ဟာ ပေါ်ထွက်လာရတာဖြစ်တယ်။ ဒါပေမဲ့ မနာလိုစိတ်ဟာ စိတ်မချမှုထက် မယုံကြည်မှုဘက်ပေါ်မှာ ပေါက်ဖွားလာရင် တော့ မကောင်းတော့ဘူး။ ကိုယ့်ချစ်သူဘက်က ရိုးသားတယ်၊ စိတ်ချယုံကြည်ရတယ်ဆိုရင် မနာလိုစိတ်ကိုလျှော့လိုက်၊ သူ့ကိုယုံကြည်မြဲ ဆက်လက်ယုံကြည်ပေးဖို့လိုတယ်။ ဒါမှမဟုတ်ဘဲ သူလုပ်သမျှအလုပ်တိုင်းကိုသိချင်တယ်။ သူဘယ်သူနဲ့ ဘယ်မှာရှိနေတယ်ဆိုတာ အချိန်တိုင်းသိချင်နေတယ်ဆိုရင်တော့ ဒါအလုပ်မဟုတ်တော့ဘူး။ သူနဲ့ကိုယ်ကြား ကတောက် ကဆ စကားများဖို့ လမ်းစရလာပြီဖြစ်တယ်။

ကိုယ့်ချစ်သူအနေနဲ့ သူဘယ်သွားတယ်၊၊ ဘာလုပ်တယ်ဆိုတာ ကိုယ့်ဆီ အချိန်တိုင်း သံတော်ဦးတင်ဖို့ဆိုတာ မနာလိုမှု လွန်ကဲသွားခြင်းပဲဖြစ်တယ်။ ဒါကို ကိုယ်ကနားလည်ပေးရမယ်။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မရိုးမသားနဲ့ သစ္စာဖောက် နေတယ်လို့ သံသယရှိတာက တစ်ပိုင်း၊ သူဘာလုပ်ချင်နေတယ်ဆိုတာကို သိချင်နေတာက တစ်ပိုင်း၊ အချိန်တိုင်း ဖုန်း ဆက်ခိုင်းဖို့ မနေ့ကာဘာလုပ်ခဲ့တယ် ဘယ်သွားတယ်ဆိုတာ အမြဲသံတော်ဦးတင်ခိုင်းတယ်ဆိုတာတွေက အချစ်ဘောင် ကျော်သွားတဲ့ အလုပ်တွေပဲဖြစ်တယ်။ သာမန်အဆင့်လောက်ပဲဆိုရင်တော့ မနာလိုတာဟာ အချစ်ကို ပိုပြီး အသက်ဝင် လှုပ်ရှားလာစေပါတယ်။

နှုတ်မှမထွက်သော စကားများ
လူတိုင်းဟာ သူတို့ပြောတဲ့စကားနဲ့သူတို့စိတ်ထဲမှာရှိတဲ့ အလိုဆန္ဒနဲ့ထပ်တူညီလေ့မရှိကြပါဘူး။ တစ်ခါတစ်လေမှာ သူတို့ပြောတဲ့စကားတွေဟာ စိတ်ထဲမှာရှိတဲ့အမှန်တရားနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေလျက်ရှိကြတယ်။ သင်နဲ့သင့် ချစ်သူကြား မှာလည်း နှုတ်မှမပြောတဲ့စကားပေါင်းများစွာရှိတယ်။ ကိုယ်ပြောချင်တဲ့ စကားနဲ့ ကိုယ်ပြောလိုက်တဲ့စကား တို့ဟာ အမြဲထပ်တူညီလေ့မရှိဘူး။ မကြိုက်ပေမယ့် ကြိုက်ဟန်ဆောင်ပြီးပြောကြတယ်၊ ချစ်ပေမယ့်မုန်းဟန်ဆောင်တာ မုန်းတီးစကားဆိုကြတယ်။ ဆိုကြပါစို့။ သင့်ချစ်သူက အလုပ်ခွင်ထဲကပဲဖြစ်ဖြစ်၊ သူ့ဘက်ကမိသားစုအကြောင်း ပဲဖြစ်ဖြစ် ပြောမယ်၊ အရေးမကြီးသလိုပြောမယ်၊ ဒါပေမဲ့ တကယ်က သူ့အတွက် အရမ်းကို စိုးရိမ်ပူပန်အရေးတယူပြုရမယ့် အရေး တကြီးကိစ္စဖြစ်တယ်။ သင့်အနေနဲ့ သက်ဆိုင်ခြင်းမရှိတာကြောင့် အရေးတယူလုပ်ပြီးမပြောဘူး။ ဒါပေမဲ့ သင့်ဘက်က အရေးတယူနဲ့ နားထောင်ပေးတာကိုလိုချင်တယ်၊ သူ့အနေနဲ့ အရမ်းကိုအကဲပိုအဖြစ်သည်းလွန်းတယ်လို့ သင်ထင်သွား မှာကို မလိုလားလို့သာ ပေါ့ပေါ့တန်တန်ပြောခြင်းပဲဖြစ်တယ်။

ဒါကို သူ့နှုတ်ကမပြောပေမယ့် သူ့အမူအယာတွေက ပြောနေလိမ့်မယ်။ ဒါကိုကိုယ်က မျက်စိရှင်ရှင်နဲ့ ရှာတတ်မြင် တတ်ဖို့ လိုတယ်။ တစ်ခါတစ်လေကျရင် ကိုယ့်ချစ်သူက လိုချင်ရဲ့သားနဲ့ အကြောင်းအမျိုးမျိုး ကြောင့် မလိုချင်ဘူးဘို့ ပြောတဲ့ စကားတွေလည်းရှိတယ်။ ဒါကြောင့် ပြောတဲ့စကားနဲ့ပြနေတဲ့အမူအယာတို့ဟာ လိုက်ဖက်ညီမညီကို အကဲဖြတ် တတ်ဖို့ လိုတယ်။ ဒီလိုလုပ်ပေးခြင်းဟာ ကိုယ့်ချစ်သူရဲ့အချစ်ကို ပိုပြီးရရှိလာစေတယ်။ ပိုပြီး ခိုင်မြဲလာစေတယ်။ နက်ရှိုင်း လာစေတယ်။

စကားမပြောရင် ဘာဖြစ်မလဲ
အချစ်မှာ တစ်ယောက်နဲ့တစ်ယောက်စကားပြောပေးဖို့ အင်မတန်လိုပါတယ်။ ဘာကြောင့်လဲ။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောကြဘူးဆိုရင် တစ်ယောက်ဘာလိုတယ်၊ ဘာစဉ်းစားနေတယ်၊ ဘာကိုခံစားနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး သိနိုင်တော့မလည်း။ သူ့အတွေး၊ သူ့ခံစားချက်တွေကို သိနိုင်ဖို့ စကားပြောပေးရမယ်။

စကားနည်းတဲ့ အကျင့်ရှိရင်တောင် သူဘာလိုသလဲ၊ ဘာစဉ်းစားနေသလဲ ဘာဖြစ်ချင်သလဲဆိုတာလောက်တော့ သိအောင် လုပ်ဖို့ စကားဟပေးရမှာဖြစ်တယ်။ ချစ်သူနှစ်ယောက်အကြား စကားသံတွေ ဆိတ်သုဉ်းသွားပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးဝေးကွာသွားတတ်ကြပါတယ်။ သူစိမ်းဆန်သလိုဖြစ်သွားတတ်တယ်။ စကားပြောတာဟာ တစ်ယောက် နဲ့တစ်ယောက်ကို ပိုပြီးရင်းနှီးလာစေတယ်။

တစ်ယောက်နဲ့တစ်ယောက်အကြားမှာရှိတဲ့ အဟန့်အတားတွေကို ဖယ်ရှား ပေးတယ်။ အထူးသဖြင့် တစ်ယောက်နဲ့တစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့အချိန်၊ ဒုက္ခရောက်နေတဲ့အချိန်တွေ၊ ပြဿနာတက်နေတဲ့အချိန်တွေကျရင် ပိုပြီးစကားပြောပေးဖို့လိုအပ်တယ်။ ဒါပေမဲ့ အားအားရှိမဟုတ်တမ်းတရားတွေ ပြောနေဖို့တော့ မလိုဘူး။ ဘာတွေပြောဖို့လိုအပ်သလဲဆိုတော့ သူနဲ့ကိုယ်စိတ်ဝင်စားရာအကြောင်း၊ အနုပညာဖျော်ဖြေ ရေးအကြောင်း၊ စိတ်ပျော်ရွှင်ကြည်နူးစရာအကြောင်း၊ ဗဟုသုတရဖွယ်ရာအကြောင်းတွေပဲဖြစ်တယ်။

ပြောရုံပဲလားဆိုတော့ မဟုတ်သေးဘူး၊ ကိုယ့်ဘက်က ပြောသင့်တာပြောပေးရမှာဖြစ်သလို သူ့ဘက်ကပြောစကားတွေ ကိုလည်း ဂရုတစိုက်နဲ့ အလေးပေးနားထောင်ပေးရမှာဖြစ်တယ်။
ချစ်သူနှစ်ဦးကြား ပြောစရာစကားမရှိတော့ဘူးဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးအလှမ်းဝေးကွာသွားတတ်ပါတယ်။ ကြာလာရင်တစ်ယောက်နဲ့တစ်ယောက်တစိမ်းတရံတွေလို ခံစားရပြီး လမ်းခွဲရတတ်ကြပါတယ်။

ဒါကြောင့် ချစ်ခြင်းမှာ အသံလှိုင်းဆက်သွယ်မှု ပြတ်တောက်မှုမရှိဖို့ လိုအပ်ကြောင်း ပြောကြားရင်း ချစ်သူတွေအားလုံး အဆင်ပြေစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ဇာနည်
Ref: 8 Days A week Journal Vol. 1 No. (30) – Oct. 9 – 16 2009

No comments: