Saturday, September 3, 2022

အိပ်မက်ကို တရားအားထုတ်သူ

 အိပ်မက်ကို တရားအားထုတ်သူ




                                              ရဝေနွယ် (အင်းမ)


မြတ်စွာဘုရားလက်ထက်တော်က ဥသဘမထေရ်ဆိုပြီး မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ သာကီဝင်မင်းမျိုး ကနေ ရဟန်းဝတ် လာသူပါ။


       ဒါပေမဲ့ သူက တရားအားမထုတ်ပါဘူး။ နေ့ဆို အပေါင်း အဖော်မိတ်ဆွေတွေနဲ့ ပျော်ပါး မွေ့လျော်နေတတ်ပါတယ်။ ညရောက် ပြန်တော့လည်း ညဉ့်သုံးယံလုံး အိပ်ပစ်ပါတယ်။


       တစ်ညမှာတော့ သတိကင်းကင်း၊ ပညာအဆင်အခြင်ကင်းကင်းနဲ့ လှဲအိပ်ပစ်လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အိပ်မက်မက်ပါ တော့တယ်။


       ဆံပင်တွေ၊ မုတ်ဆိတ်တွေကို ရိတ်လိုက်ပါတယ်။ သရက်ညွန့် အဆင်းနဲ့တူတဲ့ သင်္ကန်းကို ရုံလိုက်ပါတယ်။ ပြီးတော့ ဆင်ပေါ်တက် ပါတယ်။ ဆင်ပေါ်ရောက်တော့ ဆင်ရဲ့ လည်ပင်းပေါ်ထိုင်ပြီး မြို့ထဲ ဆွမ်းခြံကြွပါတယ်။ မြို့ထဲရောက်တော့ ဆွမ်းလောင်းဖို့ ပြင်နေကြတဲ့ လူတွေကိုမြင်ပြီး ရှက်လွန်းလို့ ဆင်ကျောကုန်းပေါ်က အမြန်ဆင်းချ လိုက်ပါတယ်။


ဆင်ပေါ်က ဆင်းချလိုက်တဲ့ အချိန်မှာတော့ အိပ်မက်က နိုးသွားပါတော့တယ်။


       အိပ်မက်က နိုးနိုးချင်း အိပ်ရာထဲမှာ အတွေးတစ်ခုကို ချက်ချင်း တွေးလိုက်ပါတယ်။

       ‘’ငါ ဒီအိပ်မက်မက်တာဟာ သတိလည်းလွတ်၊ ပညာ အဆင်အခြင်လည်း မရှိဘဲ အိပ်ပစ်လိုက်လို့ မက်တာပဲ’’


       အတွေးနောက်က ထိတ်လန့်စိတ်လည်း ဖြစ်သွားပါတယ်။ ဒါကြောင့် အိပ်နေရာကနေ ဖြည်းဖြည်းထလိုက်ပြီး အိပ်ရာထဲမှာပဲ တင်ပျဉ်ခွေကို ကျကျနန ထိုင်ပါတယ်။ ကိုယ့်အတွက်အဆင်ပြေတဲ့ ထိုင်တဲ့ပုံစံရပြီဆိုမှ ဝိပဿနာတရားကို သေချာအားထုတ်ပါတော့ တယ်။ အားထုတ်လို့ သိပ်မကြာခင် ကာလ မှာပဲ အရဟတ္တဖိုလ်တရား ထူးကို ရသွားပါတော့တယ်။

       (ထေရဂါထာအဋ္ဌကထာ ပ-တွဲ၊ နှာ-၄ဝ၈)                 

       အိပ်မက်ကို တရားအားထုတ်ပစ်တာဆိုတော့ အားကျဖို့ လည်း ကောင်း၊ အတုယူဖို့လည်း ကောင်းပါတယ်။ ဘဝမှာ တကယ့် စံထားစရာ ဝတ္ထုလေးတစ်ပုဒ်ပါပဲ။


       ကိစ္စတစ်ခုဖြစ်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့ အတွေး မျိုးကို မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့ဘက်ကို မြှင့်ယူတဲ့ အတွေးမျိုးကို တွေးပြီး ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ချလိုက် တာပါ။ ဥသဘမထေရ်က တကယ်လို့ ခလုတ်တိုက် လဲရင်တောင် ခလုတ် တိုက်လဲတာကိုပဲ တရားအားထုတ်ပစ်မယ့် မထေရ်ပါ။


       တကယ်လို့ ကိုယ်က ကိုယ်ပိုင်အတွေးနဲ့ မတွေးနိုင်၊ မကျင့် နိုင်ရင်လည်း ကိုယ်အားကျ စံထားရတဲ့သူတွေဆီက နည်းယူပြီး လက်တွေ့ကျင့်သုံးလိုက်ရုံပါပဲ။ မြတ်စွာဘုရားလက်ထက်တော်က ထေရီထေရာတွေရဲ့ နောက်ခံသမိုင်းတွေကို ပြန်ကြည့်ရင်လည်း တစ်ပါး ပါး တစ်ဦးဦးကို အားကျစံထားပြီး ကျင့်သုံးကြတာ များပါတယ်။


       ဒီတော့ ကိုယ့်ပတ်ဝန်းကျင်က စံထားစရာ တစ်ယောက် ယောက်ဆီကပဲ ဖြစ်ဖြစ်၊ သမိုင်းထဲက တစ်ယောက်ယောက်ဆီကပဲ ဖြစ်ဖြစ် ကောင်းမွန်တဲ့ ကိုယ်ကြိုက်တာကို အတုခိုးပြီး ကျင့်သုံးလို့ ရတာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းတောင် ကျောင်းသားဘဝက ဒေါက်တာ ဘမော်ရဲ့ အင်္ဂလိပ်စကားပြောဟန်ကို အတုယူပြီး အခန်းထဲမှာ လေ့ကျင့် ခဲ့ဖူးသေးတာပါပဲ။

       

ဥသဘမထေရ်လို ကိုယ်ပိုင်အတွေးအခေါ်နဲ့ လက်တွေ့ ကျင့်သုံးတဲ့ ပုံစံမျိုး တွေးနိုင်ဖို့ကျတော့ အတိတ်တိတ်ပါရမီတွေရယ်၊ ဖတ်ထားတဲ့စာ၊ ဆည်းပူးထားတဲ့ ဗဟုသုတတွေရယ်နဲ့လည်း ဆိုင်နေ ပါတယ်။ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဉာဏ် နဲ့ ကျင့်သုံးနိုင်တယ် ဆိုရင်တော့ ကုသိုလ်ကံကောင်းခြင်း တစ်မျိုးပါပဲ။


       ကိုယ်ပိုင်အတွေးအခေါ်နဲ့ မကျင့်သုံးနိုင်လည်း ဥသဘ မထေရ်ရဲ့ အပြုအမူကို နည်းယူပြီး ကျင့်သုံးလို့ ရတာပါပဲ။ ဥပမာ လင်မယားနှစ်ယောက် ရန်ဖြစ်တဲ့အခါ ရန်ဖြစ်တာကို သံဝေဂယူပြီး ဘုရားခန်းထဲသွား တရားထိုင်ပစ်လိုက်ရုံပါပဲ။ ရန်ဖြစ်တာက အကုသိုလ်ပါ။  ကိုယ့်ကိုယ်ကိုယ် အရှုံးခံ လို့တော့ မဖြစ် ပါဘူး။  မြတ်အောင် ပြန်လုပ်ယူရမှာပါ။ တကယ်လို့ ပြန်ခေါ်ရင်လည်း ပြန်ခေါ်တာ ကိုပဲ သံဝေဂယူပြီး ပြန်တရားထိုင်ရမှာ ပါပဲ။


       ဒါမှမဟုတ် အလုပ်တွေ အဆင် ပြေလို့၊ မြေကွက်တွေ ရောင်းရလို့၊ အမြတ်ငွေတွေ အများကြီး ရခဲ့တယ် ဆိုရင်လည်း အမြတ်ငွေတွေကို ကိုယ်တွေး တတ်သလို တွေးပြီး ဘုရားခန်းထဲမှာ တရားကို သေချာထိုင်လိုက်ရုံပါပဲ။ ကိုယ် လိုချင်တဲ့ အမြတ်ငွေတွေ ရထားလို့ ကျေနပ်ပီတိတွေဖြစ်နေတာဆိုတော့ ရေချိုးပြီး ထိုင်လိုက်ရင် ပိုတောင် ထိုင်လို့ ကောင်းဦးမှာပါ။ အမြတ် နှစ်ခါ ဖြစ်သွားတာပါ။ ပျော်ဖို့ တောင် ကောင်းပါတယ်။


       တကယ်လို့ အလုပ်တွေ အဆင်မပြေလို့ ငွေတွေ ဆုံးရှုံးခဲ့ရင် လည်း ငွေတွေ ဆုံးရှုံးတာကိုပဲ သံဝေဂယူပြီး ဘုရားခန်းထဲမှာ တရား ထိုင်ပစ်လိုက်ရုံပါပဲ။


       ဒီလိုပါပဲ၊ အလုပ်သစ်ကောင်းကောင်းရတဲ့ အခါမှာလည်း အလုပ်ရတာကိုပဲ သံဝေဂယူပြီး တရားအားထုတ်လိုက်လို့ ရပါတယ်။ တကယ်လို့ အလုပ်ပြုတ်ခဲ့ရင်လည်း အလုပ်ပြုတ်တာကိုပဲ သံဝေဂ ယူပြီး တရားထိုင်ပစ်လိုက်ရုံပါပဲ။


       ကိုယ်ချစ်တဲ့ သူဆီက၊ ကိုယ့်မိတ်ဆွေဆီက မြတ်နိုးစရာ လက်ဆောင်တစ်ခုခုရရင်လည်း လက်ဆောင်ကိုပဲ ကိုယ်တွေးတတ် သလို တွေးပြီး တရားထိုင်ပစ်လိုက်ရုံပါပဲ။ လက်ဆောင်ကို တရား အားထုတ်ပစ်တာပါ။


       ဒါတွေ အားလုံးဟာ ဥသဘမထေရ်ကို အတုခိုးနည်းယူပြီး အိပ်မက်နေရာမှာ ကိုယ် လက်တွေ့ကြုံနေရတာတွေနဲ့ အစားထိုးပြီး ကျင့်သုံးပစ်လိုက်တာပါ။ ကျင့်သုံးပြီးရင်လည်း ကိုယ့်ကိုယ်ကိုယ် ကျေနပ်မှု တစ်ခုတော့ ရသွားကြတာ များပါတယ်။


       ဒီနေရာမှာ တရားထိုင်သူတစ်ယောက်အတွက် တရားထိုင်ပုံ ဣရိယာပုတ်ကလည်း အလွန်ပဲ အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တရားထိုင်တဲ့အခါ မဖြစ်မနေ လိုအပ်တဲ့ သပ္ပာယ (၇) ပါးမှာ ဣရိယာပထသပ္ပာယ = ဣရိယာပုတ်အဆင်ပြေရမယ်ဆိုတာလည်း အင်္ဂါတစ်ခုအနေနဲ့ ပါနေလို့ပါ။ ပါဠိလို ပြောရင်တော့ ဣရိယာပထ သပ္ပာယပါ။


ဣရိယာပထော စေဝ၊ သပ္ပာယော သေဝိတဗ္ဗကော။

(ဥပရိပဏ္ဏာသအဋ္ဌကထာ၊နှာ-၁၁၅)


       သပ္ပာယော- ကမ္မဋ္ဌာန်းတရား အားထုတ်ခြင်းငှာ သင့်လျော် လျောက်ပတ်သော၊ ဣရိယာပထော- ဣရိယာပုထ်ကို၊ သေဝိတဗ္ဗ ကော- မှီဝဲအပ်၏။


       ဝိပဿနာတရား အားထုတ်တဲ့အခါမှာ ကိုယ်နဲ့ အဆင်ပြေ တဲ့၊ သင့်လျော်တဲ့ သပ္ပာယသင့်တဲ့ ဣရိယာပုတ်ကို မှီဝဲပြီး တရား အားထုတ်ပါမှ တရားတွေ တက်နိုင်ပါတယ်တဲ့။ အပြန်အားဖြင့် ပြောမယ်ဆိုရင်တော့ တရားတွေ ဘယ်လောက်ပဲ အားထုတ် အားထုတ် ကိုယ်နဲ့ အဆင်မပြေတဲ့၊ မသင့်လျော်တဲ့၊ သပ္ပာယမသင့်တဲ့ ဣရိယာ ပုတ် ဖြစ်နေရင် တရားတွေ့ဖို့၊ တရားရဖို့ ခက်ခဲနေတတ်ပါ တယ်တဲ့။ ဒါကြောင့် တရားထိုင်တဲ့နေရာမှာ ဣရိယာပုတ်ကလည်း အလွန်ပဲ အရေးကြီးနေပါတယ်။


       လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် (၄) ပါးမှာ ကိုယ်နဲ့ သင့်လျော်တဲ့ ဣရိယာပုတ်ကို မှီဝဲပြီး အားထုတ်ပါဆိုတော့ တရား အားထုတ်မယ့် ယောဂီကိုယ်တိုင်ပဲ ရွေးချယ်ဆုံးဖြတ်ရပါတယ်။ ကမ္မဋ္ဌာန်းဆရာက ရွေးချယ်ဆုံးဖြတ်ပေးလို့ မရပါဘူး။ ဣရိယာပုတ် အမျိုးအစားနဲ့ ပုံစံစုံကိုပဲ ပြောပြပေးလို့ ရတာပါ။


       လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ် (၄) ပါးမှာ လျောင်း ပြီး မှတ်မှ အဆင်ပြေလား၊ ထိုင်ပြီး မှတ်မှ အဆင်ပြေလား၊ ရပ်ပြီး မှတ်မှ အဆင်ပြေလား၊ စင်္ကြံသွားပြီး မှတ်မှ အဆင်ပြေလားဆိုတာ ကိုယ်တိုင်ပဲ စိစစ်ဆင်ခြင်ရပါမယ်၊ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေပုံချင်း၊ သပ္ပာယသင့်ပုံချင်း မတူပါဘူး။


       ဝိသုဒ္ဓိမဂ်မှာတော့ ဣရိယာပုတ် တစ်ခုကို (၃) ရက်စီ အား ထုတ်ကြည့် ရပါမယ်တဲ့။ ဣရိယာပုတ်တစ်ခုကို (၃) ရက်စီ စမ်းအား ထုတ်ကြည့်ရမယ် ဆိုရင် ဣရိယာပုတ် (၄) ပါးဆိုတော့ အားလုံး ပေါင်း (၁၂) ရက် စမ်းသပ် အားထုတ်ကြည့်ရမယ့် သဘောပါ။ အဲဒီ အထဲကမှ ကိုယ်နဲ့ အဆင်ပြေတဲ့ ဣရိယာပုတ်ကိုရွေးချယ်ရမှာပါ။


       ထိုင်မှတ်ဣရိယာပုတ်နဲ့ တရား မှတ်လို့ ကောင်းတယ်၊ တရားလည်း တွေ့တယ်၊ သမာဓိလည်း ဖြစ်တယ်၊ အဆင်လည်း ပြေတယ်ဆိုရင် ထိုင်ခြင်း ဣရိယာပုတ်နဲ့ မှတ်တာကို ဦးစားပေး မှတ်ရ ပါတယ်။


       စင်္ကြံသွားပြီး မှတ်မှ ပိုမှတ်လို့ ကောင်းတယ်ဆိုရင်လည်း စင်္ကြံသွားမှတ် တာကို ဦးစားပေး မှတ်ရပါတယ်။ ရပ်ပြီး မှတ်မှ ပိုမှတ်လို့ ကောင်းတယ် ဆိုရင် လည်း ရပ်မှတ်တာကို ဦးစားပေး မှတ်ရ ပါတယ်။ လျောင်း၊ အိပ် မှတ်မှ အဆင်ပြေ တယ်ဆိုရင်လည်း  လျောင်း၊ အိပ် မှတ် တာကို ဦးစားပေးမှတ် ရပါတယ်။


       ဒါပေမဲ့ ဒီနေရာမှာ လျောင်းပြီး၊ အိပ်ပြီး မှတ်တဲ့ အမှတ်ကို တော့ အားထုတ်ခါစ ယောဂီတွေဟာ လျောင်းခြင်း၊ အိပ်ခြင်းဣရိယာ ပုတ်ကိုတော့ အားမထုတ်သင့်ဘူးလို့ ဆရာ့ ဆရာများက သေချာ မှာကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားခန်းမှာ ဖျာလေးခင်း ခေါင်းအုံးလေးချပြီး ပက်လက်ပဲဖြစ်ဖြစ်၊ ခွေခွေလေးပဲဖြစ်ဖြစ် မှတ်မယ်ဆိုရင် မိနှစ် (၂ဝ) လောက် ကြာတဲ့အခါ အိပ်ပျော်သွားပါ လိမ့်မယ်။ ဒါကြောင့် အားထုတ်စမှာ အိပ်မမှတ်ရပါဘူးတဲ့။


       အိပ်ခြင်း ဣရိယာပုတ်နဲ့ မှတ်တာကိုတော့ ညအိပ်ချိန် ရောက်တဲ့အခါမှသာ အိပ်မှတ်တာက ပိုသင့်လျော်ပါတယ်တဲ့။ မှတ်ရင်းနဲ့ပဲ အိပ်ပျော်သွားဖို့ မဟာစည်ဆရာတော်ဘုရားကြီးက မိန့်ကြား ထားပါတယ်။


       နောက် အသက်အရွယ်ကြီးလွန်းနေတဲ့ သူတွေ၊ မကျန်းမမာ ဖြစ်နေတဲ့ သူတွေ၊ ထိုင်ခြင်း၊ ရပ်ခြင်း၊ သွားခြင်း၊ ဣရိယာပုတ်တွေ မခိုင်မာတော့တဲ့ သူတွေသာ လျောင်းခြင်း၊ အိပ်ခြင်း ဣရိယာပုတ်က သင့်လျော်ပါတယ်လို့ ဆရာ့ဆရာများက မိန့်ကြားထားပါတယ်။


       ထိုင်ခြင်း ဣရိယာပုတ်မှာလည်း ထိုင်တဲ့ ပုံစံက ပုံစံစုံရှိတာ ဆိုတော့ ထိုင်တာကိုလည်း ပုံစံစုံ ထိုင်ကြည့်ရပါမယ်။


       တင်ပျဉ်ခွေထိုင်တာ၊ ကျုံ့ကျုံ့ထိုင်တာ၊ ခြေထောက် နှစ်ချောင်းကို အောက်ကို သွင်းပြီး ဂျပန်ထိုင်နည်းထိုင်တာ၊ တရား ထိုင်ဖုံ နှစ်ခု သုံးခုထပ်ပြီး တင်ပါးက ထိုင်ဖုံပေါ်မှာ၊ ခြေထောက်နှစ်ချောင်း က ကြမ်းပြင်ပေါ်မှာ ချပြီး ထိုင်တာ၊ ဖင်ထိုင်ခုံလေးပေါ်မှာ တင်ပါး ထိုင်မယ့် သစ်သားပြားကို ရှေ့ကို နည်းနည်းစိုက်ထားပြီး ခြေထောက် နှစ်ချောင်းကို ဖင်ထိုင်ခုံအောက် သွင်းထားပြီး ထိုင်တာ စသည်ဖြင့် ပုံစံမျိုးစုံ ထိုင်ကြည့်ရပါမယ်။ ဖင်ထိုင်ခုံကို ရှေ့တစ်လက်မကျော်ကျော် နှိမ့်ထားပြီး ခြေထောက်နှစ်ချောင်း ခုံအောက်သွင်းထိုင်တာလေးက လည်း ထိုင်လို့ ကောင်းတဲ့သဘော ရှိပါတယ်။ ထိုင်တဲ့ပုံစံတွေထဲက ကိုယ်နဲ့အဆင်အပြေဆုံး၊ သပ္ပာယအသင့်ဆုံး ထိုင်တဲ့ပုံစံကို  ကိုယ်တိုင်ပဲ ရွေးချယ်ရပါမယ်။


       အဓိကကတော့ ကိုယ့်အတွက် တရားထိုင်လို့လည်း ကောင်းတယ်၊ သမာဓိလည်းဖြစ်တယ်၊ တရားလည်းတွေ့တယ်၊ သက်သောင့်သက်သာလည်းဖြစ်တယ်၊ ကြာရှည်လည်းထိုင်နိုင်တယ် စသည်ဖြင့် ကိုယ်နဲ့အဆင်အပြေဆုံးထိုင်တဲ့ပုံစံကို ရွေးချယ်ရမှာပါ။


       ဒီတော့ကိုယ်နဲ့အဆင်ပြေတဲ့ထိုင်တဲ့ပုံစံကို သိနိုင်ဖို့ဆိုရင် ပုံစံစုံထိုင်ကြည့်ရပါမယ်။ ပြီးမှ ကိုယ်နဲ့အဆင်ပြေတာကို ရွေးချယ်ရ ပါတယ်။ ကိုယ်ဘယ်ကော်ဖီကြိုက်လဲဆိုတာ သိရအောင် ကော်ဖီမျိုးစုံ ကို အရင် သောက်ကြည့်ပြီးမှ ကိုယ်ကြိုက်တဲ့ ကော်ဖီကို ရွေးချယ် သောက်ရတဲ့ ပုံစံမျိုးပါပဲ။


       နောက် ထိုင်တဲ့ ဣရိယာပုတ်ကိုပဲ ပြုပြင်ပြောင်းလဲပြီး ထိုင်တာပါ။ ဥပမာ ဒူးနာတတ်တယ်ဆိုရင် ဒူးအောက်ကနေ ခေါင်းအုံး သေးသေးလေး ဒါမှမဟုတ် စောင်ခေါက်လေး ခုပြီး ထိုင်တာ၊ ခြေထောက်ကို ပုံမှန်ထက် နည်းနည်းလေးချဲပြီး ထိုင်တာ စသည်ဖြင့် ထိုင်တဲ့ ဣရိယာပုတ်ကိုပဲ ပြုပြင် ပြောင်းလဲပြီး ထိုင်လို့လည်း ရပါ တယ်။


       တကယ်လို့ ကိုယ်က အောက်ကြမ်းပြင်ပေါ်မှာ မထိုင်နိုင်ဘူး ဆိုရင်လည်း ကိုယ်နဲ့ အဆင်ပြေတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်မှတ်လို့ လည်း ရပါတယ်၊ ဒါပေမဲ့ သိပ်ဇိမ်ကျပြီး အိပ်ပျော်သွားစေမယ့် ထိုင်ခုံမျိုး ကိုတော့ မရွေးချယ်ရပါဘူး။ ထိုင်ခုံအများစုကတော့ လူ သက်သောင့်သက်သာ အနားယူလို့ရအောင် လုပ်ထားကြတာ များပါတယ်။


       တရားထိုင်တာ ဘဝအတွက် အရေးကြီးတဲ့ အလုပ်တစ်ခု ဆိုတော့ ကိုယ်တရားထိုင်လို့ အဆင်ပြေမယ့် ထိုင်ခုံလေးကို ပရိဘောဂ ဆိုင်မှာ စိတ်တိုင်းကျ အပ်ပြီးတောင် ထိုင်ဖို့ ကောင်းပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ တရားထိုင်ချိန်လေးက ကိုယ့်ဘဝအတွက် စိတ်အေးချမ်း ရာ၊ ပါရမီဖြည့်ရာ အချိန်လေးဆိုတော့ ဒီလောက်တော့ ရင်းရမှာပါပဲ။ အဓိကကတော့ တရားရဖို့အတွက် ဣရိယာပုတ် ကလည်း အရေးကြီးတဲ့ အင်္ဂါထဲမှာ ပါနေပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေ တဲ့ ဣရိယာပုတ်ကိုပဲ ရွေးချယ်ပြီး ထိုင်ရပါမယ်။


       ဥသဘမထေရ်ကတော့ အိပ်မက်ကို တရားအားထုတ်ပစ် တာပါ။ တရားတွေကို သိနေပေမယ့် တစ်ခါတလေကျတော့လည်း လက်တွေ့ကျင့်သုံးဖို့ ခက်နေတတ်ပါတယ်လေ။


       ဘဝမှာ ကိစ္စတွေ ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့ အတွေးတွေ မတွေးမိဖို့ သိပ်အရေးကြီး တာပါပဲ။ ကိုယ့်ကိုယ်ကို ဆွဲချတဲ့ အတွေးတွေ တွေးလိုက်မိရင် စိတ်ကော ရုပ်ကော ဆင်းရဲရတော့ တာပါ။ တစ်ခါတလေ ည အိပ်တောင် မပျော်ပါဘူး။ အခန့်မသင့်ရင် ဘဝက ဇောက်ထိုးမိုးမျှော် ဖြစ်သွားတတ်ပါတယ်။ ဘဝတွေက ဖြတ်သန်းရတာ ပင်ပန်းလွန်းလှပါတယ်။ ကြုံနေရတဲ့ ကိစ္စတွေက နေ့စဉ်နဲ့ အမျှပါပဲ။ သံသရာကလည်း မလွတ်မြောက်နိုင်သေးတော့ သတိထားနိုင်မှ သက်သာမှာပါ။


       ဘာပဲပြောပြောလေ... ဘဝမှာ ကိစ္စတစ်ခု ကြုံလာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆွဲချတဲ့အတွေးကို မတွေးဘဲ ကိုယ့်ကိုယ်ကိုယ် မြှင့်ယူတဲ့ အတွေးကို တွေးပြီး ကောင်းတာတွေ များများလုပ်ချ လိုက်နိုင်ဖို့ ပါပဲလေ။

                                                 ရဝေနွယ်(အင်းမ)

ကျမ်းကိုး။      ။

ဣန္ဒြေထက်ကြောင်းကိုးပါးတရားတော်။

သဒ္ဓမ္မရံသီဆရာတော်ဘုရား။

No comments: