Sunday, September 11, 2022

❄ ကြာ ❄

 ❄ ကြာ ❄




သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်းလောက:Plantae

မျိုးပေါင်းစု:Magnoliophyta

မျိုးပေါင်း:Magnoliopsida

မျိုးစဉ်:Nymphaeales

မျိုးရင်း:Nymphaeaceae

မျိုးစု:Nymphaea

မျိုးစိတ်:Nymphaea rubra၊ Nymphaea alba၊ Nymphaea stellata


ကြာပင်သည် 'နင်ဖီအေးစီး'မျိုးစဉ်တွင် ပါဝင်သည်။ ရေ၌ပေါလောပေါ်ပေါက်၍ အပွင့်ပွင့်သော အပင်မျိုး အားလုံး မှာ နင်ဖီအေးစီးမျိုးစဉ်ဝင်အပင်များ ဖြစ်သည်။ ကြာပင်သည် ရေကန်အင်းအိုင်များတွင်၎င်း။ ချောင်းရိုး ကမ်းစပ်များတွင်၎င်း ပေါက်ရောက်သည်။ အမြစ်များမှာ ပွ၍ ရွံ့ညွန်များကို ကုပ်တွယ်ထားသည်။ ကြာရွက်ဝိုင်းများသည် ရေပေါ်တွင် အမြဲ ပေါ်လျက်ရှိသည်။ ကြာပွင့်များသည် ကြာရွက်ဝိုင်းများ အကြား မှ ငွါးငွါးစွင့်စွင့် ရေပြင်ပေါ်တွင် ပွင့်ကြသည်။ ပွင့်ညှာတစ်ခု အဖျားတွင် များသောအားဖြင့် ကြာပွင့်တစ်ပွင့်သာ ပွင့်သည်။ ပွင့်ညှာတွင် အရွက်များ လုံးဝမပေါက်ချေ။


ကြာပွင့်တစ်ပွင့်တွင် ပွင့်ချပ်နှင့် ပွင့်ဖတ်ပေါင်း များပြား စွာ ရှိသည်။ ဝတ်ဆံဖိုတံများမှလည်း အများအပြား တစ်စု တစ်ဝေးတည်း ပေါက်ကြသည်။ ဝတ်ဆံမ တံတားတစ်ခု တည်းပင် ရှိသည်။ ဝတ်ဆံမတံ၏ အဖျားတွင် ပြားနေသော ဝတ်ဆံမထိပ် တစ်ခုရှိသည်။ အိုဗာရီခေါ် မျိုးစေ့အိမ်ကြီးထဲ တွင် မျိုးမှုန်အမကလေးများစွာ ပါရှိသည်။ ကြာပွင့်ကြာရွက် တို့နှင့် ဆက်သောကြာရိုးတို့မှာ လေလျှောက်နိုင်သော ခေါင်းပွများ ဖြစ်ကြသည်။ လေနှင့် အလင်းရောင်ကို ရေပေါ် တွင်ရှိသော အရွက်များက သိုမှီး၍ သတ္တုဓာတ်နှင့် ရေတို့ကို ကား အမြစ်များက စုတ်ယူကြသည်။


ကြာပွင့်များမှာ မျိုးကိုလိုက်၍ အရောင်အမျိုးမျိုးရှိသည်။ အဖြူ၊ အဝါ၊ အပြာ၊ အညို စသည်ဖြင့် အရောင်အမျိုးမျိုး ရှိလေသည်။ အများအားဖြင့် ကြာဖူးများသည် နံနက်အရုဏ် တက်ချိန်တွင် ပွင့်ကြ၍ ညနေ နေဝင်ခါနီးတွင် ပြန်၍ငုံသွားကြ သည်။ အချို့ ကြာမျိုးသည် ညနေတွင် ပွင့်ကြသည်။ ကြာပွင့် သည် ၃ ရက်လောက်သာ ခံသည်။ ၃ ရက်မှ လွန်လျှင် ညှိုးနွမ်းသွားလေ့ ရှိသည်။ ကုမုဒြာကြာသည် ညအခါ လရောင်ခံ၍ ပွင့်သည်ဟု ဆိုကြသည်။ ကြာပွင့်၏ အလယ်တွင် ကြာခွက်ကလေးများ ရှိသည်။ ကြာပွင့် မကြီးရင့်မီ ကြာခွက်မှာ မြင်နိုင်ရုံလောက်သာ ရှိ၏။ ကြာပွင့်မှ ပွင့်ဖတ်နှင့် ပွင့်ချပ်များ ကြွေကျပြီးနောက် တွင် ကြာခွက်သည် တဖြည်းဖြည်း ကြီးရင့်လာသည်။ ကြာခွက်ထဲမှ ကြာစေ့များကို ကလေးသူငယ်များသည် သရေစာအဖြစ် စားတတ်ကြသည်။


#ကြာအမျိုးအစားများ


"ပျံ့မွှမ်း နံ့သာ၊ ငါးမည် ကြာတုံ

ငုံအာစွင့်စွင့်၊ ရေထက်မြင့်၍

လှတင့်ပွပွ၊ ကုမုဒဟု

လွလွဖိတ်ဖိတ်၊ ပုဏ္ဍရိတ်နှင့် 

ကောင်းစိတ်ရွှင်စွာ၊ ပဒုမ္မာတို့

သန္တာနှင်းပန်း၊ စွေးစွေးစွန်းသား

ရောင်ထွန်းရွှေဝါ၊ နီသည့်ကြာမူ

များစွာ ချပ်ဆင့်၊ လှိုင်တွေပွင်၏။

မြနှင့်ယိုးဆို၊ ပန်းကြာညိုလည်း 

နေကို မငံ့၊ ပွင့်လင်းအံ့ဟု 

ပျံ့ပျံ့နံ့မျိုး၊ ရေပေါ်မိုး၍"


အထက်ပါ ကြာပန်းဘွဲ့၌ (၁) ကုမုဒ(ကုမုဒြ)ကြာ၊ (၂) ပုဏ္ဍရိတ်ကြာ၊ (၃) ပဒုမ္မာ(ပဒုမ)ကြာ၊ (၄) ကြာနီနှင့် (၅) ကြာညို ဟူသော ကြာငါးမျိုးသည် ဗုဒ္ဓဝင် ပါဠိတော်ကို မှီငြမ်း၍ ဖော်ပြသောကြာများ ဖြစ်သည်ဟု ဆိုသည်။ အချို့ပညာရှင်တို့က ကုမုဒ(ကုမုဒြာ)ကြာကို ပဒုမ္မာ(ပဒုမ)ကာပင်ဟု ခေါ်ကြောင်း၊ ပွင့်ချပ် တစ်ရာ ပြည့်သော ကြာကို ပဒုမ္မာဟု ခေါ်၍ ပွင့်ချပ် တစ်ရာ မပြည့်သော ကြာကို ပုဏ္ဍရိတ်ကြာဟု ခေါ်ကြောင်း ဖော်ပြကြ၏။ သီလက္ခန္ဓဝဂ္ဂအဋ္ဌကထာ၌ (၁) ဥပ္ပလကြာ၊ (၂) ပဒုမကြာ၊ (၃) ကုမုဒကြာ၊ (၄) ကလမကြာ ဟူ၍ ဖော်ပြထားသည်များလည်း ရှိ၏။ သို့ရာတွင် ထိုကြာတို့၏ အရွယ်အစား ပုံသဏ္ဌာန် အရောင်အသွေးတို့နှင့် ပတ်သက်၍မူ အတိအကျ ဖော်ပြထားသည်ကိုမူ မတွေ့ရချေ။ လန်ဒန်ပါဠိစာပေအသင်းမှ ထုတ်သော ပါဠိအဘိဓာန်ကျမ်း၌မူ အရောင်အသွေးကိုပါ ဖော်ပြ၍ ကြာနီ၊ ကြာဖြူ၊ ကြာညိုနှင့် ကြာပန်းရောင်ဟု ကြာလေးမျိုးကို ဖော်ပြထားသည်။ H.G. Hundley ၏ မြန်မာပြည်ရှိ အပင်များအကြောင်း ဖော်ပြထားသော စာအုပ်၌ ကြာ အမျိုးအစားတို့ကို အရပ်သုံးအနေဖြင့် (၁) ကြာဖြူ၊ (၂) ပဒုမ္မာကြာ၊ (၃) ကြာပြာ (၄) ကြာနီ၊ (၅) ကြာညို၊ (၆) ကြာခေါင်းလောင်း၊ (၇) တောကြာ ဟူ၍ ၇ မျိုး ဖော်ပြထားသည်။ [


အာယုဗ္ဗကျမ်းတစ်ချို့၌ ကြာကို အောက်ပါကဲ့သို့ ဖော်ပြထားခြင်းများလည်း ရှိသည်။


ပဒုမ္မာကြာ - ၎င်းကြာသည် အနည်ငယ်ဖြူ၍ နေရောင်ဖြင့် ပွင့်သည်။ဥပ္ပလာကြာ - ၎င်းကြာ၏ အရောင်မှာ အနည်းငယ် ညိုသည်။နိလနကြာ - ၎င်းကြာ၏ အရောင်မှာ အနည်းငယ်နီသည်။ကုမုဒြာကြာ - ၎င်းကြာသည် လရောင်ဖြင့် ပွင့်သည်(တချို့က ဤကြာ၏ အရောင်မှာ အဝါရောင်ရှိသည်ဟု ဆိုကြသည်။)သောဂန္ဓိကကြာ - ၎င်းကြာသည် လရောင်ဖြင့်ပင် ပွင့်ပြီး အလွန်မွှေးကြိုင်သော ရနံ့ရှိ၍ အရောင်မှာ အပြာရောင် ဖြစ်သည်။ကုဝလယကြာ - ၎င်းကြာသည် အနီရောင် ရှိသော ကြာ ဖြစ်သည်။ပုဏ္ဍရိတ်ကြာ - ၎င်းကြာသည် အလွန်ဖြူသော ကြာဖြစ်သည်။


ရေကန်အင်းအိုင်များတွင် အတွေ့ရများသော ကြာတို့မှာ ကြာဖြူ၊ ကြာနီနှင့် ကြာညိုများ ဖြစ်သည်။ ကြာဖြူကို ရုက္ခဗေဒအမည်အားဖြင့် 'နင်ဖီအာအယ်လဗာ'ဟု ခေါ်သည်။ ဗြိတိသျှကြာမျိုးထဲတွင် အဝါရောင်ကြာပန်းမျိုးကို တွေ့ရသည်။ ကြာအပေါင်းတွင် အလှဆုံးကား ကြာပဒုမာပင် ဖြစ်သည်။အလွန်အံ့ဩဖွယ်ကောင်းသော ကြာပင်ကြီးတစ်မျိုးကို တောင်အမေရိကတိုက် အမေဇုန်မြစ်ကမ်းစပ်တစ်လျှောက်တွင် တွေ့ရသည်။ ထိုကြာကို ရုက္ခဗေဒအမည်ဖြင့် 'ဗစ်တိုးရီးယား ရီဂျီးယား'ဟု ခေါ်သည်။ ထိုကြာပင်မှာ မည်မျှကြီးမား သနည်းဟူမူ ကြာရွက်ပေါ်တွင် လူတစ်ယောက် ကောင်းစွာ ရပ်နေနိုင်လောက်အောင် ကြီးမားလေသည်။ အရွက်၏ အချင်းမှာ ၆ ပေမှ ရ ပေအထိ ရှိ၍ အပွင့်၏ အချင်းမှာ ၈ လက်မမှ ၁၆ လက်မအထိ ရှိသည်။


ကြာမျိုး ၅ ပါးရှိရာ ယင်းတို့မှာ ကုမုဒြာ၊ ပုဏ္ဏရိတ်၊ ပဒုမ၊ ကြာနီ၊ ကြာညိုတို့ ဖြစ်ကြသည်။ 


ဗုဒ္ဓဘာသာဝင်တို့၏ ကြာနှင့်ပတ်သက်သော အယူအဆများနှင့် အသုံးပြုပုံများ


ဂေါတမ ဗုဒ္ဓ ပွင့်ထွန်းလာသည့်နောက်၌ ကြာသည် မြင့်မြတ် စင်ကြယ်ခြင်းတို့နှင့် ယှဉ်တွဲ၍ ဖော်ပြမှုကို ခံရသောကြောင့် ဗုဒ္ဓဝါဒီတို့ အမြတ်နိုးဆုံးသော ပန်းဖြစ်လာခဲ့ဟန် တူသည်။


"ရေ၌ပေါက်သော ရေ၌ ကြီးပွားသော ဥပ္ပလကြာသည် လည်ကောင်း၊ ပဒုမ္မာကြသည် လည်းကောင်း၊ ပုဏ္ဍရိတ်ကြသည် လည်းကောင်း၊ ရေမှ အထက်သို့တက်၍ ရေဖြင့် မလိမ်းကျံဘဲ တည်သကဲ့သို့ ထို့အတူသာလျှင် လောက၌ ဖြစ်သော လောက၌ ကြီးပွားသော ငါသည် လောကကို လွှမ်းမိုး၍ (သင်္ခါရလောက) နှင့် လိမ်းကျံ ကပ်ငြိခြင်း မရှိဘဲနေ၏။"


အထက်ပါ ဗုဒ္ဓ၏ ခိုင်းနှိုင်း တင်စားချက်စကားကို အမှီပြု၍ ကြာ သည် ကိလေသာ စင်ကြယ်သူ (ဝါ) ကိလေသာ စင်ကြယ်ခြင်း၏ သင်္ကေတ ဖြစ်လာခဲ့သည်။ 


ကြာတို့သည် ရွံ့ညွန့်၌ အခြေခံသော်လည်း ရေထုကို ဖောက်ကာ လေပြင်တွင်ပွင်ကြကုန် သကဲ့သို့ ဗုဒ္ဓသည်လည်း အဝိဇ္ဇာကိုဖောက်၍ ဝိဇ္ဇာဉာဏ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုတော်မူနိုင်သည်ဟူသော သဘောအနက်ကိုမှီ၍ ကြာသည် မဂ်ဖိုလ်ဉာဏ်ပညာ၏ သင်္ကေတအဖြစ်လည်း အမြတ်တနိုး အသုံးပြုလာခဲ့သည်။ 


ကြာကို ကမ္ဘာဦးကတည်းက ပေါ်ခဲ့သောပန်းဖြစ်သည်ဟု ယုံကြည်ခဲ့ခြင်းများလည်း ရှိသည်။ 

"အကြင်ကမ္ဘာ၌ ဘုရားဖြစ်အံ့။ ကြာပွင့်သည်လည်း ဖြစ်၏။ တစ်ဆူဖြစ်တော်မူလျှင် ကြာတစ်ပွင့် သင်္ကန်းတစ်စုံပါသည်"ဟုဆိုသည်။ "ငါးဆူရွှေကြာ၊ နိမိတ်လာ၍၊ ငါးဖြာပွင့်လျက်၊ တစ်ပင်နက်ဝယ်၊ ငါးဆက်ဖူးငုံ၊ ပေါ်လတ်တုံက" ဟူသော ရှင်မဟာရဋ္ဌသာရ၏ အရေးအဖွဲ့အရ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ၊ အရိမေတ္တယျ ဟူသော ဘုရားငါးဆူပွင့်မည့် ပုဗ္ဗနိမိတ်အနေဖြင့် ဤဘဒ္ဒကမ္ဘာ ဖြစ်တည်လာသောအခါက သင်္ကန်းပရိက္ခရာ အစုံအလင်နှင့် တကွ ကြားငါးပွင့် ပါလာသည်ဟု ဆိုသည်။ 


ထို့ပြင် ကြာ သည် ဂေါတမနှင့် သူ၏ သာဝက ဖြစ်လာမည့်သူများ၏ ဘဝဖြစ်စဉ် အများအပြား၌ ပါဝင် ပတ်သက်ခဲ့ဖူး၏။ ဗုဒ္ဓ၏ ဘဝဖြစ်စဉ် (ဗုဒ္ဓဝင်)၌လာသည့် အောက်ပါ အဖြစ်အပျက်တွင် ကြာကို မြတ်နိုးဖွယ်ရာ တွေ့နိုင်သည်။


သုမေဓာ ရှင်ရသေ့ ဘုရားဖြစ်ရန် စိတ်တော်ကြံစည်နေခိုင်တွင် သုမိတ္တာ အမည်ရှိသော ပုဏ္ဏေးမ(ပုဏ္ဏားပျိုမလေး) သည် ဒီပင်္ကရာ မြတ်စွာဘုရားထံ၌ စည်းဝေးကြသော လူထု အစည်းအဝေးကြီးသို့ ကပ်ရောက်လာ၏။ ထို သုမိတ္တာ၏လက်၌ မြတ်စွာဘုရားကို ပူဇော်ရန် ကြာရှစ်လက်တို့ကို ယူဆောင်၍လာရာ ပရိသတ် အလယ်သို့ရောက်၍ သုမေဓာရှင်ရသေ့ အပေါ်၌ မေတ္တပေမဓာတ်များစွာပင် ဝင်လတ်သဖြင့် လှူဖွယ်ဝတ္တုတို့ကို လှူဒါန်းချင်လှပါသော်လည်း ကြာ ရှစ်လက်မှတစ်ပါး အခြားလှူဖွယ် မပါရကား...." အရှင်ရသေ့ မြတ်စွာဘုရားအား အရှင်ရသေ့ အလိုရှိသလို လှူဒါန်းရန် ငါးလက်သော ကြာတို့ကို အရှင့်အား ပေးအပ်ပါ၏။ ကျန်သော ကြာသုံးလက်ကို မူကား အကျွန်ုပ်လှူဒါန်းရန် အတွက် ဖြစ်ပါစေ" ဟု ပြောဆို လှူဒါန်းပြီးလျှင် "အရှင် ရသေ့ သည် ဘုရားဖြစ်ဖို့ရန် ဖြည့်ကျင့်နေသမျှ အတောအတွင်း အကျွန်ုပ်သည် အရှင်နှင့်တကွ ညီမျှသော သူတို့ ဖြစ်ကြရပါစေကုန်သတည်း" ဟု ဆုပန်ခဲ့လေသည်။ 

သုမေဓာ ရှင့်ရသေ့လည်း သုမိတ္တာ ပုဏ္ဏားပျိုမ ပေးအပ်သော ကြာငါးလက်တို့ကို ခံယူ၍ မျက်မှောက် တူရူ ကြွလာတော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို ပရိသတ်တို့ အလယ်၌ပင် "သမ္မာသမ္ဗောဓိဉာဏ်" အထိ ဆုပန် ကြည်ဖြူ ပူဇော်လေသည်။ 


အထက်ပါ အဖြစ်အပျက်ကို ထောက်၍ မြတ်သောဆုကို ပန်ဆင်ကြခြင်း၌ ကြာသည် အလောင်းတော်နှင့် သူ၏ ပါရမီဖြည့်ဖက်တို့ လက်ဝယ် တင့်တင့်တယ်တယ်ရှိနေခဲ့ဖူးသည်။


မြန်မာမင်းတို့၏ ကြာနှင့်ပတ်သက်သော အယူအဆနှင့် အသုံးပြုပုံ


ကြာ၏ အထိမ်းအမှတ်နှင့် စပ်လျည်း၍ ထူးခြားသော အချက်မှာ မင်းနှင့် စပ်သော ကိစ္စအတွက် မြန်မာပညာရှိများက အဓိပ္ပာယ်သစ် ထပ်ထည့်လာခြင်း ဖြစ်လေသည်။ ထိုအဓိပ္ပာယ်သစ်သည် အခြားမဟုတ်၊ ကျေးဇူးသိတက်ခြင်း၊ ဘေးအန္တရာယ်ကင်းခြင်းနှင့် ပတ်သက်သော အထိမ်းအမှတ် (သင်္ကေတ) များ ဖြစ်သည်။ ထိုအထိမ်းအမှတ်များဖြင့် မင်းတို့၏ ပလ္လင်များ၌ ကြာရိုး၊ ကြာရွက်၊ ကြာပွင့်၊ ကြာချပ်တို့ကို ထုလုပ် သုံးဆောင်ခြင်း ပြုခဲ့ကြသည် ဟု ဇေယျသင်္ခယာဘွဲ့ရ မြဝတီမင်းကြီး ဦးစ၏ ရွှေဘုံနိဒါန်း၌ ရှင်းပြထားသည်။ 


ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းလာ ကြာနှင့်ပတ်သက်သော အယူအဆများ


မွန်ဘာသာ ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းတွင် ဗညားနွဲ့သည် ဒဂုန်၌ ခြားနားနေစဉ် လူတစ်ယောက်က ၎င်းအား ကြာပန်းတစ်စီးဖြင့် လာရောက်ဆက်သ၏။ ထိုအခါ ပညာရှိ မင်းကံစီသည် လွန်စွာ ဝမ်းသာသဖြင့် လက်သီးလက်မောင်းတန်းလေသည်။ ထိုအခါက ဗညားနွဲ့က မေးလေရာ "ကြာပန်းဟူသည် တနင်္လာနံ၊ ဗဂိုးလည်း တနင်္လာနံ၊ ဟံသာဝတီကို အရှင်မင်းသား လွယ်ကာသာ ရမည်နိမိတ်ဖြစ်သည်။ ထို့ပြင် ကြာပန်းဟူသည် ဘုရားလောင်း ဗောဓိသတ္တတို့၏ အရိပ် နိမိတ်လည်း ဖြစ်သည်။ ဘုရားလောင်းသည် ပါရမီနုစဉ်အခါက သုံဂမိတ်မင်း(သုမ္ဘမိတ္တ) ဘဝ၌ လွန်စွာ ဆင်းရဲခြင်းကို ခံရသည်။ နောင်အခါ ပါရမီ ရင့်သန်လတ်သော် သုံးဆယ့်တစ်ဘုံသားတို့၏ အထွက်အထိပ် ဘုရားရှင် ဖြစ်ရသည် မဟုတ်လော။ ယခု ကြာပန်းရသည့် နိမိတ်သည် မကြာမီအတွင်း ဟံသာဝတီ ရွှေနန်းထက်၌ သုခ စည်းစိမ်ကို အရှင်မင်းသား ခံစားရတော့မည် မချွတ်၊ ဤသည်ကို မြင်၍ ကျွန်ုပ်ဝမ်းသာလွန်းသဖြင့် လက်သီးလက်မောင်း တန်းမိခြင်း ဖြစ်ပေသည်" ဟု မင်းကံစီက ဖြေလေသည်။ 


အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့ရှိ ကြာနှင့် ပတ်သက်သော အယူအဆများနှင့် အသုံးပြုပုံများ


လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့် (ဘီစီ - ၃၀၀၀ခန့်) က ယခု ပါကစ္စတန်နိုင်ငံရှိ အိန္ဒုမြစ်ဝှမ်းတွင် မိုဟင်ဂျိုဒါရိုမြို့၊ ဟာရပ္ပမြို့များ ထွန်းကားခဲ့သည်။ ထိုမြို့များတွင် နေထိုင်သူများမှာ ဒြာဗီးဒီးယန်း လူမျိုးများ ဖြစ်ကြသည်။ ထိုမြို့တို့ကို တူးဖော်ရာ၌ ထိုမြို့တို့တွင် နေထိုင်သူများသည် ကြာကို အမြတ်တနိုး ပန်ဆန် အသုံးပြုခဲ့ကြသည်ဟု ယူဆရသော အထောက်အထားများကို တွေ့ရသည်။ ဦးခေါင်းတွင် ကြာပန်းကို ပန်ထားသော အမျိုးသမီးရုပ်တုများ၊ ကြာပွင့်ပေါ်တွင် ထိုင်နေသောပုံမျာ "ပဒုမ္မာသန" ထိုင်ပုံထိုင်နည်းဖြစ်ပြီး၊ ထို ထိုင်ပုံထိုင်နည်းကို ထောက်၍ ထိုခေတ်က ဒြာဗီးဒီးယန်း လူမျိုးတို့တွင် ယောဂကျင့်စဉ်သည် အာရိယန်လူမျိုးတို့ အိန္ဒိယသို့ မဝင်ရောက်မီကပင် ရှိနေနှင့်ပြီးဖြစ်ကြောင်း သုတေသီများက ကောက်ချက်ချကြသည်။


#သူရဿတီနတ်သမီး


ကြာနှင့်ပတ်သက်သော အခြားသော အထောက်အထားများကို အိန္ဒိယသို့ ဝင်ရောက်လာသော အာရိယန်လူမျိုးတို့၏ နောက်ဆက်တွဲ ဝေဒကျမ်းများတွင် တွေ့ရသည်။ ထိုကျမ်းတို့၏ အလိုအရ ဤကမ္ဘာလောကကြီး၏ မူလအစသည် ပွင့်ချပ် တစ်ထောင်ရှိသော ကြာပန်း ဖြစ်သည်။ အလင်းရောင်ကိုမှီ၍ ထိုကြာသည် ပွင့်လာသည်။ ထိုကြာမှ ဗြဟ္မန်(ပရမတ္တမ)၊ ထိုဗြဟ္မန်မှ ကမ္ဘာကို အစိုးရသော ဗြဟ္မာနှင့် ၎င်း၏ ကြင်ယာတော် သူရဿတီနတ်သမီးသည် ထွက်ပေါ်လာသည်။ ထိုဗြဟ္မာနှင့် ကြင်ဖက်တို့မှ အခြားသက်ရှိ သက်မဲ့များ ဖြစ်ပေါ်လာရသည်။ ၎င်း ဗြဟ္မာ၏ ကြင်ဖက် သူရဿသီ နတ်သမီးကို ရှေးခေတ် အာရိယန်တို့က သီရိနတ်သမီးဟု ခေါ်ဝေါ်ကြ၍ ဥစ္စာပစ္စည်းများကို ပေးဆောင်သူအနေဖြင့် ကိုးကွယ်ကြသည်။ ထို နတ်သမီးသည် ကျန်းမာခြင်း၊ အသက်ရှည်ခြင်းတို့ကို ပေးနိုင်သူ၊ သားသမီး ကျေးကျွန် စည်းစိမ်ချမ်းသာတို့ကို ပေးဆောင်နိုင်သူ ဖြစ်သည်ဟူသော ဂုဏ်ထူးဝိသေသအမျိုးမျိုးဖြင့် ကြာပန်းပေါ်၌ မတ်တပ်ရပ် အနေအထားဖြင့် ထုလုပ်ထားတက်ကြသည်။ ထိုအကြောင်းအရာတို့ အပေါ်တွင် အမှီပြု၍ ကြာသည် အသက်ရှည်ခြင်း၊ ဥစ္စာတိုးတက်ခြင်း၊ သားသမီး အစရှိသည်တို့ တိုးပွားခြင်း၊ ကျော်စောထင်ရှားခြင်း၊ မင်္ဂလာရှိခြင်းတို့၏ သင်္ကေတ အထိမ်းအမှတ် ဖြစ်လာခဲ့သည်။


ကြာပင်၏အသုံးဝင်မှုများ


သင်သည်ကြာတစ်ပင်ကိုသေချာကြည့်သင့်ပါသည်။ ကြာပင်သည်လှပမှုအတွက်သာမက လူသားများအတွက်အသုံးဝင်မှုများလည်းရှိသည်။ တစ်နည်းအားဖြင့် ကြာပင်သည် အမြစ်မှသည် အရွက်တိုင် အသုံးဝင်သည့်အရာများဖြစ်ကြပါသည်။


(က) ကြာစေ့ သည်တရုတ်လူမျိုးများ၏ အရသာရှိသောဟင်းချိုတစ်ခွက်ဖြစ်သည်။ အချိုရည်ထုတ်လုပ်ရာတွင်လည်းကောင်း၊ မွန်းကိတ် ခေါ်ကိတ်မုန့်များတွင်လည်းကောင်းကြာစေ့ကိုထည့်သွင်းစားသုံးကြသည်။


(ခ) ကြာရွက် သည်အသား၊ ငါးစသည်တို့ကိုကြာရွက်ဖြင့် ထုပ်ပိုးနိုင်သည်။ စားသောက်ဆိုင်များတွင် အသား၊ ငါးတို့ကိုကြာရွက်ဖြင့်ပတ်ကာ ရေနွေးငွေ့ဖြင့် ပေါင်းချက်ကြသည်။


(ဂ) ကြာမြစ် သည်အစိမ်းသက်သက်စားနိုင်ပြီး ဟင်းချို၊ ဟင်းချိုစွပ်ပြုတ်အဖြစ်စားသုံးနိုင်သည်။ အချို့ကအစာမကြေသည့် ဝေဒနာမျိုးအတွက်ဆေးဝါးအဖြစ်ဖော်စပ် အသုံးပြုကြသည်။


ကြာပင်သည် အအေးမိ၊ ဖျားနာ၊ သွေးမတိတ်သည့် ဝေဒနာများကိုကုစားနိုင်သည်ဟု တရုတ်လူမျိုးတို့က ယုံကြည်ထားကြပါသည်။


⬛




Source: ဝီကီပီးဒီးယား

Friday, September 9, 2022

ကလေးသူငယ်များအတွက် သုတရတနာသိုက်

 ကလေးသူငယ်များအတွက် သုတရတနာသိုက်




သုတရတနာသိုက်က ကလေးတွေအတွက် စွယ်စုံကျမ်း ဖြစ်ပါတယ်။ ဝိဇ္ဇာသိပ္ပံ အသိပညာ အတတ်ပညာတွေ လေ့လာလို့ မကုန်ခန်းနိုင်တဲ့ သုတရတနာတွေ ပါဝင်လို့ သုတရတနာသိုက် လို့ အမည်မှည့်ခေါ်ထားတာ ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်မှာ အဆင့်မြင့်ပညာဦးစီးဌာနနှင့် တိုင်း-လိုက်ဖ်စာအုပ်တိုက်တို့က ကိုဒန်းရှားရဲ့ ကလေးသူငယ်များအတွက် ရောင်စုံစွယ်စုံကျမ်းကို မှီးပြီး မြန်မာပြန်ဆို ထုတ်ဝေထားတာပါ။ ဒီစာအုပ်တွေကို ဟောင်ကောင်မှာ ပုံနှိပ်ခဲ့စဉ်ကအကြောင်းကို စာရေးဆရာ ကျော်အောင်ရဲ့ ဟောင်ကောင်နွေဦးညများ စာအုပ်မှာ ဖတ်ခဲ့ရဖူးပါတယ်။




၁၀ တွဲပါ အစုံပေါင်း ငါးသောင်းကျော် ပုံနှိပ်ပြီးတော့ အခြေခံပညာကျောင်းတွေကို မဆလခေတ် ကုန်ခါနီးမှာ ဖြန့်ဝေခဲ့တာပါ။ ၈၈ အရေးခင်းကြီးပြီးတော့ သုတရတနာသိုက်တွေ စာအုပ်အဟောင်းတန်းကို အသစ်အတိုင်း ဘူးတွေနဲ့ ရောက်သွားတာ အများကြီးပဲတဲ့။ တစ်စုံမှာ ၂၅ ကျပ်ပဲတဲ့။




ကျောင်းတွေမှာတော့ ဒီစာအုပ်တွေကို ကျောင်းစာကြည့်တိုက်ထဲမှာ သော့ခတ်ပြီး သိမ်းထားလေ့ရှိပါတယ်။ ရတနာသိုက်ဆိုတော့ ပျောက်မှာစိုးလို့ ထင်ပါတယ်။ ကျောင်းစာကြည့်တိုက်ဆိုတာကလည်း စစ်ဆေးရေးလာတဲ့ ရက်တွေပဲ ဖွင့်တတ်တာ။




ငယ်ငယ်တုံးကတော့ အဖေဝယ်လာပေးလို့ နှစ်အုပ်တော့ အိမ်မှာ ရှိခဲ့တယ်။ ၁၉၉၀ နှစ်များက အရာရာ ရှားပါးချိန်ဖြစ်လို့ ကျောင်းသုံးဖတ်စာအုပ်တွေက အဖြူအမည်း၊ မှုန်ဝါးဝါး။ အခြား သုတရသ စာအုပ်တွေကလည်း စာရွက်ညံ့ပေါ်မှာ မှုန်ဝါးဝါး ပုံနှိပ်ထားချိန်မှာ ဒီလို ရောင်စုံစာအုပ်တွေကို ဖတ်ရတာကို အလွန်သဘောကျခဲ့တယ်။ ငါကြီးလာရင် သုတရတနာသိုက် တစ်စုံလုံး ဝယ်ပြီး ဖတ်ဦးမယ်လို့ တွေးမိဖူးခဲ့တယ်။




၂၀၁၇ ခုနှစ်မှာ ၃၇ လမ်းက စာအုပ်ဟောင်းဆိုင်မှာ သုတရတနာသိုက် အစုံလိုက် အသစ်အတိုင်း သန့်နေသေးတာကို တစ်သိန်းခွဲပေးပြီး ဝယ်ခဲ့ဖူးတယ်။ နှစ်သုံးဆယ်လောက် ကြာပြီဖြစ်ပေမယ့် အသစ်အတိုင်းပဲ။ ကျောင်းစာကြည့်တိုက် တံဆိပ်တုံးလေးတွေနဲ့။ ဘယ်ကျောင်းသားကျောင်းသူမှ ဖတ်ခွင့်မရခဲ့ပဲ ကျောင်းစာကြည့်တိုက် ဘီရိုထဲကနေ အဟောင်းဆိုင်ကို ရောက်သွားရရှာတယ်။




စာအုပ်က တန်ဖိုးကြီးလွန်းတော့ အိမ်က ကလေးတွေကိုလည်း ပေးမဖတ်ရဲဘူး။ နည်းနည်းကြီးမှ ပေးဖတ်မယ်လို့ ပြောထားရတယ်။ ၂၀၁၈ ခုနှစ်မှာ သုတရတနာသိုက် စာအုပ်တွေကို ပညာရေးဝန်ကြီးဌာနက တတိယအကြိမ် ပြန်ထုတ်တော့ တစ်စုံကို ၄၅၀၀၀ ဆိုတော့မှ နောက်တစ်စုံ ထပ်ဝယ်ပြီး ကလေးတွေကို ပြဲချင်ပြဲပါစေ ဖတ်ရင်ပြီးတာပဲဆိုပြီး ချပေးထားနိုင်တယ်။




 သုတရတနာသိုက် စုစုပေါင်း အတွဲ ၁၀ တွဲရှိပါတယ်။


pdf စာအုပ် ဖတ်ချင်သူများအတွက် link တွေပါ။




၁။ ယူနီဗာ့ဆ်နှင့် ရာသီဥတု


https://www.mediafire.com/file/ue14dtr26y12zh6/CTK_1_The_Universe_and_Weather_N.pdf/file




၂။ အပင်များ



ကလေးသူငယ်များအတွက် သုတရတနာသိုက်

အပင်များ


ကိုဒန်းရှား၏ ကလေးသူငယ်များအတွက် ရောင်စုံစွယ်စုံကျမ်းကိုမှီး၍ အက်ဖ်အီးပီ အင်တာနေရှင်နယ် ပီတီအီး လီမိတက်က တည်းဖြတ်သည့်မူကို အဆင့်မြင့်ပညာဦးစီးဌာနနှင့် တိုင်း-လိုက်ဖ်စာအုပ်တိုက်တို့က မြန်မာပြန်ဆို ထုတ်ဝေသည်။


ပထမပုံနှိပ်ခြင်း အုပ်ရေ ၅၀၀၀၀

၁၉၈၄ ခုနှစ် သြဂုတ်လ

စာမျက်နှာ ၁၁၅


အပင်များ

https://drive.google.com/file/d/1K0_jM5vHRnTBygj18MZPZAKXndmsu5IH/view?usp=sharing

https://www.mediafire.com/file/haoj4kcpru1tmar/CTK_2_Plants_S.pdf/file

https://www.mediafire.com/file/haoj4kcpru1tmar/CTK_2_Plants_S.pdf/file




၃။ ကမ္ဘာဦးသက်ရှိများ


https://www.mediafire.com/file/z6plgwu661rn1jg/CTK_3_Prehistoric_Life_S.pdf/file




၄။ ရေအောက်သက်ရှိများ


https://www.mediafire.com/file/17o0oysd39sdc2o/CTK_4_Underwater_Life_S.pdf/file




၅။ အင်းဆက်ပိုးများ


https://www.mediafire.com/file/wvwdrn5dr799ldx/CTK_5_Insects_S.pdf/file




၆။ တိရစ်ဆာန်များ


https://www.mediafire.com/file/b692azuad1rubom/CTK_6_Animals_S.pdf/file




၇။ သင်္ချာ


https://www.mediafire.com/file/zeedvd7wilk6hak/CTK_7_Mathematics_S.pdf/file




၈။ အီလက်ထရွန်းနစ်နှင့် စွမ်းအင်


https://www.mediafire.com/file/eb2jvs392bh4oq7/CTK_8_Electronics_and_Energy_S.pdf/file




၉။ ပို့ဆောင်ရေးယာဉ်များ


https://www.mediafire.com/file/yfu5aede1dq5ue9/CTK_9_Transport_S.pdf/file




၁၀။ ဝါသနာပါရာ အပန်းဖြေစရာ


https://www.mediafire.com/file/qy4k3nrmetuwsch/CTK_10_Life_and_Leisure_S.pdf/file




 သုတရတနာသိုက် ၁၀ တွဲလုံးရဲ့ pdf file တွေကို အောက်ကလင့်မှာ ဝင်ပြီး ဖတ်နိုင်ပါတယ်။


https://sites.google.com/view/haytha-yu-mon/CTK

Wednesday, September 7, 2022

ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင်

 ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင် ဘာကိုသတိထားသင့်လဲ။

==========================




ဒီမေးခွန်းက အလုပ်အကိုင်အခွင့်အလမ်းတွေကိုရှာဖွေနေကြတဲ့သူတွေအတွက်အရေးကြီးပါတယ်။ 


အလုပ်တစ်ခုကိုလျှောက်တဲ့အခါ ကုမ္ပဏီက ကိုယ့်ကို အင်တာဗျူးပြီးကိုယ့်ရဲ့အကြောင်းကိုသူတို့သိအောင်လုပ်ပြီး စိတ်ကြိုက်ရွေးချယ်သလို၊ ကိုယ့်အနေနဲ့လည်း ကုမ္ပဏီအကြောင်းကို အသေအချာ သိအောင်လုပ်ရပါမယ်။ 


အလုပ်တစ်ခုရရင်ပြီး​ရောဆိုပြီး ရရာအလုပ်တစ်ခုကိုဝင်လုပ်မိတဲ့အခါ ကံကောင်းပြီး အရာရာအဆင်ပြေနေရင်တော့ ကိစ္စမရှိပေမယ့်၊ ကိုယ်နဲ့မကိုက်ညီတဲ့ လုပ်ငန်းတစ်ခုဖြစ်နေမယ်ဆိုရင် ကိုယ်လည်း စိတ်ချမ်းသာမှာ မဟုတ်သလို၊ လုပ်ချင်တိုင်းလည်း လုပ်လို့မရ၊ အဆင်မပြေမှုတွေနဲ့ နေ့စဉ်နဲ့အမျှကြုံတွေနေရမယ်ဆိုရင် အတော်စိတ်ညစ်ဖို့ ကောင်းမှာဖြစ်ပါတယ်။


လုပ်ငန်းအဖွဲ့အစည်းတိုင်းမှာ အလုပ်လုပ်ကိုင်တဲ့ပုံစံတွေ အမျိုးမျိုးရှိတတ်ပါတယ်။ အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုဓလေ့ထုံစံတွေက အမျိုးမျိုးရှိတတ်ပါတယ်။ အဲ့ဒီ့အရာပေါ်မှာမူတည်ပြီး အလုပ်လုပ်ကိုင်ကြတဲ့ပုံစံတွေကွဲပြားကြပါတယ်။ 


HR အလုပ်ကို လုပ်ကိုင်ကြတဲ့သူတွေနဲ့ ပတ်သက်ပြီး အမျိုမျိုးပြောကြတာ ကြားဖူးကြမယ် ထင်ပါတယ်။ 


HR ဆိုတာ ဝန်ထမ်းနဲ့အလုပ်ရှင်အကြားက ပေါင်းကူးတံတား ဘာညာပြောတတ်ကြတယ်။ အချို့ကကြတော့ HR ဆိုတာ လုပ်ငန်းရဲ့အကျိုးကိုပဲကြည့်ရမယ်၊ ဘယ်သူ့ဖက်မှ မလိုက်ဘူး ဆိုပြီးလည်းပြောတတ်ကြတယ်။ ပြီးတော့ HR ဆိုတာ ဝန်ထမ်းရဲ့ အကျိုးကို ကာကွယ်ပေးနိုင်ရမယ်ဆိုပြီး ဝန်ထမ်းရဲ့ ကိုယ်စားလှယ်အနေနဲ့လည်း ပြောတတ်ကြတယ်။ 


ဘယ်လိုမျိုး အမျိုးမျိုးပြောကြပါစေ၊ တကယ့်လက်တွေ့မှာတော့ HR သမားတွေက ကိုယ်လုပ်ချင်တာ လုပ်နိုင်တယ်ဆိုတာထက်၊ ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံမှာပဲ စီးဝင်သွားရပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ 


ကိုယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို ကိုယ့်အနေနဲ့ မကြိုက်ဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပုံစံကို ပြောင်းလဲပစ်နိုင်ဖို့ အတော်ကြိုးစားယူရပါလိမ့်မယ်။ 


ဒီကိစ္စက အပြောသာလွယ်တာပါ၊ လက်တွေ့မှာ မလွယ်ကူလှပါဘူး။ 


ဒါကြောင့် အလုပ်တစ်ခုကို မရွေးချယ်ခင်၊ ကိုယ့်လုပ်ရမယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို အနည်းနဲ့အများ တီးခေါက်မိအောင်လုပ်ယူသင့်ပါတယ်။ 


ဒီအခါမှာ သူတို့ရဲ့ အလုပ်လုပ်ကိုင်ပုံကို နားလည်လာပြီး ကိုယ်နဲ့ကိုက်ညီတယ် မကိုက်ညီဘူးဆိုတာကို ချင့်ချိန်နိုင်မှာ ဖြစ်ပါတယ်။ 


ဒီအချက်ကို ပေါ့သေးသေး သဘောမထားပါနဲ့၊ ဒီအချက်ကို ဂရုမစိုက်ခဲ့မိရင် နောက်မှ အလုပ်လုပ်ရတာ အဆင်မပြေဘူး၊ HR ကို ကိုယ်ဖြစ်ချင်တဲ့ပုံစံနဲ့ လုပ်ကိုင်လို့မရဘူး၊ စသဖြင့် မကျေမနပ်ငြီးတွားရတာတွေ ဖြစ်လာနိုင်ပါတယ်။


ကိုယ့်ရဲ့ကုမ္ပဏီမှာ ဘယ်လို HRM ပုံစံမျိုးရှိပါသလဲ။

==========================


အရင်ဆုံး management ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ်ကိုအရင်းဆုံးစဉ်းစားကြည့်ရအောင်။ 


management လုပ်တယ်ဆိုတက structure ကျကျ၊ plan ရှိရှိ၊ formal ဆန်ဆန်၊ targeted way နဲ့ လုပ်ကိုင်ဆောင်ရွက်ကြတာလို့ ပြောလို့ရပါတယ်။ တစ်ခုခုကိုတိတိကျကျသတ်မှတ်ပြီး အောင်မြင်ရရှိအောင်လုပ်ကြရတာဖြစ်ပါတယ်။ 


management ဆိုတဲ့ စကားလုံးရဲ့ နောက်မှာ institutionalization ဆိုတဲ့ လုပ်ငန်းအဖွဲ့အစည်းကို အတိအကျ ပုံစံချ သတ်မှတ် ဆောင်ရွက်ခြင်း သဘောတွေရှိနေပါတယ်။ 


Attitude 

======

အခုပြောခဲ့တဲ့ အချက်တွေကို တွေးကြည့်ပြီး ကုမ္ပဏီတွေက ဘယ်လို ဖွံဖြိုးတိုးတက်ခဲ့တာလဲ ဆိုတာကို စဉ်းစားကြည့်လို့ရပါတယ်။ 


ကုမ္ပဏီတစ်ခုကို တည်ထောင်တဲ့အခါမှာ တည်ထောင်သူဆိုတာကတော့ရှိရပါတယ်။ ဘယ်သူက တည်ထောင်ခဲ့တာလဲ ပေါ့လေ။ ဒီ တည်ထောင်သူ founder က အရေးကြီးပါတယ်။ ကုမ္ပဏီတည်ထောင်ကာ အစမှာပဲမဟုတ်ပဲ ကုမ္ပဏီရဲ့ ရာဇဝင်တောက်လျှောက်မှာ အရေးပါပါတယ်။ 


ဒီတည်ထောင်သူမှာ attitude လို့ခေါ်တဲ့ စိတ်နေသဘောထားတွေရှိပါတယ်။ management နဲ့ပတ်သက်တဲ့ သဘောထားတွေ၊ လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ သဘောထားတွေရှိကြပါတယ်။ 


Richard Branson, Bill Gates, Steve Jobs စတဲ့ နာမည်ကြီးတွေနဲ့ သူတို့ကုမ္ပဏီမှာထားတဲ့ သူတို့ရဲ့စိတ်နေသဘောထားတွေကို နားလည်ကြည့်လို့ရပါတယ်။ သူတို့ရဲ့ စိတ်နေသဘောထားတွေက ကုမ္ပဏီအတွင်းမှာ လုပ်တာကိုင်တာတွေအပေါ် သက်ရောက်မှုရှိနေတာကို သတိထားမိနိုင်ပါတယ်။


Culture 

======

ကုမ္ပဏီက တဖြေးဖြေးကြီးထွားလာတာနဲ့အမျှ ဒီတည်ထောင်သူတွေက နေရာတိုင်းမှာ မရှိနိုင်တော့ပါဘူး။ 


ဒီအခါမှာ ကုမ္ပဏီကို သူတို့ဖြစ်ချင်တဲ့ပုံစံအတိုင်းလည်ပတ်နေဖို့အတွက် culture ဆိုတဲ့ ဓလေ့ထုံးစံကို ဖန်တီလာရပါတယ်။ "ငါတို့ဆီမှာတော့ ဒါနဲ့ပတ်သက်ရင် ဒီလိုမျိုးပဲလုပ်ကြတယ်။" ဆိုတဲ့ ဥပမာလိုပါပဲ။ 


Culture ဆိုတဲ့ သွယ်ဝိုက်သောစည်းမျဉ်းများက ဒီကုမ္ပဏီမှာ ဘယ်အပြုအမူကတော့ ကောင်းတယ်၊ ဘယ်အပြုအမူကတော့ မကောင်းဘူး စသဖြင့် သတ်မှတ်ထားတာဖြစ်ပါတယ်။ 


ဒီအရာတွေကများသောအားဖြင့် ဒီတည်ထောင်သူတွေရဲ့ စိတ်နေသဘောထားနဲ့ သွားပြီး ချိတ်ဆက်နေတတ်ပါတယ်။ 


ဒီအချက်ကို နားလည်သဘောပေါက်ဖို့ အရမ်းအရေးကြီးပါတယ်။ ကုမ္ပဏီမှာ စည်းမျဉ်းစည်းကမ်းတွေ မရှိခဲ့ရင်တောင်မှ လူတွေက ဘယ်လိုနေထိုင်ပြောဆိုရမလဲဆိုတာကို နားလည်သဘောပေါက်ကြပါတယ်။


Roles and Structures

===============


ဒါပေမယ့် ကုမ္ပဏီကြီး ကြီးထွားလာပြီဆိုရင်တော့ institutionalize လုပ်ဖို့ လိုအပ်ပါတယ်။ Culture နဲ့တင်မလုံလောက်တော့ပါဘူး။ အထူးသဖြင့် Role တွေ၊ Structure တွေကို သတ်မှတ်ဖို့လိုအပ်လာပါပြီ။ 


ကုမ္ပဏီက သေးငယ်တုန်းကတော့ ဘယ်သူက ဘယ်အရာတွေနဲ့ပတ်သက်ပြီး အဆုံးအဖြတ်တွေပေးနေသလဲ ဆိုတာကို အလွယ်တကူ နားလည်နိုင်ပေမယ့် ကုမ္ပဏီက ကြီးထွားလာတဲ့အခါမှာ ဘယ်သူက ဘယ်အရာကိုလုပ်မှာလဲ၊ ဘယ်သူက ဘယ်အရာကို အဆုံးအဖြတ်ပေးမှာလဲဆိုတဲ့ role and structure တွေကိုသတ်မှတ်ပေးဖို့လိုအပ်လာပါတယ်။ 


process တွေအတွက် structure တွေဟာ လိုအပ်လာပါတယ်။ ဥပမာ - ဝန်ထမ်းတစ်ယောက်က business travel တစ်ခုကိုသွားရတော့မယ်ဆိုရင်၊ လေယာဉ်လက်မှတ်ဝယ်တဲ့အခါ business class က စီးရမှာလား၊ economy class က စီးရမှာလား၊ ဘယ်သူက ဆုံးဖြတ်မှာလဲ။ rules တွေကို သတ်မှတ်ရပါတော့မယ်။


Management Systems

================


အပြိုင်အဆိုင်များတဲ့ အဖွဲ့အစည်းတွေမှာ ခုနက ပြောခဲ့တဲ့ role တွေ၊ structure တွေကို သတ်မှတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ 


Management System တွေရှိဖို့လိုအပ်ဖို့အပ်လာပါတယ်။ ဥပမာ - Customer Relations Management System တွေ၊ Supply Change Management System တွေ၊ HR Management System တွေက ဥပမာတွေပဲဖြစ်ပါတယ်။ 


Management System တွေက အရမ်းကိုရှုပ်ထွေးလာပါတယ်။ Process တွေအများကြီးပါဝင်လာပါတယ်။ IT အပိုင်းတွေလည်း အများကြီးပါဝင်လာပါတယ်။ 


Institutionalization

=============

ဆိုတော့ကား တည်ထောင်သူရဲ့ attitude ကနေ ကုမ္ပဏီရဲ့ culture အဖြစ်ပြောင်းလဲလာပြီးတော့၊ ကုမ္ပဏီကြီးထွားလာတာနဲ့အမျှ role တွေ၊ structure တွေ၊ management system တွေကို သတ်မှတ်ပြီးတော့ လုပ်ဆောင်လာရပါတယ်။ 


ဒီနေရာကနေစပြီးတော့ institutionalization ဆိုတဲ့အရာကို စတင်လုပ်ဆောင်လာရပါတယ်။ ပုံတွေကို အတိအကျချသတ်မှတ်ပြီး၊ စနစ်တကျလုပ်ဆောင်လာကြရပါတယ်။


ဒီလို institutionalize လုပ်တဲ့အခါမှာ လုပ်ပုံလုပ်နည်းတွေအရ အခြမ်းနှစ်ခြမ်းဖြစ်လာပါတယ်။ ဒါကိုနားလည်ဖို့အတွက် ခုနကပြောခဲ့တဲ့ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့အခါ ဘယ်လိုလက်မှတ်မျိုးဝယ်မရမလဲ ဆိုတဲ့ ဥပမာကိုပြန်ကြရအောင်။ 


တစ်ချို့ကုမ္ပဏီတွေက business class နဲ့သွားရမလား၊ economy class နဲ့သွားရမလားဆိုတာကို ခရီးသွားရမယ့် ဝန်ထမ်းကပဲ ဆုံးဖြတ်ရပါတယ်။ ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက်လိုအပ်ချက်အပေါ်မှာပဲမူတည်ပြီး ဝန်ထမ်းက စဉ်းစားဆုံးဖြတ်သွားလို့ရပါတယ်။ ဒီလိုကုမ္ပဏီအမျိုးအစားက Agility and Network ဆိုတဲ့အခြမ်းဘက်ကနေ ဖွံဖြိုးတိုးတက်နေတဲ့ ကုမ္ပဏီတွေလို့ ပြောလို့ရပါတယ်။


တစ်ချို့ကုမ္ပဏီတွေကကြတော့ ကိုယ့်ရဲ့ အလုပ်ကိစ္စနဲ့ ခရီးသွားတဲ့ကိစ္စကို ကိုယ့်ရဲ့အထက်အရာရှိက ဆုံးဖြတ်ပြီး ခွင့်ပြုချက်ကိုပေးရပါတယ်။ အရာရာအားလုံးကို အထက်အရာရှိကနေပြီးတော့ အောက်လက်ငယ်သားတွေအတွက် ဆုံးဖြတ်ပေးရပါတယ်။ ဒီလို ကုမ္ပဏီမျိုးတွေကတော့ Hierarchy and Stability ဆိုတဲ့ အခြမ်းဘက်ကနေ ဖွံဖြိုးတိုးတက်နေတဲ့ ကုမ္ပဏီတွေလို့ ပြောလို့ရပါတယ်။


HR Management ပုံစံများ

==================


အခုပြောခဲ့တာတွေကို ဆင်ခြင်သုံးသပ်ပြီး HR Triangle တစ်ခုကိုတည်ဆောက်လို့ရပါတယ်။ ဒီ Triangle အပေါ်မူတည်ပြီး ကုမ္ပဏီတစ်ခုရဲ့ HR Management ပုံစံတွေကို (၃) မျိုးခွဲခြားလိုက်လို့ရပါတယ်။ 


1️⃣ Hire and Pay


ဒီပုံစံကတော့ တည်ထောင်သူရဲ့ လွှမ်းမိုးမှုများတဲ့ ပုံစံမျိုးလို့ပြောလို့ရပါတယ်။ ဒီပုံစံမှာ role တွေ၊ structure တွေ၊ management system တွေ သတ်မှတ်ထားတာနည်းပါတယ်။ 


ဝန်ထမ်းကို ခန့်မယ် (Hire)၊ လစာပေးမယ် (Pay)။ ဝန်ထမ်းက သူလုပ်ရမယ့် အလုပ်ကို လုပ်ရမယ့် သဘောမျိုးပါပဲ။ ဒီထက်ပိုပြီး ဘာမှမရှိပါဘူး။ Institutionalization ဆိုတာ လုံးဝမရှိပါဘူး။ Performance Appraisal, Employer Branding, Structured Training and Development စတာတွေ တစ်ခုမှ မရှိပါဘူး။ 


ဝန်ထမ်းကို ဘာမှာ အကဲဖြတ်စရာ၊ သင်ပေးစရာ မလိုပါဘူး။ လုပ်နိုင်မယ်လို့ ထင်တဲ့သူကို ခန့်ခဲ့တယ်။ မလုပ်နိုင်ဘူးဆိုရင် နောက်တစ်ယောက်ကို ပြောင်းခန့်နာမျိုးကို လုပ်မှာဖြစ်ပါတယ်။ 


ဒီလိုပုံစံမျိုးမှာ HR ကျွမ်းကျင်သူပညာရှင်တွေလည်း မရှိတတ်ပါဘူး။


2️⃣ Central Planning and Control


ဒီလိုပုံစံမှာတော့ အရာရာအားလုံးကို management ကနေ ဆုံးဖြတ်လုပ်ကိုင်ကြပါတယ်။ ဒီနေရာမှာ HR ဌာနရဲ့ အခန်းကဏ္ဍကကြီးမားလာပါတယ်။ HR ဌာနက အများကြီးတာဝန်ယူလာရပါတယ်။ 


HR နဲ့ပတ်သက်တဲ့ကိစ္စအားလုံးကို HR ဌာနကပဲ တာဝန်ယူဆုံးဖြတ်ကြရပါတယ်။ လူခန့်ချင်လား။ HR ဌာနကိုလာရပါတယ်။ HR ဌာနကပဲ တာဝန်ယူခန့်ပေးပါတယ်။ ဝန်ထမ်းကို ဖွံဖြိုးတိုးတက်စေချင်သလား။ HR ဌာနကိုလာရပါတယ်။ HR ကပဲ ဝန်ထမ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် စီစဉ်ဆောင်ရွက်ပေးပါတယ်။ 


HR နဲ့ ပတ်သက်တဲ့ အရာမှန်သမျှကို HR ဌာနကပဲ ဗဟိုဦးစီးပြီး တာဝန်ယူဆောင်ရွက်ပါတယ်။


3️⃣ People-centered Enablement 


ဒီပုံစံမှာတော့ ဝန်ထမ်းတွေမှာ empowerment ပိုရလာပါတယ်။ HR နဲ့ ဆိုင်တဲ့ ကိစ္စတွေကို သက်ဆိုင်ရာဝန်ထမ်းကပဲ ကိုယ့်တာဝန် ကိုယ်ယူရပါတယ်။ HR ဌာနက နောက်ကနေပြီး လိုအပ်တာကို ပံ့ပိုးပေးပါတယ်။ Coach လုပ်ပေးတဲ့ သဘောတွေပဲ ရှိပါတော့တယ်။ 


လူခန့်ချင်လား။ သက်ဆိုင်ရာလိုင်းမန်နေဂျာက ကိုယ့်ဘာသာ ကိုယ့်အတွက်သင့်တော်မယ့်သူကို တာဝန်ယူပြီး ခန့်ကြရပါတယ်။ အကူအညီလိုတာကို HR ဌာနကပံ့ပိုးပေးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဖွံ့ဖြိုးတိုးတက်ချင်ပါသလား။ ဝန်ထမ်းကပဲ ကိုယ့်ဘာသာကိုယ်အစပြုလုပ်ဆောင်ရပါတယ်။ လိုအပ်တာတွေကို HR က ပံ့ပိုးပေးပါတယ်။ 


ဆိုလိုချင်တာကတော့ လူတွေနဲ့ဆိုင်တဲ့ ကိစ္စတိုင်းမှာ လူတွေကပဲ ကိုယ့်ဘာသာကိုယ်တာဝန်ယူပြီး လုပ်ကိုင်ဆောင်ရွက်ရတာမျိုးဖြစ်ပါတယ်။


တစ်ခုတော့ရှိတယ်။ အခုပြောခဲ့တဲ့ ပုံစံတွေက နေ့စဉ် HR ဌာနကလုပ်တဲ့ Administration ကိစ္စတွေကိုဆိုလိုတာမဟုတ်ပါဘူး။ လူတွေအားလုံးနဲ့ဆိုင်တဲ့၊ ကုမ္ပဏီရဲ့ အနာဂတ်စီးပွားရေးဆိုင်ရာကိစ္စတွေကို ရိုက်ခက်လာမယ့် ကိစ္စတွေကို ဆိုလိုတာဖြစ်ပါတယ်။ 


အကျဉ်းအားဖြင့်ပြောရရင် မဟာဗျူဟာဆိုင်ရာ HR management ပုံစံ (၃) မျိုးရှိပြီးတော့၊ အဲ့ဒါတွေက (၁) Hire and Pay, (၂) Central Planning and Control, နဲ့ (၃) People-centered Enablement ဖြစ်ပါတယ်။


ကိုယ်အလုပ်လုပ်မယ့်ကုမ္ပဏီက ဘယ်လို HR management ပုံစံကို ကျင့်သုံးနေလဲ

==========================

 

ဒါတွေကို နားလည်ပြီဆိုရင် "ကုမ္ပဏီတစ်ခုမှာ HR အနေနဲ့ဝင်လုပ်တော့မယ်ဆိုရင် ဘာကိုသတိထားသင့်လဲ။" ဆိုတဲ့မေးခွန်းရဲ့ အဖြေကို နားလည်သဘောပေါက်နိုင်ပါပြီ။ 


ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံစံကို နားလည်သဘောပေါက်ဖို့လိုပါတယ်။ HR သမားတွေက ကိုယ်လုပ်ချင်တာတွေကို လက်တွေ့မှာ တကယ်မလုပ်နိုင်ပါဘူး။ကိုယ်လုပ်တဲ့ ကုမ္ပဏီက လက်ခံထားတဲ့ HR management ပုံစံမှာပဲ စီးဝင်သွားရပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။ 


ကိုယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို ကိုယ့်အနေနဲ့ မကြိုက်ဘူးဆိုရင်၊ ကိုယ်ကြိုက်တဲ့ပုံစံကို ပြောင်းလဲပစ်နိုင်ဖို့ဆိုတာလက်တွေ့မှာ မလွယ်ကူလှပါဘူး။ 


ဒါကြောင့် အလုပ်တစ်ခုကို မရွေးချယ်ခင်၊ ကိုယ့်လုပ်ရမယ့် ကုမ္ပဏီရဲ့ လက်ခံထားတဲ့ HR management ပုံစံကို အနည်းနဲ့အများ တီးခေါက်မိအောင်လုပ်ယူသင့်ပါတယ်လို့ အကြံပေးချင်တာဖြစ်ပါတယ်။ 


အခုရှင်းပြခဲ့တဲ့အရာတွေကို ဖတ်ရှူနားလည်သဘောပေါက်ပြီး အကျိုးတစ်ခုခုရမယ်လို့ မျှော်လင့်ပါတယ်။


~KC~


Inspired by Prof. Armin Trost

Saturday, September 3, 2022

အိပ်မက်ကို တရားအားထုတ်သူ

 အိပ်မက်ကို တရားအားထုတ်သူ




                                              ရဝေနွယ် (အင်းမ)


မြတ်စွာဘုရားလက်ထက်တော်က ဥသဘမထေရ်ဆိုပြီး မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ သာကီဝင်မင်းမျိုး ကနေ ရဟန်းဝတ် လာသူပါ။


       ဒါပေမဲ့ သူက တရားအားမထုတ်ပါဘူး။ နေ့ဆို အပေါင်း အဖော်မိတ်ဆွေတွေနဲ့ ပျော်ပါး မွေ့လျော်နေတတ်ပါတယ်။ ညရောက် ပြန်တော့လည်း ညဉ့်သုံးယံလုံး အိပ်ပစ်ပါတယ်။


       တစ်ညမှာတော့ သတိကင်းကင်း၊ ပညာအဆင်အခြင်ကင်းကင်းနဲ့ လှဲအိပ်ပစ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အိပ်မက်မက်ပါ တော့တယ်။


       ဆံပင်တွေ၊ မုတ်ဆိတ်တွေကို ရိတ်လိုက်ပါတယ်။ သရက်ညွန့် အဆင်းနဲ့တူတဲ့ သင်္ကန်းကို ရုံလိုက်ပါတယ်။ ပြီးတော့ ဆင်ပေါ်တက် ပါတယ်။ ဆင်ပေါ်ရောက်တော့ ဆင်ရဲ့ လည်ပင်းပေါ်ထိုင်ပြီး မြို့ထဲ ဆွမ်းခြံကြွပါတယ်။ မြို့ထဲရောက်တော့ ဆွမ်းလောင်းဖို့ ပြင်နေကြတဲ့ လူတွေကိုမြင်ပြီး ရှက်လွန်းလို့ ဆင်ကျောကုန်းပေါ်က အမြန်ဆင်းချ လိုက်ပါတယ်။


ဆင်ပေါ်က ဆင်းချလိုက်တဲ့ အချိန်မှာတော့ အိပ်မက်က နိုးသွားပါတော့တယ်။


       အိပ်မက်က နိုးနိုးချင်း အိပ်ရာထဲမှာ အတွေးတစ်ခုကို ချက်ချင်း တွေးလိုက်ပါတယ်။

       ‘’ငါ ဒီအိပ်မက်မက်တာဟာ သတိလည်းလွတ်၊ ပညာ အဆင်အခြင်လည်း မရှိဘဲ အိပ်ပစ်လိုက်လို့ မက်တာပဲ’’


       အတွေးနောက်က ထိတ်လန့်စိတ်လည်း ဖြစ်သွားပါတယ်။ ဒါကြောင့် အိပ်နေရာကနေ ဖြည်းဖြည်းထလိုက်ပြီး အိပ်ရာထဲမှာပဲ တင်ပျဉ်ခွေကို ကျကျနန ထိုင်ပါတယ်။ ကိုယ့်အတွက်အဆင်ပြေတဲ့ ထိုင်တဲ့ပုံစံရပြီဆိုမှ ဝိပဿနာတရားကို သေချာအားထုတ်ပါတော့ တယ်။ အားထုတ်လို့ သိပ်မကြာခင် ကာလ မှာပဲ အရဟတ္တဖိုလ်တရား ထူးကို ရသွားပါတော့တယ်။

       (ထေရဂါထာအဋ္ဌကထာ ပ-တွဲ၊ နှာ-၄ဝ၈)                 

       အိပ်မက်ကို တရားအားထုတ်ပစ်တာဆိုတော့ အားကျဖို့ လည်း ကောင်း၊ အတုယူဖို့လည်း ကောင်းပါတယ်။ ဘဝမှာ တကယ့် စံထားစရာ ဝတ္ထုလေးတစ်ပုဒ်ပါပဲ။


       ကိစ္စတစ်ခုဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့ အတွေး မျိုးကို မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့ဘက်ကို မြှင့်ယူတဲ့ အတွေးမျိုးကို တွေးပြီး ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ချလိုက် တာပါ။ ဥသဘမထေရ်က တကယ်လို့ ခလုတ်တိုက် လဲရင်တောင် ခလုတ် တိုက်လဲတာကိုပဲ တရားအားထုတ်ပစ်မယ့် မထေရ်ပါ။


       တကယ်လို့ ကိုယ်က ကိုယ်ပိုင်အတွေးနဲ့ မတွေးနိုင်၊ မကျင့် နိုင်ရင်လည်း ကိုယ်အားကျ စံထားရတဲ့သူတွေဆီက နည်းယူပြီး လက်တွေ့ကျင့်သုံးလိုက်ရုံပါပဲ။ မြတ်စွာဘုရားလက်ထက်တော်က ထေရီထေရာတွေရဲ့ နောက်ခံသမိုင်းတွေကို ပြန်ကြည့်ရင်လည်း တစ်ပါး ပါး တစ်ဦးဦးကို အားကျစံထားပြီး ကျင့်သုံးကြတာ များပါတယ်။


       ဒီတော့ ကိုယ့်ပတ်ဝန်းကျင်က စံထားစရာ တစ်ယောက် ယောက်ဆီကပဲ ဖြစ်ဖြစ်၊ သမိုင်းထဲက တစ်ယောက်ယောက်ဆီကပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ကိုယ်ကြိုက်တာကို အတုခိုးပြီး ကျင့်သုံးလို့ ရတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတောင် ကျောင်းသားဘဝက ဒေါက်တာ ဘမော်ရဲ့ အင်္ဂလိပ်စကားပြောဟန်ကို အတုယူပြီး အခန်းထဲမှာ လေ့ကျင့် ခဲ့ဖူးသေးတာပါပဲ။

       

ဥသဘမထေရ်လို ကိုယ်ပိုင်အတွေးအခေါ်နဲ့ လက်တွေ့ ကျင့်သုံးတဲ့ ပုံစံမျိုး တွေးနိုင်ဖို့ကျတော့ အတိတ်တိတ်ပါရမီတွေရယ်၊ ဖတ်ထားတဲ့စာ၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေရယ်နဲ့လည်း ဆိုင်နေ ပါတယ်။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဉာဏ် နဲ့ ကျင့်သုံးနိုင်တယ် ဆိုရင်တော့ ကုသိုလ်ကံကောင်းခြင်း တစ်မျိုးပါပဲ။


       ကိုယ်ပိုင်အတွေးအခေါ်နဲ့ မကျင့်သုံးနိုင်လည်း ဥသဘ မထေရ်ရဲ့ အပြုအမူကို နည်းယူပြီး ကျင့်သုံးလို့ ရတာပါပဲ။ ဥပမာ လင်မယားနှစ်ယောက် ရန်ဖြစ်တဲ့အခါ ရန်ဖြစ်တာကို သံဝေဂယူပြီး ဘုရားခန်းထဲသွား တရားထိုင်ပစ်လိုက်ရုံပါပဲ။ ရန်ဖြစ်တာက အကုသိုလ်ပါ။  ကိုယ့်ကိုယ်ကိုယ် အရှုံးခံ လို့တော့ မဖြစ် ပါဘူး။  မြတ်အောင် ပြန်လုပ်ယူရမှာပါ။ တကယ်လို့ ပြန်ခေါ်ရင်လည်း ပြန်ခေါ်တာ ကိုပဲ သံဝေဂယူပြီး ပြန်တရားထိုင်ရမှာ ပါပဲ။


       ဒါမှမဟုတ် အလုပ်တွေ အဆင် ပြေလို့၊ မြေကွက်တွေ ရောင်းရလို့၊ အမြတ်ငွေတွေ အများကြီး ရခဲ့တယ် ဆိုရင်လည်း အမြတ်ငွေတွေကို ကိုယ်တွေး တတ်သလို တွေးပြီး ဘုရားခန်းထဲမှာ တရားကို သေချာထိုင်လိုက်ရုံပါပဲ။ ကိုယ် လိုချင်တဲ့ အမြတ်ငွေတွေ ရထားလို့ ကျေနပ်ပီတိတွေဖြစ်နေတာဆိုတော့ ရေချိုးပြီး ထိုင်လိုက်ရင် ပိုတောင် ထိုင်လို့ ကောင်းဦးမှာပါ။ အမြတ် နှစ်ခါ ဖြစ်သွားတာပါ။ ပျော်ဖို့ တောင် ကောင်းပါတယ်။


       တကယ်လို့ အလုပ်တွေ အဆင်မပြေလို့ ငွေတွေ ဆုံးရှုံးခဲ့ရင် လည်း ငွေတွေ ဆုံးရှုံးတာကိုပဲ သံဝေဂယူပြီး ဘုရားခန်းထဲမှာ တရား ထိုင်ပစ်လိုက်ရုံပါပဲ။


       ဒီလိုပါပဲ၊ အလုပ်သစ်ကောင်းကောင်းရတဲ့ အခါမှာလည်း အလုပ်ရတာကိုပဲ သံဝေဂယူပြီး တရားအားထုတ်လိုက်လို့ ရပါတယ်။ တကယ်လို့ အလုပ်ပြုတ်ခဲ့ရင်လည်း အလုပ်ပြုတ်တာကိုပဲ သံဝေဂ ယူပြီး တရားထိုင်ပစ်လိုက်ရုံပါပဲ။


       ကိုယ်ချစ်တဲ့ သူဆီက၊ ကိုယ့်မိတ်ဆွေဆီက မြတ်နိုးစရာ လက်ဆောင်တစ်ခုခုရရင်လည်း လက်ဆောင်ကိုပဲ ကိုယ်တွေးတတ် သလို တွေးပြီး တရားထိုင်ပစ်လိုက်ရုံပါပဲ။ လက်ဆောင်ကို တရား အားထုတ်ပစ်တာပါ။


       ဒါတွေ အားလုံးဟာ ဥသဘမထေရ်ကို အတုခိုးနည်းယူပြီး အိပ်မက်နေရာမှာ ကိုယ် လက်တွေ့ကြုံနေရတာတွေနဲ့ အစားထိုးပြီး ကျင့်သုံးပစ်လိုက်တာပါ။ ကျင့်သုံးပြီးရင်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှု တစ်ခုတော့ ရသွားကြတာ များပါတယ်။


       ဒီနေရာမှာ တရားထိုင်သူတစ်ယောက်အတွက် တရားထိုင်ပုံ ဣရိယာပုတ်ကလည်း အလွန်ပဲ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားထိုင်တဲ့အခါ မဖြစ်မနေ လိုအပ်တဲ့ သပ္ပာယ (၇) ပါးမှာ ဣရိယာပထသပ္ပာယ = ဣရိယာပုတ်အဆင်ပြေရမယ်ဆိုတာလည်း အင်္ဂါတစ်ခုအနေနဲ့ ပါနေလို့ပါ။ ပါဠိလို ပြောရင်တော့ ဣရိယာပထ သပ္ပာယပါ။


ဣရိယာပထော စေဝ၊ သပ္ပာယော သေဝိတဗ္ဗကော။

(ဥပရိပဏ္ဏာသအဋ္ဌကထာ၊နှာ-၁၁၅)


       သပ္ပာယော- ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းငှာ သင့်လျော် လျောက်ပတ်သော၊ ဣရိယာပထော- ဣရိယာပုထ်ကို၊ သေဝိတဗ္ဗ ကော- မှီဝဲအပ်၏။


       ဝိပဿနာတရား အားထုတ်တဲ့အခါမှာ ကိုယ်နဲ့ အဆင်ပြေ တဲ့၊ သင့်လျော်တဲ့ သပ္ပာယသင့်တဲ့ ဣရိယာပုတ်ကို မှီဝဲပြီး တရား အားထုတ်ပါမှ တရားတွေ တက်နိုင်ပါတယ်တဲ့။ အပြန်အားဖြင့် ပြောမယ်ဆိုရင်တော့ တရားတွေ ဘယ်လောက်ပဲ အားထုတ် အားထုတ် ကိုယ်နဲ့ အဆင်မပြေတဲ့၊ မသင့်လျော်တဲ့၊ သပ္ပာယမသင့်တဲ့ ဣရိယာ ပုတ် ဖြစ်နေရင် တရားတွေ့ဖို့၊ တရားရဖို့ ခက်ခဲနေတတ်ပါ တယ်တဲ့။ ဒါကြောင့် တရားထိုင်တဲ့နေရာမှာ ဣရိယာပုတ်ကလည်း အလွန်ပဲ အရေးကြီးနေပါတယ်။


       လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် (၄) ပါးမှာ ကိုယ်နဲ့ သင့်လျော်တဲ့ ဣရိယာပုတ်ကို မှီဝဲပြီး အားထုတ်ပါဆိုတော့ တရား အားထုတ်မယ့် ယောဂီကိုယ်တိုင်ပဲ ရွေးချယ်ဆုံးဖြတ်ရပါတယ်။ ကမ္မဋ္ဌာန်းဆရာက ရွေးချယ်ဆုံးဖြတ်ပေးလို့ မရပါဘူး။ ဣရိယာပုတ် အမျိုးအစားနဲ့ ပုံစံစုံကိုပဲ ပြောပြပေးလို့ ရတာပါ။


       လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် (၄) ပါးမှာ လျောင်း ပြီး မှတ်မှ အဆင်ပြေလား၊ ထိုင်ပြီး မှတ်မှ အဆင်ပြေလား၊ ရပ်ပြီး မှတ်မှ အဆင်ပြေလား၊ စင်္ကြံသွားပြီး မှတ်မှ အဆင်ပြေလားဆိုတာ ကိုယ်တိုင်ပဲ စိစစ်ဆင်ခြင်ရပါမယ်၊ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပုံချင်း၊ သပ္ပာယသင့်ပုံချင်း မတူပါဘူး။


       ဝိသုဒ္ဓိမဂ်မှာတော့ ဣရိယာပုတ် တစ်ခုကို (၃) ရက်စီ အား ထုတ်ကြည့် ရပါမယ်တဲ့။ ဣရိယာပုတ်တစ်ခုကို (၃) ရက်စီ စမ်းအား ထုတ်ကြည့်ရမယ် ဆိုရင် ဣရိယာပုတ် (၄) ပါးဆိုတော့ အားလုံး ပေါင်း (၁၂) ရက် စမ်းသပ် အားထုတ်ကြည့်ရမယ့် သဘောပါ။ အဲဒီ အထဲကမှ ကိုယ်နဲ့ အဆင်ပြေတဲ့ ဣရိယာပုတ်ကိုရွေးချယ်ရမှာပါ။


       ထိုင်မှတ်ဣရိယာပုတ်နဲ့ တရား မှတ်လို့ ကောင်းတယ်၊ တရားလည်း တွေ့တယ်၊ သမာဓိလည်း ဖြစ်တယ်၊ အဆင်လည်း ပြေတယ်ဆိုရင် ထိုင်ခြင်း ဣရိယာပုတ်နဲ့ မှတ်တာကို ဦးစားပေး မှတ်ရ ပါတယ်။


       စင်္ကြံသွားပြီး မှတ်မှ ပိုမှတ်လို့ ကောင်းတယ်ဆိုရင်လည်း စင်္ကြံသွားမှတ် တာကို ဦးစားပေး မှတ်ရပါတယ်။ ရပ်ပြီး မှတ်မှ ပိုမှတ်လို့ ကောင်းတယ် ဆိုရင် လည်း ရပ်မှတ်တာကို ဦးစားပေး မှတ်ရ ပါတယ်။ လျောင်း၊ အိပ် မှတ်မှ အဆင်ပြေ တယ်ဆိုရင်လည်း  လျောင်း၊ အိပ် မှတ် တာကို ဦးစားပေးမှတ် ရပါတယ်။


       ဒါပေမဲ့ ဒီနေရာမှာ လျောင်းပြီး၊ အိပ်ပြီး မှတ်တဲ့ အမှတ်ကို တော့ အားထုတ်ခါစ ယောဂီတွေဟာ လျောင်းခြင်း၊ အိပ်ခြင်းဣရိယာ ပုတ်ကိုတော့ အားမထုတ်သင့်ဘူးလို့ ဆရာ့ ဆရာများက သေချာ မှာကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားခန်းမှာ ဖျာလေးခင်း ခေါင်းအုံးလေးချပြီး ပက်လက်ပဲဖြစ်ဖြစ်၊ ခွေခွေလေးပဲဖြစ်ဖြစ် မှတ်မယ်ဆိုရင် မိနှစ် (၂ဝ) လောက် ကြာတဲ့အခါ အိပ်ပျော်သွားပါ လိမ့်မယ်။ ဒါကြောင့် အားထုတ်စမှာ အိပ်မမှတ်ရပါဘူးတဲ့။


       အိပ်ခြင်း ဣရိယာပုတ်နဲ့ မှတ်တာကိုတော့ ညအိပ်ချိန် ရောက်တဲ့အခါမှသာ အိပ်မှတ်တာက ပိုသင့်လျော်ပါတယ်တဲ့။ မှတ်ရင်းနဲ့ပဲ အိပ်ပျော်သွားဖို့ မဟာစည်ဆရာတော်ဘုရားကြီးက မိန့်ကြား ထားပါတယ်။


       နောက် အသက်အရွယ်ကြီးလွန်းနေတဲ့ သူတွေ၊ မကျန်းမမာ ဖြစ်နေတဲ့ သူတွေ၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်း၊ ဣရိယာပုတ်တွေ မခိုင်မာတော့တဲ့ သူတွေသာ လျောင်းခြင်း၊ အိပ်ခြင်း ဣရိယာပုတ်က သင့်လျော်ပါတယ်လို့ ဆရာ့ဆရာများက မိန့်ကြားထားပါတယ်။


       ထိုင်ခြင်း ဣရိယာပုတ်မှာလည်း ထိုင်တဲ့ ပုံစံက ပုံစံစုံရှိတာ ဆိုတော့ ထိုင်တာကိုလည်း ပုံစံစုံ ထိုင်ကြည့်ရပါမယ်။


       တင်ပျဉ်ခွေထိုင်တာ၊ ကျုံ့ကျုံ့ထိုင်တာ၊ ခြေထောက် နှစ်ချောင်းကို အောက်ကို သွင်းပြီး ဂျပန်ထိုင်နည်းထိုင်တာ၊ တရား ထိုင်ဖုံ နှစ်ခု သုံးခုထပ်ပြီး တင်ပါးက ထိုင်ဖုံပေါ်မှာ၊ ခြေထောက်နှစ်ချောင်း က ကြမ်းပြင်ပေါ်မှာ ချပြီး ထိုင်တာ၊ ဖင်ထိုင်ခုံလေးပေါ်မှာ တင်ပါး ထိုင်မယ့် သစ်သားပြားကို ရှေ့ကို နည်းနည်းစိုက်ထားပြီး ခြေထောက် နှစ်ချောင်းကို ဖင်ထိုင်ခုံအောက် သွင်းထားပြီး ထိုင်တာ စသည်ဖြင့် ပုံစံမျိုးစုံ ထိုင်ကြည့်ရပါမယ်။ ဖင်ထိုင်ခုံကို ရှေ့တစ်လက်မကျော်ကျော် နှိမ့်ထားပြီး ခြေထောက်နှစ်ချောင်း ခုံအောက်သွင်းထိုင်တာလေးက လည်း ထိုင်လို့ ကောင်းတဲ့သဘော ရှိပါတယ်။ ထိုင်တဲ့ပုံစံတွေထဲက ကိုယ်နဲ့အဆင်အပြေဆုံး၊ သပ္ပာယအသင့်ဆုံး ထိုင်တဲ့ပုံစံကို  ကိုယ်တိုင်ပဲ ရွေးချယ်ရပါမယ်။


       အဓိကကတော့ ကိုယ့်အတွက် တရားထိုင်လို့လည်း ကောင်းတယ်၊ သမာဓိလည်းဖြစ်တယ်၊ တရားလည်းတွေ့တယ်၊ သက်သောင့်သက်သာလည်းဖြစ်တယ်၊ ကြာရှည်လည်းထိုင်နိုင်တယ် စသည်ဖြင့် ကိုယ်နဲ့အဆင်အပြေဆုံးထိုင်တဲ့ပုံစံကို ရွေးချယ်ရမှာပါ။


       ဒီတော့ကိုယ်နဲ့အဆင်ပြေတဲ့ထိုင်တဲ့ပုံစံကို သိနိုင်ဖို့ဆိုရင် ပုံစံစုံထိုင်ကြည့်ရပါမယ်။ ပြီးမှ ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ရ ပါတယ်။ ကိုယ်ဘယ်ကော်ဖီကြိုက်လဲဆိုတာ သိရအောင် ကော်ဖီမျိုးစုံ ကို အရင် သောက်ကြည့်ပြီးမှ ကိုယ်ကြိုက်တဲ့ ကော်ဖီကို ရွေးချယ် သောက်ရတဲ့ ပုံစံမျိုးပါပဲ။


       နောက် ထိုင်တဲ့ ဣရိယာပုတ်ကိုပဲ ပြုပြင်ပြောင်းလဲပြီး ထိုင်တာပါ။ ဥပမာ ဒူးနာတတ်တယ်ဆိုရင် ဒူးအောက်ကနေ ခေါင်းအုံး သေးသေးလေး ဒါမှမဟုတ် စောင်ခေါက်လေး ခုပြီး ထိုင်တာ၊ ခြေထောက်ကို ပုံမှန်ထက် နည်းနည်းလေးချဲပြီး ထိုင်တာ စသည်ဖြင့် ထိုင်တဲ့ ဣရိယာပုတ်ကိုပဲ ပြုပြင် ပြောင်းလဲပြီး ထိုင်လို့လည်း ရပါ တယ်။


       တကယ်လို့ ကိုယ်က အောက်ကြမ်းပြင်ပေါ်မှာ မထိုင်နိုင်ဘူး ဆိုရင်လည်း ကိုယ်နဲ့ အဆင်ပြေတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်မှတ်လို့ လည်း ရပါတယ်၊ ဒါပေမဲ့ သိပ်ဇိမ်ကျပြီး အိပ်ပျော်သွားစေမယ့် ထိုင်ခုံမျိုး ကိုတော့ မရွေးချယ်ရပါဘူး။ ထိုင်ခုံအများစုကတော့ လူ သက်သောင့်သက်သာ အနားယူလို့ရအောင် လုပ်ထားကြတာ များပါတယ်။


       တရားထိုင်တာ ဘဝအတွက် အရေးကြီးတဲ့ အလုပ်တစ်ခု ဆိုတော့ ကိုယ်တရားထိုင်လို့ အဆင်ပြေမယ့် ထိုင်ခုံလေးကို ပရိဘောဂ ဆိုင်မှာ စိတ်တိုင်းကျ အပ်ပြီးတောင် ထိုင်ဖို့ ကောင်းပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တရားထိုင်ချိန်လေးက ကိုယ့်ဘဝအတွက် စိတ်အေးချမ်း ရာ၊ ပါရမီဖြည့်ရာ အချိန်လေးဆိုတော့ ဒီလောက်တော့ ရင်းရမှာပါပဲ။ အဓိကကတော့ တရားရဖို့အတွက် ဣရိယာပုတ် ကလည်း အရေးကြီးတဲ့ အင်္ဂါထဲမှာ ပါနေပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေ တဲ့ ဣရိယာပုတ်ကိုပဲ ရွေးချယ်ပြီး ထိုင်ရပါမယ်။


       ဥသဘမထေရ်ကတော့ အိပ်မက်ကို တရားအားထုတ်ပစ် တာပါ။ တရားတွေကို သိနေပေမယ့် တစ်ခါတလေကျတော့လည်း လက်တွေ့ကျင့်သုံးဖို့ ခက်နေတတ်ပါတယ်လေ။


       ဘဝမှာ ကိစ္စတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့ အတွေးတွေ မတွေးမိဖို့ သိပ်အရေးကြီး တာပါပဲ။ ကိုယ့်ကိုယ်ကို ဆွဲချတဲ့ အတွေးတွေ တွေးလိုက်မိရင် စိတ်ကော ရုပ်ကော ဆင်းရဲရတော့ တာပါ။ တစ်ခါတလေ ည အိပ်တောင် မပျော်ပါဘူး။ အခန့်မသင့်ရင် ဘဝက ဇောက်ထိုးမိုးမျှော် ဖြစ်သွားတတ်ပါတယ်။ ဘဝတွေက ဖြတ်သန်းရတာ ပင်ပန်းလွန်းလှပါတယ်။ ကြုံနေရတဲ့ ကိစ္စတွေက နေ့စဉ်နဲ့ အမျှပါပဲ။ သံသရာကလည်း မလွတ်မြောက်နိုင်သေးတော့ သတိထားနိုင်မှ သက်သာမှာပါ။


       ဘာပဲပြောပြောလေ... ဘဝမှာ ကိစ္စတစ်ခု ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့အတွေးကို မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် မြှင့်ယူတဲ့ အတွေးကို တွေးပြီး ကောင်းတာတွေ များများလုပ်ချ လိုက်နိုင်ဖို့ ပါပဲလေ။

                                                 ရဝေနွယ်(အင်းမ)

ကျမ်းကိုး။      ။

ဣန္ဒြေထက်ကြောင်းကိုးပါးတရားတော်။

သဒ္ဓမ္မရံသီဆရာတော်ဘုရား။

Thursday, September 1, 2022

ငွေကြေးဖောင်းပွမှု အရံအတား မဟာဗျူဟာများ

 ငွေကြေးဖောင်းပွမှု အရံအတား မဟာဗျူဟာများ




ကျွန်တော့်အနေနဲ့ လက်ရှိနိုင်ငံရေး အခြေအနေ မတည်ငြိမ် တဲ့နောက်မှာ ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေး အခြေအနေများကို ကျော်လွှားနိုင်ဖို့ သုံးသပ်မျှဝေပေးခဲ့တဲ့ ခေါင်းစဉ်တွေ အထဲမှာ ငွေကြေးဖောင်းပွ မှု Inflation ဆိုတဲ့ အကြောင်းလဲ တစ်ခု အပါအဝင်ဖြစ်ခဲ့ပါတယ်။ (Inflation အကြောင်းကို အပိုင်းဆက် လိုက် သေချာ နားလည်အောင် မျှဝေပြီးဖြစ်လို့ Page မှာ ရှာဖွေ လေ့လာနိုင်ပါတယ်။) ယခု မျှဝေမှုက လဲ inflation နဲ့ ပတ်သတ် တဲ့ အကြောင်းအရာ အဆက်အစပ် လေးတစ်ခု ပဲဖြစ်ပါတယ်။ ဒါကတော့ ရင်းနှီးမြုပ်နှံသူတွေ ပြုလုပ် လေ့ရှိကြတဲ့ Inflation Hedge ဆိုတဲ့ Investment Strategy အကြောင်း ပဲဖြစ်ပါတယ်။

.

လက်ရှိ အမေရိကန် စီးပွားရေး အနေနဲ့ ပြောရရင် အမေရိကရဲ့ GDP စီးပွားရေး တိုးတက်မှု ဟာ အတက် ဖက်ကို ပြနေဆဲဖြစ်ပါတယ်။ ကိုဗစ် ရောဂါ ကြီးဖြစ်တဲ့အချိန်မှာ အမေရိကန် ဟာလည်း စီးပွားရေး တွေကျဆင်းတာ အလုပ်လက်မဲ့တွေ ပေါ်လာတာတွေ ကြုံလာခဲ့ရပါတယ်။ ဒီလို စီးပွားရေး ကျဆင်း တဲ့အခါမှာ အမေရိကန် ဖက်ဒရယ်ဘဏ် ကနေ ပြီးတော့ ဘဏ် ချေးငွေ အတိုးနှုန်းတွေ ကို လျော့ ချ ပေးလေ့ရှိပါတယ်။ Fed Bank ဟာ ဘဏ် တွေ တစ်ခုနဲ့ တစ်ခု Reserve requirement အနေနဲ့ သတ်မှတ်ထားတဲ့ နေ့စဉ် ငွေပမာဏ တစ်ခု ပြည့် မှီခြင်း မရှိရင် တစ်ဘဏ်နဲ့ တစ်ဘဏ် ချေးငှား တဲ့အခါ ပေးဆောင်ရတဲ့ Overnight  rate ကို သတ်မှတ်ပေးလေ့ရှိပါတယ်။ ဥပမာ ဘဏ် တစ်ခု စတင်ဖွင့်လှစ်မယ်ဆိုရင် Vault ထဲမှာ ငွေပမာဏ ဘယ်လောက် ဆိုပြီး ရှိဖို့ သတ်မှတ်ထား ပါတယ်။ တကယ်လို့ ဘဏ် က ငွေထုတ်ပေးရတာ များသွားလို့ ညနေ ဘဏ်အပိတ်မှာ မနက် ဖြန် မနက် အတွက် အဲဒီသတ်မှတ်ချက်ကို မမှီတော့ဘူးဆိုရင် အခြားငွေပိုနေတဲ့ ဘဏ် တွေဆီကနေ တစ်ည တာ စာ ချေးယူရပါတယ်။ ဒါကြောင့် Overnight rate လို့ခေါ်တာပါပဲ။ ဒီနှုန်းကိုတော့ Fed Bank က သတ်မှတ်ပေးပါတယ်။ ဒါ့အပြင် ဒီ နှုန်းဟာ ဘဏ် နဲ့ဆက်စပ် သမျှအ တိုးအားလုံးရဲ့ အခြေခံ ဖြစ်ပါတယ်။ ဒီ ပေါ်မှာ မူတည်ပြီး ဘဏ်တွေက အတိုးပေးတာ၊ ချေးငွေ အတိုးသတ်မှတ် တာ၊ အရစ်ကျ အတိုးနှုန်းတွေ သတ်မှတ်တာ၊ credit score အလိုက် အတိုးနှုန်းသတ်မှတ် တာ တွေကို လုပ်ကြပါတယ်။ ဆိုလိုတာကတော့ overnight rate မြင့်ရင် အခြား အတိုးနှုန်းတွေ လဲ လိုက် မြင့်လာပြီး ကျရင် အခြားအတိုးအကုန် လိုက်ကျပါတယ်။ ဒါကြောင့်. Overnight rate ကို Federal Fund Rate လို့ ခေါ်ကြပါတယ်။

.

ဘာလို့ဒီလို ချိတ်ဆက်ထား တာလဲဆိုရင် ဗဟိုဘဏ် (Fed Bank)က စီးပွားရေးကိုထိန်းချုပ်နိုင် မယ့် Tool တစ်ခု အဖြစ်သုံးချင်လို့ ပါပဲ။ ဒီအတွက် စီးပွားရေး အခြေအနေ၊ ငွေကြေးဖောင်းပွမှုတွေကို စောင့် ကြည့်ကာ Fed Fund Rate ကိုအတိုး အလျော့လုပ်တတ်ပါတယ်။ တစ်နှစ်အတွင်း ၈ ကြိမ် လောက် တောင် ပြောင်းလေ့ရှိတယ်လို့ဆိုပါတယ်။ ကိုဗစ် ကာလ စီးပွားရေး တွေ ကျဆင်းတဲ့ အခါ ဗဟိုဘဏ်က Fed Fund Rate ကို ၀.၀၉% ထိ လျော့ပေးလိုက်ကာ စီးပွားရေး ပြန်လည်ပတ် စပြုတဲ့အခါ ၀.၂၅% မှာ ထားလိုက်ပါတယ်။ Fed Fund Rate လျော့ကျသွားတဲ့အခါ လုပ်ငန်းလုပ်ချင် သူတွေ အနေနဲ့ ဘဏ်တွေဆီကနေ ချေးငွေများကိုအတိုးနှုန်း နည်းနည်းလေးနဲ့ ရယူနိုင်တဲ့အတွက် စီးပွားရေး လုပ်သူတွေ၊လုပ်ငန်းတိုးချဲ့သူတွေ၊ ပေါများလာကာငွေတွေ လည်ပတ် ၊ အလုပ်အကိုင်တွေ ပေါများလာပြီး စီးပွားရေးကိုတိုးတက်စေမှာ ဖြစ်ပါတယ်။ သို့သော်လည်း ဘေးထွက်ဆိုးကျိုး အနေနဲ့က စျေးကွက်ထဲငွေတွေ လည်ပတ်တာ များလာတဲ့ အခါ စီးပွားရေးတိုးတက်မှုနဲ့ အတူ ငွေကြေးဖောင်းပွမှု ကိုဖြစ်စေပါတယ်။ ငွေကြေးဖောင်းပွလာရင် ဒေါ်လာတန်ဖိုးပျော့လာတာ၊ ကုန်စျေး နှုန်း ကြီးမြင့်လာတာတွေ ကိုကြုံရမှာ ဖြစ်တဲ့အတွက် သင့်တော်တဲ့ စီးပွားရေး လည်ပတ်မှု အဆင့်ကို ရောက် ရင်ဒီဘေးထွက်ဆိုးကျိုးတွေ ကိုထိန်းနိုင်ဖို့ အတွက် Fed Fund Rate ကို ပြန်မြင့်တင် ရလေ့ ရှိပါတယ်။

.

ကိုဗစ်ကာလ အတွင်းမှာ တောက်လျှောက် ထားခဲ့တဲ့ Fed Fund Rate 0.25% ဟာ စီးပွားရေး တိုးတက်လာပေမယ့် ပြောင်းလဲဖို့ တိုးမြင့်ဖို့ အခြေအနေကို မရောက်သေး အချိန်မတန်သေးဘူး လို့ ပြီးခဲ့တဲ့ အစည်းအဝေးမှာ ဗဟိုဘဏ်က ကြေငြာလိုက်ပါတယ်။ ဒီအတွက် investor တွေဟာ ဘေးထွက် ဆိုးကျိုးဖြစ်တဲ့ ငွေကြေးဖောင်းပွမှုကို စိုးရိမ်လာ ကြပါ တော့တယ်။ 

.

မြန်မာနိုင်ငံ မှာလည်း အချက်အလက်တွေ အရ ၁၉၈၈ အာဏာ သိမ်းမှု ဖြစ်ပြီးတဲ့နောက် မှာ ငွေကြေးဖောင်းပွမှု inflation ဟာ ၅၅% ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ အတော်လေးများပြား တဲ့ပမာဏ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတောင် ငွေကြေး တန်ဖိုးကျဆင်းမှု၊ ကုန်စျေးနှုန်း မြင့်တက်မှု၊ စီးပွားရေး ကျဆင်းမှုတွေကြောင့် မြင့်မားတဲ့ Inflation အခြေအနေတစ်ခုကို စတင် ရောက်ရှိ နေပြီဖြစ် ပါတယ်။

.

.

ဒီလို inflation မြင့်မားမယ့် အခြေအနေ တစ်ရပ်ရပ်ကို ကြုံလာတဲ့အခါမှာဆိုရင်တော့ Investor များဟာ Inflation Hedge ဆိုတဲ့ Investment Strategy ကို ပြောင်းပြီး သုံးကြလေ့ရှိပါတယ်။ ပုံမှန် အချိန် စီးပွားရေး တိုးတက်နေချိန်မှာတော့ ဘယ်ဟာ ပိုမြတ်မလဲ ဆိုတဲ့ Thinking နဲ့ Investment လုပ်ကြပေမယ့်  နိုင်ငံရေး အပြောင်းအလဲ၊ စီးပွားရေးအကျ၊ စစ်ပွဲ စတဲ့ Conflict and Recession အခြေအနေတွေ မှာတော့ ဘယ်ဟာက ပိုပြီး ပိုင်ဆိုင်မှုကို ထိန်းထားနိုင်မလဲ၊ ဘယ်ဟာက ပိုပြီး မဆုံးနိုင်၊ Safe ဖြစ်နိုင်မလဲဆို ပြီးပြောင်းစဉ်းစား ကြပါတယ်။

.

Hedge ဆိုတာကတော့ အရံအတား ၊ အတားအဆီးလို့ ဆိုနိုင်ပြီး Inflation Hedge Strategy ဆိုတာက တော့ မြင့်မားလာမယ့် ငွေကြေးဖောင်းပွမှုကို အရံအတား အဖြစ် ကာကွယ်နိုင်မယ့် မဟာဗျူဟာ လို့ ဆိုရမှာဖြစ်ပါတယ်။ အလွယ်ပြောရရင်တော့ ငွေကြေးဖောင်းပွမှု အတိုင်း တန်ဖိုး လိုက်တက်နေမယ့် အပြင် ဝင်ငွေ ပမာဏ တစ်ခုပါ ရနေနိုင်ဦးမယ့် ပိုင်ဆိုင်မှု Assets and Securities တွေကို ပြောင်းလဲ ဝယ်ယူ ကာ မတည်ငြိမ်တဲ့ကာလ ကို ဖြတ်သန်းကြတာပဲဖြစ်ပါတယ်။ Inflation Hedge Strategy အနေနဲ့ လုပ်ဆောင် လေ့ရှိတာတွေကတော့…

.

.

TIPS

.

TIPS ဆိုတာကတော့ Treasury Inflation-Protected Securities ဖြစ်ပြီး ငွေတိုက်စာချုပ် Bond အမျိုးအစား တစ်ခုပဲဖြစ်ကာ US Government က ထုတ်ရောင်းတဲ့ bond ဖြစ်ပါတယ်။ အဓိက ရည်ရွယ် ချက်ကတော့ Inflation ကို ကာကွယ်ချင်တဲ့ ပြည်သူတွေ Investor တွေ အတွက် အထူး ရောင်းချတာဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်လုပ်ပုံကတော့ နာမည် အတိုင်းပဲ ငွေကြေးဖောင်းပွမှု ဖြစ် တဲ့ ပမာဏ အတိုင်း Bond တန်ဖိုးကို ပေါင်း ပေး တာဖြစ်ပါတယ်။ ဥပမာ လူတစ်ဦးက TIPS ၁၀၀$ ဖိုး ဝယ်လိုက်ပြီး နှစ်ကုန်မှာ inflation က ၅%  ဖြစ်နေတယ်ဆိုပါစို့။ ဒါဆိုရင် သူ့ရဲ့ ဝယ်ယူထားတဲ့ TIPS တန်ဖိုးဟာ ၁၀၅$ ဖြစ်သွားမှာဖြစ်ပါတယ်။ တကယ်လို့ Inflation က ၁၀% ဆိုရင် TIPS က ၁၁၀$ ဖြစ်သွားပါလိမ့်မယ်။ ဒါ့အပြင် US အစိုးရက TIPS ကို တစ်နှစ် အတွက် 4% အတိုးနှုန်းလဲ ပေးပါ သေးတယ်။ Bond ရဲ့ မူလတန်ဖိုးက inflation အတိုင်းလိုက်တက်နေတာဖြစ်တဲ့အတွက် အတိုးရ တဲ့ 4% ဟာ အသားတင် အမြတ် အနေနဲ့ကို ရရှိတဲ့ သဘောဖြစ်ပါတယ်။  TIPS တွေ ရဲ့ သက်တမ်း ကတော့ ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ် အသီးသီးရှိကြပါတယ်။ 

.

တစ်ခု ရှိတာကတော့ TIPS တွေက Inflation ဖြစ်လာရင် တန်ဖိုးလိုက် တက် သလို Deflation ဆိုတဲ့ ငွေကြေး ကျုံ့မှု ဖြစ်လာရင်လည်း တန်ဖိုး လိုက်နည်း သွားတတ်ပါတယ်။ Investor တွေ အနေနဲ့က Inflation ကြီး နဲ့ နဖူးတွေ့ဒူးတွေ့တွေ့မှ TIPS တွေကို ဝယ်ရင် စျေးကမြင့်နေတတ် တဲ့အတွက် လစဉ် အစိုးရ ကထုတ်ပြန်ပေးနေတဲ့ Consumer Price Index ဆိုတဲ့ CPI data ကို ကြည့်ကာ နှစ်ကုန် inflation ဘယ်လောက်ဖြစ်နိုင်မယ် ဆိုတာကို သုံးသပ်ပြီး ကြိုတင်ဝယ်ယူ ကြလေ့ရှိပါတယ်။ 

.

မြန်မာ ပြည်တွင်းအနေနဲ့တော့ TIPS အမျိုးအစား မရှိသေးတာကြောင့် ဝယ်ယူလို့မရနိုင်သေးပါဘူး။

.

.

.

Safe Haven Asset

.

နောက်တစ်နည်းကတော့ Safe haven asset တွေ ကို ပြောင်းလဲဝယ်ယူလာကြတာဖြစ်ပါတယ်။ Safe Haven Asset ဆိုတာကတော့ အခြားသော ကုန်ပစ္စည်းတွေ ပိုင်ဆိုင်မှုတွေ ရဲ့ စျေးနှုန်း အတက် အကျနဲ့ uncorrelated ဖြစ်နေတတ်တဲ့ ကုန်ပစ္စည်း၊ တန်ဖိုးကြီး ရွှေငွေ ကျောက်မျက်ရတနာ၊ Commodities စတာတွေ ဖြစ်ပါတယ်။ ပိုင်ဆိုင်မှုနဲ့ ကုန်ပစ္စည်းတွေမှာ Positively correlated, Negatively Correlated, Uncorrelated ဆိုပြီး သဘာဝ သုံးခုရှိပါတယ်။ 

.

Positively Correlated ဆိုတာကတော့ ပိုင်ဆိုင်မှုတစ်ခုခု ဟာ အခြား ပိုင်ဆိုင်မှု တစ်ခုရဲ့ စျေးအတက်အကျနဲ့ တိုက်ရိုက် ချိတ် ဆက် ပြီး ပြောင်းလဲနေတဲ့သဘောဖြစ်ပါတယ်။ ဥပမာ ရေနံ တစ်စည် စျေးနှုန်း တက်တဲ့အခါ မြန်မာပြည်က Octane 92,95 စျေးလဲ တက်မှာ ဖြစ်ပါတယ်။ ဓာတ်ဆီစျေးတက် တဲ့အခါ ကုန်တင်ကား အသုံးပြု ပို့ဆောင် ရတဲ့ ဟင်းသီးဟင်းရွက်စျေးလဲ တက်မှာ ဖြစ်ပါတယ်။ ဒါကတော့ Asset တစ်ခုက စျေးတက် ရင် နောက် တစ်ခုပါ လိုက်တက်၊. ကျရင် လို်က် ကျတဲ့ Positively correlated ဖြစ်ပါတယ်။ Negatively Correlated ဆိုတာကတော့ ပြောင်းပြန် သက်ရောက် တာပါပဲ။ ဥပမာ အမေရိကန် ဒေါ်လာ တန်ဖိုးမာလာ (တက်လာ) ရင် ရွှေစျေးက ကျဆင်းလေ့ရှိပါတယ်။ မြန်မာကျပ် ငွေ တန်ဖိုးမြင့်လာ မာလာရင် အိမ်ခြံမြေတန်ဖိုး ကျဆင်းနိုင်ပါတယ်။ စသဖြင့် ပြောင်း ပြန် သက်ရောက် တဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်ပါတယ်။ Uncorrelated ကတော့ ရှင်းပါတယ် အခြား assets အများစုနဲ့ ဘာသက်ရောက် ချိတ်ဆက် မှုမှ မရှိတဲ့ ပိုင်ဆိုင်မှု Assets အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒီအမျိုးအစား ရဲ့ စျေး ကတော့ အချိန် အတော်များများမှာ တည်ငြိမ်နေတတ် လေ့ ရှိပါတယ်။

.

Safe Haven Asset တွေအကြောင်း ပိုပြီး လေ့လာချင်ရင်တော့သီးသန့် မျှဝေပေးထားတဲ့အောက်က လင့်မှာ လေ့လာကြည့်နိုင်ပါတယ်။

(https://www.facebook.com/1774694082613421/posts/3807894575960018/?d=n)

.

.

.

Long term Fixed Income Investment တွေကိုရှောင်မယ်

.

ပုံသေ ဝင်ငွေ ရတဲ့ နှစ်ရှည် ရင်းနှီးမြုပ်နှံမှုတွေကိုလဲ Inflation ဖြစ်လာနိုင်ချေမှာ Investor တွေက ရှောင်ရှားကြပြီး ရှိထားပြီးသား ဆိုရင်လဲ ပုံစံပြောင်းလဲတတ်ကြပါတယ်။ ပုံသေ ဝင်ငွေ Fixed Income ဆိုတာကတော့ လစဉ် သို့မဟုတ် နှစ်စဉ် ပုံသေ ပမာဏ တစ်ခုသာ ရနေမယ့် နှစ်ရှည် ရင်းနှီးမြုပ်နှံမှု တွေ ဖြစ်ပါတယ်။ သာမာန် အချိန် inflation နည်းချိန်မှာတော့ အဲဒီ ပုံသေ ဝင်ငွေ နှုန်းဟာ တွက်ခြေ ကိုက် နိုင်ပေမယ့် Inflation rate ကမြင့်လာလေလေ အဲဒီပုံဝေ ဝင်ငွေ နှုန်းထားက မကိုက်တော့လေ ပါပဲ။  ဥပမာ နှစ်စဉ် 10% အမြတ် ရနေတဲ့ investment က inflation rate 5% နှုန်းမှာ အသားတင် အနေနဲ့ 5% မြတ်စွန်းနေမှာဖြစ်ပေမယ့် တကယ်လို့ သာ inflation က ၁၀% ဖြစ်သွားရင်တော့ အထက်က investment ဟာ လုံးလုံးမမြတ်တော့တဲ့ သဘောဖြစ်သွားတာပါပဲ။ ဒီအတွက်ရေရှည် inflation မြင့်ချိန်မှာ Fixed Income Investment တွေကနေ နုတ်ထွက် ကြလေ့ရှိပါတယ်။

.

ပြောင်းပြန် အနေနဲ့ ကိုယ်က ပေးစရာရှိတာတွေကိုတော့ fixed အနေနဲ့ဖြစ်အောင် ပြောင်းပြီး လုပ်ဆောင် တတ်ကြပြန်ပါတယ်။ ဥပမာ ရုံးခန်းငှားခတွေကို နှစ်ရှည် တစ်ခါထဲ ပေးချေလိုက်တာမျိုး၊ Fixed အနေနဲ့ သာ အတိုးပေးရမယ့် ချေးငွေတွေ ရယူတာမျိုး စတာတွေ ဖြစ်ပါတယ်။

.

.

တိုးတက်လာနိုင်တဲ့ စီးပွားရေး တွေ မှာ မြုပ်နှံမယ်

.

ဘယ်လို အခြေအနေ တွေ ပဲဖြစ်ဖြစ် ရှိသမျှ စီးပွားရေး လုပ်ငန်းအမျိုးအစားအားလုံး ထိုးကျ သွားတယ်လို့ တော့ မရှိတတ်ပါဘူး။အနေအထား တိုင်းမှာ ပြသနာ တွေ ရှိနေမှာ ဖြစ်တဲ့အတွက် ဒီပြသနာတွေကို ပြေလည်စေတဲ့ solution ပေးနိုင်တဲ့ လုပ်ငန်းတွေကတော့ ခေတ်ကောင်းနေ ဦးမှာ ဖြစ်ပါတယ်။ ဥပမာ အကျပ်အတည်းကာလ၊ ငွေကြေးဖောင်းပွ မှုများတဲ့ ကာလတွေ မှာဆိုရင် ပြည်သူ တွေဟာရွှေ လိုမျိုး အဖိုးတန် ကျောက်မျက်ရတနာတွေ၊ ကို inflation rate ဒဏ် ခံနိုင်မယ်ဆိုပြီး အများအပြား ဝယ်ယူကြလေ့ရှိပါတယ်။ဒီအခါမှာရွှေ နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ ရဲ့ stockshare တွေ ထိုးတက်ကာ အမြတ်များပြားလာလေ့ရှိပါတယ်။ ဥပမာ ရွှေ တွင်း တူးလုပ်ငန်းတွေ၊ ရွှေသန့်စင်လုပ် ငန်းတွေ ရွှေ အရောင်းအဝယ် တွေစသဖြင့်ဖြစ်ပါတယ်။ ဒီလို လုပ်ငန်း တွေရဲ့. စတော့ရှယ်ယာ တွေဟာလည်း ရွှေးချယ်စရာ တစ်ခု ဖြစ်လာလေ့ရှိပါတယ်။

.

.

.

အထက်က မျှဝေမှုတော့ ကတော့ ရင်းနှီးမြုပ်နှံသူများ inflation မြင့်တက်ချိန်မှာ သုံးလေ့ရှိကြတဲ့. Inflation Hedge Strategy များဖြစ်ပြီး အသုံးချနိုင်စေဖို့ ရည်ရွယ်မျှဝေလိုက်ရပါတယ်ဗျား။

.

.

.

လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။

.

.

.

Kaung Hein Soe – Strategic

Business Consultant