Wednesday, October 12, 2016

နှလုံးသွေးကြောကျဉ်းရောဂါအတွက် အိမ်လုပ် Remedies

နှလုံးသွေးကြောကျဉ်းရောဂါအတွက် အိမ်လုပ် Remedies



နှလုံးသွေးကြောကျဉ်းရောဂါ ခံစားနေရပြီ နှလုံးခုန်သံတွေမမှန်တော့ဘူးဆိုရင် ပုံမှန်လေးမှီဝဲဖို့ရမယ့် သဘာဝ Remedies တစ်မျိုးကို ဖော်ပြချင်ပါတယ်။ အထူးအထွေအမယ်သိပ်မများသလို ဈေးကြီးဆေးတွေကို ၀ယ်သောက်ဖို့ အဆင်မသင့်ချိန် မှာသင့်မှာ မှီဝဲလို့ရတာပေါ့နော်။

ဆေးဖော်စပ်ရန်လိုအပ်သည်များ -
(၁) သစ်သီးဖျော်စက် (Blender) တစ်လုံး သို့မဟုတ် ငရုတ်ဆုံတစ်လုံး
(၂) ပန်းသီးရှာလကာရည်(Apple Vinegar)
(၃) သံပယိုရည် သို့မဟုတ် ရှောက်သီးအရည်
(၄) ဂျင်း(ချင်း) အရည်
(၅) ကြက်သွန်ဖြူ အရည်
(အဓိကလိုအပ်တာက ပန်းသီးရှာလကာရည်(Apple Vinegar)ပါပဲ။ အဲဒါကလည်း ရန်ကုန် - မန္တလေးမြို့ကြီးတွေက Citymart တွေမှာဝယ်ပြီးအိမ်မှာသိမ်းထားလို့ရပါတယ်။)

ဆေးဖော်ရန် ဆေးအမယ်များနှင့်အချိုး အစား။
(၁) သံပုယို(သို့)ရှောက်သီးအရည် ၁ ခွက်။
(၂) ဂျင်း(ချင်း)အရည် ၁ ခွက်။
(၃)  ကြက်သွန်ဖြူ အရည် ၁ ခွက်။
(၄) ပန်းသီးရှာလကာရည် ၁ ခွက်။

အထက်ဖော်ပြပါ အမယ်(၄)မျိုးကိုရောစပ်၍ မီးအေးအေးဖြင့် မိနစ်(၆၀)ခန့်(သို့) ၄ခွက်တွင် ၃ခွက်ကျန်သည်အထိကြို ပါ။ပြီးလျင် အအေးခံထားပါ။၎င်းနောက်ပျားရည်စစ်စစ် ၃ခွက်ရော နှံ့အောင်မွှေပြီး ဖန်ပုလင်းတွင်ထည့်၍ သုံးဆောင်နိုင် ပါသည်။

ဥပမာအနေဖြင့်အားလုံးနားလည်လွယ်အောင်ပြန်ရေးပြရရင် -
အခွံခွာရလွယ်သောကြက်သွန်ဖြူ ဥတစ်လုံးများအား အခွံခွာ၍ သစ်သီးဖျော်စက် (Blender) (သို့) ငရုတ်ဆုံတွင် ကြေညက်နေအောင်ပြုလုပ်ပါ။အကြမ်းပုဂံလုံးနီးပါရလျှင်ရေကျက်အေးဖြင့်အကြမ်းပုဂံလုံးပြည့်အောင်ဖြည့်ပါ၊(Blender)နှင့်ဖျော်မယ်ဆိုရင်အကြမ်းပုဂံလုံးတစ်လုံးစာပါးပါးလှီးထားတဲ့ကြက်သွန်ဖြူတွေကိုအရင်ထည့်ပါပြီးနောက်ရေသန့်(သို့)ရေကျက်အေးအကြမ်းပုဂံတစ်လုံးအပြည့်ထည့်ပါ။ပြီးလျှင်ကြေညှက်နေအောင်ပြုလုပ်ပေးပါ။

ထိုနည်းအတိုင်းပဲ ဂျင်းကို ရေပြောင်အောင်ဆေး အခွံခွာပြီးပါးပါးလှီးကာညှက်အောင်ပြုလုပ်ပေးပါ။ အကြမ်းပုဂံလုံးပြည့် ရေကျက်အေးနှင့်ရောပါ။နောက်..ရှောက်သီး(သို့)သံပုယိုသီးကိုလည်း အကြမ်းပုဂံလုံး(၁)လုံးပြည့်အောင် အရည်ညှစ် ပေးပါ။စိတ်ချရအောင် ပန်းသီးရှာလကာရည်ကို USA/Korea/Italy Brand ထဲမှရွေးချယ်ဝယ်ယူ၍ အကြမ်းပုဂံလုံးတစ်လုံး ပြည့်အောင်ထည့်ပါ။ပြီးနောက်အကြမ်းပုဂံလုံး တစ်လုံးစီတွင်ထည့်ထားတဲ့အမယ်(၄)မျိုး ကိုရောစပ်ပြီး မီးအေးအေးလေး ဖြင့် (မိနစ် ၆၀ )ခန့် (သို့)အကြမ်းပုဂံလုံး၎ခွက် မှ အကြမ်းပုဂံလုံး (၃)လုံးခန့်ကျန်သည်အထိကြို ပေးပါ။ပြီးလျင် အအေးခံ ထားပြီး ပျားရည်စစ်စစ် အကြမ်းပုဂံလုံး (၃)လုံးဖြင့်သမအောင်မွှေ၍ အိမ်ရှိဖန်ပုလင်းတစ်လုံးထဲထည့်ကာ သုံးဆောင်နိုင် ပါပြီ။များများလိုချင်လျှင် ထိုနည်းအတိုင်ဆတူတိုး၍ဖော်စပ်နိုင်ပါသည်။

ဆေးသောက်ရန်မှာ နံနက်အိပ်ယာထဘာမှမစားရသေးခင် ထမင်းစားဇွန်းနှင့်အပြည့်တစ်ဇွန်း သောက်ရပါမည်။ ၅မိနစ်လောက်နေမှ ရေသောက်ပါ။ ပြီးလျှင် စားနေကြအစားအစာများ၊သောက်နေကြ အခြားဆေးများအား ပုံမှန်သောက်သုံးလို့ရပါပြီ။
ဤဆေးရည်ကသင်၏ပိတ်နေ/ကျ ဉ်းနေသော သွေးကြောများကိုပြန်ဖွင့်ပေးပါလိမ့်မည်။ ဆေး၏အရသာ မှာလည်းကောင်းပါသည်။
 Credit: ကိုဇော်+မမိုး(ပိုင်အိုးနီးယား ၁၁၅မိုင်)

အစာလည်းဆေး ဆေးလည်းအစာ (Garlic_Milk)


နွားနို့ထဲ ကြက်သွန်ဖြူထည့်တဲ့ အခါ
နွားနို့ပူပူထဲ ကြက်သွန်ဖြူထည့်ပြီင်္း သောက်ကြည့်ဖူးပါသလား? အနည်းငယ် ထူးဆန်းမယ်လို့ ထင်ပေမယ့် ဒီနည်းဟာ ရောဂါဘယတွေ ကင်းဝေဖို့ ရှေးနှစ်ပေါင်းများစွာက ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ပရိုတင်းဓာတ် ပြည့်ဝတဲ့ နွားနို့နဲ့ ရောဂါတွေကို တွန်းလှန်နိုင်တဲ့ ကြက်သွန်ဖြူတို့ တွေ့တဲ့ အခါ အဆုတ်ရောင်၊ ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊ အသားဝါ၊ အဆစ်ရောင်၊ ချောင်းဆိုးနဲ့ တီဘီရောဂါတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ညဘက် အိပ်မပျော်တဲ့အခါ နွားနို့ ပူပူကို ကြက်သွန်ဖြူလေးနဲ့ သောက်ပေးရင် ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်။

ကြက်သွန်ဖြူဟာ ရောဂါပိုးတွေကို သေစေနိုင်ပြီး အစာခြေစနစ်ကို မြင့်တင်ပေးတဲ့ အတွက် အစာခြေဖျက်အားကို ကောင်းမွန်စေပါတယ်။ အစာအိမ်နဲ့ အူမကြီးအတွက်တော့ ကောင်းမွန်တဲ့ ဓာတ်စာ တစ်မျိုးပါ။ ဒါ့အပြင် ကလေးလိုချင်တဲ့ အိမ်ထောင်ရှင်တွေ အနေနဲ့ အမျိုးသားရော အမျိုးသမီးပါ သောက်ပေးသင့်ပါတယ်။ မျိုးပွားကျန်းမာရေးကို အထောက်အကူ ပေးနိုင်ပါတယ်။ ကြက်သွန်ဖြူ နွားနို့ကို တစ်ပတ်ကျော်ကျော် ဆက်တိုက်သောက်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ မကောင်းတဲ့ အဆီတွေကို ချပေးနိုင်ပြီး ကိုယ်အလေးချိန် ကျသွားစေနိုင်ပါတယ်။

garlic-milk
ကြက်သွန်ဖြူနွားနို့ ပြုလုပ်ရာမှာ အဓိက လိုအပ်တာတွေကတော့
နွားနို့
ကြက်သွန်ဖြူ ၁၀မွှာ
ရေ
သကြား – ၂ဇွန်း

ကြက်သွန်ဖြူတွေကို နုတ်နုတ်စင်းထားပါ။ ကျိုမယ့် ဒယ်အိုးထဲကို ရေနဲ့ရောစပ်ပြီးသား နွားနို့ အရင်ထည့်ပါ။ ကြက်သွန်ဖြူတွေကို ထည့်ပါ။ တစ်ဝက်လောက် ကျသွားတဲ့ အထိ ကျိုပေးပါ။ ပျစ်လာတဲ့အချိန်မှာတော့ မီးပိတ်ပြီး ခဏ အအေးခံပြီး သောက်လို့ ရပါပြီ။

#ST

Monday, October 10, 2016

လိင်ဆက်ဆံပြီးနောက် ဘေးထွက်ဆိုးကျိုးများ

စိုးရိမ်စရာမလိုတဲ့ လိင်ဆက်ဆံပြီးနောက် ဘေးထွက်ဆိုးကျိုးများ



လိင်ဆက်ဆံပြီးတဲ့ အချိန်မှာ အမျိုးသားတွေ အနေနဲ့ ပုံမှန်မဟုတ်တဲ့ ခံစားမှုတချို့ (လူတိုင်းမှာတော့ မဟုတ်ပါဘူး) ရှိတတ် တာ ကို သတိထားမိချင် ထားမိပါလိမ့်မယ်။ အမှတ်တမဲ့နေလိုက်ကြသူတွေ ရှိသလို အဲဒါကို စဉ်းစားပြီး ခေါင်းရှုပ်တဲ့ သူ တွေ လည်း ရှိပါတယ်။ တကယ်တော့ မိမိမှာ ကျန်းမာရေးဆိုင်ရာ ပြဿနာ တစုံတရာ မရှိဘူးဆိုရင် သိပ်ပြီး စိုးရိမ်ဖို့ မလို တာတွေ လည်း ရှိပါတယ်။ ဒါကြောင့် စိုးရိမ်စရာလည်း မလိုတဲ့ လိင်ဆက်ဆံမှုရဲ့ ဘေးထွက်ဆိုးကျိုးလို့လည်း ဆိုနိုင်တဲ့ ကိစ္စတချို့ကို ဖော်ပြလိုက်ပါတယ်။

အိပ်ပျော်သွားခြင်း သို့မဟုတ် အိပ်ချင်လာခြင်း
နယ်သာလန်နိုင်ငံက သုတေသီတွေက အမျိုးသားတွေရဲ့ ဦးဏှောက်ကို လိင်မဆက်ဆံခင်၊ လိင်ဆက်ဆံနေချိန်နဲ့ လိင် ဆက်ဆံ ပြီးတဲ့ အချိန် တွေမှာ စကန်ဖတ်ပြီး သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်အရ လိင်ဆက်ဆံမှုရဲ့ အထွဋ် အထိပ်ကို ရောက်တဲ့ အချိန်မှာ ဦးဏှောက်တွင်းမှာ သွေးစီးဆင်းမှုက သိသိသာသာ ပြောင်းလဲသွားပါတယ်။ အထွတ် အထိပ်ကို ရောက်ချိန်မှာ ဦးနှောက် ဘယ်ဘက်ခြမ်းရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ သွေး စီးဆင်းမှု မရှိတော့ပါဘူး။ ဦးနှောက် ဘယ်ဘက်ခြမ်းက ဆုံးဖြတ်ချက်ပြုလုပ်ရာမှာ ပါဝင်တဲ့ အပိုင်း ဖြစ်ပါတယ်။

“သွေးစီးဆင်းမှုနည်းသွားတဲ့ အတွက် neurons (အာရုံကြောဆဲလ်) အများစုကို လှုံ့ဆော်မပေးနိုင်တော့ဘူး။ အဲဒါကြောင့် အိပ် ချင်လာတာဖြစ်ပါတယ်။” လို့ ဆန်ဒီယေဂိုမှာ ရှိတဲ့ Institute for Sexual Medicine က ဒါရိုက်တာ ဒေါက်တာ Irwin Goldstein ကပြောပါတယ်။

ဓာတုဗေဒ နည်းအရပြောရမယ်ဆိုရင်တော့ သုတ်ထုတ်လွှတ်ပြီးချိန်မှာ endorphin လို့ခေါ်တဲ့ ဟိုမုန်းတွေ ထုတ်လုပ် မှု အလွန်မြင့်တက်သွားပါတယ်။“endorphin က မော်ဖင်းနဲ့ သဘောသဘာဝ တူတယ်” လို့ နယူးယောက်မှာ ရှိတဲ့ Mount Sinai ဆေးကျောင်းက ဆီးလမ်းကြောင်း ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါက်တာ Jonathan Schiff ကေပြောပါတယ်။

လိင်တံ နာကျင်ခြင်း
လိင်ဆက်ဆံပြီးတဲ့ နောက်မှာ အမျိုးသား အင်္ဂါ နာကျင်မှုက စက္ကန့်ပိုင်း မိနစ်ပိုင်းလောက် ခဏတဖြုတ်ပဲဆိုရင် ပုံမှန်လို့ပြော နိုင်ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ “အရှိန် ပြင်းပြင်းနဲ့ သုတ်လွှတ်တဲ့ အချိန်မှာ ကြွက်သားတွေ ကျုံ့သွားတာကြောင့် နာကျင်မှု အနည်းငယ်ခံစားရနိုင်ပါတယ်။” လို့ ဒေါက်တာ Jonathan Schiff ကဆိုပါတယ်။

သုတ်လွှတ်တဲ့ အရှိန်က အများဆုံး တနာ ရီကို ၂၅ မိုင်နှုန်းလောက် အထိရှိနိုင်ပါတယ်။ တကယ်လို့ နာကျင်မှုက ကြာရှည် နေမယ်၊ နာရီပိုင်း၊ ရက်ပိုင်းလောက်အထိ ဆက်လက်နာကျင်နေမယ် ဆိုရင်တော့ လိင်ဆက်ဆံမှုကနေ တဆင့်ကူးစက်တဲ့ ရောဂါ (STD)ပိုး တမျိုးမျိုး ဝင်ရောက်မှုကြောင့်လည်း ဖြစ်နိုင်တဲ့ အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင် သင့်ပါတယ်။

လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားရန် ခက်ခဲခြင်း
လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားဖို့ ကြိုးစားရင် ဆီးလမ်းကြောင်းက တစ်ဆို့နေသလိုမျိုးခံစားရနိုင်ပါတယ်။ “သုတ်လွှတ်တဲ့ အချိန်မှာ သုတ်ရည်ရှေ့ကို ထွက်နိုင်ဖို့ အတွက် အတွင်းကြွက်သားတွေက ဆီးအိမ်အဝကိုတင်းတင်း ကျပ်ကျပ်ပိတ်ဆို့ ထားလိုက်ပါတယ်။ အဲဒီလိုမပိတ်ရင် သုတ်ရည်တွေက အတွင်းကို လှည့်ပြီး ဆီးအိမ်ထဲ ၀င်သွားနိုင်ပါတယ်။” လို့ ဒေါက်တာ Jonathan Schiff က ရှင်းပြပါတယ်။

အဲဒီကြွက်သားတွေ ပြန်ပြီးပြေလျော့သွားဖို့ အချိန် အနည်းငယ်လိုပါတယ်။ ဒါကြောင့် ဆီးမသွားခင် အချိန်ယူပြီး ကြွက်သား တွေ ပြေလျော့သွားမယ့် အချိန်ကို စောင့်တာ ပိုကောင်းတယ်လို့လည်း ဒေါက်တာ Jonathan Schiff က အကြံပြု ခဲ့ပါတယ်။

လိင်တံ ချက်ခြင်း ပြန်လည်တင်းမာနိုင်မှု မရှိခြင်း
“အထွတ်အထိပ်ကိုရောက်ပြီးချိန်မှာ အာရုံကြောတွေက လိင်အင်္ဂါတဝိုက်မှာ အာရုံခံစားနိုင်စွမ်းကို ပြန်လည် တည်ဆောက် ရပါတယ်။” လို့ ဒေါက်တာ Jonathan Schiff ကပြောပါတယ်။ အဲဒီအချိန်မှ ဦးနှောက်တွင်းမှာ သွေးစီးဆင်းမှုကလည်း ပြန် လည် စတင်နေချိန် ဖြစ်တဲ့အတွက် နောက်တကြိမ် လိင်အင်္ဂါ ပြန်လည်တောင့်တင်းလာဖို့ အတွက် ပုံမှန် အခြေအနေ ကို ပြန်ရောက်ဖို့ လိုပါတယ်။

“ဒါပေမယ့် အမျိုးသမီးတွေကတော့ ဒီလို ပြန်လည်တည်ဆောက်ချိန် မလိုအပ်တဲ့ အတွက် အထွတ်အထိပ် ခံစားမှုကို အ ကြိမ်ကြိမ် ရနိုင်ပါတယ်။” လို့ ဒေါက်တာ Irwin Goldstein ကပြောပါတယ်။

အဲဒီလို ပြန်လည်စောင့်ဆိုင်းရတဲ့ အချိန်က အသက်အရွယ်ကို လိုက်ပြီး ကွာခြားပါတယ်။ အသက် ၂၀ကျော် အရွယ်မှာ ၅ မိနစ်လောက်ဆိုရင် အသင့် ပြန်ဖြစ်နိုင်ပေမယ့် အသက်ကြီးလာရင်တော့ နာရီနဲ့ ချီပြီး ကြာပါတယ်။ အသက် ၅၀ ကျော် အမျိုးသားတွေ ဆိုရင် ရက်အနည်းငယ် လောက်အထိ စောင့်ရနိုင်ပါတယ်။

ကပ္ပယ်အိတ် ကျုံ့သွားခြင်း
“သုတ်လွှတ်လိုက်တဲ့ အချိန်မှာ ကပ္ပယ်အိတ်ကြွက်သားတွေက ကျုံ့သွားပြီးတော့ ဝှေးစေ့ (ဥ)တွေကို ကိုယ်ခန္ဓာနဲ့ နီးအောင် အထက်ကို ဆွဲကပ်လိုက်တဲ့ အတွက် ဝှေးစေ့ (ဥ)တွေ သေးသွားတယ်လို့ ခံစားရတတ်ပါတယ်။ ရေအေးအေးနဲ့ ထိလိုက် ရင် ဖြစ်တတ်သလိုမျိုးပါပဲ။” လို့ ဒေါက်တာ Jonathan Schiff ကပြောပါတယ်။

ခြေချောင်းများကြွက်တက်သလို ဖြစ်ခြင်း
“လူတယောက်က လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ်ကို တကယ် ရ မရဆိုတာကို သူရဲ့ ခြေချောင်းလေးတွေ လှုပ်ရှားမှုကို ကြည့်ပြီး ဖော်ထုတ်လို့ရပါတယ်။” လို့ ဒေါက်တာ Irwin Goldstein ကပြောပါတယ်။

လိင်ဆက်ဆံစဉ်အတွင်းမှာ ကျောရိုးမှာရှိတဲ့ အာရုံကြောတွေထဲက S2၊ S3 နဲ့ S4လို့ ခေါ်တဲ့ အာရုံကြောတွေ အလုပ်အများ ကြီးလုပ်ကြရပါတယ်။ သုတ်လွှတ်ဖို့ အတွက် လိင်အင်္ဂါတဝိုက်က ကြွက်သားတွေကို ညှစ်ရာမှာလည်း သူတို့က ကူညီရ ပါတယ်။ တကယ်လို့ ပြင်းထန်အားကောင်းတဲ့ အထွဋ်အထိပ်ခံစားမှုကို ရပြီဆိုရင် အနားမှာရှိတဲ့ S1 လို့ခေါ်တဲ့ အာရုံကြော ကိုလည်း လှုံဆော် သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ S1 က ခြေထောက်ရဲ့ အပြင်ဖက်အပိုင်း အထူးသဖြင့် ခြေချောင်း လေးတွေရဲ့ အာရုံခံစားမှုကို သိစေတဲ့ အာရုံကြောဖြစ်ပါတယ်။

Source: menshealth.com

အမျိုးသား လိင်အင်္ဂါ မတောင့်တင်းနိုင်ခြင်း(သို့မဟုတ်) ပန်းသေ၊ ပန်းညှိုးရောဂါ


အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ (ပန်းသေ၊ ပန်းညှိုးလို့လဲ ခေါ်ကြပါတယ်) ဆိုတာ အမျိုးသား တွေ ကြုံတွေ့ရတတ်တဲ့ ပြဿနာ တခုဖြစ်ပါတယ်။ တချို့တွေအတွက် တသက်တာလုံး ကြုံရတတ်ပေမယ့် တခြားသူ အများစု အတွက်ကတော့ မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ အခြေအနေမျိုး၊ အကြောင်းတစုံတရာကြောင့် ဖြစ်လာပြီး ဖြေရှင်း နိုင်ရင် ပျောက်ကင်းသွားတတ်တာမျိုးပါ။ ဒါပေမယ့် ဘာကြောင့် ဖြစ်တယ်ဆိုတာကို သိဖို့တော့ လိုပါတယ်။ ဖြစ်ရ ခြင်း အကြောင်းရင်းကို မသိရင် အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။
ဒီလို ပြဿနာကြုံရနိုင်တဲ့ နောက်ကွယ်က အကြောင်းရင်း ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။

(၁) ကိုလက်စထရော များခြင်း
အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းလာခြင်းက လိင်တံထဲမှာ သွေးစီးဆင်းမှုတိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ သန်မာ ရှည်ကြာတောင့်တင်းနိုင်ဖို့ အတွက် သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရော များခြင်းကြောင့် သွေးလည်ပတ်မှုစနစ် ပုံမမှန်ခြင်းကြောင့် သွေးစီးဆင်းမှုကို လျော့ကျစေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင် ရည် ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

(၂) ဆီးချိုရောဂါ
လိင်မှုဆိုင်ရာ သာယာမှုနဲ့ တုန့်ပြန်မှု အပေါ်မှာ ဆီးချိုရောဂါက သက်ရောက်မှုရှိတယ်ဆိုတာကို လူအများစုက သတိ မထားမိကြပါဘူး။ ဆီးချိုရောဂါကြောင့် လိင်မှုကိစ္စကို ထိခိုက်စေခြင်းက အမျိုးသားတွေရော အမျိုးသမီးတွေမှာရော တွေ့ ရပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ် ခံစားမှုကို ရဖို့ ခက်ခဲတတ်ကြပါတယ်။ ထို နည်းတူပဲ ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေဟာလည်း အိပ်ခန်းထဲမှာ အခက်တွေ့ကြရပါတယ်။ အမေရိကန်နိုင်ငံ အမျိုး သားကျန်းမာရေး သိပ္ပံ(National Institutes of Health) ရဲ့ အဆိုအရ ဆီးချိုရောဂါရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းဟာ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ ကြုံရလေ့ ရှိတယ်လို့ သိရပါတယ်။

(၃) ဆီးကျိတ်ကင်ဆာ ကုသခြင်း
ဆီးကျိတ်ကင်ဆာရောဂါကုသမှုခံယူနေတဲ့ အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရနိုင် ချေက သာမန်လူတွေ ထက် ၄ဆ ပိုများတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဗြိတိန်သုတေသီတွေရဲ့ လေ့လာမှုတခုအရ သိရပါတယ်။ သုံးစွဲရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ရောင်ခြည်က ဆီးကျိတ်ကင်ဆာ ရောဂါ ကုသမှုခံယူနေသူတွေရဲ့ လိင်မှုဆိုင် ရာ စွမ်းဆောင်ရည်နဲ့ သာယာမှုကို ထိခိုက်စေပါတယ်။

(၄) ဆေးလိပ်နှင့် အရက် အလွန် အကျွံသောက်သုံးခြင်း
ဆေးလိပ်သောက် ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ဆက်စပ်တဲ့ အခါမှာတော့ အမောမခံနိုင်တာလောက်ပဲ သတိပြုမိကြပါတယ်။ ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။ သွေးလည်ပတ်စီးဆင်းမှု ကောင်းမှသာ လိင်အင်္ဂါလည်း သန်သန် မာမာနဲ့ အချိန်ရှည်ကြာစွာ တင်းမာနေနိုင်မှာဖြစ်ပါတယ်။ အရက်အလွန် အကျွံသောက်သုံးခြင်းကလည်း ထိုနည်းတူပဲ ထိ ခိုက်နိုင်ပါတယ်။

(၅) ဆေးဝါးများ
အကြောင်းတစုံတရာကြောင့် ဆေးဝါးတွေကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ အခြား လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် အခက်အခဲတွေကို ဖြစ်စေပါတယ်။ အဲဒီဆေးတွေထဲမှာ စိတ်ကျရောဂါ အတွက်ဆေး၊ ဓာတ်မတည့် တဲ့ ရောဂါအတွက်ဆေး၊ ဆီးရွှင်ဆေး၊ သွေးတိုးကျဆေးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ လည်းပါဝင်ပါတယ်။ တကယ်လို့ ဆေးဝါး အသစ်တမျိုးမျိုးကို စတင်မှီဝဲ ပြီးတဲ့ နောက်မှာမှ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရတယ်ဆိုရင် ဆေးကြောင့် ဖြစ်ဖို့ များတဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၆) အဝလွန်ခြင်း
အလွန်ဝ ခြင်းကလည်း ကိုယ်ခန္ဓာကို ကျန်းမာရေး ပြဿနာ အမျိုးမျိုးပေးနိုင်ပါတယ်။ အဲဒီအပြင် လိင်မှုဆိုင်ရာ စွမ်းဆောင် ရည်ကိုလည်း ဆိုးဆိုးဝါးဝါး ကျဆင်းစေနိုင်ပါတယ်။ အဝလွန်ခြင်းက သွေးလည်ပတ်မှုကိုထိခိုက်စေသလို အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ်။ အဲဒီ အချက် ၂ချက်လုံးကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကိုဖြစ်စေတဲ့ အကြောင်းတွေပါပဲ။

(၇) ဟိုမုန်းများ
အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း လျော့နည်းခြင်းက လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်ဆို တာကို အထက်မှာပြောခဲ့ပြီးပါပြီ။ နောက်ထပ်ရှိသေးတာက thyroid ဟိုမုန်းနည်းခြင်း၊ ကျောက်ကပ် အလုပ် လုပ်ပုံ မမှန်ခြင်း စတာတွေ ကြောင့် ဟိုမုန်းတွေ မညီမျှရင်လည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်ပါ တယ်။ တကယ်လို့ ဟိုမုန်းကြောင့် ဖြစ်တယ် လို့ သံသယရှိတယ်ဆိုရင် ဟိုမုန်းအခြေအနေကို စစ်ဆေးကြည့် ဖို့ အရေး ကြီးပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေ အားလုံးက လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေ ဆိုပေမယ့်လို့ ဒီတိုင်းပဲထားပြီး တယောက်ထဲ ဒုက္ခခံမနေဘူးဆိုရင် ဖြေရှင်းလို့ ရနိုင်တာတွေ ဖြစ်ပါတယ်။ နားလည် ကျွမ်း ကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အကြောင်းရင်းကို အဖြေရှာမယ်ဆိုရင် လိုအပ်သလို ကုသပျောက်ကင်းနိုင်မှာ ဖြစ်ပါ တယ်။

Source: everydayhealth.com

Friday, October 7, 2016

ဗုဒ္ဓခေတ် Sanction ✌

ဗြဟ္မဒဏ္ဍ(သို့) ဗုဒ္ဓခေတ်ဆန်ခ်ရှင်း

န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ၊
ဘဇေထ ပုရိသုတ္တမေ။

သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။

(ဓမ္မပဒ၊ ၇၈) 
  
(၁)

ငယ်စဉ် နားထောင်ခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်တွေထဲမှာ ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေက ခပ်များများပါ။ အိမ်မှာ နေခဲ့ရတဲ့ ကလေးဘ၀က ခပ်နည်းနည်းမို့ ဘုန်းတော်ကြီးကျောင်းပရိဝုဏ်ထဲက ကိုရင်လေးဘ၀နဲ့ နားထောင်ခဲ့ရတဲ့ ပုံပြင်တွေက ဗုဒ္ဓ၀င်ဇာတ်နိပါတ်တော်တွေပဲ ဖြစ်ခဲ့တာ သဘာဝကျပါတယ်။

ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေးရဲ့ငယ်ဘ၀ဖွားမြင်တော်မူခန်းက အံ့ချီးဖွယ်ရာတွေ၊ ခမည်းတော်ရဲ့ လယ်ထွန်မင်္ဂလာပွဲမှာ လူတွေအုံကျင်းဖွဲ့ မျှော်မောနေကြချိန် ပီဘိကလေးမျှသာ ဖြစ်တဲ့ အလောင်းတော်မင်းသားလေးက သစ်ပင်ရိပ်တစ်ခုမှာ တရားဘာဝနာစီးဖြန်းနေပုံတွေ၊ လုလင်ပျိုဘ၀ လေးတော်တင်ခန်းအဆုံးမှာ ရွှေမင်းသမီးလေးယသော်ဓရာနဲ့ ၀တ်မှုံကူးပွဲတော်ကျင်းပခဲ့ပုံတွေ ၊

အဲဒီ ပြည့်စုံမှုတွေကိုပဲ အဆုံးမဲ့သံသရာသင်္ချိုင်းအဖြစ်ရှုမြင် လောကီနေ့ရက်တွေကို ငြီးငွေ့စွာ ရွှေနန်းအဆောင်ဆောင်နဲ့ စည်းစိမ်ရိပ်ငြိမ် ဂီတစံအိမ်တွေကို စွန့်ခွာလို့ တောရပ်မှီးတော်မူခဲ့ပုံတွေက ကလေးငယ်တစ်ယောက်ရဲ့ အိပ်မက်တွေထဲထိ စီးဝင်နေခဲ့ပါတော့တယ်။ ဗုဒ္ဓ၀င်ဇာတ်ဝင်ခန်းတွေထဲက ဇာတ်ကောင်တွေဟာလည်း ကလေးဘ၀က ကစားဖော်တွေလို ရင်းနှီးနေခဲ့ပြန်ပါတယ်။ အဲဒီလို ရင်နှီးနေတဲ့ ပုဂ္ဂိုလ်တွေထဲမှာ မြင်းမြီးဆွဲ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြွကြွရွရွ ရှိနေခဲ့ပါတယ်။

ဝါဆိုလပြည့်ည တိတ်ဆိတ်ငြိမ်ဆိတ်မှုတွေ ကြီးစိုးနေချိန် အမှန်တရားအစစ်ကို ရှာဖွေဖို့ ထွက်ခွာတော်မူမယ့် သိဒ္ဓတ္ထအရှင်ရဲ့ ယုံကြည်ကိုးစားမှုကို ခံယူခဲ့ရသူ၊ ဘွားဖက်တော်မြင်းမြတ်ရဲ့ အကူအညီနဲ့ အနော်မာသောင်ကမ်းဆီအရောက် နောက်တော်ပါးက လိုက်ပါခွင့်ရခဲ့သူ မောင်ဆန်ဟာ သူရဲကောင်း ဆန်နေခဲ့ပါတယ်။

အလောင်းတော်က အနော်မာသောင်ကမ်းမှာ ဆံတော်ကို ပယ်၊ ဖန်ရည်စွန်းအဝတ်ကို တွယ်ဖက် ။ သပိတ်ခွက်ကို လက်စွဲပြီး စိမ်းစိမ်းရဲရဲကြီး လှည့်ထွက်သွားတော်မူသွားတဲ့အခါ ရင်ကွဲနာကျသေတဲ့ စီးတော်မြင်းဘေးမှာ ငိုကြွေးလို့ နေပြည်တော်ဆီ သတင်းပေးဖို့ ခေါင်းငိုက်စိုက်ချကာ တရွေ့ရွေ့ပြန်သွားနေတဲ့ မောင်ဆန်ရဲ့ ပုံရိပ်ဟာ ကြေကွဲစရာပါပဲ။

ဒါပေမယ့် ကိုရင်လေးဘ၀ကိုလွန်မြောက်လို့ ပိဋကတ်စာပေတွေကို တစ်ဆင့်တိုးသင်ယူခွင့်ရတဲ့အခါမှာတော အဲဒီမောင်ဆန်ဟာ အသွင်တစ်မျိုးဖြစ်နေခဲ့ပါပြီ။ ရဟန်းတော်ရှင်ဆန္နအဖြစ်နဲ့ အားလုံးရဲ့ မစ္စတာအန်ဂျော်လောဖြစ်နေခဲ့ပါပြီ၊ အော်ကြော်လန်နေတော့တာပါ။
(၂)

