ယနေ့ကမ္ဘာမှာ လူငယ်အရေးဟာ ထိပ်တန်းကိုရောက်လာပါတယ်။ လူငယ်တွေဟာ အနာဂတ်ကို ဦးဆောင်ရမယ့်သူတွေ ဖြစ်သလို လက်ရှိကမ္ဘာ့လူဦးရေအရ အသက် (၂၄)နှစ်အောက် လူငယ်အရေအတွက်က လေးယောက်မှာ တစ်ယောက်နှုန်း ရှိနေပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလည်း စုစုပေါင်းလူဦးရေရဲ့ ၂၈ ရာခိုင်နှုန်းကျော်ဟာ လူငယ်တွေဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကြောင့်လည်း ဒီလူငယ်တွေကို ဘယ်ခေတ်ကနဲ့မှ မတူအောင် ဦးစားပေးလာကြတာပဲ ဖြစ်ပါတယ်။
တွေးကြည့်ရင် ဒါကလူဦးရေအဆင့်ပဲ ရှိပါသေးတယ်။ ဒီလောက်အင်နဲ့အားနဲ့ ရှိနေတဲ့ လူငယ်တွေကို နိုင်ငံရဲ့ အရင်းအမြစ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသေးတယ်။ မူးယစ်ဆေးစွဲနေတဲ့ လူငယ်၊ အသိပညာ အားနည်းတဲ့ လူငယ်၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိနေတဲ့ လူငယ်တွေနဲ့တော့ ဘယ်လို အနာဂတ်ကိုမှ တည်ဆောက်လို့ မရနိုင်ပါဘူး။
ဒီလိုမျိုး လူငယ်တွေကို နိုင်ငံရဲ့ အရင်းအမြစ်အဖြစ် ပြောင်းလဲတဲ့နေရာမှာ အဓိကအားဖြင့် 3 E ကို လုပ်ပေးနိုင်ဖို့ လိုပါတယ်။ ဘာတွေလဲဆိုရင် နံပါတ် (၁) Educate ပညာသင်ပေးဖို့ လိုပါတယ်။ ပညာဆိုတာ အကောင်းအဆိုး၊ အကျိုးအပြစ်ကို စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိလာအောင် လုပ်ပေးတဲ့အရာကို ခေါ်တာပါ။ ဒါသင်၊ ဒါကျက်၊ ဒါဖြေ၊ ပြီးရင် အမှတ် ကောင်းကောင်းနဲ့ စာမေးပွဲအောင်ဖို့ဟာ ပညာရေးရဲ့ ရည်မှန်းချက် မဟုတ်ဘူးဆိုတဲ့ အမြင်မျိုး လူကြီးတွေမှာ ရှိဖို့ လိုအပ်ပါတယ်။
နံပါတ် (၂) ကတော့ Empower လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်။ ဒီခေတ်ကို သေချာရေရာမှု မရှိတော့တဲ့ခေတ်လို့ ခေါ်ကြပါတယ်။ နည်းပညာက တအား တိုးတက်လာတဲ့အခါမှာ အပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။ ဒီအခါမှာ နှစ်ပေါင်းများစွာ အောင်မြင်လာခဲ့တဲ့ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ ကျရှုံးကုန်တာတွေလည်း တွေ့နေရတယ်။ ဘာလို့လဲဆိုတော့ အပြောင်းအလဲမှာ လိုက်မပါနိုင်လို့၊ ဖြေရှင်းနည်းအသစ်တွေ၊ အိုင်ဒီယာအသစ်တွေ မထုတ်နိုင်တော့လို့။ တစ်ဖက်မှာလည်း လူငယ်စွန့်ဦးတီထွင်သူတွေ၊ အိုင်ဒီယာ အသစ်အဆန်းနဲ့ အောင်မြင်နေသူတွေ အများကြီး ပေါ်ထွက်လာတယ်။ တကယ်ဆို သူတို့တွေက အတွေ့အကြုံ သိပ်အများကြီး ရှိမနေကြဘူး။ အဓိကက နည်းပညာ အားသာချက်နဲ့ အိုင်ဒီယာကြောင့် အောင်မြင်နေကြတာ။ အရင်ဖြေရှင်းနည်း အဟောင်းတွေကလည်း ဒီခေတ်မှာ လိုက်လုပ်ဖို့ သိပ်အံမ၀င်တော့ဘူးကိုး။ ဒါကြောင့် ပြောရရင် ဒီဘက်ခေတ်မှာ အောင်မြင်ဖို့အတွက် အတွေ့အကြုံထက် နည်းပညာ အသုံးချနိုင်စွမ်း (Digital literacy) နဲ့ အပြောင်းအလဲမှာ လိုက်ပါနိုင်စွမ်း (Adaptability) တွေက ပိုပြီး အရေးပါလာခဲ့ပြီ။
ဒီအပိုင်းမှာ လူငယ်တွေဟာ အားသာချက် ကြီးကြီးမားမားရှိတယ်။ လူငယ်ပီပီ စိတ်ကူးစိတ်သန်းတွေလည်း ရှိတယ်။ လုပ်ရဲကိုင်ရဲတဲ့ သတ္တိလည်းရှိတယ်။ သူတို့ဆီမှာ မရှိတာက တစ်ခုပဲ၊ အဲဒါ 'လူကြီးတွေရဲ့ယုံကြည်မှု' ။ ဒါကြောင့် တော်တဲ့လူငယ်တွေ၊ ကြိုးစားတဲ့လူငယ်တွေကို ယုံယုံကြည်ကြည် နေရာပေးဖို့၊ လုပ်ပိုင်ခွင့်ပေးကြဖို့ သိပ်အရေးကြီးပါတယ်။
နောက်ဆုံးတစ်ခုကတော့ Engage သူတို့အသံကို နားထောင်ရမယ်၊ သူတို့နဲ့ စကားပြောဖို့ လိုပါမယ်။ ဒါမှပဲ သူတို့ရင်ဆိုင်နေရတဲ့ ပြဿနာတွေကိုသိမယ်၊ သူတို့ရဲ့ စိတ်ကူး စိတ်သန်းတွေကို သဘောပေါက်မယ်။ လူကြီးတွေကပဲ ကောင်းမယ်ထင်သလို စီစဉ်လိုက်တဲ့အခါ လက်တွေ့လူငယ်တွေ ရင်ဆိုင်နေရတာနဲ့ လုပ်ပေးမှာတွေနဲ့က တခြားစီ ဖြစ်သွားတတ်တယ်။
ဒါဆို လက်ရှိလူငယ်တွေ ရင်ဆိုင်နေရတဲ့ ပြဿနာဘာတွေရှိလဲ။ အဓိကသုံးခုကို ဆွဲထုတ်ကြည့်လိုက်တယ်။
၁။ ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်းနဲ့ လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း (Teenage pregnancy )ဆိုတာ ကျွန်တော်တို့လိုနိုင်ငံမှာတော့ မမြင်ချင်မှ အဆုံးပါပဲ။ ယောက်ျားဖောင်စီး၊ မိန်းမမီးနေဆိုသလို အန္တရာယ်များလှတဲ့ ကိုယ်ဝန်ဆောင်၊ ကလေးမွေးခြင်း အလုပ်ကို ရုပ်ပိုင်းဆိုင်ရာအရ အဆင်သင့်မဖြစ်သေးတဲ့ ဆယ်ကျော်သက်အရွယ်မှာ လုပ်နေကြတာ ဘယ်လောက် အန္တရာယ်များမလဲ စဉ်းစားကြည့်လို့ရပါတယ်။ အဲဒီကနေ မလိုချင်လို့ ကိုယ်ဝန်ဖျက်ချရင်း အသက် ဆုံးပါးရတာတွေလည်း မနည်းပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးမွေးလိုက်ရတဲ့အခါ ပညာရေးနဲ့ လုပ်ငန်းခွင်မှာ ထိခိုက်ကုန်တယ်။ ကြာတော့ ၀င်ငွေကိုပါ ထိလာတယ်။ မိသားစု စားဝတ်နေရေးပါ အဆင်မပြေတော့ဘူး။
နောက်တစ်ခုကတော့ လိင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုး။ အဓိကအားဖြင့်တော့ HIV ပိုးပေါ့။ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက် လူငယ် နှစ်သန်းကျော်ဟာ HIV ပိုး ကူးစက်ခံထားရသတဲ့။ ဘယ်လောက် ရင်နာစရာကောင်း လိုက်ပါသလဲ။ အညွန့်တလူလူ၊ တက်ကြွမှု အပြည့်နဲ့ရှိနေရမယ့် လူငယ်ဘ၀ဟာ ခုတော့ ကူးစက်ရောဂါတွေကြောင့် ပျက်စီးခဲ့ရပါတယ်။
ဒါတွေဟာ ဘာကြောင့်လဲ ပြန်စဉ်းစားကြည့်တော့ လူငယ်တွေကို မျိုးဆက်ပွား ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အသိပညာ ပေးမထားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါတွေသိသွားရင် မဟုတ်တာတွေ လျှောက်လုပ်ကုန်လိမ့်မယ် အထင်နဲ့ မဖတ်ရဘူး၊ မမေးရဘူး၊ မပြောရဘူးဆိုပြီး ပိတ်ပင်ထားခဲ့တဲ့အခါမှာ လူငယ်တွေဟာ ကိုယ့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အကြောင်းတောင် မသိတော့ဘူး ဖြစ်ကုန်တယ်။ လူငယ်ပီပီ လက်တည့်စမ်းကြတဲ့အခါ၊ စိတ်ကိုအလိုလိုက်၊ အချစ်ကိုကိုးကွယ်၊ အတုယူ မှားကြတဲ့အခါတွေမှာတော့ ခုလို မလိုလားအပ်တဲ့ နောက်ဆက်တွဲပြဿနာ တွေ ဖြစ်လာရတော့တာပါပဲ။ ဒါကြောင့် သူတို့မလွဲမသွေ ကြုံလာရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်စွမ်းရှိအောင် လုံလောက်တဲ့ အသိပညာတွေ ပေးလိုက်ဖို့လိုပါတယ်။
၂။ အရက်နဲ့မူးယစ်ဆေး
မြန်မာတစ်နိုင်ငံလုံးကို ကြည့်လိုက်ပါ။ စာကြည့်တိုက် သွားချင်လို့ပါဆိုရင် တော်တော်ကို မေးယူရမှာဖြစ်ပြီး ဘီယာဆိုင်၊ အရက်ဆိုင်တွေကတော့ လက်ညှိုးထိုးမလွဲ ရှိနေတာကို တွေ့ရမှာပါ။ အဲဒီ ဘီယာဆိုင်၊ အရက်ဆိုင်တွေမှာလည်း ဘယ်တော့မှ လူပြတ်တယ်မရှိဘဲ လူငယ်တွေ အဓိကနားခိုရာ၊ စုဝေးရာ နေရာတစ်ခု ဖြစ်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။ ခုချိန်ထိလည်း အရက်နဲ့ပတ်သက်ပြီး အသက်ကန့်သတ်ဖို့၊ အခွန်တိုးမြှင့်ကောက်ဖို့၊ စသဖြင့် ဆောင်ရွက်နေတာတွေ မကြားမိသေးပါဘူး။ ဒီလောက်ဈေးသက်သာပြီး လက်လှမ်းမီနေတဲ့ အနေအထားတစ်ရပ်ကို ထိန်းချုပ်ပေးနိုင်ဖို့ လိုပါတယ်။
နောက်တစ်ခုက မူးယစ်ဆေး။ ဒါကလည်း ကျွန်တော်တို့မြန်မာလူငယ်တွေကို တော်တော်လေး ဒုက္ခပေးနေတဲ့ ပြဿနာတစ်ရပ်ပါ။ ခုနောက်ပိုင်းကြားရတဲ့ လူငယ်တွေ ရာဇ၀တ်မှု ကျူးလွန်ကြတယ် ဆိုတဲ့သတင်းတွေမှာ
အများစုက ဒီလို မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို သုံးစွဲထားတာကိုလည်း တွေ့ရပါတယ်။ ဒီအခါမှာ အသိစိတ် ကင်းမဲ့ကုန်တယ်၊ လုပ်သင့်၊ မလုပ်သင့် မသိတော့ဘူး။ အဲဒီလို ရာဇ၀တ်မှု ကျူးလွန်တာတွေအပြင် ဒီအရက်နဲ့ မူးယစ်ဆေးဝါးတွေကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ရတာ၊ အကြမ်းဖက်မှုတွေဖြစ်တာ၊ ယာဉ်အန္တရာယ်ဖြစ်ပြီး အသက်ဆုံးရှုံးရတာ စတဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဒါကြောင့် အစိုးရအနေနဲ့ လူငယ်တွေအတွက် အဓိက ဒုက္ခပေးနေတဲ့ အရက်နဲ့ မူးယစ်ဆေးဝါးကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ပေးနိုင်ဖို့ လိုပါတယ်။
၃။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
ဒီကိစ္စကလည်း ရှေ့မှာပြောခဲ့တဲ့ နှစ်ခုလို မြင်သာထင်သာ သိပ်မရှိပေမယ့် လူငယ်တွေ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဘာတွေကြောင့် လူငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိနေရသလဲ။
မိဘကပေးတဲ့ ပြဿနာတွေရှိပါတယ်။ တွေ့ရှိချက်တွေအရ ကလေးဘ၀မှာ အိမ်တွင်းအကြမ်းဖက်မှု (Domestic violence) နဲ့ ကြုံတွေ့ခဲ့ရဖူးတဲ့သူတွေဟာ ကြီးလာတဲ့အခါ အဲဒီလိုအကြမ်းဖက်မှုမျိုးကို ပိုပြီး ကျူးလွန်တတ်ကြသတဲ့။ အရက်မူးပြီးပြန်လာတဲ့ အဖေက အမေ့ကိုရိုက်မယ်၊ စီးပွားရေး အဆင်မပြေတော့ အဖေနဲ့အမေက နေ့တိုင်းရန်ဖြစ်မယ်၊ ဆဲဆိုနေကြမယ်၊ သူ့အတွက် ရိုက်တာ၊ နှက်တာ၊ ဆဲတာ၊ ဆိုတာတွေက မထူးဆန်းတော့သလို ဖြစ်လာတဲ့အခါ သူ့အလှည့်ကျတော့လည်း ထစ်ခနဲဆို လက်ပါမယ်၊ ပိုဆိုးလာရင် ကတ်ကြေးနဲ့ထိုး၊ ဓားနဲ့ထိုး လုပ်လာတော့မယ်။ ဒါက မိဘကပေးလိုက်တဲ့ ပြဿနာတစ်ခု။
နောက်တစ်ခုကတော့ မိဘကပေးတဲ့ ဖိအား။ ကျောင်းမှာ စာတော်စေချင်၊ အမှတ်ကောင်းစေချင်တော့ စာချည်းပဲ ဖိကျက်ခိုင်းတယ်။ ကစားချိန်၊ နားချိန်၊ အပြင်စာဖတ်ချိန် မပေးဘူး။ ကလေးက ဒီအခါမှာ သုတပိုင်းပဲ ဖွံ့ဖြိုးလာတယ်၊ ဦးနှောက်ပဲ ကြီးကြီးလာတယ်၊ နှလုံးသားက လိုက်မဖွံ့ဖြိုးလာတော့ဘူး။ အချိန်တန်လို့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်တဲ့အခါမှာလည်း မိဘအလိုကျပဲ။ ဒီအခါ ၀ါသနာမပါတဲ့ ပညာကို သင်ရတယ်၊ ၀ါသနာမပါတဲ့ အလုပ်ကို လုပ်ရတယ်။ အလုပ်မှာ မပျော်ဘူး၊ စိတ်ဖိစီးတယ်၊ အဲဒီ စိတ်ဖိစီးမှုတွေကို တခြားနေရာမှာ ထွက်ပေါက်ပေးလိုက်တော့တယ်။
နောက်တစ်ခုက ရုပ်ဝတ္ထုကိုးကွယ်ခြင်း (Materialism) ကြောင့်ပါ။ ခေတ်က သိပ်မြန်လာတယ်၊ အပြိုင်အဆိုင် များလာတယ်၊ ဒီကြားထဲ အသစ်အဆန်းတွေက တစ်မျိုးပြီးတစ်မျိုး ပေါ်နေတယ်။ ဒါတွေကို လိုချင်တယ်၊ ရရင် ကြွားဝါချင်တယ်။ အဲဒီစိတ်တွေက လူငယ်တွေရဲ့ ရိုးသားမှုကို တိုက်စားပစ်တယ်။ အရည်အချင်းဆိုတာထက် အပြင်မှာမြင်နေရတဲ့ အပြင်အဆင်ကို ပိုဦးစားပေးလာကြတယ်။ နာမည်ကြီးရင်ပြီးရော ဘာမဆို လုပ်မယ်ဆိုတာမျိုးတွေ ဖြစ်လာကြတယ်။
ဒါကြောင့် လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုရှိဖို့ လိုပါတယ်။ လူဟာ ဦးနှောက်တစ်ခုတည်း ကွက်ကောင်းနေလို့ မရပါဘူး။ နှလုံးသားလည်း လှဖို့လိုတယ်။ ခံယူချက်တွေမှန်ဖို့ လိုတယ်။ ဒီအတွက် မိဘတွေရဲ့အခန်းကဏ္ဍ အရေးကြီးပါတယ်။ ကိုယ့်ရဲ့မှားယွင်းတဲ့ လုပ်ရပ်တွေက သားသမီးတွေကို အမွေဆိုး ပေးလိုက်သလို မဖြစ်စေဖို့ သတိထားကြစေချင်တယ်။
လူငယ်တွေကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်ဖို့ (Self-regulation ရှိဖို့) လိုပါတယ်။ လူဆိုတာ ကိုယ့်ဘ၀နဲ့ကိုယ်ပါ။ နေရာတိုင်းမှာ သူများနဲ့ သွားတိုင်းနေခြင်းက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်နေတာနဲ့ အတူတူပါပဲ။ တတ်နိုင်တဲ့သူက နောက်ဆုံးပေါ်ဖုန်းကို ကိုင်နိုင်လို့ လိုက်အားမကျပါနဲ့။ သူတို့က ဘယ်လို ကားတွေစီးနေတာဆိုပြီးလည်း သိမ်ငယ်မနေပါနဲ့။ အဲဒီအစား ကိုယ့်ပညာရေးမှာ ကြိုးစားပါ၊ အလုပ်မှာ တော်အောင်လုပ်ပါ။ ငွေကြေး မတတ်နိုင်သေးတဲ့အချိန်မှာ လိုအပ်တာ (Needs) နဲ့ လိုချင်တာ (Want) ကို ခွဲခြားပါ။
ဆင်းရဲတဲ့မိဘကနေ မွေးလာတာချင်းအတူတူ တချို့က စိတ်ထွက်ပေါက်ပေးရင်း လူဆိုးလူမိုက်တွေ ဖြစ်လာကြတယ်။ တချို့ကျ ဆင်းရဲတဲ့ဘ၀ကနေလွတ်ဖို့ ငါပညာတတ်မှ ဖြစ်မယ်ဆိုပြီး ကြိုးစားလိုက်တာ ပါမောက္ခကြီးတွေ၊ သူဌေးကြီးတွေ ဖြစ်လာကြတယ်။ ဘာကွာခြားသွားတာလဲ။ အဓိကကတော့ ဘ၀ အပေါ်ထားတဲ့ ခံယူချက် (Attitude to life) ကြောင့်ပါပဲ။
ဒီလို လူငယ်တွေရင်ဆိုင်နေရတဲ့ ပြဿ နာတွေကို ဖြေရှင်းနိုင်ဖို့၊ အင်နဲ့အားနဲ့ရှိနေတဲ့ လူငယ်တွေကို နိုင်ငံ့အရင်းအမြစ်အဖြစ် ပြောင်းပစ်နိုင်ဖို့အတွက် ကဏ္ဍပေါင်းစုံရဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်ပါတယ်။ အစိုးရပိုင်းက တာဝန်ယူရမှာတွေ ရှိပါတယ်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဖွဲ့အစည်းတွေဘက်က လုပ်ရမှာတွေလည်းရှိပါတယ်။ မိဘတွေကလည်း လိုအပ်သလို၊ လူငယ်တွေကိုယ်တိုင်ကလည်း ခံယူချက်မှန်မှန်၊ အသိပညာရှိရှိနဲ့ ဘ၀ကို ဖြတ်သန်းနိုင်ကြဖို့ လိုပါတယ်။
Writer:
ဒေါက်တာ ဖြိုးသီဟ
No comments:
Post a Comment