Tuesday, October 6, 2009

အသည်းကွဲ အဖျားပျောက်ဆေး

အသည်းလေး ဟက်တက်ကွဲသွားလို့ လုပ်ကြပါဦးလို့ ရင်ကွဲတေးသီနေသူများအတွက် အသည်းကွဲဖြေဆေးလေးပေး လိုက်ပါတယ်။ သောက်ကြည့်ပါဦးနော်။

အသည်းကွဲတယ်ဆိုတာ ဘေးလူခံစားနားလည်ပေးလို့မရဘဲ ကာယကံရှင်တစ်ယောက်သာ ကြိတ်မှိတ်ခံစားရတဲ့ ရောဂါ တစ်မျိုးဖြစ်ပါတယ်။ ပထမဆုံး သိထားရမယ့် အချက်က ၀မ်းနည်းတာတွေ၊ ကြေကွဲနေတာတွေကို အရှိကိုအရှိအတိုင်း လက်ခံပေးလိုက်ဖို့ပဲ။ ဘာမှမျက်နှာကြီးတည်တည်နဲ့ ဘာမှမဖြစ်သလို နေပေးစရာမလိုဘူး။

မျက်ရည်ကျလို့လည်းကိစ္စ မရှိဘူး။ ဒါဟာဖြစ်သင့်ဖြစ်ထိုက်တဲ့ ခံစားမှုအခြေအနေပဲဖြစ်တယ်။ အချိန်တွေ၊ အချစ်တွေ ရင်းနှီးမြုပ်နှံပြီးကာမှ သဲထဲ ရေသွန်သလို တစ်ပြားမှမကျန်အောင် ပက်လက်လန်သွားတဲ့အခြေအနေကြောင့် ရက်ရက်စက်စက်ခံစားသွားရတာ ကိုယ့် မှာ အပြစ်မရှိပါဘူး။ အဲဒီလိုအခြေအနေမှာ မိမိစိတ်ဟာ တစ်ယောက်တည်း နေချင်မိသလို၊ ဘယ်သူ့အနှောင့်အယှက် မှလည်း မလိုချင်မိဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်ကို တစ်ယောက်တည်းကြိတ်တွေးခံစားနေမယ့်အစား တစ်ယောက် ယောက်ကို ဖွင့်ဟလိုက်တာဟာ စိတ်ဒဏ်ရာသက်သာရာရစေဖို့ ပိုပြီးအထောက်အကူဖြစ်စေတယ်။

တစ်ယောက်ယောက်ဆိုတဲ့နေရာမှာ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းလည်းဖြစ်နိုင်သလို ကိုယ့်မိဘ၊ ဆွေမျိုးတွေ လည်း ဖြစ်နိုင်လေရဲ့။ ဘယ်သူပဲဖြစ်ဖြစ် အသည်းကွဲဒဏ်ရာကို တစ်ယောက်ယောက်အား ပြကြည့်ပေးဖို့ပဲလိုတယ်။ ကိုယ်ဘယ်လိုခံစားနေရကြောင်း၊ သူဘယ်လိုအသည်းခွဲသွားကြောင်း၊ ရင်ဘတ်ဟောင်းလောင်း၊ မျက်တွင်းဟောက်ပက်နဲ့ ဘယ်လိုခံစားနေရကြောင်းဖွင့်သာ ပြောလိုက်ပါ။ ဒီခံစားချက်တွေဟာ ရင်ဘတ်ထဲမှာ ဒီအတိုင်းထည့်ထားရင် ပုပ်သိုးလာ တတ်တယ်။ အပြင်ကို ဖွင့်ထုတ်လိုက်မှ ပေါ့သွားတတ်တယ်။

အခြေအနေကို လက်ခံပေးပါ
ဘာကိုလက်ခံပေးရမှာလည်းဆိုတော့ အသည်းကွဲနေရတဲ့အဖြစ်ကို အရှိကိုအရှိအတိုင်း လက်ခံပေးဖို့ပါပဲ။ ဒါမဖြစ်သင့်ဘူး၊ မကွဲသင့်ဘူးဆိုပြီး တသသတမြမြ ဆွေးမနေတွေးမနေနဲ့။ ချစ်တိုင်းမညား၊ ညားတိုင်းမချစ် အဖြစ်ကို ရင်ဘတ်ထဲထည့် ထားပေး။ ပြန်မလာနိုင်တော့တဲ့ အချစ်ဟောင်းကို ပြန်ပြောင်းထပ်လောင်းပြီး တွေးနေတာဟာ ကိုယ့်ကိုယ်ကို နှိပ်စက်နေ တာနဲ့အတူတူပါပဲ။ ဘုရားဟောထားတဲ့အတိုင်း ပြောရရင် အတိတ်ကိုလည်း ပြန်ပြောင်းဆွေးမနေနဲ့။ အနာဂတ်အတွက် လည်း ကြိုတွေးပြီးပူမနေနဲ့။ လက်ရှိပစ္စုပ္ပန်မှာပဲနေထိုင်ဆိုပြီးဟောထားတယ်။

ဒီအတိုင်းပဲလက်ရှိပစ္စုပ္ပန်မှာ စိတ်ရောကိုယ် ပါနေထိုင်ခြင်းဟာ ဘ၀မှာ ပျော်ရွှင်စွာနေထိုင်ဖို့အတွက်ရော၊ အသည်းကွဲဒဏ်ရာကို ကုစားဖို့အတွက်ရော ဆေးစွမ်း ကောင်းနည်းလမ်းတစ်လက်ပါပဲ။ နောက်ပြီးအသည်းကွဲအဖျားဆိုတာတက်ပြီးရင် တော်ရုံနဲ့မကျတတ်ဘူး။ အရှိန်ရှိသေး တယ်။ အချိန်ကြာလာတာနဲ့ အဖျားတက်နေတဲ့အရှိန်တွေ သူ့ဟာသူပြန်ကျသွားပါလိမ့်မယ်။ စိတ်ရှည်ပေးဖို့ပဲလိုတယ်။

အဖြေရှာပါ
နောက်တစ်ချက်က ကိုယ့်ရင်ဘတ်ကိုယ်ထုပြီး ကြေကွဲနေမယ့်အစားသူနဲ့ကိုယ်ဘာကြောင့် ကွဲရသလဲဆိုတဲ့ ပုစ္ဆာထုတ် ကြည့်ပါ။ သူနဲ့ကိုယ်နဲ့တွဲခဲ့တဲ့ကာလတစ်လျှောက်လုံးမှာ ပျော်ရွှင်ခဲ့ရတဲ့အချိန်တွေ၊အကြောင်းတွေ၊ ၀မ်းနည်းစိတ်ကောက် စိတ်ဆိုးခဲ့ရတဲ့အကြောင်းရင်းတွေကို စာရင်းပြုစုပေးပြီး အသည်းကွဲရခြင်းရဲ့အဖြေရှာပါ။ ဘာကြောင့်အသည်းကွဲရသလဲဆိုတာတွေ့ပြီဆိုရင် နောက်တစ်ခါအသည်းမကွဲရအောင် ကြံဆပါ။ ကိုယ့်ဘက်ကလိုအပ် နေတဲ့လိုအပ်ချက်တွေကြောင့်လား၊ ကံကြမ္မာရဲ့စေစားချက်ကြောင့်လားစသည်ဖြင့် အဖြေရှာကြည့်ပါ။

မိမိကိုယ့်ကို ခွင့်လွှတ်တတ်အောင်လေ့လာသင်ယူပါ။
ကိုယ့်ရဲ့အချစ်ဟောင်းက ကိုယ့်ကိုမချစ်မနှစ်သက်တော့လို့ ခွဲသွားတာဆိုရင် သူ့ဘက်က ဘာမှခံစားနေမှာမဟုတ်ဘူး။ ရင်ခွင်ဟောင်းမှာပိုးလောက်လန်းတွယ်နေသလို သူ့ကိုချစ်တဲ့အချစ်တွေ တို့လို့တွဲလောင်းနဲ့ ကျန်နေတဲ့ကိုယ့်အဖြစ်ကို လှည့်ကြည့်မိမှာမဟုတ်ဘူး။ ဒီတော့ ကိုယ့်ဘက်က ဘယ်လိုငြိမ်းအေးချမ်းသာစွာနေထိုင်ရမလဲဆိုတာ သင်ယူတတ်ရမယ်။ ကိုယ့်ရင်ခွင်ကို စုံကန်သွားလို့ မျက်စောင်းထိုးအမုန်းငြိုးပြီးမနေလိုက်နဲ့။အမုန်းနဲ့သူ့ကိုမြင်နေရင် ကိုယ့်စိတ်ပဲပင်ပန်းရလိမ့် မယ်။ စိတ်ဖိစီးမှုဖြစ်ရလိမ့်မယ်။ ကိုယ့်မီးကိုယ်ပြန်မမွှေးနဲ့။အမှန်တော့ သူမရှိရင် အသက်မရှင်ချင်ဘူးဆိုတာ ရူးတာဖြစ် တယ်။ သူမရှိတုန်း၊သူနဲ့မတွေ့ခင်တုန်းကလည်း မိမိဘာသာဘ၀ကို ရုန်းကန်တည်ဆောက်အသက်ရှင်သန် လာခဲ့ရတာ ပဲလေ။ ဟုတ်တယ်ဟုတ်။

အထီးကျန်တာကိုကြောက်တာလား အချစ်သစ်မွေးဖွားတာလား
မခံစားတတ်လို့ပြောတာမဟုတ်ဘူး။ ပေါင်းစည်းလို့မရနိုင်တော့တဲ့အခြေအနေကို အဖြစ်မှန်အတိုင်းလက်ခံပြီး ဘ၀ရဲ့ သာယာပျော်ရွှင်စရာကောင်းတဲ့အချိန်တွေဟာ သူနဲ့ရှိနေတဲ့အချိန်မှသာ မွေးဖွားတတ်တာမဟုတ်ဘူးဆိုတာကို ခေါင်းမမာ စတမ်း လက်ခံပေးပါ။တစ်ယောက်တည်း အထီးကျန်နေရမှာကြောက်တဲ့စိတ်ကို တိုက်ခိုက်ပေးပါ။ ကိုယ်ကြိုက်နှစ်သက် ရာအလုပ်၊၀ါသနာတွေ ပြုလုပ်ပေးပါ။ စိတ်ဝင်စားရာအလုပ်၊ ဘာသာရပ်တွေကိုလေ့လာဆည်းပူးပေးပါ။ မကြာပါဘူး၊ ကိုယ့်စိတ်ဟာ တဖြည်းဖြည်းတည်ငြိမ်လာပြီး ကြံ့ခိုင်လာပါလိမ့်မယ်။ နောက်ထပ် ပန်းနုရောင်လမ်းထပ်ဖောက်ဖို့ စိတ်ကူး ရှိတယ်ဆိုရင် အလျှင်စလိုမလှမ်းမိဖို့အကြံပေးလိုက်ပါရစေ။

ဘာကြောင့်လည်းဆိုတော့ လက်စမသတ်ရသေးတဲ့ ခံစားမှု အကြွင်းအကျန်လေးတွေကြောင့် နောက်ထပ်အချစ်မီးလောင်မြိုက်မိမှာစိုးလို့ပါပဲ။ အဲဒီလို မငြိမ်းသေးတဲ့ အချစ်မီးတွေ မငြိမ်းခင်မှာ နောက်ထပ်အချစ်ထပ်ရှာရင်များသောအားဖြင့် အမြန်ဆုံးပြန်ကွဲသွားကြတာများတယ်။ ဘာကြောင့်လည်း ဆိုတော့ ကိုယ်ကရင်ဘတ်ထဲက သံစဉ်တူလူရှာတာမဟုတ်ဘဲ အထီးကျန်ရမှာ ကြောက်လို့ အမြန်ဆုံးအဖော်ရှာလိုက်တဲ့ သဘောဖြစ်နေလို့ပဲ။

အသည်းကွဲအဖျားပျောက်ဆေးလည်း တိုက်ပြီးပြီး၊ ဓာတ်စာလည်း ကျွေးပြီးပြီဆိုတော့ အသည်းနုနုရင်ခွင်ထဲမှာ ညှိုးရော် နေတဲ့အချစ်ပန်းလေးလည်း ပြန်လန်းဖို့ အသင့်ဖြစ်ပြီ၊ ပြန်လန်းလောက်ပြီလို့ ယူဆပါတယ်။

ငေးငိုင်မနေနဲ့ အခုပဲ အပြင်ထွက်ပြီး လန်းကြစို့။

ဇာနည်
Ref: 8 Days a Week Journal You can also read at http://sinmyanmarguy.socialgo.com

No comments: