***မူရင်းစာရိုက်သူ၏ အမှာ
ဂျပန် ဧကရာဇ် ဟီရိုဟီတိုနှင့် ပညာသင်ဘက် သူငယ်ချင်း၊ ပြင်သစ်နိုင်ငံ ဆော်ဘွန်းတက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သူ၊ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူ ဒေါက်တာဘဟန်၏ ညီ၊ ဗြိတိသျှခေတ် နန်းရင်း၀န်၊ ဂျပန်ခေတ် မြန်မာပြည်၏ အဓိပတိ အာဏာရှင်၊ အမျိုးသား ခေါင်းဆောင်ကြီး ဦးအောင်ဆန်းက စကားပြောနည်းအရာတွင် စံပြု ခံရသူ ဒေါက်တာဘမော်ကို အိုးဝေဦးညိုမြက စာတစ်တို့ တို့ထိခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာဘမော်၏ လုပ်နည်းကိုင်နည်းများသည် အားနည်းကောင်း နည်းခဲ့ပေလိမ့်မည်။ နိုင်ငံလွတ်လပ်ရေးအတွက် သူလုပ်ကိုင်ခဲ့ရစဉ်တွင် ဗြိတိသျှသည် ကမ္ဘာပေါ်တွင် အင်အားအကောင်းဆုံး၊ ဘုန်းမီးနေလ အတောက်ပဆုံးအချိန် ဖြစ်နေ၍ သူသာမဟုတ်ပါဘူး၊ ဘယ်သူမှ လွတ်လပ်ရေးရအောင် လုပ်နိုင်သေးမည် မဟုတ်ပါ။
ဒုတိယ ကမ္ဘာစစ်ပြီး၍ ဗြိတိသျှတို့ သြဇာကျဆင်းလာချိန်တွင် ဒေါက်တာဘမော်လည်း အာဏာလက်လွှတ်ခဲ့ရ၍ နောက်ပိုင်း လွတ်လပ်ရေး ကြိုးပမ်းမှုတွင် သူ၏ အခန်းကဏ္ဍသည် မထင်ပေါ်တော့။ ထို့ကြောင့် သမိုင်းတွင် သူ့နေရာက ရှိသင့်သလောက် မရှိဟု ယူဆပါသည်။ သို့သော် သူ၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံလွတ်လပ်စေလိုစိတ်တို့ကိုကား မည်သူမျှ သံသယ ရှိစရာမလိုချေ။ ဖက်ဆစ်တော်လှန်ရေးအတွက် ဒေါက်တာဘမော်၏ အခန်းကဏ္ဍ မည်မျှ အရေးပါပုံကို ဦးနု၏ ငါးနှစ်ရာသီ ဗမာပြည် စာအုပ်တွင် အသေးစိတ် ညွှန်းဆိုထားသည်ကို ကြည့်၍ သိနိုင်သည်။ လူတစ်ဦး၏ သမိုင်းတန်ဖိုးသည် ကြည့်ရှုသူ၏ ထောင့်၊ ခေတ် အချိန်တို့ကို လိုက်၍ အမျိုးမျိုး ပြောင်းလဲတတ်သည် ဖြစ်ရာ နောင်အနှစ် (၅၀-၁၀၀) အကြာ သမိုင်းတွင် ရှိနေမည့် ဒေါက်တာဘမော်၏ နေရာကို မည်သူမျှ မသိနိုင်၊ မခန့်မှန်းနိုင်ပါ။
___________________________
" တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူ "
✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️✴️
#ညိုမြ
ဒေါက်တာဘမော်မှာ ပိန်ချုံးခြင်းမှအပ ရုပ်ဆင်းသဏ္ဍာန် ပျက်ယွင်းခြင်း မရှိ။ သမီးနှင့် ဆွေမျိုးများ၏ အပြုအစု ထူးခြားကောင်းမွန်လွန်း၍သာ သက်ဆိုးရှည်နေခြင်း ဖြစ်၏။ သမီးတစ်ဦးက ဆရာ၀န် ဖြစ်နေ၍ အထူး စောင့်ရှောက်နိုင်လေသည်။ သူသည် ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းနှင့် သက်တူရွယ်တူ (၈၅) နှစ် ဖြစ်ရုံသာမက ခံစားရသော ဝေဒနာချင်းလည်း တူညီနေ၏။ ပါကင်ဆန် ရောဂါ ခေါ် သွေးသားထုံထိုင်းခြင်း ဖြစ်၏။ မော်စီတုန်းက ဝြဖိုးသူ၊ ဒေါက်တာက ပိန်သူ ဖြစ်၍ ဝေဒနာ ဒဏ်ချက်ကို ပိုမိုခံနိုင်ရည်ရှိကာ နောက်ကျ ကွယ်လွန်ခြင်း ဖြစ်၏။ ဒေါက်တာ မေ့မြောနေသည်ဆို၍ နေချင်း ညချင်းပင် သွားတော့မည် ထင်ရသော်လည်း အမှန်တွင် ရက်ပေါင်း (၅၀) ကျော်မှ ကွယ်လွန်ခဲ့၏။ သမီးများ၏ အပြုအစုကား အံ့သြဖွယ် ကောင်းမွန်လှပါပေသည်။ သားသမီး ၀တ္တရား ကျေပွန်ကြပါပေသည်။
ဒေါက်တာ မကွယ်လွန်မီက “ဗမာပြည် ရုန်းထွက်ပြီ” ခေါ် စာအုပ်တစ်အုပ် အင်္ဂလိပ်ဘာသာဖြင့် ရေးသားရာ နိုင်ငံခြား၌ ထုတ်ဝေခဲ့လေသည်။ ထိုစာအုပ်၏ နောက်ဆက်တွဲ အခန်းတစ်ခုကို သူက ဆက်လက် ရေးသားပြီးစီးချိန်၌ ကျွန်တော့်ကို ခေါ်ကာ ထိုစာမူကို စာပေဗိမာန်သို့ တင်ပြရန် ခိုင်းစေခဲ့၏။ မြန်မာများ အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော စာမူများကို ကိုယ်တိုင် ထုတ်ဝြေခင်း မပြုနိုင်၍ စာပေဗိမာန်မှ ကူညီရန် တောင်းခံခြင်း ဖြစ်လေသည်။ ကျွန်တော်လည်း ထုံးစံအတိုင်း ဌာနမှူး ဦးထင်ကြီးထံသို့ လွန်ခဲ့သော သုံးလေးနှစ်က တင်ပို့ပေးခဲ့၏။
သူရေးသော စာအုပ်မှာ ရှားပါးပစ္စည်း ဖြစ်၏။ သူ့ထံ၌ တစ်အုပ်တည်းသာရှိနေရာ ကျွန်တော်က ငှား၍ အထူးအခွင့်အရေး အနေဖြင့် “တစ်ပတ်အတွင်း ဖတ်ပြီးပြန်ပေး” ဟု ဆိုကာ ခွင့်ပြု၏။ ကျွန်တော်လည်း ထုံးစံအတိုင်း မေ့လျော့နေ၏။ ဤတွင် ဒေါက်တာက ကျွန်တော့်ကို တယ်လီဖုန်းဆက်ကာ ဒေါနှင့် မောနှင့် ကြိမ်းမောင်းပါတော့သည်။ “မင်းကို ငါဝါးစားမယ်၊ သတ်ပစ်မယ်” ဟူသော ခြိမ်းခြောက်ချက်များ ပါရှိလေသည်။ ဤတွင် သူအနီး၌ နားထောင်နေသော သားသမက်ဖြစ်သူ ၀တ်လုံ ကိုရဲထွန်းက အကယ်ပင် မှတ်ထင်ကာ ကြောက်ရွံ့တုန်လှုပ် နေလေသည်။ တယ်လီဖုန်း တစ်ဖက်က နားထောင်နေသူ ကျွန်တော်ကား သူ၏ ကြုံးဝါးသံကို နားသောတဆင်ကာ တဝါးဝါး တဟားဟား သဘောကျလျက် ရှိလေသည်။ “ဟာ အန်ကယ်ကလဲ၊ သတိထားမှပေါ့” စသည်ဖြင့် သူ၏ ဒေါသမီးကို ကျွန်တော်က ယပ်ခပ်၍ပင် ပေးနေမိ၏။ ကိုရဲထွန်းနှင့် တွေ့သောအခါ ကျွန်တော်က “ကိုယ့်လူ တကယ် မှတ်နေသလား၊ အန်ကယ်က ပျင်းပျင်းရှိလို့ အိုက်တင်လုပ်ပြီး ကျုပ်ကို ကြိမ်းမောင်းနေတာပါ၊ ခင်မင်တဲ့လူချင်း ဒီလိုပျစ်ပျစ်နှစ်နှစ်လေး နှုတ်ခွန်းဆက်သရမှ တစ်မျိုး အရသာ ရှိတယ်လေ၊ တစ်နည်းဆိုရင်လည်း အဓိပတိကြီးဟာ ခုနေခါမှာ ခြွေရံသင်းပင်း နည်းပါးနေလေတော့ ကျုပ်တို့လို ခင်မင်သူများကိုသာ အနိုင်ကျင့်ရတော့တာပေါ့” ဟု ရှင်းပြရလေသည်။
အင်္ဂလိပ်ခေတ်က ပထမ နန်းရင်း၀န်မှာ ဒေါက်တာဘမော် ဖြစ်၏။ သူ၏ ဓားမပါတီက အမတ်အင်အား (၁၆) ဦးသာ ရှိသော်လည်း ဘကြီးဘဖေ၏ အမတ် (၄၀) ကျော် ရှိသော ငါးပွင့်ဆိုင်အဖွဲ့ကို အနိုင်ယူကာ ညွန့်ပေါင်းအစိုးရ ဖွဲ့နိုင်ခဲ့၏။ ထိုညွန့်ပေါင်းအစိုးရကို သခင်နှင့် ဦးစောတို့ ပူးပေါင်း ဖြုတ်ချခဲ့၏။
ဦးစော၏ မျိုးချစ်အဖွဲ့၀င်တို့က သခင်များကို ဝါးရင်းတုတ်ဖြင့် ရိုက်သောအခါ ဒေါက်တာဘမော်နှင့်ပင် သခင်တို့ ပူးပေါင်းကြရပြန်၏။ သို့နှင့် ဂျပန်ခေတ် တစ်လျှောက်လုံး ဒေါက်တာပင် ကြီးစိုးလျက် ရှိခဲ့လေသည်။ သူသည်လည်း မြန်မာပြည်ကို ၁၉၃၆ ခုမှ ၁၉၄၆ ခုအထိ ဆယ်နှစ်ဆယ်မိုး လွှမ်းမိုးခဲ့သူပင် ဖြစ်လေသည်။
ဒေါက်တာဘမော်၏ နိုင်ငံရေး ပရိယာယ်မှာ စန္ဒဂုတ်နည်းနှင့် ဆင်တူပေသည်။ အစိုင်အခဲကြီးမားရာ ဗဟိုအရပ်ကို တိုက်ရိုက် ထိုးနှက်ခြင်း မပြုဘဲ အမှတ်တမဲ့ နံဘေးတစ်လျှောက်ကို ဖြိုလှဲပစ်ခြင်း ဖြစ်သည်။ သူ့နည်းသူ့ဟန်ကို ကျွန်တော်တစ်ကြိမ် မြင်ရဖူး၏။ ပညာတော်သင်များ ဘိလပ်သို့ ထွက်ခွာချိန်တွင် နန်းရင်း၀န် ဒေါက်တာလည်း ပန်းဆိုးတန်း ဆိပ်ကမ်းသို့ ရုတ်တရက် ရောက်ရှိလာ၏။ အင်္ဂလိပ်ခေတ်တွင် ဂေါ်ရာတံခါးမှူးက သူ့ကို နန်းရင်း၀န်မှန်း မသိသဖြင့် ၀င်ခွင့် မပေးချေ။ ဒေါက်တာက အပြုံးမပျက်။ ကျွန်တော်လည်း ဤအရေး၌ ဒေါက်တာကြီး ဘယ်လိုလုပ်မလဲဟု စိတ်၀င်စားစွာ စောင့်ကြည့်နေ၏။ သူက ဟန်မပျက်ဘဲ ဂေါ်ရာ၏ ဟန့်တားချက်ကို မသိလေဟန်ဖြင့် အနီးအပါးရှိ မိတ်ဆွေတို့ကို နှုတ်ဆက်စကား ပြောနေ၏။ ထို့နောက် တံခါးပေါက်၌ ၀င်လိုသူများ ပိုမို များပြားလာသဖြင့် ဂေါ်ရာကြီးလည်း ကောင်းစွာ မစစ်ဆေးနိုင်တော့ဘဲ ရှိနေချိန်တွင် ဒေါက်တာကလည်း ပြုံးပြုံးရွှင်ရွှင်နှင့်ပင် လူအုပ်ထဲ၌ ရောနှောပါသွားကာ သင်္ဘောပေါ်သို့ ရောက်သွား၏။ သို့လျှင် သူသည် အာဏာကို သုံးနိုင်ပါလျက် မသုံး။ မည်သူမျှ သိက္ခာမပျက်စေဘဲ အနုနည်းနှင့် လိုရာရောက်စေ၏။
အင်္ဂလိပ်ခေတ် အတွင်း၌ သခင်ကိုယ်တော်မှိုင်းက နန်းရင်း၀န် ဒေါက်တာကို ရှုတ်ချကာ “ရေဖျန်းကုလားစပ်ကိုဖြင့်၊ ရွှေနန်း မအပ်နိုင်ပါဘူး” ဟု ရေးသားခဲ့ဖူးသည်။
အမှန်အားဖြင့် ဒေါက်တာဘမော်မှာ “ရေဖျန်းကုလားစပ်” မဟုတ်ပါ။ သူ့ဖခင် ဦးကြေးမှာ လူရည်မွန် မွန်အမျိုးသားကြီး ဖြစ်ပါသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲ ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်နှင့် တနင်္သာရီနယ်တို့ နယ်ချဲ့လက်အောက်သို့ ရောက်ရှိသွားရာ မော်လမြိုင်မြို့၌ သာသနာပြုကျောင်းများ စတင် ထွန်းကားပါသည်။ ဦးကြေးသည် ထိုကျောင်းမှ အင်္ဂလိပ်စာနှင့် ပြင်သစ်စာများ သင်ယူ တတ်မြောက်ခဲ့သည်။ ထို့နောက် မန္တလေး နေပြည်တော်တွင် မင်းညီ မင်းသားတို့၏ နည်းပြဆရာ ဖြစ်ခဲ့သည်။ မင်းတုန်းမင်းက နိုင်ငံခြားသို့ သံတမန်များ စေလွှတ်ရာတွင် ဘာသာပြန်သူ အဖြစ်နှင့်လည်း အမှုတော်ထမ်းခဲ့သည်။ မအူပင်မြို့မှ ထောင်ပိုင်ကြီးသမီး ဒေါ်သိန်းတင်နှင့် ညားရာတွင် မောင်ဘဟန်နှင့် မောင်ဘမော် ခေါ် သားနှစ်ယောက် ထွန်းကားခဲ့သည်။ ထောင်ပိုင်ကြီး သီယိုဒိုမှာ ကပြား ဖြစ်သည်။ သို့သော် သူ့သမီးများမှာ မိခင်ကို နွယ်၍ ဗုဒ္ဓဘာသာ အစစ်များ ဖြစ်ခဲ့သည်။ ထိုခေတ်က နာမည်ကြီး မအူပင်မယ်များပင်။ သို့လျှင် မိခင် ဒေါ်သိန်းတင်ပင်လျှင် မြန်မာသွေး (၈၀) ရာခိုင်နှုန်းရှိသော မြန်မာတိုင်းရင်းသူ ဖြစ်ရကား ဦးကြေးနှင့် ရသော သားများ၌ မြန်မာသွေး မည်မျှပါရှိသည်ကို တွက်ချက်ကြည့်ရှုနိုင်ပေသည်။
ပါတော်မူချိန်၌ ဦးကြေးမှာ တော်လှန်ရေးသမား ဘ၀သို့ ရောက်ရှိကာ ဒေါ်သိန်းတင်မှာ လူမမည်သားနှစ်ယောက်နှင့် တွဲလဲ ကျန်ရစ်၏။ ဤတွင် ရန်ကုန်မြို့ စိန်ပေါကျောင်းသို့ မိဘမဲ့ကလေးများ အဖြစ် စာရင်းသွင်း အပ်နှံလိုက်ရ၏။ သို့လျှင် အစ်ကို မောင်ဘဟန်မှာ ခရစ်ယာန်ဘက်သို့ လုံး၀ သက်၀င်သွားလျက် ညီဖြစ်သူ မောင်ဘမော်ကား မိရိုးဖလာ ဗုဒ္ဓဘာသာဝါဒကို မစွန့်ခဲ့ချေ။
သူမေ့မြောနေစဉ် အိမ်ရှေ့၌ သားသမီးတို့က ဗုဒ္ဓဘာသာ တရားစာများ ရွတ်ဖတ်နေသည်ကို မြင်တွေ့ခဲ့ရ၏။ ထို့ပြင် ဒေါက်တာ ကျန်းမာစဉ်ကလည်း ရွှေမန်းတင်မောင်၏ ဗုဒ္ဓ၀င်ဇာတ်၊ ကြာနီကန် ဆရာတော်၏ ယပ်လှဲတရားသံများ၊ ဓမ္မကထိက ဦးလှသိန်း၏ တိတ်ခွေများကို နှစ်သက်စွာ နာယူလေ့ရှိကြောင်း ကြားသိရ၏။
ဂျပန်ခေတ်က ဒေါက်တာနှင့် ဘကြီးမှိုင်းတို့ တခမ်းတနား ကြိုဆိုခဲ့ကြသော လွတ်လပ်ရေး အတုမှာလည်း ကောင်းသော အကွက်များ ရှိနေသည်ကို မမေ့အပ်ချေ။ “မယ် ယုံကြည်အောင် ပြောစမ်းပါ မောင်ရယ်၊ ချစ်တယ် ဆိုတာလေးကို ပြောစမ်းပါ မောင်ရယ်” ဟူသော သီချင်းသွားအရ စစ်ဒုက္ခ အမျိုးမျိုးရောက်ရှိနေသော မယ်ဗမာက မိမိအား စွန့်လွှတ်ကာ တစ်ကိုယ်ကောင်း ထွက်ပြေးသော ကိုအင်္ဂလိပ်ထံမှ အားပေးသံလေးများကို အဖန်တလဲလဲ မျှော်တလင့်လင့် ဖြစ်နေ၏။ တကယ်တမ်းဆိုတော့ ဖက်ဆစ်ဂျပန်နှင့် မပေါင်းချင်ပါပေ။ သို့သော် (ချစ်) ဆိုသော စကား (ဝါ) လွတ်လပ်ရေး ဟူသော ဝေါဟာရကို ဖွင့်ဟရန် အလွန် ခက်ခဲနေသော အင်္ဂလိပ်က စစ်ကာလ တစ်လျှောက်လုံး ဝေ့လည်ကြောင်ပတ် လုပ်ကာ အနှစ်သာရကင်းမဲ့သော စက္ကူဖြူစာတမ်းကိုသာ ထုတ်ပြန်ခဲ့လေသည်။
ထိုသို့ မရေမရာ အချိန်အခါမျိုးတွင် ဂျပန်တို့က ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ (လွတ်လပ်ရေး) ဆိုသော စကားကို ရဲရဲကြီး ကြွေးကြော်ပစ်လိုက်ခြင်းမှာ များစွာ ထိရောက်လှပေသည်။ အောင်မြင်သော စိတ်ဓာတ်စစ်ဆင်ရေးဟုပင် ဆိုရပေမည်။ ရာဇ၀င် ရေစီးကြောင်းသည် လွတ်လပ်ရေးဘက်သို့ စီးဆင်းလျက်သာလျှင် ရှိနေသည် မဟုတ်လော။ ထိုသဘာ၀ ရေစီးကြောင်းကို ပိတ်ဆို့တားဆီးထားခဲ့ရာမှ နယ်ချဲ့တာရိုးကြီး ကျိုးကျကာ လွတ်လပ်ရေး စိတ်ဓာတ်များ တရဟော စီးဆင်းကြစေရန် ဂျပန်တို့က မိုင်းဗုံးဖောက်ခွဲ ပေးလိုက်သလို ဖြစ်၏။ “လွတ်လပ်ပြီ လွတ်လပ်ပြီ၊ တို့ပြည် လွတ်လပ်ပြီ”။ အဘယ် နယ်ချဲ့သည် ထိုရေတံခါးကြီးကို ရပ်တည် တွန်းလှန်ကာ အတိတ်သို့ ပြန်စေနိုင်အံ့နည်း။
ထိုအချိန်က ကျွန်တော်သည် အခြားသော ပညာတော်သင်များနှင့်အတူ အနောက်နိုင်ငံသို့ ရောက်ရှိနေ၏။ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေချိန် ဖြစ်၏။ သို့သော် ဂျပန်တို့က မြန်မာ့လွတ်လပ်ရေး ကြေညာသောနေ့၌ကား အထက်ပါ စိတ်အားတက်ကြွမှုများ တဖွားဖွား ပေါ်ပေါက်ကာ အခြားသော အဝေးရောက် မြန်မာများနှင့်အတူ လွတ်လပ်ရေး သောက်ပွဲ အောင်ပွဲ ကျင်းပမိပါ သတည်း။
၁၃၃၉ ခု (ခရစ် ၁၉၇၇) နယုန်လဆန်း (၁၃) ရက်နေ့တွင် ကွယ်လွန်ခဲ့သူ ဒေါက်တာဘမော်အတွက် တက္ကသိုလ်ရိပ်သာလမ်းရှိ သူ့အိမ်တွင် နယုန်လဆုတ် (၄) ရက်နေ့က ရက်လည်ဆွမ်းကျွေး၏။ ပရိတ်သတ်များကို အုန်းနို့ခေါက်ဆွဲ၊ ကြာဆံကြီး၊ ကျောက်ကျောနှင့် ဆနွမ်းမကင်း၊ ကော်ဖီ စသည်တို့ကို ကျွေး၏။ သူ့အိမ်၌ စားသောက်ရခြင်းမှာ အမြဲတစေ ရသပြည့်စုံလျက် ပြုစုပုံမှာလည်း သူမတူအောင် သန့်ပြန့် မွန်မြတ်ပုံကို သတိရမိ၏။ ကန်တော်ကြီးအိမ်တွင် ထိုသို့ စားရကံ ကြုံကြိုက်စဉ် ကျွန်တော်က “အန်ကယ် အနေနှင့် မြန်မာထမင်းဆိုင် တစ်ခု ဖွင့်ရင် သိပ်ကောင်းမှာပဲ” ဟု ပြောလိုက်မိ၏။ ဒေါက်တာက ထိုကောက်ချက်ကို နှစ်သက်ဟန် မပြချေ။ “ငါသို့သော အဓိပတိကြီးကို အဘယ်ကြောင့် အောက်တန်းစားလုပ်ငန်းကို လုပ်ကိုင်စေရန် လျှောက်တင်ဝံ့သနည်း” ဟု အဓိပ္ပါယ် ကောက်ယူဟန် ရှိ၏။
ကျွန်တော့် အနေနှင့် ထိုသို့ မမြင်ပါချေ။ မြန်မာပြည်၌ တကောင်းခေတ်၊ ပုဂံခေတ်၊ အင်းဝခေတ်တို့မှ စ၍ သကျသာကီ၀င် မင်းအဆက်ဆက်တို့ စိုးမိုးအုပ်ချုပ်ခဲ့ကြရာတွင် ယနေ့တိုင် ကမ္ဘာ့အဆင့်အတန်းမီသော မြန်မာထမင်းဆိုင် တစ်ခုမျှ ထူထောင်နိုင်ခြင်း မရှိသေးသည်မှာ ဧရာမ ဟာကွက်ကြီး၊ ရှက်ဖွယ်ကြီး ဖြစ်သည် မဟုတ်ပါလော။ ဤခေတ်အဆက်ဆက် ဟာကွက်ကြီးကို ဒေါက်တာ၏ ပွဲတော်တည်နည်း၊ အန်တီ၏ မီးဖိုချောင် ညွှန်ကြားချက်၊ မိသားစုတို့၏ သပ်ရပ်စွာ ခင်းကျင်း ပြုစုမှုတို့သာလျှင် အထက်တန်းကျကျ ဖြေရှင်းနိုင်သည် မဟုတ်ပါလော။
ဒေါက်တာသည် ၀တ်စားဆင်ယဉ်မှု၌ ရိုးရိုးပင်နီနှင့် ပိုးပုဆိုးကိုပင် တစ်မျိုးထွင်ကာ ဥဒါန်းဆန်ဆန် ကျော့နေအောင် ဖန်တီး တတ် သကဲ့သို့ သူ့စားပွဲမှာလည်း မြန်မာ့မူမပျက်ဘဲ လူတကာ လေးစားမက်မောအောင် ကျွေးမွေးတတ်၏။
မြန်မာတို့က ထမင်းဟင်းတို့ကို တစ်ခါတည်း စုပေါင်း သုံးဆောင်တတ်ကြ၏။ နရသီဟပတေ့မင်း လက်ထက်က စားတော်ပွဲတွင် ဟင်းခွက်ပေါင်း သုံးရာကျော် ပါရှိသည် ဆိုရာတွင် ယခုကာလ ဘုန်းကြီးကျောင်းများ၌ ကျောင်းသားများ ကောက်ခံရသမျှ ဟင်းခွက်များကို စုပေါင်းတည်ခင်းထား သကဲ့သို့ ရှိချေမည်။ စုံလင်အောင် ယူငင် စားသောက်ရန် လွယ်ကူမည် မဟုတ်။ ဥရောပတိုက်တွင် ထမင်း (ဝါ) ပေါင်မုန့်ကို အရန်ထားလျက် ဟင်းခွက်များကို တစ်ခုပြီးမှ တစ်ခု တည်ခင်းလေ့ ရှိ၏။ အထက်တန်း တရုတ်စားပွဲထိုင်နည်းမှာလည်း ထိုအတိုင်းပင်။ ဒေါက်တာ၏ အိမ်၌ ဥရောပမူကို သုံးလျက် တင်ဆက်သော ဟင်းများကား အားလုံး မြန်မာစစ်လှပေသည်။ လက်ဆေးခွက်နှင့် လက်သုတ်ပဝါ ထားပုံတို့မှ စ၍ မြန်မာဖြစ် ယွန်းခွက် အညာထည်များ ဖြစ်လျက် သပ်ရပ် ကျက်သရေ ရှိလှ၏။
မိတ်ဆက်ရာ၌ လည်းကောင်း၊ အရောင်းအ၀ယ် လုပ်ရာ၌ လည်းကောင်း စားပွဲသောက်ပွဲနှင့် ဧည့်ခံနိုင်မှ တွင်ကျယ် ပေါက်ရောက်၏။ ကမ္ဘာနှင့် ဆက်ဆံရေးတွင် တရုတ်ဆိုင်၊ ကုလားဆိုင်များမှာ ကမ္ဘာအရပ်ရပ်တွင် လူမျိုးတိုင်း လက်ခံနိုင်သော အဆင့်သို့ ရောက်ရှိနေ၏။ မြန်မာတို့ကား ပြင်ပကို ချန်လှပ်လျက် ပြည်တွင်း၌ပင် ကမ္ဘာ့အဆင့်အတန်း မီသော မြန်မာထမင်းဆိုင် တစ်ခုမျှ မရှိသည်မှာ ယနေ့တိုင် ဖြစ်၏။ ဖိလစ်ပိုင်ပြည်၊ ယိုးဒယားပြည်နှင့် အင်ဒိုချိုင်းနားတို့က မြန်မာထက် တစ်ဆင့်သာသော အခြေ၌ ရှိနေ၏။ ဒေါက်တာနှင့် အန်တီတို့၏ လက်ရာမီလိုက်သော တင်ဇာမော် အစရှိသည့် ကျန်မိသားစုတို့က ဤထမင်းဆိုင် အရေးတော်ပုံကို ဆက်လက် စဉ်းစားသင့်၏။
ဒေါက်တာ၏ ရက်လည်ဆွမ်းကပ်ပွဲသို့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့်၊ ဦးခင်မောင်လေး၊ ဦးညိုထွန်း၊ ဦးဖေခင်၊ သခင်ချစ်မောင် (မြန်အောင်)၊ ဦးကျော်မင်း၊ ဦးကျော်မြင့် စသဖြင့် နိုင်ငံရေး နယ်ပယ်မှ ပုဂ္ဂိုလ်အများ လာရောက်ကြ၏။
ကျွန်တော်က ဦးဗဆွေနှင့် တစ်စားပွဲတည်း ကျသဖြင့် သွားလေသူ အကြောင်း စပ်မိစပ်ရာ ပြောကြ၏။
တစ်ကြိမ်က အိုးဝေဂျာနယ်တွင် ဗိုလ်မှူးကြီးဟောင်း ခင်ညိုက သူ၏ အတွေ့အကြုံများကို ရေးရာတွင် ဂျပန်ခေတ်က တော်လှန်ရေးနေ့ကို ရွှေ့ပြောင်းခဲ့ရခြင်းမှာ ဒေါက်တာဘမော်မှ တစ်ဆင့် သတင်းပေါက်ကြားသွား၍ ဖြစ်ရလေဟန် စွပ်စွဲခဲ့ပေသည်။ ကျွန်တော်က ဒေါက်တာ၏ ချေပချက်ကို ထိုစွပ်စွဲချက်နှင့် အတူ ပူးတွဲ ဖော်ပြခဲ့ပေသည်။ ဒေါက်တာက ဒေါနှင့် မောနှင့် ဖြေရှင်းရာတွင် အတိုချုပ်မှာ “ငါက သိသမျှကို ဟိုအချိန်က ဖွင့်ပြောခဲ့ရင် မင်းတို့ အားလုံး ခေါင်းပြုတ်ကုန်မှာပေါ့” ဟု ပါရှိ၏။ သက်သေခံ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက တောမခိုမီ သူ့ထံသို့ ရေးခဲ့သော အတွင်းစာကိုလည်း တင်ပြ၏။ မြန်မာခေါင်းဆောင်များ မုဒုံမြို့သို့ တိမ်းရှောင်ကြရာတွင် သူနှင့်အတူ ဖဆပလ ခေါင်းဆောင်ကြီးများ စစ်ပြီးချိန်အထိ မကွဲမကွာ လိုက်ပါခဲ့ကြပုံများကိုလည်း ဖော်ပြ၏။
ဤကိစ္စနှင့် ပတ်သက်၍ ဦးဗဆွေက ဒေါက်တာ၏ ချေပချက်ကို ထောက်ခံ၏။ သူသိသလောက်တွင် တော်လှန်ရေး ရက်ရွှေ့ခဲ့ရခြင်းမှာ ပဲခူးရှိ မြန်မာတပ်သားများ လှုပ်ရှားပုံကို ဂျပန်တို့က ရိပ်မိသွား၍ ဖြစ်သည် ဆို၏။ အမှန်အားဖြင့် ဦးဗဆွေ ကိုယ်တိုင် ဂျပန်တို့ ဖမ်းဆီး ချုပ်နှောင်ခဲ့ရာမှ ဒေါက်တာပင် ပရိယာယ် အမျိုးမျိုးသုံးကာ ကယ်တင်ခဲ့သည်။ ဦးခန့် (ပန်းတနော်) ၏ ပြောပြချက်အရ ပညာမင်းကြီး ဦးချို၏ သား စတင်လီချိုသည် မဟာမိတ် ဘက်တော်သား အဖြစ် မြန်မာပြည်သို့ လေထီးနှင့် ဆင်းလာရာ ဂျပန်တို့ သတ်အံ့ဆဲဆဲမှ ဒေါက်တာပင် ကယ်တင်ခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဒေါက်တာက ဦးကျော်ငြိမ်းသို့ စာရေးရှင်းပြရာတွင် “ဂျပန်တွေက သခင်သန်းထွန်းကို မသင်္ကာ ဖြစ်နေချိန်မှာ ငါကိုယ်တိုင် သူ့ကို တောင်ငူ ပြောင်းပေးခဲ့တာ မင်းအသိပါပဲ။ သခင်စိုးကလည်း သူ့အခြေအနေ မကောင်းဘဲ အန္တရာယ် ရှိနေပြီဆိုတာကို ငါက အဖန်တလဲလဲ ကြိုတင် သတိပေးခဲ့တယ်။ ငါက ကွန်မြူနစ်တွေကိုတောင် အဲသလို ဂရုတစိုက် ကယ်ဆယ်ခဲ့သေးရင် မြန်မာ့တပ်မတော်ကို ချောက်ကျအောင် ဘယ်မှာ လုပ်မလဲ” ဟု ပါရှိလေသည်။
ဤသို့ အဓိပတိကြီး အနေဖြင့် ကြိမ်ဖန်များစွာ သူတတ်အားသရွေ့ ကိုယ့်လူမျိုးများ ချမ်းသာရေး ဖန်တီးခဲ့ပုံတို့မှာ လျှို့ဝှက်ချက်များ ဖြစ်၍ သူက ဖွင့်၍လည်း မပြော၊ အသားယူခြင်း၊ အမြတ်ထုတ်ခြင်းလည်း မရှိခဲ့ပေ။ ထိုအချက်ကို ထောက်ရှု၍ ဦးဗဆွေက “ဒေါက်တာဟာ လူကြီးလူကောင်း နိုင်ငံရေးသမားလို့ ဆိုရမှာပ၊ သူ့မှာ လူကြီးစိတ်ရှိတယ်၊ စည်းကမ်းရှိတယ်၊ လက်ဝှေ့ထိုးရာမှာ ချက်အောက်ထိုးပြီး အနိုင်ယူခြင်း မရှိတဲ့ သမာသမတ် လက်ဝှေ့သမားလိုပေါ့” ဟု ထိုနေ့က အကဲဖြတ်၏။
ဒေါက်တာကွယ်လွန်ချိန်က ထူးခြားချက်မှာ သူ၏ စျာပနကြော်ငြာကို သူကိုယ်တိုင် ရေးပေးခဲ့ခြင်း ဖြစ်၏။ အင်္ဂလိပ်ဘာသာနှင့် ရေးပေးခဲ့၏။ ပထမ သူ့နာမည်၊ ထို့နောက် “တိဟိတ်ကလေးမှ တိဟိတ်ကြီးသို့ ပျံသန်းသူ” ဟု ပါရှိ၏။ ထိုမျှသာပါရှိသော ကြော်ငြာတိုကလေး ဖြစ်၏။ ထိုဆောင်ပုဒ်မှာ ခေါမပညာရှိကြီး (ပလိုတိနပ်) ၏ လက်ရာကို ကိုးကားခြင်းပင်။ “The flight from the alone to the Alone.-Plotinus” ဟူ၍ အင်္ဂလိပ်လို လာရှိ၏။ တိဟိတ်ကလေးမှာ သူ၏ ပုထုဇဉ်ဘ၀ကလေးကို ဆိုလို၏။ တိဟိတ်ကြီးကား နိဗ္ဗာန်မဂ်ဖိုလ်ကို ဆိုလို၏။
ကျွန်တော်တို့ မြန်မာသမိုင်းတွင် အမရပူရခေတ်၌ အမတ်ကြီး ဦးပေါ်ဦး ကွယ်လွန်ရာ သူ၏ လက်တစ်ဘက်ကို ခေါင်းအပြင် ထုတ်ကာ ဖြန့်ထားစေရန် မှာကြားခဲ့၏။ မွေးဖွားစဉ်ကလည်း ဘာမျှ မယူလာ၊ သေသွားသောအခါ၌လည်း ဘာမျှ ပါမသွားပုံကို တရားပြချင်သော သဘောပင်။ ယခုလည်း ဒေါက်တာသည် ဂြိုလ်တုခေတ်၌ ဒုံးပျံပမာ ကောင်းကင်သို့ တက်ရာတွင် သံယောဇဉ် အညစ်အကြေးတို့ကို တစ်ခုပြီး တစ်ခု စွန့်ခဲ့ပြီဟု အဓိပ္ပါယ် ရရှိလေသည်။
စာမော်ကွန်း၊ အမှတ် (၂)၊ ဇူလိုင်၊ ၁၉၈၅
Posted 5th November 2010 by အမိမြေ အလွမ်းပြေ
ထပ်ဆင့်မျှဝေသူ - U Ko Ko Htwe
No comments:
Post a Comment