မောင်ဆန်နဲ့လမ်းခွဲထွက်ကြွတော်မူတဲ့ သိဒ္ဓတ္ထအရှင်ဟာ ဥရုဝေလတောစခန်းမှာ အကျင့်မှားတွေနဲ့ ခြောက်နှစ်ခြောက်မိုး တ၀ဲလည်လည်ဖြတ်သန်းပြီးချိန်မှာမှ မဇ္ဈိမပဋိပဒါလမ်းအမှန်ကို တွေ့ရှိပြီး ဂယာအနီးက ဗောဓိညောင်အရိပ်မှာ တစ်လောကလုံး ငိုသံတိတ်စေမယ့် အထွတ်အထိပ်တရားမြတ်ကို သိမြင်ကာ ဘုရားအဖြစ်ကို ရောက်ရှိတော်မူခဲ့ပါတယ်။ အဲဒီနှစ် ပထမ၀ါတော်မှာ ဗာရာဏသီ မိဂဒါဝုန်ကို ကြွရောက်ပြီး ဓမ္မစကြာတရားနဲ့ အနတ္တဒေသနာကို ကိုယ်တော်မြတ်ရဲ့ manifesto အဖြစ် အတ္တ၀ါဒီတွေကြားထဲမှာ တရားဝင် ကြေငြာတော်မူခဲ့ပါတယ်။

ပဉ္စ၀ဂ္ဂီရဟန်းငါးပါးတို့လို နိုင်ငံရေးပရောဖက်ကြီးတွေ။ ယသလုလင်နဲ့ သူမိတ်ဆွေသူဌေးသားတို့လို ဂုဏ်သရေရှိ လူကုန်ထံတွေ။ ဘဒ္ဒီဝဂ္ဂီညီနောင်သုံးကျိပ်လို မင်းညီမင်းသားတွေနဲ့ ဥရုဝေလကဿပအပါအ၀င်ရသေ့ညီနောင် ရှင်တစ်ထောင်တို့လို ဘာသာရေးခေါင်းဆောင်တွေကို ပထမ၀ါတော်မှာပဲ သိမ်းသွင်းစည်းရုံးနိုင်ခဲ့တဲ့အတွက် သာသနာတော်ဟာ အဆင့်မြင့်တဲ့ အထင်ကြီးစရာအဖွဲ့ကြီးအဖြစ် စတင်နိုင်ခဲ့တာပါ.။


အကျိုးဆက်အနေနဲ့ ဒုတိယ၀ါမ၀င်မီမှာပဲ ခေတ်ကာလရဲ့ အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ မဂဓတိုင်းရဲ့ ဘုရင် ဗိမ္ဗိသာရကိုယ်တိုင်နဲ့ တိုင်းသားပြည်သူတွေက ဘုရားအစစ်နဲ့ တရားအသစ်ကို အုတ်အုတ်ကျက်ကျက် ကိုးကွယ်ကြတဲ့အထိ အောင်မြင်ခဲ့ပါတယ်။ အဲဒီသတင်းတွေက မဇ္ဈိမတိုက်ကြီးတစ်ခုလုံးကို လွှမ်နေတာဆိုတော့ ဇာတိမြေကပိလ၀တ်ကလည်း ကြားရပါပြီ ။ အဲဒီတော့လည်း ဘုရားရှင့်မျက်နှာကလည်း ကြီးပြီမို့ ဆွေဘုရား မျိုးဘုရားကို လွမ်းသလေး ဘာလေးဖြစ်ကုန်ကြတော့တာပါပဲ။

ဒီတောလည်း ဘုရားပင့်ဆောင်ရေးစီမံကိန်းကြီးချမှတ် အစည်းအဝေးတွေ အကြိမ်ကြိမ်ကျင်းပကြတော့ကလား။
တကယ်တော့ ဘုရားရှင်ဟာ မိဘဆွေမျိုးတွေရဲ့ ဆန္ဒကို ကျောခိုင်းပြီး တစ်လောကလုံးရဲ့ မျက်ရည်တွေ သုတ်ပေးဖို့ လမ်းကြမ်းကြမ်းတွေ လျှောက်ကာ လမ်းအသစ်ကို ဖောက်ခဲ့ရတာမဟုတ်လား။ မိရိုးဖလာကို ချိုးဖောက်လို့ တိမ်းမှောက်သွားခဲ့ရင်တော့ ကပိလ၀တ်သမိုင်းလည်း ပြောင်းသွားနိုင်တာပေါ့လေ။

(၃)

ဘုရားရှင်ရဲ့ပြည်တော်ပြန်နေ့ရက်တွေမှာ ဆွေတော်မျိုးတော်တို့ရဲ့ ကြိုဆိုမှုက လှိုက်လှဲမှု အပြည့်ရှိခဲ့ပေမယ့် သာကီဝင်တို့ရဲ့ မာနနဲ့ အလွယ်တကူဦးညွတ်ဖို့တော့ ခက်ခဲခဲ့ ကြပြန်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ဘုရားရှင်ရဲ့ အနှိုင်းမဲ့ မေတ္တာတော်နဲ့ ကရုဏာအသရေတော်က သာကီဝင်တို့ရဲ့မာနတောင်ထွတ်ကို ဖြိုချပစ်နိုင်ခဲ့ပါတယ်။
အဲဒီမှာမှ ငါတို့ဘုရားမှ ငါတို့ဘုရားဖြစ်ကုန်ကြတာပါ။

ဒါထက်ပိုသွားတာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေး အယူအဆတစ်ရပ်ပေါ်ပေါက်လာတာပါ။ ဒီလိုနဲ့ ကပိလ၀တ်မြို့ပြမှာ ရှင်တစ်ရာ ရှင်တစ်ထောင်ဝတ်ပွဲတွေက ပေါ်ပြူလာဖြစ်သွားတဲ့အထိပါပဲ။

အဲဒီခြိမ့်ခြိမ့်သဲရှင်ပြု ပွဲကြီးတွေနဲ့ သီးခြားပုဂ္ဂလိက ရဟန်းဝတ်ပွဲတွေမှာ အစစ်အမှန်ပဗ္ဗဇ္ဇိတွဖြစ်တဲ့ ရှင်အာနန္ဒာ ရှင်အနုရုဒ္ဓါ ရှင်ဘဒ္ဒိယ ရှင်ကိမိလတို့လို မဟာပါရမီရှင်ပုဂ္ဂိုလ်မြတ်တွေ ပါဝင်သလို သာသနာရဲ့ အကြီးဆုံးဆူးညှောက်ဖြစ်လာမယ့် ရှင်ဒေ၀ဒတ်၊ ပစ္စည်းလာဘ်လာဘနဲ့ ဒကာဒကာမတွေနောက်ပဲ တကောက်ကောက်လိုက်တတ်တဲ့ ရှင်ဥပနန္ဒ။ တသမ်းသမ်းတဝေေ၀နဲ့ ပျင်းရိပျင်းတွဲ နေတတ်တဲ့ ရှင်တိဿတို့လို ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတော့တာပါ။

ရဟန်းမှ မ၀တ်ရင် ခေတ်မမီတော့တဲ့ အခြေအနေမှာ မြင်းမြီးဆွဲမောင်ဆန်ဟာလည်း ရှင်ဆန္နအဖြစ် အသွင်ကူးပြောင်းခဲ့ပါတော့တယ်။

(၄)

ရှင်ဆန္နရဟန်းဖြစ်လာတော့ ဘုရားရှင်းကြွတော်မူရာ သီတင်းသုံးရာ တိုင်းကြီး ပြည်ကြီးတွေဆီ လိုက်ပါခဲ့ရပါတယ်။ အဲဒီမှာ ပြဿနာက ခတ္တိယဘုရားကို ခတ္တိယဆွေတော်မျိုးတော်တွေ ၀န်းရံရေးအယူအဆကို ဘာသာပြန်အမှားကြီးနဲ့ဆုပ်ကိုင်ထားတာဟာ သူ့အတွက် နစ်နာစရာတွေဖြစ်လာတော့တာပါ။

ဘုရားရှင်က သာသနာဆိုတဲ့ ပင်လယ်ထဲရောက်နေပါပြီ။ ရှင်ဆန္နတို့က ခတ္တိယမြစ်ထဲမှာ ကူးချင်ကြတုန်းပါ။ ဒီတော့လည်း ဘုရားရှင်ဘေးမှာ ထည်ထည်ဝါ၀ါဝန်းရံခွင့် ရနေတဲ့ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးနှစ်ပါးကို အမြင်ဝါးနေတော့တာပါပဲ။ ကြည့်လိုက်တော့လည်း လက်ျာရံကိုယ်တော်ကြီး ရှင်သာရိပုတ္တရာနဲ့ လက်ဝဲရံကိုယ်တော်ကြီး ရှင်မဟာမောဂ္ဂလာန်တို့က ဗြဟ္မဏမျိုးနွယ်ဝင်တွေ ဖြစ်နေကြတာပါ။

မဇ္ဈိမဒေသရဲ့ ခေတ်အဆက်ဆက်သမိုင်းကားချပ်တွေကို ဖွင့်ကြည့်လိုက်ရင် ခတ္တိယနဲ့ ဗြဟ္မဏဆိုတာက အမြဲတမ်းအားပြိုင်နေကြတဲ့ အမျိုးအနွယ်တွေပဲ။ တစ်ခါတစ်ခါ ရန်သူလုံးလုံးကြီးဖြစ်သွားရတဲ့ ခေတ်တွေတောင်ရှိခဲ့သေးတာပါ။
အဲဒီတော့ ဖြစ်ခြင်းဖြစ်ရင် ဒီလိုကြီးကျယ်ခမ်နားတဲ့ ရာထူးတွေဟာ သူတို့လို ခတ္တိယအနွယ်ဝင်တွေနဲ့သာ ထိုက်တန်ရပေမပေါ့တဲ့။

အဲဒီလို ခတ္တိယချင်းတူရင်တောင် သူ့လို စွန့်စားရတဲ့ ၀ါဆိုလပြည့်တစ်ညက သေမတူရှင်မကွာ လိုက်ပါခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ဦးကသာ ပိုပြီးထိုက်တန်တယ် ဆိုတဲ့အတွေးက သူ့ရဲ့နေ့ရက်တွေကို နှိပ်စက်ကြတော့တာပါပဲ။ ဘုန်းကြီးနောက်က ထီးထမ်းပြီးလိုက်ရတာနဲ့ ဘုန်းကြီးဆွမ်းဝိုင်း ၀င်နှိုက်ချင်တော့တာပါ။

ဘုရားရှင်က သာသနာ့မျက်နှာကိုသာ ကြည့်ခဲ့တာဖြစ်ပါတယ် ။ ဆွေမျိုးဉာတိအစွဲနဲ့ အမျိုးဇာတ်နံရံတွေကို ကျော်လွှားပြီး ထိုက်တန်သူသာ ယူစေလုပ်တော်မူခဲ့တာပါ။ ဒါကြောင့်လည်း သာသနာတော်ဟာ ရာစုများစွာတိုင်အောင် ခိုင်ခံ့ခဲ့တာ အဓွန့်ရှည်ခဲ့တာဖြစ်ပါတယ်။
နှမပေးရလို့ ရှင်ကြီးဒေ၀ဒတ်ကို ဘုရားရာထူးလွှဲပြီး အတူတူရဲဘော်ရဲဘက်ချင်းမို့ ရှင်ဆန္နကိုသာ ဓမ္မသေနာပတိရာထူးပေးခဲ့ရမယ်ဆိုရင် သာသနာဆိုတဲ့ ဝေါဟာရဟာ ဒီနေ့ခေတ်အဘိဓာန်တွေထဲမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။

ဘုရားရှင်က ထိုက်တန်သူကို ထိုက်တန်သလို ချီးမြောက်ခဲ့တာပါ။ နှောင်ကြိုးတွေ မရှိပါဘူး။ အရိယာစိတ်နှလုံးဖြူဆွတ်နေတဲ့ ခတ္တိယရဟန်းတော်တွေ အတွက်လည်း ထိုက်တန်တဲ့ နေရာတွေ ချမှတ်ပေးတော်မူခဲ့တာပါ။ ဧတဒဂ်ဘွဲထူးတွေ ဆွတ်ခူးခဲ့တဲ့ ခတ္တိယသူတော်စင်ရဟန်းမြတ်တွေ သာသနာဝင်မှာ အထင်အရှားပါပဲ။

တကယ်တော့ ညီတော် အရင်းခေါက်ခေါက် ရှင်နန္ဒ၊ သွေးသားရင်နှစ်ရှင်ရာဟုလာနဲ့ ကစားဖက် တစ်ဝမ်းကွဲညီတော် ရှင်အာနန္ဒာတို့လို မွန်မြတ်လှတဲ့ ခတ္တိယသွေးစစ်စစ်ကြီးတွေက နေရာအတွက်စကားဟသံ ပိဋကတ်စာမျက်နှာမှာ ကြားကြရမှာမဟုတ်ပေဘူး။

ရှင်ရာဟုလာလေးဆို မိမိကိုယ်ကိုယ်နှိမ့်ချလွန်းလို့ တစ်သာသနာလုံးက သံဃာတော်တွေက ချီးမွမ်းကြရတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို ချစ်ကြောက်ရိုသေစွာ သြ၀ါဒခံယူလေ့ရှိတဲ့ ကိုယ်တော်လေးပါ။ ရှင်အာနန္ဒာဆိုရင်လည်း သာသနာတော်မှာ ဘုရားပေးဘွဲ့အများဆုံးရတဲ့ ပုဂ္ဂိုလ် ဖြစ်ပေမယ့် အသက်အရွယ်တွေရလို့ ဆံတွေဖြူတဲ့အထိ ရှင်မဟာကဿပကိုယ်တော်ကြီးက“ဒီကောင်လေး ” လို့ ခေါ်ပြီး ဆုံးမတဲ့အခါ “ ကရုဏာကြီးစွာ ဆုံးမပေသဟဲ့” လို့ ပီတိဖြစ်လေ့ရှိသူပါ။

(၅)

ဘာပဲဖြစ်ဖြစ် ရှင်ဆန္နကတော့ သူ့ဇာတ်လမ်းသူဆက်ကတာပါ။ လက်ျာရံ လက်ဝဲရံကိုယ်တော်ကြီးတွေကို စကားလုံးနဲ့ ထိုးနှက်တော့တာပါ။
ဆစ်ဂမန်ဖရွိုက်ပြောသလို ရန်သူပြိုင်ဘက်ကို ကျောက်ခဲနဲ့ မထုဘဲ စကားလုံးနဲ့ ပစ်ပေါက်တဲ့ ပထမဆုံးလူဟာ Civilization ကို တီထွင်သူပါပဲတဲ့။ ရှင်ဆန္နကလည်း စကားလုံးတွေနဲ့ ပစ်ပေါက်ပြီးတိုက်ခိုက်လိုက်တာပါ ။ သူ့ဒိုင်ယာလော့ခ်တွေကလည်း အတိအကျဖော်ပြစရာ ပိဋကတ်စာအုပ်က အနားမရှိဘူး။
ဟောဒီမှာ ဆရာမကြီးဒေါ်မြတင်ရဲ့ အင်္ဂလိပ်ဘာသာပြန်မူလေးတော့ ရှိလေရဲ့။
'' I came along with my master when he left the palace for the forest. At that time, I was only one companion of my Master and there was no one else. But now Sariputta and Moggallana are saying 'we are the Chief Disciples, and are strutting about the place.''

“ င့ါအရှင် တောရပ်မြိုင်မှီးဖို့ ထွက်တော်မူစဉ်က ငါပဲ လိုက်ပါခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါကလွဲလို့ ဘယ်သူမှ ငါ့အရှင်ရဲ့ အဖော် မရှိခဲ့ဘူး။ ခုချိန်မှ ဒီသာရိပုတ္တရာ မောဂ္ဂလာန်တို့က “ ငါတို့က အဂ္ဂမဟာသာဝက” ဆိုပြီး နေရာကောင်းယူကြတာပဲ” တဲ့။

သူပစ်ပေါက်လိုက်တဲ့စကားလုံးတွေက အရိယာအရင့်အမာကြီးတွေအတွက် ဘယ်လိုမှ ထိရှစရာမရှိ လေတော့ ပစ်ပေါက်သူဆီကိုပဲ ပြန်ဝေ့လာပါတယ်။ သူ့စကားလုံးတွေက အရိယာရဟန်းတွေ အတွက် တရားသံဝေဂပွားစရာဖြစ်သလို ပုထုဇဉ်ရဟန်းတွေအတွက်တော့ ထိတ်လန့် သွေးပျက် ဖွယ်ရာပါ။ သာသနာတော်ရဲ့ ထိပ်တန်းခေါင်းဆောင်ကြီးနှစ်ပါးကို ထိပါးဝေဘန်နေတာဆိုတော့ ဘယ်လိုမှ လက်ခံနိုင်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ပြောနေတဲ့ ပုဂ္ဂိုလ်ကလည်း အညတရ မဟုတ်ပြန်တော့ တုန့်ပြန်စကားဆိုဖို့လည်း မရှိပြန်ပါဘူး။

ဒီတော့လည်း ဘုရားရှင်ဆီကိုပဲ သတင်းပို့ရတော့တာပါ။ ဘုရားရှင်ကလည်း သနားကရုဏာကြီးစွာ သုံးကြိမ်တိုင်တိုင် ခေါ်ပြီးဆုံးမတော်မူပါတယ်။ ဘုရားရှေ့ရောက်တော့လည်း ရှင်ဆန္နက အပိုးကျိုးပါတယ်။ ပြန်မပြောနားမထောင်လုပ်ခဲ့တာပါ။ ဘုရားရှေ့မှောက်က လွန်တာနဲ့ သူ့မူလပုံရိပ်က ထင်းထင်းကြီးပြန်ဖြစ်သွားတာပါ။

စုစုဝေးဝေးရှိပြီဆို ကျယ်ကျယ်လောင်လောင်ပဲ ဘုရားရှင်တောထွက်ခဲ့တဲ့ လွန်ခဲသော ၀ါဆိုလပြည့်ညတစ်ညဆီ ပြန်ရောက်သွားတော့တာပါပဲ။
အပြောခက်လှတဲ့ သူ့အတွက်လည်း ၀ိနည်းပိဋကတ်မှာ ဥပဒေအသစ်တွေ ထုတ်ပြန်ရတဲ့အထိ ပွဲဆူစေခဲ့တာပါ။ ဒုဗ္ဗစပုဂ္ဂိုလ် (အပြောရခက်သူကြီး) ရယ်လို့လည်း အော်ကြောလန်တော့ပါပဲ။ ဒါပေမယ့် သူကတော့ သူ့မူအတိုင်း ခေါင်းမာစွာ တင်းခံနေဆဲပါ။

ရဟန်းတွေကလည်း သူနဲ့ဆက်ဆံရမှာ ခပ်လန့်လန့် ဖြစ်ကုန်ကြပေမယ့် “သမဂ္ဂေါ ဟိ သံဃော ” ဥပဒေသက ရှိနေပြန်တော့ သံဃာညီညွတ်ရေးကို ရှေးရှုပြီး သံဃာ့အစည်းအဝေးတွေမှာတော့ ပေါင်းဖက်ဆက်ဆံနေခဲ့ရပါတယ်။ ဒါပေမယ့် ရဟန်းတွေရဲ့ နားကိုတော့ ရှင်ဆန္နရဲ့စကားလုံးတွေက အကြမ်းဖက်နေကြဆဲပါ။

ဘုရားရှင်ကလည်း နောက်ဆုံးကရုဏာအခွင့်ပေးတော်မူတဲ့အနေနဲ့ အနားမှာ ခေါ်ယူပြီး ဒီဂါထာလေးနဲ့ စေ့စပ်တော်မူခဲ့ပါသေးတယ်။

န ဘဇေ ပါပကေ မိတ္တေ၊
န ဘဇေ ပုရိသာဓမေ။
ဘဇေထ မိတ္တေ ကလျာဏေ
ဘဇေထ ပုရိသုတ္တမေ။

သူငယ်ချင်းယုတ် နောက်ဆုတ်နေ။
သူငယ်ချင်းဖျင်း ကင်းကင်းနေ။
သူငယ်ချင်းကောင်း ပေါင်းဖက်လေ။
သူငယ်ချင်းမြတ် ဆည်းကပ်လေ။

လက်ျာရံ လက်ဝဲရံပုဂ္ဂိုလ်ကြီးနှစ်ပါးဟာ သာသနာတော်အတွင်းမှာ မိတ်ဆွေများသာဖြစ်ကြောင်း၊ထိုပုဂ္ဂိုလ်မြတ်နှစ်ပါးကို မိတ်ကောင်းဆွေကောင်းများအဖြစ် ပေါင်းဖက်သင့်ကြောင်း ဖျောင်းဖျတော်မူခဲ့ပါတယ်။ ဒါပေမယ့် တကယ့် ဒါပေမယ့်ပါပဲ ဘုရားရှင်ကိုယ်တိုင် လက်လျှော့ရအောင် ရှင်ဆန္နရဲ့ ခေါင်းမာမှုက ပြောင်မြောက်ခဲ့တာပါ။ ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှင်ဆန္နဟာ ဘုရားအားကိုးနဲ့ နွဲ့ဆိုးကြီးဆိုးနေတယ်လို့မြင်တော်မူခဲ့သလို ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိသမျှတော့ ရှင်ဆန္နရဲ့ အမူအကျင့်တွေပြောင်းလဲမှာ မဟုတ်ကြောင်းလည်း သိတော်မူခဲ့ပါတယ်။

ဒီတော့ ကိုယ်တော်မြတ်ရဲ့ နောက်ဆုံးထွက်သက်တော်နီးကပ်လာချိန်မှာ ရှင်အာနန္ဒာကို အပါးခေါ်ပြီး ရှင်ဆန္နအပေါ် မဟာကရုဏာကြီးစွာပဲ အကောင်းဆုံး ချဉ်းကပ်မှုတစ်ခုကို မှာထားတော်မူခဲ့ပါတယ်။ အဲဒါကတော့ ဗြဟ္မဒဏ္ဍ(မြတ်သောဒဏ်ပေးခြင်း) လို့ခေါ်တဲ့ အဖက်မလုပ်ရေးမူဝါဒပဲဖြစ်ပါတယ်။ {Brahmadanda (for the Monks to simply ignore Channa and to have nothing to do with him)} သာသနာတော်တွင်းမှာ ရှိသမျှ သံဃာတော်အားလုံး ရှင်ဆန္နနဲ့ အဖက်မလုပ်စေရ ဆိုတဲ့ အမိန့်ပြန်တမ်းထုတ်ပြန်ထားတော်မူခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ခေတ်လိုပြောရရင်တော့ Sanction လုပ်လိုက်တဲ့သဘောပါပဲ။ ဂါထာရဲ့ ဒုတိယအပိုဒ်ကို ရှင်ဆန္နက မလိုက်နာတော့ ပထမပိုဒ်အတိုင်း အရေးယူလိုက်ရတာပါ။

(၆)

ဘာပဲဖြစ်ဖြစ် ရှင်ဆန္နက ခေါင်းမာပေမယ့် ပါရမီရှင် သူတော်ကောင်းကြီးတစ်ပါးပါ။ ဘုရားရှင်နဲ့ တစ်နေ့တည်းမွေးဖွားလာတဲ့ ဖွားဖက်တော်တစ်ဦးဖြစ်သလို ဘုရားရှင်ရဲ့ နိက္ခမပါရမီတော်အခန်းမှာ နောက်တော်ပါအဖြစ် ၀န်ထမ်းခွင့်ရအောင်ကုသိုလ်ထူးတဲ့သူလည်း ဖြစ်ပါတယ်။ ပုထုဇဉ်သွေးကြွပြီး မာနတလူလူနဲ့ ယာယီမြင့် မောက်ခဲ့ခြင်းသာ ဖြစ်ပါတယ်။

ဘုရားရှင် မရှိပြီဆိုမှ သူ့အတွက် ဆန်ခ်ရှင်က အသက်ဝင်တာပါ။ အားလုံးက ၀ိုင်းပယ်လိုက်ကြပါပြီ။ ရဟန်းတွေမှန်သမျှ သူ့နဲ့ ဝေးဝေးရှောင်ကြတော့တာပါ။ ပြောကြစို့ဆိုရင် ရှင်ဆန္နဟာ  ဖော်မဲ့ဟင်္သာ သို့မဟုတ် အထီးကျန်ရဟန်းတစ်ပါးဖြစ်သွားခဲ့ပါပြီ။ ဒါပေမယ့် ပါရမီတော်ရင့်ကျက်ခဲ့တဲ့ ပုဂ္ဂိုလ်ပီပီ သူတော်ကောင်းဓါတ်က သူ့ကို မာန အမှောင်တိုက်က ပြန်လည်နိုးထစေခဲ့ပါတယ်။ အထီးကျန်မှုတွေရဲ့ နောက်ကွယ်က အကြောင်းတရားကို ရှာဖွေတော့တာပါ။ မိတ်ရင်းဆွေချာ ရှင်အာနန္ဒာဆီ ပြေးကပ်မှ အကြောင်းစုံ သိကာ ကြေကွဲဝမ်းနည်းစွာ ငိုကြွေးရတော့တာပါပဲ။

လွန်တော်မူလေပြီးတဲ့ ကျေးဇူးရှင်ကြီးရဲ့ သူ့အပေါ်ထားတဲ့ မဟာမေတ္တာ မဟာကရုဏာတော်တွေကို မှန်းဆဦးတင်မိပါတော့တယ်။ ဗြဟ္မဒဏ္ဍဟာ ကျေးဇူးရှင်ကြီးရဲ့ အမြော်အမြင်ကြီးစွာ ချမှတ်ခဲ့တဲ့ သူ့အတွက် ကယ်ပေါက်တစ်ခုအဖြစ် မြင်သွားခဲ့ပါတယ်။ သူပြင်ဆင်ချိန်ရလိုက်ပါတယ်။

ရဟန်းသံဃာတွေကို ပစ်မှားမိသမျှ ၀န်ချတောင်းပန်လို့ ရဟန်းတရားကို အချိန်မီ အားထုတ်နိုင်ခဲ့ပါတယ်။ တကယ်ပါ ဗြဟ္မဒဏ္ဍဟာ ရဟန်းတော်ရှင်ဆန္နအတွက်တော့ ထိရောက်တဲ့ ချဉ်းကပ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
by ဓမ္မဂင်္ဂါ

(ရဟန္တာအရှင်ဆန္နအား ပူဇော်ဦးခိုက်လိုက်ပါ၏)

Wednesday, October 5, 2016

ငံပြာရည်ကြော်မျိုးစုံ


ကျနော်တို့ ဗမာတိုင်းရင်းသားအတော်များများဟာ ထမင်းဝိုင်းမှာ အဓိကဟင်းလျာ၊ အရံဟင်းလျာတွေအပြင် ငါးပိ ငံပြာရည်နှင့် အတို့အမြုပ် မပါရင် ထမင်းစားမမြိန်သလိုဖြစ်တတ်ကြတယ်ဆိုတာ သိသာပါတယ်။ ချို၊ငန်၊ချဉ်၊စပ် အရသာအစုံမျှတအောင်စားသောက်ကြရင်တော့ ကျန်းမာရေးအတွက် ထိခိုက်မှုနည်းမယ်ထင်ပါရဲ့။

ဆားငံပြာရည်ချက်၊ ငါး ငံပြာရည်ချက်၊ ပုစွန်ငံပြာရည်ကြော် စသဖြင့် စသဖြင့် ကြော်ချက်စားတတ်ကြသလို အသား ငါးအချို့ထည့်ပြီး ကြော်ချက်စားတတ်ကြသေးတာပါ။ အဓိကဟင်းလျာမဟုတ်ပေမဲ့ အရံအနေနဲ့လည်း အရသာရှိအောင်ဖန်တီးထားကြတဲ့သဘော ထင်ပါတယ်။

သက်ဆိုင်ရာ မစားသော စားသော အသားငါးတွေကို အစားထိုးကြော်လှော်စားကြရင်အဆင်ပြေမှာပါနော်။

ကြက်သားငံပြာရည်ကြော် (အခြောက်)
ပါဝင်သောပစ္စည်းများ
ကြက်သား ၂၀ကျပ်သား၊ ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၂လုံး၊ ငရုတ်သီးလေးစိတ်ကွဲ အနည်းငယ်၊ ငံပြာရည် အနည်းငယ်၊ ဆီ အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ နနွင်း အနည်းငယ်။

ပြင်ဆင်ပြုလုပ်ပုံ
ကြက်သားများကို ရေဆေးပြီး ဆားဖြင့်နယ်၍ ရေအနည်းငယ်ထည့်ပြုတ်ပါ။ နူးလောက်လျှင် ချ၍ အသားများနွှင်ပါ။ နွှင်ထားသော အသားများကို မွမွလေးဖြစ်အောင် လုပ်ထားပါ။ ပြီးလျှင် ထိုအသားများကို ဟင်းခတ်မှုန့်၊ ဆား၊နနွင်း တို့ဖြင့် နယ်ထားပါ။
ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးထားပါ။ ထို့နောက် ဒယ်အိုးတွင် ဆီထည့်တည်ပြီး ကြက်သွန်ဖြူကို အလျင် ဆီဖြင့်ကြော်ပါ။ပြီးလျှင် ဆယ်ယူ၍ စစ်ထားပါ။ ကြက်သွန်နီကိုလည်း ကြော်၍ နီရောင်သမ်းလာလျှင် ဆီစစ်ထားပါ။
ထို့နောက် နယ်ထားသော ကြက်သားများကို ဒယ်အိုးထဲထည့်၍ ကြွပ်ကြွပ်ကလေးကြော်ပါ။ ပြီးလျှင် ဆယ်ယူ၍ ဆီစစ်ထားပါ။ ပြီးလျှင် ဆီဒယ်အိုးထဲသို့ ငရုတ်သီးလေးစိတ်ကွဲကို မီးနည်းနည်းဖြင့် ထည့်ကြော်ပါ။ ငံပြာရည်ထည့်၊ ဟင်းခတ်မှုန့်ထည့်ပါ။
ပြီးလျှင် ကြော်ထားသော ကြက်သားများလောင်းထည့်၍ကြော်ပါ။ ခွင်ပေါ်မှချ၍ အအေးခံပါ။ အေးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်များဖြင့် သမအောင်ရော၍ မွှေလိုက်ပါ။

ဆတ်သားခြောက်ငါးပိကြော်
ပါဝင်သောပစ္စည်းများ
ဆတ်သားခြောက် ၂၀ကျပ်သား၊ ငရုတ်သီးလေးစိတ်ကွဲ ၅ကျပ်သား၊ ကြက်သွန်ဖြူ ၂လုံး၊ ကြက်သွန်နီ ၃လုံး၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်၊ နနွင်း အနည်းငယ်။

ပြင်ဆင်ပြုလုပ်ပုံ
ဆတ်သားခြောက်များကို အနေတော် အတုံးကလေးများတုံး၊ ရေဆေးပြီး ရေဖြင့်ထည့်၍ပြုတ်ပါ။ အနေတော်လောက်တွင် ဆတ်သားတုံးကလေးများကို အသားနွှင်ပါ။ ပြီးလျှင် ဟင်းခတ်မှုန့်၊ ဆားနှင့် နနွင်း အနည်းငယ်တို့ဖြင့် နယ်ထားပါ။
ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ကြော်၍စစ်ထားပါ။ ပြီးလျှင် ဆီအိုးထဲသို့ နယ်ထားသော ဆတ်သားများထည့်၍ ကြွပ်ကြွပ်ကြော်ပါ။ ဆီစစ်ထားပါ။
ဒယ်အိုးထဲတွင် ငရုတ်သီးလေးစိတ်ကွဲကို ထည့်၍ဆီသတ်ပါ။ ထို့နောက် ကြော်ထားသော ဆတ်သားများထည့်၍ ကြော်ပါ။
ဟင်းခတ်မှုန့်နှင့် ဆားအနည်းငယ်ထည့်၍ ကြော်ပါ။ ခြောက်လျှင် ချ၍အအေးခံပါ။ အေးလျှင် ကြော်ထားသော ကြက်သွန်ကြော်များထည့်၍ သမအောင် မွှေလိုက်ပါ။

ဝက်သားငံပြာရည်ကြော်
ပါဝင်သောပစ္စည်းများ
ဝက်သား အသားကောင်းကောင်း ၂၀ကျပ်သား၊ ကြက်သွန်နီ ၅လုံး၊ ကြက်သွန်ဖြူ ၃လုံး၊ ငံပြာရည်ကောင်းကောင်း ၅ကျပ်သား၊ ငရုတ်သီး အပွတောင့် ၁၅တောင့်၊ ဆီ ၅ကျပ်သား၊ နနွင်း အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ ဆား အနည်းငယ်။

ပြင်ဆင်ပြုလုပ်ပုံ
ဝက်သားများကို ရေစင်စွာဆေးပါ။ ပြီးလျှင် အတုံးသေးသေးတွေတုံးထားပါ။ ထို့နောက် ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်တို့ဖြင့် နာနာနယ် ထားပါ။
ငရုတ်သီးအပွတောင့်ကို ငရုတ်ဆုံတွင် မညက်တညက်ထောင်းပါ။ ထိုအထဲသို့ ကြက်သွန်ဖြူပါ ထည့်ထောင်းပါ။ ကြက်သွန်နီကို ပါးပါးလှီး ထားပါ။
ရှေးဦးစွာ ဆီအိုးတည်၍ ဆီကျက်လျှင် နယ်ထားသော ၀က်သားတုံးကလေးများ ထည့်၍ကြော်ပါ။ ၀က်သားတုံးကလေးများ နီရောင်သမ်းလာလျှင် ဒယ်အိုးထဲမှဆယ်ယူ၍ ဆီစစ်ထားပါ။
ပြီးလျှင် ဒယ်အိုးကိုပြန်တည်၍ မီးနည်းနည်းဖြင့် ကြက်သွန်နီထည့်ကြော်ပါ။
ထို့နောက် ထောင်းထားသော ငရုတ်သီးနှင့် ကြက်သွန်ဖြူတို့ပါ ရောထည့်၍ ဆီသတ်ပါ။
ငရုတ်သီးစိမ်းနံ့ပျောက်လျှင် ငံပြာရည်အနည်းငယ် လောင်းထည့်ပါ။
ပြီးလျှင် ကြော်ထားသော ၀က်သားတုံးကလေးများထည့်ပါ။ ဟင်းခတ်မှုန့်ထည့်၍ အပေါ့အငန်မြည်းပါ။ မစိုမခြောက်ကလေးချ၍ သုံးဆောင်ပါ။ အစပ်ကြိုက်လျှင် ငရုတ်သီးအရှည်တောင့် သုံးပါ။

ငါးမြွေထိုးကျပ်တိုက် ငါးပိကြော်
ပါဝင်သောပစ္စည်း
ငါးမြွေထိုးကျပ်တိုက် ၁၀ကျပ်သား၊ ကြက်သွန်နီ ၂လုံး၊ ကြက်သွန်ဖြူ ၁လုံး၊ ငရုတ်သီးလေးစိတ်ကွဲ ၅ကျပ်သား၊ ဆား အနည်းငယ်၊ ဟင်းခတ်မှုန့် အနည်းငယ်၊ နနွင်း အနည်းငယ်၊ ဆီ အနည်းငယ်။

ပြင်ဆင်ပြုလုပ်ပုံ
ဈေးမှ အရိုးနွှင်ထားပြီးသား ငါးမြွှေထိုးကျပ်တိုက်ကို ၀ယ်ပါ။ ငါးမြွေထိုးများကို ကတ်ကြေးဖြင့် အရွယ်တော် လှီးဖြတ်ပါ။
ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူကိုလည်း လှီးထားပါ။ ရှေးဦးစွာ လှီးထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို ကြော်၍ နီရောင်သမ်းလာလျှင် ဆီစစ်ထားပါ။
ဒယ်အိုးထဲသို့ လှီးဖြတ်ထားသော ငါးမြွေထိုးများကိုထည့်၍ မီးနည်းနည်းဖြင့် ကြွပ်ရွလာအောင် ကြော်ပါ။ ကြော်ပြီး ငါးမြွေထိုးများကို ဆီစစ် ထားပါ။
ပြီးလျှင် ဆီအိုး အောက်ချ၍ ငရုတ်သီးလေးစိတ်ကွဲထည့်၍ ကြော်ပါ။ ငရုတ်သီးနံ့ပျောက်လျှင် ငါးမြွေထိုးများထည့်၍ ကြော်ပါ။
ဖိုပေါ် မီးနည်းနည်းဖြင့် ပြန်တင်ပြီး ဆား၊ ဟင်းခတ်မှုန့် အနည်းငယ်စီထည့်၍ သမအောင်မွှေပါ။ ခွင်ပေါ်မှချ၍ အအေးခံပါ။
အေးလျှင် ကြော်ထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်များဖြင့် ရောမွှေလိုက်ပါ။

ချက်ပြုတ်ပြသူ - ဒေါ်မိုး (B.A.)

Sunday, October 2, 2016

လူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာများ


ယနေ့ကမ္ဘာမှာ လူငယ်အရေးဟာ ထိပ်တန်းကိုရောက်လာပါတယ်။ လူငယ်တွေဟာ အနာဂတ်ကို ဦးဆောင်ရမယ့်သူတွေ ဖြစ်သလို လက်ရှိကမ္ဘာ့လူဦးရေအရ အသက် (၂၄)နှစ်အောက် လူငယ်အရေအတွက်က လေးယောက်မှာ တစ်ယောက်နှုန်း ရှိနေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလည်း စုစုပေါင်းလူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းကျော်ဟာ လူငယ်တွေဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကြောင့်လည်း ဒီလူငယ်တွေကို ဘယ်ခေတ်ကနဲ့မှ မတူအောင် ဦးစားပေးလာကြတာပဲ ဖြစ်ပါတယ်။

တွေးကြည့်ရင် ဒါကလူဦးရေအဆင့်ပဲ ရှိပါသေးတယ်။ ဒီလောက်အင်နဲ့အားနဲ့ ရှိနေတဲ့ လူငယ်တွေကို နိုင်ငံရဲ့ အရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသေးတယ်။ မူးယစ်ဆေးစွဲနေတဲ့ လူငယ်၊ အသိပညာ အားနည်းတဲ့ လူငယ်၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေတဲ့ လူငယ်တွေနဲ့တော့ ဘယ်လို အနာဂတ်ကိုမှ တည်ဆောက်လို့ မရနိုင်ပါဘူး။

ဒီလိုမျိုး လူငယ်တွေကို နိုင်ငံရဲ့ အရင်းအမြစ်အဖြစ် ပြောင်းလဲတဲ့နေရာမှာ အဓိကအားဖြင့်  3 E ကို လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဘာတွေလဲဆိုရင် နံပါတ် (၁) Educate ပညာသင်ပေးဖို့ လိုပါတယ်။ ပညာဆိုတာ အကောင်းအဆိုး၊ အကျိုးအပြစ်ကို စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိလာအောင် လုပ်ပေးတဲ့အရာကို ခေါ်တာပါ။ ဒါသင်၊ ဒါကျက်၊ ဒါဖြေ၊ ပြီးရင် အမှတ် ကောင်းကောင်းနဲ့ စာမေးပွဲအောင်ဖို့ဟာ ပညာရေးရဲ့ ရည်မှန်းချက် မဟုတ်ဘူးဆိုတဲ့ အမြင်မျိုး လူကြီးတွေမှာ ရှိဖို့ လိုအပ်ပါတယ်။

နံပါတ် (၂) ကတော့ Empower လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်။ ဒီခေတ်ကို သေချာရေရာမှု မရှိတော့တဲ့ခေတ်လို့ ခေါ်ကြပါတယ်။ နည်းပညာက တအား တိုးတက်လာတဲ့အခါမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။ ဒီအခါမှာ နှစ်ပေါင်းများစွာ အောင်မြင်လာခဲ့တဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ ကျရှုံးကုန်တာတွေလည်း တွေ့နေရတယ်။ ဘာလို့လဲဆိုတော့ အပြောင်းအလဲမှာ လိုက်မပါနိုင်လို့၊ ဖြေရှင်းနည်းအသစ်တွေ၊ အိုင်ဒီယာအသစ်တွေ မထုတ်နိုင်တော့လို့။ တစ်ဖက်မှာလည်း လူငယ်စွန့်ဦးတီထွင်သူတွေ၊ အိုင်ဒီယာ အသစ်အဆန်းနဲ့ အောင်မြင်နေသူတွေ အများကြီး ပေါ်ထွက်လာတယ်။ တကယ်ဆို သူတို့တွေက အတွေ့အကြုံ သိပ်အများကြီး ရှိမနေကြဘူး။ အဓိကက နည်းပညာ အားသာချက်နဲ့ အိုင်ဒီယာကြောင့် အောင်မြင်နေကြတာ။ အရင်ဖြေရှင်းနည်း အဟောင်းတွေကလည်း ဒီခေတ်မှာ လိုက်လုပ်ဖို့ သိပ်အံမ၀င်တော့ဘူးကိုး။ ဒါကြောင့် ပြောရရင် ဒီဘက်ခေတ်မှာ အောင်မြင်ဖို့အတွက် အတွေ့အကြုံထက် နည်းပညာ အသုံးချနိုင်စွမ်း (Digital literacy) နဲ့ အပြောင်းအလဲမှာ လိုက်ပါနိုင်စွမ်း (Adaptability) တွေက ပိုပြီး အရေးပါလာခဲ့ပြီ။
ဒီအပိုင်းမှာ လူငယ်တွေဟာ အားသာချက် ကြီးကြီးမားမားရှိတယ်။ လူငယ်ပီပီ စိတ်ကူးစိတ်သန်းတွေလည်း ရှိတယ်။ လုပ်ရဲကိုင်ရဲတဲ့ သတ္တိလည်းရှိတယ်။ သူတို့ဆီမှာ မရှိတာက တစ်ခုပဲ၊ အဲဒါ 'လူကြီးတွေရဲ့ယုံကြည်မှု' ။ ဒါကြောင့် တော်တဲ့လူငယ်တွေ၊ ကြိုးစားတဲ့လူငယ်တွေကို ယုံယုံကြည်ကြည် နေရာပေးဖို့၊ လုပ်ပိုင်ခွင့်ပေးကြဖို့ သိပ်အရေးကြီးပါတယ်။

နောက်ဆုံးတစ်ခုကတော့ Engage သူတို့အသံကို နားထောင်ရမယ်၊ သူတို့နဲ့ စကားပြောဖို့ လိုပါမယ်။ ဒါမှပဲ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုသိမယ်၊ သူတို့ရဲ့ စိတ်ကူး စိတ်သန်းတွေကို သဘောပေါက်မယ်။ လူကြီးတွေကပဲ ကောင်းမယ်ထင်သလို စီစဉ်လိုက်တဲ့အခါ လက်တွေ့လူငယ်တွေ ရင်ဆိုင်နေရတာနဲ့ လုပ်ပေးမှာတွေနဲ့က တခြားစီ ဖြစ်သွားတတ်တယ်။
ဒါဆို လက်ရှိလူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာဘာတွေရှိလဲ။ အဓိကသုံးခုကို ဆွဲထုတ်ကြည့်လိုက်တယ်။

၁။ ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ

ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း (Teenage pregnancy )ဆိုတာ ကျွန်တော်တို့လိုနိုင်ငံမှာတော့ မမြင်ချင်မှ အဆုံးပါပဲ။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုသလို အန္တရာယ်များလှတဲ့ ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်း အလုပ်ကို ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ လုပ်နေကြတာ ဘယ်လောက် အန္တရာယ်များမလဲ စဉ်းစားကြည့်လို့ရပါတယ်။ အဲဒီကနေ မလိုချင်လို့ ကိုယ်ဝန်ဖျက်ချရင်း အသက် ဆုံးပါးရတာတွေလည်း မနည်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးလိုက်ရတဲ့အခါ ပညာရေးနဲ့ လုပ်ငန်းခွင်မှာ ထိခိုက်ကုန်တယ်။ ကြာတော့ ၀င်ငွေကိုပါ ထိလာတယ်။ မိသားစု စားဝတ်နေရေးပါ အဆင်မပြေတော့ဘူး။
နောက်တစ်ခုကတော့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုး။ အဓိကအားဖြင့်တော့ HIV ပိုးပေါ့။ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက် လူငယ် နှစ်သန်းကျော်ဟာ HIV ပိုး ကူးစက်ခံထားရသတဲ့။ ဘယ်လောက် ရင်နာစရာကောင်း လိုက်ပါသလဲ။ အညွန့်တလူလူ၊ တက်ကြွမှု အပြည့်နဲ့ရှိနေရမယ့် လူငယ်ဘ၀ဟာ ခုတော့ ကူးစက်ရောဂါတွေကြောင့် ပျက်စီးခဲ့ရပါတယ်။

ဒါတွေဟာ ဘာကြောင့်လဲ ပြန်စဉ်းစားကြည့်တော့ လူငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာ ပေးမထားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါတွေသိသွားရင် မဟုတ်တာတွေ လျှောက်လုပ်ကုန်လိမ့်မယ် အထင်နဲ့ မဖတ်ရဘူး၊ မမေးရဘူး၊ မပြောရဘူးဆိုပြီး ပိတ်ပင်ထားခဲ့တဲ့အခါမှာ လူငယ်တွေဟာ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အကြောင်းတောင် မသိတော့ဘူး ဖြစ်ကုန်တယ်။ လူငယ်ပီပီ လက်တည့်စမ်းကြတဲ့အခါ၊ စိတ်ကိုအလိုလိုက်၊ အချစ်ကိုကိုးကွယ်၊ အတုယူ မှားကြတဲ့အခါတွေမှာတော့ ခုလို မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာ တွေ ဖြစ်လာရတော့တာပါပဲ။ ဒါကြောင့် သူတို့မလွဲမသွေ ကြုံလာရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်စွမ်းရှိအောင် လုံလောက်တဲ့ အသိပညာတွေ ပေးလိုက်ဖို့လိုပါတယ်။

၂။ အရက်နဲ့မူးယစ်ဆေး

မြန်မာတစ်နိုင်ငံလုံးကို ကြည့်လိုက်ပါ။ စာကြည့်တိုက် သွားချင်လို့ပါဆိုရင် တော်တော်ကို မေးယူရမှာဖြစ်ပြီး ဘီယာဆိုင်၊ အရက်ဆိုင်တွေကတော့ လက်ညှိုးထိုးမလွဲ ရှိနေတာကို တွေ့ရမှာပါ။ အဲဒီ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာလည်း ဘယ်တော့မှ လူပြတ်တယ်မရှိဘဲ လူငယ်တွေ အဓိကနားခိုရာ၊ စုဝေးရာ နေရာတစ်ခု ဖြစ်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ခုချိန်ထိလည်း အရက်နဲ့ပတ်သက်ပြီး အသက်ကန့်သတ်ဖို့၊ အခွန်တိုးမြှင့်ကောက်ဖို့၊ စသဖြင့် ဆောင်ရွက်နေတာတွေ မကြားမိသေးပါဘူး။ ဒီလောက်ဈေးသက်သာပြီး လက်လှမ်းမီနေတဲ့ အနေအထားတစ်ရပ်ကို ထိန်းချုပ်ပေးနိုင်ဖို့ လိုပါတယ်။

နောက်တစ်ခုက မူးယစ်ဆေး။ ဒါကလည်း ကျွန်တော်တို့မြန်မာလူငယ်တွေကို တော်တော်လေး ဒုက္ခပေးနေတဲ့ ပြဿနာတစ်ရပ်ပါ။ ခုနောက်ပိုင်းကြားရတဲ့ လူငယ်တွေ ရာဇ၀တ်မှု ကျူးလွန်ကြတယ် ဆိုတဲ့သတင်းတွေမှာ
အများစုက ဒီလို မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို သုံးစွဲထားတာကိုလည်း တွေ့ရပါတယ်။ ဒီအခါမှာ အသိစိတ် ကင်းမဲ့ကုန်တယ်၊ လုပ်သင့်၊ မလုပ်သင့် မသိတော့ဘူး။ အဲဒီလို ရာဇ၀တ်မှု ကျူးလွန်တာတွေအပြင် ဒီအရက်နဲ့ မူးယစ်ဆေးဝါးတွေကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ အကြမ်းဖက်မှုတွေဖြစ်တာ၊ ယာဉ်အန္တရာယ်ဖြစ်ပြီး အသက်ဆုံးရှုံးရတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူငယ်တွေအတွက် အဓိက ဒုက္ခပေးနေတဲ့ အရက်နဲ့ မူးယစ်ဆေးဝါးကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ပေးနိုင်ဖို့ လိုပါတယ်။


၃။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ

ဒီကိစ္စကလည်း ရှေ့မှာပြောခဲ့တဲ့ နှစ်ခုလို မြင်သာထင်သာ သိပ်မရှိပေမယ့် လူငယ်တွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဘာတွေကြောင့် လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေရသလဲ။
မိဘကပေးတဲ့ ပြဿနာတွေရှိပါတယ်။ တွေ့ရှိချက်တွေအရ ကလေးဘ၀မှာ အိမ်တွင်းအကြမ်းဖက်မှု (Domestic violence) နဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့သူတွေဟာ ကြီးလာတဲ့အခါ အဲဒီလိုအကြမ်းဖက်မှုမျိုးကို ပိုပြီး ကျူးလွန်တတ်ကြသတဲ့။ အရက်မူးပြီးပြန်လာတဲ့ အဖေက အမေ့ကိုရိုက်မယ်၊ စီးပွားရေး အဆင်မပြေတော့ အဖေနဲ့အမေက နေ့တိုင်းရန်ဖြစ်မယ်၊ ဆဲဆိုနေကြမယ်၊ သူ့အတွက် ရိုက်တာ၊ နှက်တာ၊ ဆဲတာ၊ ဆိုတာတွေက မထူးဆန်းတော့သလို ဖြစ်လာတဲ့အခါ သူ့အလှည့်ကျတော့လည်း ထစ်ခနဲဆို လက်ပါမယ်၊ ပိုဆိုးလာရင် ကတ်ကြေးနဲ့ထိုး၊ ဓားနဲ့ထိုး လုပ်လာတော့မယ်။ ဒါက မိဘကပေးလိုက်တဲ့ ပြဿနာတစ်ခု။

နောက်တစ်ခုကတော့ မိဘကပေးတဲ့ ဖိအား။ ကျောင်းမှာ စာတော်စေချင်၊ အမှတ်ကောင်းစေချင်တော့ စာချည်းပဲ ဖိကျက်ခိုင်းတယ်။ ကစားချိန်၊ နားချိန်၊ အပြင်စာဖတ်ချိန် မပေးဘူး။ ကလေးက ဒီအခါမှာ သုတပိုင်းပဲ ဖွံ့ဖြိုးလာတယ်၊ ဦးနှောက်ပဲ ကြီးကြီးလာတယ်၊ နှလုံးသားက လိုက်မဖွံ့ဖြိုးလာတော့ဘူး။ အချိန်တန်လို့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်တဲ့အခါမှာလည်း မိဘအလိုကျပဲ။ ဒီအခါ ၀ါသနာမပါတဲ့ ပညာကို သင်ရတယ်၊ ၀ါသနာမပါတဲ့ အလုပ်ကို လုပ်ရတယ်။ အလုပ်မှာ မပျော်ဘူး၊ စိတ်ဖိစီးတယ်၊ အဲဒီ စိတ်ဖိစီးမှုတွေကို တခြားနေရာမှာ ထွက်ပေါက်ပေးလိုက်တော့တယ်။

နောက်တစ်ခုက ရုပ်ဝတ္ထုကိုးကွယ်ခြင်း (Materialism) ကြောင့်ပါ။ ခေတ်က သိပ်မြန်လာတယ်၊ အပြိုင်အဆိုင် များလာတယ်၊ ဒီကြားထဲ အသစ်အဆန်းတွေက တစ်မျိုးပြီးတစ်မျိုး ပေါ်နေတယ်။ ဒါတွေကို လိုချင်တယ်၊ ရရင် ကြွားဝါချင်တယ်။ အဲဒီစိတ်တွေက လူငယ်တွေရဲ့ ရိုးသားမှုကို တိုက်စားပစ်တယ်။ အရည်အချင်းဆိုတာထက် အပြင်မှာမြင်နေရတဲ့ အပြင်အဆင်ကို ပိုဦးစားပေးလာကြတယ်။ နာမည်ကြီးရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။

ဒါကြောင့် လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုရှိဖို့ လိုပါတယ်။ လူဟာ ဦးနှောက်တစ်ခုတည်း ကွက်ကောင်းနေလို့ မရပါဘူး။ နှလုံးသားလည်း လှဖို့လိုတယ်။ ခံယူချက်တွေမှန်ဖို့ လိုတယ်။ ဒီအတွက် မိဘတွေရဲ့အခန်းကဏ္ဍ အရေးကြီးပါတယ်။ ကိုယ့်ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေက သားသမီးတွေကို အမွေဆိုး ပေးလိုက်သလို မဖြစ်စေဖို့ သတိထားကြစေချင်တယ်။

လူငယ်တွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့ (Self-regulation ရှိဖို့) လိုပါတယ်။ လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ်ပါ။ နေရာတိုင်းမှာ သူများနဲ့ သွားတိုင်းနေခြင်းက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာနဲ့ အတူတူပါပဲ။ တတ်နိုင်တဲ့သူက နောက်ဆုံးပေါ်ဖုန်းကို ကိုင်နိုင်လို့ လိုက်အားမကျပါနဲ့။ သူတို့က ဘယ်လို ကားတွေစီးနေတာဆိုပြီးလည်း သိမ်ငယ်မနေပါနဲ့။ အဲဒီအစား ကိုယ့်ပညာရေးမှာ ကြိုးစားပါ၊ အလုပ်မှာ တော်အောင်လုပ်ပါ။ ငွေကြေး မတတ်နိုင်သေးတဲ့အချိန်မှာ လိုအပ်တာ (Needs) နဲ့ လိုချင်တာ (Want) ကို ခွဲခြားပါ။

ဆင်းရဲတဲ့မိဘကနေ မွေးလာတာချင်းအတူတူ တချို့က စိတ်ထွက်ပေါက်ပေးရင်း လူဆိုးလူမိုက်တွေ ဖြစ်လာကြတယ်။ တချို့ကျ ဆင်းရဲတဲ့ဘ၀ကနေလွတ်ဖို့ ငါပညာတတ်မှ ဖြစ်မယ်ဆိုပြီး ကြိုးစားလိုက်တာ ပါမောက္ခကြီးတွေ၊ သူဌေးကြီးတွေ ဖြစ်လာကြတယ်။ ဘာကွာခြားသွားတာလဲ။ အဓိကကတော့ ဘ၀ အပေါ်ထားတဲ့ ခံယူချက် (Attitude to life) ကြောင့်ပါပဲ။

ဒီလို လူငယ်တွေရင်ဆိုင်နေရတဲ့ ပြဿ နာတွေကို ဖြေရှင်းနိုင်ဖို့၊ အင်နဲ့အားနဲ့ရှိနေတဲ့ လူငယ်တွေကို နိုင်ငံ့အရင်းအမြစ်အဖြစ် ပြောင်းပစ်နိုင်ဖို့အတွက် ကဏ္ဍပေါင်းစုံရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်ပါတယ်။ အစိုးရပိုင်းက တာဝန်ယူရမှာတွေ ရှိပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဖွဲ့အစည်းတွေဘက်က လုပ်ရမှာတွေလည်းရှိပါတယ်။ မိဘတွေကလည်း လိုအပ်သလို၊ လူငယ်တွေကိုယ်တိုင်ကလည်း ခံယူချက်မှန်မှန်၊ အသိပညာရှိရှိနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ကြဖို့ လိုပါတယ်။

Writer: 
ဒေါက်တာ ဖြိုးသီဟ