Wednesday, October 19, 2016

Blueberry Smoothies


ကျန်းမာရေးနဲ့လည်းညီညွတ် အဟာရလည်းဖြစ်တဲ့ အသီးအနှံဖျော်ရည်လေးတွေကို နံနက်စာစားတိုင်း ထည့်သွင်းသုံးဆောင်ပေးမယ် ဆိုရင် တနေ့တာလုံး အားအင်ပြည့်နေမှာအမှန်လို့ ကျနော်ကတော့ ခံယူထားတယ်။ များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ်တကူ ၀ယ်ယူလို့ရမယ့်အသီးအနှံလေးတွေဖြစ်ရင်ကောင်းပေမယ့် ယခုအခါ စူပါမားကတ်တွေလည်းပေါ်လာပြီဖြစ်တာကြောင့် လိုချင်တဲ့ အသီးအနှံတွေကိုဝယ်ဖို့ မခက်ခဲလောက်တော့ပါဘူး။

ယခုပြန်လည်ဝေငှမည့် Smoothie ဖျော်ရည်နည်းလေးတွေက အိန္ဒိယ ၀က်ဘ်ဆိုဒ်တစ်ခုမှ ကူးယူဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ဖို့ကြိုးစာ့းလေ့ကျင့်နေသူများ အထောက်အကူပြုအစားအစာတွေထဲပါဝင်တဲ့သဘောပေါ့။

ပထမဆုံးအနေနဲ့ ကျနော့်အကြိုက် Blueberry သီးလေးတွေနဲ့ဖျော်စပ်တဲ့ ဖျော်ရည်လေးတွေပေါ့ခင်ဗျာ။

(၁) ငှက်ပျောသီး - ဘလူးဘယ်ရီ (Banana-Berry Smoothie)

ပါဝင်ပစ္စည်းများ
လတ်ဆတ်သော ဘလူးဘယ်ရီသီး တစ်ခွက်စာ (1 cup)၊ ငှက်ပျောသီး တစ်ခွက်စာ၊ အခွံခွာပြီး ခြစ်ထားသော လတ်လတ်ဆတ်ဆတ် ဂျင်း စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ နာနတ်သီး အရည် တစ်ခွက်စာ၊ ရေသန့်ရေခဲတုံး သုံး-လေးတုံး။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကို ဖျော်ရည်ကြိတ်စက် (blender) ထဲထည့်ကာ ကြိတ်ခြေလိုက်ပါ။ ကျေညက်ပြီး ချောမွေ့သွားသည်အထိ စိတ်ကြိုက်ခြေဖို့လိုပါတယ်။
ပြီးမှ ဖန်ခွက်သန့်သန့်ထည့်ပြောင်းထည့် ၊ ဘယ်ရီသီးသုံးလေးလုံးထည့်ကာ သုံးဆောင်နိုင်ပါပြီ။

 (၂) ဘလူးဘယ်ရီ - ငှက်ပျောသီး - လဘက်စိမ်း (Blueberry - Banana – Green Tea)

ပါဝင်ပစ္စည်းများ
လဘက်စိမ်း(Green Tea) တစ်ခွက်စာ၊ ပါးပါးလှီးထားသော ငှက်ပျောသီး တစ်ခွက်စာ၊ ဗနီလာအနံ့ပါ နို့တစ်ခွက်စာ၊ ဘလူးဘယ်ရီဒိန်ချဉ် တစ်ခွက်စာ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ရေသန့်ရေခဲ သုံးလေးတုံး။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ဖျော်ရည်စက် (blender) ထည့်ကြိတ်ချေပါ။ အကုန်လုံးရောမွှေကြိတ်ချေပြီး ခပ်ပျစ်ပျစ်ဖြစ်သွားချိန်တွင် ရေခဲသေတ္တာထဲထည့် ခဏအအေးခံကာ သုံးဆောင်နိုင်ပါပြီ။

(၃) ဘလူးဘယ်ရီ - စတော်ဘယ်ရီ (Blueberry Cream Slushy)

ပါဝင်ပစ္စည်းများ
ဘလူးဘယ်ရီသီး တစ်ခွက်စာ၊ စတော်ဘယ်ရီသီး တစ်ခွက်စာ၊ နာနတ်သီးနှင့် လိမ္မော်သီးကြိတ်ထားသော အရည် တစ်ခွက်စာ၊ ဗနီလာဒိန်ချဉ် တစ်ခွက်စာ၊ သကြား လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ရေသန့်ရေခဲ ခြောက်တုံး။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအကုန်လုံးကို Blender ထဲထည့်ကာ ခပ်ပျစ်ပျစ်ဖြစ်သွားသည်အထိ ကြိတ်ချေပါ။ စိတ်ကြိုက်အနေအထားရလျှင် ဖန်ခွက်ထဲပြောင်းထည့်ကာ သုံးဆောင်နိုင်ပါပြီ။

(၄) ဘလူးဘယ်ရီ - သလဲသီး (Blueberry – Pomegranate Smoothie)

ပါဝင်ပစ္စည်းများ
သလဲသီးဖျော်ရည် ခွက်တစ်ဝက်စာ၊ ဘလူးဘယ်ရီသီး တစ်ခွက်စာ၊ နို့ ခွက်တစ်ဝက်စာ၊ ပူစီနံ (Mint) ၃ရွက်။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအကုန်လုံး Blender ထဲထည့်ကာ ကြိတ်ချေပါ။
မင့်န်အရွက်လေးတွေဖြင့်အလှဆင်ရင်း အေးမြကောင်းမွန်သော Smoothie တစ်ခွက်အဖြစ်သုံးဆောင်ပါ။

(၅) ဘလူးဘယ်ရီ Muffin (Blueberry Muffin Smoothie)
ပါဝင်ပစ္စည်းများ
ဘလူးဘယ်ရီသီး ခွက်တစ်ဝက်စာ၊ လိမ္မော်သီးတစ်လုံး အခွံခွာထားပါ၊ ကွေကာအုတ်(Rolled Oats)အဖတ် ခွက်တစ်ဝက်စာ၊ သစ်ဂျပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ပုံ၊ ဗနီလာနံ့ Almond Milk တစ်ခွက်စာ။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများကို Blender ထဲထည့်ကာ ခပ်ပျစ်ပျစ်ဖြစ်တဲ့အထိ ကြိတ်ချေပါ။
ရေခဲထည့်ပါ။
သစ်ဂျပိုးအမှုန့်လေး အပေါ်ကခပ်ပါးပါးဖြူးပါ။ ပြီးတော့ လတ်ဆတ်တဲ့ ဘလူးဘယ်ရီသီးအချို့ထပ်ထည့်ကာ အလှဆင်သုံးဆောင်နိုင်ပါပြီ။

စာကြွင်း။ ။ ဖျော်ရည်လေးတွေကို အေးအောင်ရေခဲတုံးလေးတွေထည့်သောက်ကြသလို ရေခဲထည့်မသောက်ချင်ရင် ရေခဲသေတ္တာထဲ အချိန်အနည်းငယ်ထည့်အအေးခံကာသုံးဆောင်နိုင်ပါသည်။ ပါဝင်ပစ္စည်းလေးတွေကြိတ်ခြေပြီး ဖန်ခွက်ထဲထည့်ကာ အပေါ်က အသီးအနှံလေးအချို့နဲ့အလှဆင်တည်ခင်းနိုင်တာပေါ့နော်။ ကွေကာအုတ်အဖတ်ကတော့ စူပါမားကတ်တွေမှာရတတ်ပါတယ် နို့ထဲထည့်စားဖို့ အခြားနေရာတွေမှာအသင့်သုံးဖို့ပြင်ဆင်ထုတ်ပိုးရောင်းချတတ်ကြပါတယ်။

No comments: