ကဗျာ၊ ဂီတ၊ ပန်းချီနှင့် ပန်းပုတို့သည် လူ့ယဉ်ကျေးမှုတွင် အစောဆုံး ပေါ်ပေါက်ခဲ့သော အနုပညာ ပုံသဏ္ဌာန်များ ဖြစ်၏။
ထိုအနုပညာများနှင့် ၀တ္ထု အနုပညာကို နှိုင်းယှဉ်လိုက်လျှင် ၀တ္ထု ပေါ်ပေါက် လာသည်မှာ မကြာသေးပါ။ အထက် ဖော်ပြပါ အနုပညာများထက် အလွန် နောက်ကျပြီး ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ် ၀တ္ထုများသည် ၁၇ ရာစုနှစ် အလယ်ပိုင်းလောက်က ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ဂျွန်ဘန်ယန် (John Bunyan) ရေးသော ဘုရားဖူးခရီးThe Pilgrim's Progress မှာ ပထမဆုံး ပေါ်ထွက် လာခဲ့သော အင်္ဂလိပ် ၀တ္ထုဖြစ်သည်ဟု သတ်မှတ် ထားခဲ့ကြလေသည်။
စကားပြေ အရေးအသားသည် ကဗျာထက် နောက်ကျပြီး ပေါ်ပေါက်လာခြင်းလည်း ဖြစ်၏။ ၀တ္ထုသည် စကားပြေ ဖြစ်သည်။ အလယ်ခေတ်က ၀တ္ထုနှင့် ပတ်သက်ပြီး အမြင် အမျိုးမျိုး၊ သဘောထား အမျိုးမျိုး ရှိကြသည်။ ရူပက အလင်္ကာများဖြင့် ရေးဖွဲ့ထားသော ၀တ္ထုများ ပေါ်ပေါက်ခဲ့ပါသည်။ ဒန်နီရယ်ဒီဖိုး (Daniel Defoe) ရေးခဲ့သော ၀တ္ထုများမှာ သတင်းအချက်အလက်ကို အခြေခံပြီး ရေးသားသော ၀တ္ထုများ ဖြစ်သည်ဟု ဆိုကြသလို ထိုဝတ္ထုများနှင့် ပတ်သက်ပြီး မတူသော အမြင်များ၊ ကွဲပြားသော ဝေဖန်ချက်များ ရှိခဲ့ပါသည်။ ၁၈ ရာစု အလယ်ပိုင်း ရောက်သောအခါ ၀တ္ထု၏ ရေစီးကြောင်းမှာ ပို၍ ပီပြင်လာပါသည်။ မြစ်တစ်စင်းမှ မြစ်ရေ စီးဆင်းသလို ၀တ္ထုများကိုလည်း အဆက်မပြတ် ရေးသားလာကြသည်။
ထိုကာလတွင် ၀တ္ထု ရေစီးကြောင်းမှာ အဓိက စာပေသစ် ပုံသဏ္ဌာန်ဖြင့် တွင်ကျယ်လာသည်။ အင်္ဂလိပ် ၀တ္ထုတွင် ဖီးလ်ဒင်းနှင့် ရစ်ချက်ဆင်(Fielding and Richardson) တို့၏ ၀တ္ထုများသည် လူအများ နားလည် သဘော ပေါက်နိုင်သည့် စကားပြေ အရေးအသားများ ဖြစ်၏။ ယနေ့ အထိလည်း နားလည်လက်ခံ နေဆဲဖြစ်သည်။ ယခုအချိန်ထိ ဆိုလျှင် ၀တ္ထု၏ သက်တမ်းမှာ နှစ်ပေါင်း ၂၀၀ ခန့်သာရှိပါသေးသည်။ သို့သော် စကား ပြေဖြစ်သော ၀တ္ထုသည် စာပေပုံ သဏ္ဌာန် တွင် ယနေ့ ကာလ၌ အတွင်ကျယ်ဆုံး ဖြစ်လာလေသည်။
ဝတ္ထုကို လူသိများ လာသည်မှာ ကဗျာ သို့မဟုတ် ပြဇာတ်နှင့် ဆက်နွှယ်၍လည်း လူသိများ လာသည့် အကြောင်း အချက်တစ်ချက် ဖြစ်သည်။ စကားပြေဖြစ်သော ၀တ္ထုကို ဖတ်ရ သည်မှာ လွယ်ကူ ချောမွေ့သောကြောင့် ပိုပြီးနှစ်ခြိုက်လာခြင်း ဖြစ်သည်။ ယခင် က ပြဇာတ် ကြည့်ခြင်းနှင့် ကဗျာဖတ် ခြင်းကို စိတ်ဝင်စားကြသော်လည်း ၀တ္ထု ပေါ်လာသော အခါ ပိုပြီးသက်သာ လွယ်ကူ၍ ပိုပြီးအာရုံစိုက်လာကြသည်။ ကဗျာတွင် ရေးဖွဲ့မှုနှင့် ပတ်သက်ပြီး နည်းပညာရှိ၏။ ထို့ပြင် ကဗျာ၊ ဗဟု သုတနှင့် ရေးဖွဲ့ပုံကိုလည်း နားလည်ရမည် ဖြစ်သည်။ သံစဉ်၊ စိတ်ကူးယဉ်မှု စသည့် အချက်များမှာ ကဗျာထဲတွင် ရှိသည်။ ကဗျာ၏ အဖွဲ့အနွဲ့တွင် ဝေါဟာရကို သဘော ပေါက်နားလည်ဖို့နှင့် ထိုးထွင်းမြင်နိုင်သော အသိဥာဏ်လည်း ရှိဖို့လိုလေသည်။ ပြဇာတ်မှာမူ ဇာတ်စင်ပေါ်တွင် ကပြရန် ရည်ရွယ်လေသည်။ ပြဇာတ်တွင် ကြည်နူး စရာပါ၏။ ပြဇာတ်တွင် နည်းပညာပိုင်းလည်း လိုအပ်သည်။ ဇာတ်စင်ပေါ်တွင် ကပြရမည့်ဇာတ်ဆောင်များ၏ အရည်အချင်းလည်း လိုအပ်ပါသည်။
လူကြိုက်များသော ၀တ္ထုတွင် အလွန် အရေးကြီးသောအကြောင်း ရှိပါသည်။ ထိုအကြောင်းမှာ ၀တ္ထုသည် ဇာတ်လမ်းကို ပြောပြခြင်းဖြစ်သည်။ ဇာတ်လမ်းအစ၊ အလယ်၊ အဆုံးကို ၀တ္ထု၌ အစီအစဉ် လိုက်ဖော်ပြသွားလေသည်။ ၀တ္ထုသည် ဇာတ်လမ်း ဆင်ထားသော စကားပြေဖြစ်၏။ ထို့ကြောင့် အမှန်ဖြစ်ပေါ်နေသော ဇာတ်လမ်းကို ပြန်ဖော်ပြခြင်းမှာ ၀တ္ထုဖြစ်ပါသည်။
ထို့သို အဖြစ်မှန် တစ်ခုကို တင်ပြရာတွင် နာမည်များ၊ နေ့စွဲများနှင့် အဖြစ်အပျက်များကို လွှဲပြောင်း၍ဖော်ပြခြင်းဖြစ်၏။ ၀တ္ထု ထဲမှ ဇာတ်ကောင်များမှာ အမှန်တကယ် ဖြစ်နိုင်ခြေ ရှိသူများ အကြောင်းကို စာရေးဆရာက သူ၏ စိတ်ကူးဖြင့် တင်ပြခြင်းဖြစ်သည်။ စာပေ ဝေဖန်ရေးဆရာ တစ်ယောက်က ရေးသားထားသည်မှာ “အင်နာက ရီနီနာ ၀တ္ထုကို အနုပညာ လက်ရာ တစ်ခုပဲလို့ မယူဆနဲ့။ လူ့ဘ၀ ဖြစ်စဉ်ကြီးရဲ့ ဘ၀တစ်ခု ဖြစ်တယ်လို့ နားလည်ရမယ်။ စာရေးဆရာဟာ တကယ်ဖြစ်ပျက် နေတာတွေကို သူ မြင်တဲ့အတိုင်း ရေးချတာပဲ။ သူ့ရဲ့ဝတ္ထုမှာ အနုပညာပိုင်းက အားနည်း သွားတာလည်း ပါချင်ပါမယ်။ တကယ့် အဖြစ်အပျက်ကို အခြေခံပြီး ရေးသားတာလည်း ဖြစ်မယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်ရ လိမ့်မယ်”ဟု ရေးထားခဲ့ပါသည်။
ဝတ္ထုရေး ဆရာများသည် ဘ၀ကို သရုပ်ဖော်ခြင်း ဖြစ်၏။ ဘ၀၏အဖြစ်အပျက်ကို စိတ်ကူးဖြင့်ရေးသားခြင်းလည်း ဖြစ်သည်။ စာရေး ဆရာ၏အတွေ့အကြုံ၊ စာရေးဆရာ၏ မျက်မြင်များကို စိတ်ကူးပြီး ဖွဲ့နွဲ့ခြင်းလည်း ဖြစ်သည်။ သူ့ဝတ္ထုထဲမှာ ဇာတ်လမ်းများသည် တကယ့်အဖြစ်အပျက်ကို အခြေခံ ထားသည်။ သူ ကြုံခဲ့ရသော ဘ၀များကို အခြေပြုရန် ၀တ္ထုအဖြစ် ရေးဖွဲ့ထားပါသည်။ ၀တ္ထုသည် စာဖတ်သူကို သွယ်ဝိုက်၍ စာရေး ဆရာ၏ အတွေ့အကြုံအား သိစေသည်။ စာဖတ်သူအား စာရေးဆရာ သိရှိထားသော အကြောင်းအရာကို ပြန်လည် ခံစားစေသည်။ အမှန်တကယ် တွေ့ကြုံခဲ့သော အဖြစ်အပျက်နှင့် စိတ်ကူးထားသော ဇာတ်လမ်း တို့ကိုလည်း စာဖတ်သူအား လွှမ်းမိုး စေလေသည်။ ၀တ္ထုက သာမန် ကိစ္စလေးများကို အလေးထား ဖော်ပြသည်ထက် စိတ်ဝင်စားစရာ ကောင်းသော အဖြစ်အပျက်များကို ရိုးရိုးရှင်းရှင်း ဖွဲ့နွဲ့တင်ပြခြင်းလည်း ဖြစ်ပါသည်။
လူအများ သဘောကျ နှစ်ခြိုက်သော ၀တ္ထုသည် အချက်အလက်ပေါ် အမှီပြုပြီး ရေးဖွဲ့ထား၏။ စာရေးဆရာက ဖန်တီးလိုက်သော ကမ္ဘာလေးထဲသို့ ကျွန်တော် တို့ကို ဆွဲခေါ်သွားသည်။ ၀တ္ထုပါ ဇာတ်ကောင်များ အကြောင်းနှင့် ၀တ္ထု ဇာတ်လမ်းကို သိချင်၊ နားလည်ချင် စိတ်ဖြင့် ၀တ္ထုနောက်ကို ပါသွားလေသည်။ ၁၇ ရာစုနှစ်က ဖီးလ်ဒင်းနှင့် ရစ်ချက်ဆင်တို့၏ ၀တ္ထုများမှာ လူကြိုက်များပြီး ထင်ရှားသလို ၁၉ ရာစုနှစ်တွင် ဂျိန်းအော်စတင် (Jane Austen) နှင့် တခြား စာရေး ဆရာများ၏ ၀တ္ထုများမှာလည်း လူကြိုက်များသည်။ ၂၀ ရာစုနှစ် စာရေး ဆရာများ၏ ၀တ္ထုများမှာ ဇာတ်ကောင်၏ စိတ်ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ရေးသားလာကြသည်။ လက်မှု ပညာရှင် တစ်ယောက်က လက်ရာမြောက်သော ပန်းပု လက်ရာ တစ်ခုကို ထုလုပ်သကဲ့သို့ ၂၀ ရာစုနှစ် ၀တ္ထုရေး ဆရာများ၏ ၀တ္ထုများမှာ ဇာတ်ကောင်များကို ပီပီပြင်ပြင် ပုံဖော်နိုင်ခဲ့လေသည်။ ၀တ္ထုရေး ဆရာသည် သူ၏ ၀တ္ထုဇာတ်လမ်းနှင့် ဇာတ်ကောင်များမှ တစ်ဆင့် ခေတ်၏ ၀ိညာဉ်နှင့် လူသား၏ ယဉ်ကျေးမှုကို ကမ္ဘာကြီးကို တင်ပြနိုင်ခဲ့သည်။ ၀တ္ထုသည် ခေတ်ကို ကိုယ်စားပြုနိုင်ခဲ့လေသည်။
လူသား၏ ကမ္ဘာသည် လူသား၏ ချစ်ခြင်း မေတ္တာဖြင့် ယှက်နွယ်ရစ် လိမ်နေပုံကိုလည်း ၀တ္ထုက ဖော်ပြနိုင်သည်။ ထာဝရ တည်မြဲ နေသော မေတ္တာတရား၊ ဖြေဖျောက်၍ မရနိုင်သော ကြေကွဲမှု၊ မချေဖျက်နိုင်သည့် လက်စားချေမှု စသည်တို့ဖြင့် ၀တ္ထုထဲတွင် ၀တ္ထုရေး ဆရာက စာဖတ်သူကို သိမ်းကျုံး ဆွဲငင်သွားသည်။ ၀တ္ထု ရေးသူသည် သူဖန်တီးလိုက်သော ကမ္ဘာကြီးကို စာဖတ်သူ၏ ရင်ထဲသို့ ထည့်ပေးလိုက်သည်။ စာရေးဆရာ၏ ယဉ်ကျေးမှု၊ လူများ၏ ဘ၀လမ်းများ စသည်တို့မှာ စာဖတ်သူထံ ရောက်ရှိ သွားသလို လောကတွင် ဖြစ်ပျက်နေသော ဘ၀များနှင့် လှုပ်ရှားမှုများကလည်း စာရေး ဆရာ၏ ဘ၀ကို လွှမ်း မိုးရိုက်ခတ်ပြီး ၀တ္ထုများ ဖန်တီးလာ နိုင်သည်။
ထို့ကြောင့် ၀တ္ထုရေး ဆရာက ဖန်တီးဖွဲ့နွဲ့လိုက်သည့် ၀တ္ထုသည် လူ့ဘ၀၏ အဖြစ်မှန်များနှင့် ဆက်နွှယ် နေသောကြောင့် လူအများက ၀တ္ထုကို နှစ်သက် သဘောကျခြင်း ဖြစ်ပါသည်။ တော်စတွိုင်း (Tolstoy), ဒေါ်စတော် ယက်ဗ်စကီး (Dostoyevsky), ဘောရစ် ပါစတာနက်(Boris Pasternack), ချားစ် ဒစ်ကင်း (Charles Dickens), သော မတ်ဟာဒီ (Thomas Hardy), ဂရေဟမ် ဂရင်း (Graham Greene), နော်မန်မေလာ (Norman Mailer), ဆောလ်ဘဲလိုး(Saul Bellow) စသည့် စာရေး ဆရာများသည် လူ့ဘ၀ အကြောင်းကို ထိုးဖောက်ရေး သားနိုင်ခဲ့သော စာရေးဆရာများ ဖြစ်သည်။ ရုရှား လူမျိုးများနှင့် သူတို့၏ ဘ၀များ အကြောင်းကို ထိုးဖောက်ပြီး ရေးသားနိုင်စွမ်း ရှိလေသည်။
ဝတ္ထုတစ်ပုဒ်တွင် ၀တ္ထုနှင့်ပတ် သက်သော အင်္ဂါရပ်များ ရှိသည်။ ထိုအင်္ဂါရပ်များမှ ဇာတ်လမ်း၊ ဇာတ်ကောင်၊ စကားပြောခြင်း၊ ပတ်ဝန်းကျင်၊ နောက်ခံ အခြေအနေ၊ အရေးအသားနှင့် ဘ၀ အဘိဓမ္မာ တို့ဖြစ်ပါသည်။ (Plot, Character, Dialogue, Setting, Style and Philosophy of Life) ဇာတ်လမ်းကို ကျွန်တော်တို့ အားလုံး စိတ်ဝင်စားကြသည်။ ရင်တထိတ်ထိတ်ဖြင့် ကျွန်တော်တို့ စိတ်ကို ဆွဲခေါ်သွားသော ဖန်တီးမှုမျိုး ရှိလျှင် ဇာတ်လမ်းကောင်း ဖြစ်ပေ သည်။ ဇာတ်ကောင် စရိုက်ကို ဖော်ပြမှုမှာလည်း အလွန်ကို ထိရောက်သည်။ ပီပြင်လှသော ဇာတ်ကောင်စရိုက်က ကျွန်တော်တို့ရင်ကို ထိမှန်စေပြီး ရင်ထဲခံစားရအောင် ဇာတ်ကောင်က ဆွဲခေါ်သွားပါသည်။ စာဖတ်သူသည် ၀တ္ထုထဲမှ ဇာတ်ကောင်နှင့်အတူ ၀တ္ထုထဲ မျောပါသွားလေသည်။
တချို့ဝတ္ထုများ ဆိုလျှင် ကျွန်တော်တို့ ကိုယ်တိုင် ကြုံ တွေ့ရသော ဇာတ်လမ်းများနှင့် တူညီနေသဖြင့် ကျွန်တော်တို့ ကိုယ်တိုင် ဇာတ်ကောင်နှင့် အတူ ခံစားရလေသည်။ ၀တ္ထု တစ်ပုဒ်တွင် စကားပြောခြင်းမှာ အရေးပါလှသည်။ စာရေးဆရာက ဇာတ်ကောင်များ စကားပြောမှုကို ဖန်တီးထားရာတွင် ထိုစကား ပြောထဲ ဇာတ်လမ်းက ပါသွားသည်။ စကားပြောခန်းက ဇာတ်ကောင်၏ စရိုက်ကို လည်း ဖော်ပြသည်။ ဒေါသထွက်ခြင်း၊ သည်းခံခြင်း၊ မေတ္တာကြီးခြင်း၊ ပူဆွေးသောက ရောက်ခြင်းတို့ကို စကားပြောခန်းထဲ၌ ဖန်တီးသွားသည်။ ကျွန်တော်တို့ စာဖတ်သူ များမှာလည်း စကားပြောခန်းထဲ မျောပါသွားသည်။ ၀တ္ထု၏ နောက်ခံ အခြေအနေမှာလည်း မပါမဖြစ်သော အချက်ဖြစ်ပါသည်။ တိုင်းပြည်၊ မြို့ရွာ၊ ရပ်ကွက် စသည့် နေထိုင်သည့် နေရာများကို ဖော်ပြသလို တောထဲမှာ၊ ပင်လယ် ကမ်းစပ်မှာ စသဖြင့် ဇာတ်လမ်း ဖြစ်ပေါ်လာရသည့် နေရာထိုင်ခင်းနှင့် ဒေသ ပတ်ဝန်းကျင်ကို ဖော်ပြရာတွင် စာဖတ်သူ ကိုယ်တိုင် ထိုပတ်ဝန်းကျင် ဒေသကို မျက်စိထဲ ၀င်လာစေပါသည်။ အရေး အသားမှာလည်း ၀တ္ထု တစ်ပုဒ်တွင် အရေးကြီး၏။
စာရေးဆရာက ၀တ္ထု ဇာတ်ကြောင်းကို ပြောနေသူ ဖြစ်ပါသည်။ ရှေ့ကို ဘာဖြစ်မည်။ ဘာလုပ်မည်များကို စာဖတ်သူ ရင်ထဲ စွဲငြိအောင် ရေးနိုင်ရန် လိုအပ်လှသည်။ ဖော်ပြနိုင်စွမ်း ရှိလျှင် ရှိသလောက် အရေးအသား ကောင်းလျှင် ကောင်းသလောက် ၀တ္ထုမှာ ပေါ်လွင်စေပါသည်။ နောက်ဆုံး အချက်ဖြစ် သော ဘ၀ အဘိဓမ္မာမှာ ၀တ္ထု၏ အသည်းနှလုံး ဖြစ်၏။ ၀တ္ထု၏ အာဘော် (Theme) မှာ ၀တ္ထု၏ ဘ၀ အဘိဓမ္မာ ဖြစ်၏။ ထိုဝတ္ထုသည် ဘ၀အပေါ် ဘယ်လို မြင်သလဲ။ ကမ္ဘာ့ အမြင်ကို ဘယ်လို နားလည်သလဲ။ ခံစား ဖော်ထုတ်သလဲ ဆိုသည်မှာ စာရေးဆရာ၏ ဘ၀အမြင်၊ အဘိဓမ္မာတို့ ဖြစ်ပါသည်။
ထိုသို့အင်္ဂါရပ်များကို ပေါင်းစပ်လိုက်သည့် အခါ ၀တ္ထုတစ်ပုဒ် ဖြစ်လာပါသည်။ ထိုအင်္ဂါရပ်များမှ တစ်ခုချင်းစီကို ပီပြင်အောင် ဖော်ပြနိုင်လျှင် အနုပညာမြောက်သော ၀တ္ထုတစ်ပုဒ် ဖြစ်လာပေတော့သည်။ ၀တ္ထုတစ် ပုဒ်ကို သဘောကျခြင်း၊ ကဗျာတစ်ပုဒ်၊ ပြဇာတ် တစ်ပုဒ်ကို သဘောကျခြင်းမှာ ထိုဝတ္ထု၏ ဂုဏ်အင်္ဂါရပ်များကို ပီပြင်အောင် ဖော်ပြနိုင်စွမ်း ရှိသဖြင့် ရသမြောက်သော ၀တ္ထုတစ်ပုဒ် အဖြစ် စာဖတ်သူများက သတ်မှတ်ခြင်းဖြစ်သည်။ ၀တ္ထု သို့မဟုတ် ကဗျာ သို့မဟုတ် ပြဇာတ်တစ်ပုဒ်ကို ကာလ တစ်ခုတွင် ဖတ်လိုက်ပြီး နှစ်ခြိုက် သဘောကျခဲ့ပါလျှင် ထိုအနုပညာသည် ပြောင်မြောက်သည်ဟု ဆိုရမည်။
ဝတ္ထုရေး ဆရာ၏ ရည်ရွယ်ချက်များမှာ လက်တွေ့ကျပြီး ဘ၀၏ အဖြစ်မှန်ကို ဖော်ပြခြင်းဖြစ် သည်။ သူ၏ဖန်တီးမှုသည် ဇာတ်လမ်းဖြင့် တည်ဆောက်ထားသော ကမ္ဘာကြီးကို ဖန်တီးခြင်းလည်း ဖြစ်သည်။ ကမ္ဘာကြီးထဲမှ အဖြစ်အပျက်များအား အရောင်စုံ၊ အသွေးစုံဖြင့်ခြယ်သပြီး စိတ်လှုပ်ရှားစရာ ရှိလျှင် စိတ်လှုပ်ရှား သွားရန်၊ ကြေကွဲစရာ ရှိလျှင် ကြေကွဲ သွားစေရန်၊ ဒေါသ ဖြစ်စရာရှိလျှင်လည်း ဒေါသ ဖြစ်သွားစေရန် စာရေး ဆရာက ဖန်တီးမှုရှိရမည်။ ဖော်ပြပါ အင်္ဂါရပ်များမှာ ၀တ္ထုတစ်ပုဒ်၊ ပြဇာတ် တစ်ပုဒ်တွင် ပါရှိရမည့် အချက်များ ဖြစ်ပါသည်။ ပြဇာတ် တစ်ပုဒ်မှာ ၀တ္ထု တစ်ပုဒ်ကဲ့သို့ ထိုအချက် များ ပြည့်စုံရန် မလိုပါ။ ၀တ္ထု တစ်ပုဒ်မှာမူ ပြဇာတ်ထက် ပိုပြီး အင်္ဂါရပ်များပါ ရှိရန် လိုအပ်ပါသည်။
ဝတ္ထုသည် နှောင်းမှ ပေါ်ပေါက်ခဲ့သော်လည်း စာဖတ်သူများ ကို လွှမ်းမိုးနိုင်စွမ်း ရှိသည်မှာ ယခင်က ပေါ်ခဲ့သော ပြဇာတ်၏ အင်္ဂါရပ်များကို ထပ်မံတိုးချဲ့ ယူငင်ပြီး ဖန်တီးနိုင်၊ ဖော်ပြ နိုင်စွမ်း ရှိသဖြင့် ၀တ္ထု၏ ပရိသတ်မှာ ပိုမို အားကောင်းလာခြင်း ဖြစ်သည်။ စာပေ အနုပညာတွင် ၀တ္ထုသည် အကျယ် ပြန့်ဆုံးဖြစ်၏။ စာဖတ်ပရိသတ်က လည်း ပြဇာတ်ထက် ၀တ္ထုကို ပိုစိတ် ၀င်စားကြသည်။ ၀တ္ထုသည် ဘောင် ခတ်ထားခြင်းမရှိဘဲ စိတ်ကူးလျှင် ကူးသလောက် စာဖတ်သူက လိုက်သွားနိုင်စွမ်း ရှိသည်။ ၀တ္ထုကို အိပ်ရာပေါ်လှဲရင်း ဖတ်၍ရသည်။ လက်တင်ကုလားထိုင် ပေါ်ထိုင်ရင်း ဖတ်၍ရသည်။ ထိုနေရာ ကျဉ်းကျဉ်းလေးမှနေ ၀တ္ထု ခေါ်ဆောင်ရာ ကမ္ဘာကြီးအနှံ့ စာဖတ်သူက လိုက် သွားနိုင်သည်။ ပြဇာတ်မှာမူ နေရာကျဉ်း ကျဉ်းလေးတွင် မရ။ ဇာတ်ခုံရှိမှသာ ပြဇာတ်ဖန်တီး၍ ရလေသည်။
ဝတ္ထု၏ ကျယ်ပြန့်မှုနှင့် ပျော့ပျောင်းမှုကို ၀တ္ထုရေးဆရာက ဖန်တီး နိုင်သည်။ ၀တ္ထု၏ ဇာတ်လမ်း၊ ၀တ္ထု၏ စာကြောင်း စာပိုဒ်များကို သရုပ်ဖော် ရာတွင် ၀တ္ထုရေးဆရာ၏ ဖန်တီးမှုအရ သာ အလျော့အတင်း ရှိနိုင်လေသည်။ အဘိဓမ္မာ၏ လေးနက်မှု၊ ကြီးမားကျယ် ပြန့်မှုကို ၀တ္ထုရေးဆရာက စာဖတ်သူ နားထဲ ၀င်သွားအောင်၊ စာဖတ်သူပြစ် တင်ရှုတ်ချလာအောင် ရေးသားဖန်တီး နိုင်ရမည်။ ဆွေးနွေးမှုများ၊ အငြင်းပွား မှုများ၊ မင်းသားမင်းသမီးတို့၏ ရင်းနှီး ဆက်နွှယ်မှုများ စသည်တို့ဖြင့် စာဖတ် သူကို ဆွဲခေါ်သွားနိုင်အောင် ၀တ္ထုရေး ဆရာက ဖန်တီးနိုင်သည်။ ၀တ္ထုရေး ဆရာက သူ့ဇာတ်ကောင်ကို စာဖတ်သူ မုန်းတီး စေလိုလျှင် မုန်းတီးအောင် ရေးပြနိုင်သည်။ ကြေကွဲစရာကောင်း သော ဇာတ်ကောင်၏ အဖြစ်အပျက်ဖြင့် လည်း စာဖတ်သူကိုမျက်ရည်ကျအောင် လုပ်နိုင်သည်။
ဝတ္ထု ရေးသူက သူ့ဇာတ်ကောင်များကို ဖန်တီးရာတွင် တချို့ ဇာတ်ကောင်များကို နိုင်နိုင်နင်းနင်း ဖန်တီး နိုင်သလို တချို့ဇာတ်ကောင်ကို မနိုင်ဘဲ စာရေးဆရာက အတင်းလိုက် ဆွဲခေါ်ရသည်မျိုးလည်း ရှိသည်။ စာ ဖတ်သူအများစုမှာ ၀တ္ထု၏ ထင်ရှားမှုနှင့် စာရေးဆရာ၏ ကျော်ကြားမှု အပေါ် လိုက်၍ ဖတ်ကြခြင်းဖြစ်သည်။ ၀တ္ထု တစ်ပုဒ်၏ အကောင်း၊ အဆိုးကို စာဖတ် သူကသာ ရွေးချယ်သွားပါသည်။ စာဖတ်သူ သတ်မှတ်သည့် အတိုင်း စာအေရး ဆရာနှင့် ၀တ္ထုမှာလည်း အောင်မြင်မှု၊ ရှုံးနိမ့်မှုများ ဖြစ်ပေါ်လာရလေသည်။ စာဖတ်သူ အများအပြားသည် ၀တ္ထုနှင့် ပတ်သက်သော လူသားတို့၏ ဆက်ဆံ ရေး၊ ၀တ္ထုထဲတွင် ပါဝင်သော လူ့သဘာ ၀နှင့် သိမ်မွေ့နက်နဲမှုများကို မိမိတို့ ဘ၀နှင့် နှိုင်းယှဉ်၍ သဘောကျခြင်း၊ မကျ ခြင်းများ ဖြစ်ပေါ်လာသည်။ ထိုသဘော တရားများကို ဝေဖန် ဆန်းစစ်လိုခြင်း မရှိ။ ဝေဖန် ဆန်းစစ်စရာလည်း မလို။ ၀တ္ထုထဲပါသော ဇာတ်ကောင်များ၏ ၀မ်းနည်းမှု၊ ဒေါသဖြစ်မှု၊ ပျော်ရွှင်မှု စသည်တို့ကို ဇာတ်ကောင်နှင့် အတူ ခံစားကြသည်။ ၀တ္ထုများတွင် ရေးဟန် အမျိုးမျိုး၊ တင်ပြပုံအမျိုးမျိုး ရှိပါသည်။
ထိုအကြောင်း အရာများမှာ အဓိက မကျဘဲ ဖော်ပြခဲ့သော ၀တ္ထု အင်္ဂါရပ်များ အတိုင်း ၀တ္ထုရေးဆရာက ဖန်တီးနိုင်ပြီး ထိုအင်္ဂါရပ်များကို သဟဇာတ ဖြစ်အောင် ဖော်ပြနိုင်လျှင် စာဖတ်သူက ထိုဝတ္ထုကို သဘောကျ လက်ခံနိုင်လေသည်။ စာဖတ်သူသည် ဇာတ်လမ်းကို စိတ်ဝင်စား၏။ ဖန်တီးလိုက်သော ဇာတ်လမ်း၏ ရင်တုန်စရာ ကောင်းလောက်သော ဖန်တီးမှုကိုလည်း နှစ်ခြိုက်လေသည်။ ထိုသို့ စာဖတ်သူကို ဆွဲခေါ်သွား နိုင်သော ၀တ္ထုမျိုးနှင့် ၀တ္ထုရေး ဆရာမှာ အောင်မြင်ကြပါသည်။
ဝတ္ထုရေး ဆရာမှာ အနုပညာရှင် တစ်ယောက်သာ မဟုတ် စိတ်ပညာရှင် တစ်ယောက်၊ လူမှုဗေဒပ ညာရှင်တစ် ယောက်လည်း ဖြစ်ပါသည်။ သမိုင်း ပညာရှင်၊ နိုင်ငံရေးလေ့လာ ဆန်းစစ်သူလည်း ဖြစ်ပါသည်။ ၀တ္ထုရေးဆရာ သည် ကိုယ်ကျွမ်းဝင်သော အဘိဓမ္မာ၊ နိုင်ငံရေး၊ လူမှုရေး၊ သမိုင်း၊ စိတ်ပညာ စသည်တို့ကို ထဲထဲဝင်ဝင် သူလေ့လာလျှင် လေ့လာမှု ရှိသလောက် သူ့ဝတ္ထု မှာ အားကောင်းနိုင်သည်။ သူ့ဝတ္ထုထဲတွင် သူသန်သော အဘိဓမ္မာ၊ အတွေး အခေါ်၊ အယူအဆတို့ကို ဖော်ပြနိုင်လျှင်၊ သူ့အရေးအသား အားကောင်းလျှင် ကောင်းသလောက် ပီပြင်နိုင်ပါသည်။
လူတို့၏ သဘော သဘာဝများ၊ လူတို့၏ ပြဿနာရပ်များ၊ ဘ၀များကို ၀တ္ထုရေး ဆရာ ဖန်တီးချင်၊ ဖော်ပြချင်သော ရှုထောင့်မှ နေ၍ စာဖတ်သူကို သိသာ စေပါသည်။ မဒမ်ဘို ဗာဒီ (Madame Bovary), လောလီတာ (Lolita), ဟာ ဇော့(Herzog) စသည့် ၀တ္ထုများမှာ စာရေး ဆရာများက သူတို့ ကျွမ်းဝင်သော ဘ၀၊ ဖြတ်သန်းခဲ့သော ဘ၀၊ သူတို့ နားလည်ခဲ့သော ဘ၀များနှင့် ရေးသားခဲ့ ခြင်းဖြစ်၏။ ထိုသို့ဘ၀များကို နက်နက်ရှိုင်းရှိုင်း ဖြတ်သန်းခဲ့သလို ပြောင် မြောက်သော အရေးအသားများနှင့် ဖော်ပြ နိုင်သဖြင့် ထိုဝတ္ထုများ ကျော်ကြားခဲ့ခြင်း ဖြစ်သည်။ ၀တ္ထုသည် ကောင်းလျှင် ကောင်းသလောက်၊ အဆင့် အတန်း မြင့်လျှင် မြင့်သလောက်၊ စာဖတ်သူကို သတင်းပေးပို့ နိုင်စွမ်း ရှိပါသည်။ ၀တ္ထု၏ အနီးကပ်ဆုံးမှာ ဘ၀ ဖြစ်ပြီး ထိုဘ၀မှာ အားရှိဖို့ လိုပါသည်။
လူ့သဘာဝ အသိဥာဏ်ပညာနှင့် ပါရမီ ရှိမှုတို့ကို ၀တ္ထုက ဖော်ပြပေးသည်။ ထို့ကြောင့် ၀တ္ထုသည် ဘ၀၏ အမှန်တရား ဖြစ်သည်။ ဘ၀ကို မှန်မှန်ကန်ကန် ရှုမြင် သုံးသပ်နိုင်ဖို့ အတွက် ၀တ္ထုရေး ဆရာက ဖန်တီးရမည်ဖြစ်သည်။
ထက်မြက်
REF: Essays, General Paper
By Thomas Pilo,B.A.
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ၊၂၀၁၀)
Friday, November 12, 2010
Wednesday, November 10, 2010
ထမင်းသုပ်စားရအောင်...
တစ်ခါတလေ ဟင်းကိုအထူးတလည်မချက်ချင်တဲ့အခါမှာ ထမင်းသုပ်စားရတာ လျှာရင်းမျက်စေတာတော့အမှန်ပဲနော်။ အစာပလာကလည်း သိပ်ပြီးအထူးအထွေမလိုပါဘူး။ မီးဖိုချောင်ထဲရှိတဲ့အရာလေးတွေနဲ့ပြီးသွားတာ။
ကဲ...ထမင်းသုပ်စားရအောင်...
ထမင်းသုပ်
ပါဝင်ပစ္စည်းများ
ထမင်း - လိုသလောက်
ပဲမှုန့် - အနည်းငယ်
ကြက်သွန်မြိတ် - အနည်းငယ်
ဆီ - ၁၀ကျပ်သား
ကြက်သွန်နီ - ၂လုံး
ငရုတ်သီးမှုန့် - အနည်းငယ်
ဟင်းချိုမှုန့် - အနည်းငယ်
ငံပြာရည် - အနည်းငယ်
ငရုတ်သီးကြော် - အနည်းငယ်
ငါး - ၂၀ကျပ်သား
ခရမ်းချဉ်သီး - ၃လုံး
မန်ကျည်းရည် - အနည်းငယ်
အဆင့်ဆင့်ပြုလုပ်ပုံ
ပထမဦးဆုံး ခရမ်းချဉ်သီးများကို လိပ်ပြီးရဲလာအောင် ဆီသတ်ထားပါ။ ငါးကိုပြုတ်၍ အရိုးနွှင်ပြီး ကြွပ်သွားအောင် ဆီနာနာ လေးသတ်ပေးပါ။ အရင်ဆုံး ထမင်းကို ပဲမှုန့်နှင့် နယ်ပြီးတော့မှ ဆီသတ်ထားတဲ့ ခရမ်းချဉ်သီးချက်၊ ငါးဆီချက်နှင့် အထက် ပါ အဆာပလာများကို ထည့်၍နယ်ပါ။ ပန်းကန်လုံးထဲသို့ နယ်ထားသော ထမင်းများကိုထည့်၍ ပန်းကန်ပြားတစ်ခုထဲသို့ မှောက်ထည့်လိုက်ပါ။ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့နဲ့ တွဲဖက်၍ စားသုံးနိုင်ပါတယ်။
ဟင်းချိုပြုလုပ်ပုံ
ပထမဆုံး ငါးကိုပြုတ်ပါ။ ငါးပြုတ်ထဲကို ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ်ကိုထည့်ပါ။ ပြီးရင် အသင့်နွှာထား သော ဘူးသီး၊ မှိုခြောက်ပန်းခြောက်နှင့် ကြာဆံများကိုထည့်ပြီး ရေအနည်းငယ်ထည့်ပါ။ သင့်တော်သလို ဆား၊အချိုမှုန့် ထည့်ကာ အပေါ့အငန်မြည်း၍ ထမင်းသုပ်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

7 Deadly skin sins
အသားအရေပျက်စီးစေခြင်းအကြောင်းတရား ၇ချက်
အခုဖော်ပြမယ့် အကျင့်ဆိုးတွေကို ပယ်ဖျောက်နိုင်မယ်ဆိုရင်တော့ ပိုပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိမှာ မလွဲပါဘူး။ အဲဒီ အကျင့်ဆိုးတွေကတော့...
၁။ ၀က်ခြံညှစ်ခြင်း
ဝက်ခြံအဖုအပိမ့်တွေ ညှစ်ခြင်းအားဖြင့် ဘက်တီးရီးယားများ ချွေးပေါက်အတွင်းပိုင်း ပိုမိုဝင်ရောက်ပြီးအနာဖြစ်ကာ အမာရွတ်များ ကျန်ခဲ့ စေပါတယ်။ အကယ်၍ ညှစ်ရမယ်ဆိုသည့် တိုင်အောင်မှ ပထမအကြိမ် ညှစ်လို့မရရင် နောက်ထပ် မကြိုးစားဖို့ အရေပြားဆိုင်ရာ အတိုင် ပင်ခံ Dr. Ang Por ကပြောပါတယ်။ ၀က်ခြံကို ဆက်ညှစ်မယ့်အစား benzoyl peroxide သို့မဟုတ် Salicylic acid ပါသော treatment cream လိမ်းပေးစေလိုပါတယ်။
၂။ အယ်လ်ကိုဟောအလွန်အကျွံသောက်ခြင်း
Dr. Ang ရဲ့အဆိုအရ အယ်လ်ကိုဟော အသောက်များတဲ့အခါ ခန္ဓာကိုယ်မှအရေပြားကို ပျက်စီးစေတဲ့ Free radical များ ပိုမိုထုတ်လုပ် ပါတယ်။ ၄င်း free radical များက စောစီးစွာ အိုးမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်။ ၄င်းအပြင် အယ်လ်ကိုဟောက သွေးကြောတွင်း inflammatory agents ၏ level ကိုတိုးမြင့်စေတဲ့အတွက် အရေပြားကို ပိုပြီး ပျော့တွဲစေပါတယ်။
၃။ မသန့်ရှင်းသောမိတ်ကပ်ဘရှပ်များ သုံးခြင်း
ဖုန်တက်ပြီး မသန့်ရှင်းတဲ့ မိတ်ကပ်ဘရှပ်များ သုံးတဲ့အခါ ချွေပေါက်များ ပိတ်ပြီး ဘက်တီးရီးယားကြောင့် infection ၀င်တတ်ပါတယ်။ မိမိသုံးနေတဲ့ ဘရှပ်များကို shampoo ခပ်ပျော့ပျော့ဖြင့် လစဉ်ဆေးကြောပေးပါ။ ဒါမှမဟုတ်ဖြင့် Make up brush cleanser ပုံမှန်ဆေး ကြောသန့်စင်ပေးပါ။
၎။ မျက်လုံးမကြာခဏပွတ်ခြင်း
မျက်လုံးတစ်ဝိုက်ရှိ အရေပြားဟာ အလွန်ပဲ နုနယ်ပါတယ်။ ၄င်းဧရိယာတစ်ဝိုက်ကို မကြာခဏပွတ်ပေးမယ်ဆိုရင် အရေပြားအောက်မှာ ရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ကုန်ပါတယ်။ ၄င်းအကျိုးဆက်ကြောင့် မျက်အိမ်မို့ဖောင်းခြင်း၊ မျက်ကွင်းညိုခြင်းနှင့် ကြည်လင်မှု မရှိ ဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဝိုက် ယားယံတဲ့အခါ ဂွမ်းတံနှင့် အသာတို့ပြီးသာ အယားဖြေပါ။
၅။ Sunscreen မလိမ်းခြင်း
UVB နှင့် UVB နှစ်မျိုးမှ ကာကွယ်ဖို့ အနည်းဆုံး SPF 30 ပါတဲ့ sunscreen ကို မဖြစ်မနေလိမ်းပေးဖို့လိုပါတယ်။ လိမ်းတဲ့ sunscreen ပမာဏလုံလောက်ဖို့လည်း အရေးကြီးပါတယ်။ sunscreen တစ်ခါညစ်လျှင် လက်ညှိုးအရွယ်အစား ပမာဏက လုံလောက်တယ်လို့ Estee Lauder အလှကုန်ရဲ့ Basic Science Research ဌာနရဲ့ Senior vice president Dr. Daniel Varosh ကပြောပါတယ်။
၆။ ညဘက်မှာ skincare လိမ်းဖို့မေ့ခြင်း
ညဘက် အိပ်နေစဉ်မှာ ခန္ဓာကိုယ်အပူချိန် အနည်းငယ် မြှင့်တက်လေ့ရှိပါတယ်။ skincare လိမ်းထားတဲ့အခါ အရေပြားက ၄င်း skincare ကိုပိုပြီး စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာဝင်ချိန်မှာ မျက်နှာသန့်စင်ပြီး skincare တစ်မျိုးမျိုးလိမ်းပေးခြင်းက အသား အရေလှလိုသူများ မဖြစ်မနေ လုပ် သင့်တဲ့အလုပ်တစ်ခုပါ။
၇။ အားကစား လှုပ်ရှားမှု မရှိခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ အရေပြားရှိ သွေးနှင့် အောက်စီဂျင် လှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပါ တယ်။ ၄င်းအကျိုးဆက်ကြောင့် အသားအရေပိုပြီး ကြည်လင်ဝင်းပစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်မှ အဆိပ် အတောက်များကို ချွေးမှတစ်ဆင့် စွန့်ပစ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အရေပြားကို သန့်စင်ပေးဖို့လိုသလို ရေလုံလောက်စွာ သောက်ပေးဖို့လည်း အရေးကြီးပါတယ်။ သို့မဟုတ်ပါက မကြာခင်မှာ ၀က်ခြံထွက်လာတာမျိုး ကြုံရတတ်ပါတယ်။
Ref: Online

Saturday, November 6, 2010
ရှေးရှေးတုန်းက ရန်ကုန်
(၁) ရန်ကုန်မြို့ကိုစတင်ထူထောင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း (၂၅၀)ကျော်ခဲ့ပြီဖြစ်၏။
(၁၇၅၂-၆၀)နှစ်၌ အလောင်းမင်းတရားကြီး စတင်ထူထောင်ခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။ (၁၈) ရာစုအစပိုင်းအချိန်တွင်က ရန်ကုန်မြို့သည် ဒဂုန်အမည်ရှိ မြို့ကလေးမျှသာဖြစ်သည်။
ထိုမြို့ကလေးမှာ ရွှေတိဂုံစေတီတော် ရှိသောကြောင့် ဒဂုန်ဟုခေါ်တွင်ခဲ့ခြင်းဖြစ်၏။
အလောင်းမင်းတရားကြီးသည် အင်းဝမြို့၊ပြည်မြို့တို့ကို သိမ်းပိုက်ပြီးနောက် ရာမညတိုင်းကို သိမ်းယူရန် ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းလာရာ ဒဂုန်သို့ (၁၇၅၅)ခု၊ ဧပြီလ(၁၇)ရက်၊ ကြာသပတေးနေ့တွင် ဆိုက်ရောက်လေသည်။
ဒဂုန်မြို့သို့ ရောက်လျှင် ဒဂုန်မြို့ဟောင်း၏အနောက်ဖက်တာ(၂၀၀)ကျော်အကွာတွင် မင်္ဂလာတပ်တာဝန်း(၆၂၀)တည်၍ စံနေတော်မူသည်။
ထိုအချိန်က ဒဂုန်မြို့ တည်ရှိရာနေရာ၌ တော၊ချုံ၊အင်တိုင်း၊ ကုန်းကျင်းနှင့် အင်းအိုင်များသာရှိပေသည်။ အလောင်းမင်းတရားကြီးသည် ထိုတောချုံအင်တိုင်း၊ ကုန်းကျင်း အင်းအိုင်ရှိသည့်နေရာများကို ခုတ်ထွင်ရှင်းလင်းတူးဖို့စေပြီးနောက် (၁၇၅၅)ခု၊ မေလ(၂)ရက်၊သောကြာနေ့တွင် တာဝန်း(၁၁၉)သာ ရှိသော မြို့သစ်ကို ကျုံးမြောင်း၊ တံခါး၊ပြအိုး စသော မြို့အင်္ဂါများနှင့် ခုနှစ်ရက်အတွင်းပြီးအောင် တည်ဆောက်စေ၍ ရန်သူများကို ထိုမြို့မှနေ၍ ကုန်စင်အောင် လုပ်ဆောင်တော်မူမည်ဟု အမိန့်တော်ရှိကာ မြို့ဟောင်းအမည် ဒဂုန်အစား မြို့သစ်အမည် ရန်ကုန်ဟု ခေါ်တွင်စေခဲ့ရာ ထိုအချိန်မှ စတင်ပြီး ရန်ကုန်မြို့ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပေသည်။
ရှေးအခါ ဒဂုန်မြို့ဟောင်း၏ အကျယ်အ၀န်းမှာ အရှေ့ဖက်တွင် ငမိုးရိပ်ချောင်း၊ ဘောင်းလင်းအရှေ့လယ်ဝန်းမြေနီအထိ၊ တောင်ဘက်တွင် ထောပုံ(ယခု ဒေါပုံ)၊ အနောက်ဘက်တွင် တလမြို့မြေနှင့် ကျောခိုင်း(ယခု ဒလ)၊ မြောက်ဘက်တွင် မှော်ဘီတောင်ချောင်းအထိရှိသည်။
(၁၇၅၅)ခုနှစ်တွင် အလောင်းမင်းတရားကြီး မြို့စတင်တည်ထောင်စဉ်ကလည်း ကျယ်ဝန်းလှသည်တော့ မဟုတ်ပေ။ ရန်ကုန်မြို့အကျယ်အ၀န်းကို ယခုအခေါ်အဝေါ် အမှတ်အသားများဖြင့် ပြရပါမူ မြောက်ဘက်၌ ဆူးလေဘုရား၊ တောင်ဘက်၌ ရန်ကုန်မြစ်၊ အရှေ့ဘက်တွင် ကုန်သည်လမ်းနှင့် သိမ်ဖြူလမ်းဆုံ ပတ်ဝန်းကျင်၊ အနောက်ဘက်၌ လမ်း(၃၀) ပတ်ဝန်းကျင်တ၀ိုက်လောက်သာ နယ်နိမိတ် အကျယ်အ၀န်းရှိပေသည်။
ထိုအချိန်က အလောင်းမင်းတရားကြီး တည်ထောင်ခဲ့သည့် ရန်ကုန်မြို့သည် ရေပတ်လည် ၀ိုင်းရံနေသော ကျွန်းကလေးတစ်ကျွန်းမျှသာ ဖြစ်ပေသည်။
ရန်ကုန်မြို့၏ အနောက်ဘက် ယခု လသာလမ်းအနီး၌ ဒီရေအတက်အကျရှိသော ချောင်းတစ်ချောင်းရှိခဲ့ပေသည်။
အရှေ့ဘက်က ရိလမ်း(ယခု ဗိုလ်မြတ်ထွန်းလမ်း)အနီး၌ ဗိုလ်တထောင်ချောင်းရှိသည်။
ထိုချောင်းသည် ပုစွန်တောင်ချောင်းနှင့် ဆက်နေရာ ထိုအချိန်က ပုစွန်တောင်နှင့် သန်လျက်စွန်း ဧရိယာကို ဘုရင်မကျွန်းဟုခေါ်ကြလေသည်။
ပုစွန်တောင်သည် ရန်ကုန်မြို့ စတင်တည်ထောင်ကာစကပင် အသိအမှတ်ပြုခံရသည့် ရှေးဟောင်းနေရာတစ်ခုဖြစ်သည်။
ရှေးက ထိုချောင်းအတွင်း၌ ပုစွန်ထောင်သူများ အခြေချနေထိုင်ခဲ့ရာမှ ပုစွန်ထောင်ဟု အမည်တွင်ခဲ့ပြီး ကာလကြာသောအခါ ပုစွန်တောင်ဟူသောအမည် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်၏။
ပုစွန်တောင်သည် မွန်ဘာသာအမည် (ပသုန်ဒုံန်)အသံထွက် ပဆွန်ဒေမှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး ပသုန်(ပဆွန်)မှာ ငါးခု၊ ဒုံ(ဒေ)မှာ တောင်ကုန်းဖြစ်သောကြောင့် တောင်ငါးလုံးဟု အဓိပ္ပာယ်ရပါသည်။
တောင်ကုန်းငါးကုန်းဖြစ်သော မလွှကုန်း၊မအူကုန်း၊သစ်ဆိမ့်ကုန်း၊ပိန္နဲကုန်းနှင့် ညောင်ကုန်းတို့အား အစွဲပြုလျက် ယင်းသို့ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။
(ယင်းကုန်းများမှာ ရန်ကုန်မြို့နယ်နိမိတ်အတွင်း၌ ရှိကြသော ကုန်း(၉၉)ကုန်း၌ အပါအ၀င်ဖြစ်ကြလေသည်။)
ယခုအခါ မလွှကုန်းနှင့် မအူကုန်းတို့မှာ တာမွေမြို့နယ်အတွင်းပါဝင်လျက်ရှိကြပြီး၊ သစ်ဆိမ့်ကုန်း၊
ပိန္နဲကုန်း၊ညောင်ကုန်းတို့မှာ နောင်အခါ၌ ပေတောကုန်း၊ချစ်တီးကုန်းနှင့် ပုရွက်ဆိတ်ကုန်းဟု ခေါ်ဝေါ်လာကြကြောင်း ရေးသားဖော်ပြကြသည်။
ပုစွန်တောင်သည် ညောင်ရမ်းခေတ် အနောက်ဘက်လွန်မင်းလက်ထက်ကပင် ဒဂုံနယ်နိမိတ်အတွင်း၌ ပါဝင်ခဲ့လေသည်။
(၂) ကိုလိုနီခေတ်ကာလက ယခုရွှေဘုံသာလမ်းနေရာတစ်ဝိုက်တွင် ကုန်းဘောင်ခေတ်မှ ဘုန်းကြီးကျောင်းများ ရှိခဲ့လေသည်။
၎င်းတို့မှာ ခင်ကြီးဖြူကျောင်းတိုက်၊ ယင်း၏တောင်ဘက်၌ မဟာပိန္နဲတိုက် ခေါ် ပုဏ္ဏားတိုက်...
အနောက်မြောက်တွင် ဒူးရင်းဆရာတော်တိုက်နှင့် အရှေ့ဘက်၌ရှိသော တောင်ဘီလူးကျောင်းတို့မှာ လူသိများ ထင်ရှားခဲ့လေသည်။
တောင်ဘီလူးကျောင်းဆရာတော်မှာ စစ်သူကြီး မဟာဗန္ဓုလ၏ မြေးတော်စပ်သူဖြစ်သည်။
ဘုန်းကြီးကျောင်းများအတွင်း၌ သစ်ပင်ဝါးပင်များပေါက်ရောက်နေပြီး တောင်ဘီလူးကျောင်းဝင်းအတွင်းမှ ခရေပင်ကြီးနှစ်ပင်မှာ (၁၉၁၅)ခုနှစ်အထိ အထင်အရှားရှိနေခဲ့ပေသည်။
ရန်ကုန်မြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးစကာလက မြို့ကွက်သစ်တည်ဆောက်ရာတွင် မဂိုလူမျိုးများ အခြေချနေထိုင်လာကြသဖြင့် မဂိုလမ်းဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထိုမတိုင်ခင်က ချစ်တီးကုလားများ၏ ချစ်တီးတိုက်ကြီးရှိသောကြောင့် ချစ်တီးလမ်းဟုလည်း ခေါ်ဝေါ်ခဲ့ကြသေးသည်။
ဗြိတိသျှလက်အောက် ရောက်သောအခါမှ မဂိုလမ်းဟု ပြောင်းလဲခေါ်ဝေါ်ကြခြင်းဖြစ်၏။
နောင်အခါတွင် ရွှေအရောင်းအ၀ယ်အလုပ်ကို ထိုလမ်းမှာပင် လုပ်ကိုင်မှု များလာသောကြောင့် (၁၉၅၆)ခု၊ ဧပြီလ(၃)ရက်နေ့တွင် ရွှေဘုံသာလမ်းဟု အမည်ပြောင်းလဲခေါ်ဆိုခဲ့သည်။ရွှေအရောင်းအ၀ယ်ပြုလုပ်သောနေရာကို အရှေ့ဘက်ရှိ ချစ်တီးတိုက်ကြီးရှိသောနေရာမှ စတင်ခဲ့ခြင်းဖြစ်သည်။
တိုက်၏ အထက်ဘက်တွင် ဘုရားကျောင်း၊ အောက်ဘက်တွင် အခန်းခြောက်ခန်းပါသည့် ရွှေဆိုင်များ ရှိလေသည်။
ထိုခေတ်အခါက ရွှေထည့်သောပုံးများ ယခုခေတ်ကာလအသုံးပြုနေသောမှန်ပုံးများ မဟုတ်ဘဲ သစ်သားဖြင့် ပြုလုပ်ထားသော သေတ္တာများသာဖြစ်သည်။
လက်ဝတ်ရတနာ ၀ယ်ယူသူများအနေဖြင့် ရွှေအခေါက်ငါးကျပ်သား၊ (၁၀)ကျပ်သားတို့ကို ပန်းထိမ်တွင် အလိုရှိရာပုံစံအတိုင်း အပ်နှံကြရာ ယခုခေတ်ကဲ့သို့ အလျော့တွက် ပေးရန်မလိုဘဲ လက်ခသာပေးကြရသည်။
လမ်းမျက်နှာစာဘေး လှေကားတစ်ဖက်တစ်ချက်ရှိ နတ်ကွန်းကဲ့သို့သော ရုံကလေးအတွင်း၌ ပန်းထိမ်ဆရာသည် လက်သုံးကိရိယာအစုံအလင်၊မီးဖိုကလေးနှင့်တကွ အရံသင့်စောင့်ဆိုင်းနေလေ့ရှိသည်။
လက်ဝတ်ရတနာများ လာရောက်အပ်နှံလျှင် ချက်ချင်းပြုလုပ်ပေးလေ့ရှိသည်။
ရှေ့ပိုင်းတွင် ရွှေလုပ်ကိုင်သောအလုပ်ကို အိန္ဒိယတိုင်းသားများသာ လုပ်ကိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် မြန်မာလူမျိုးများပါ ၀င်ရောက်လုပ်ကိုင်ကာ ဆိုင်ပိုင်ရှင်များ ဖြစ်လာကြလေသည်။
ရှေ့က ရေးသားဖော်ပြခဲ့သည့် ကိုလိုနီခေတ်က ရွှေဘုံသာလမ်းမှာ ရွှေအရောင်းအ၀ယ်လုပ်သော ကုလားများသာ အနေများသော်လည်း ဘုန်းကြီးကျောင်းဝင်းများအတွင်းမှာတော့ ဗေဒင်ဟောပြောသည့် ပုဏ္ဏားများ၊ ကုလားလူမျိုးများ ရှိကြလေသည်။
၎င်းတို့သည် ဆိုင်ဖွင့်ပြီး အတည်တကျဟောသည် မဟုတ်ဘဲ အရပ်တကာ လှည့်လည်ကာ ဗေဒင်ဟောပြီး ညအချိန်ရောက်မှ စတည်းချရာနေရာ ပြန်လာလေ့ရှိသည်။
ဗေဒင်ဟောသူများမှာ အဖြူရောင်ပိတ်ပါးများကို ပုဏ္ဏားကဲ့သို့ဝတ်ဆင်ပြီး နဖူး၌ ပြာတို့ထားကာ လွယ်အိတ်လွယ် ကျောက်သင်ပုန်းကို ချိုင်းကြားညှပ်ကာ အရပ်တကာ လှည့်လေ့ရှိကြသည်။
အိမ်တစ်အိမ်မှ ခေါ်၍ ဗေဒင်မေးသည့်အခါ ဗေဒင်ဟောပြောခက ငွေတစ်မတ်သာဖြစ်သော်လည်း နည်းအမျိုးမျိုးဖြင့် ခြောက်လှန့်ပြောဆိုကာ ယတြာချေရန် တိုက်တွန်းပြီး ယတြာကြေးကို ရအောင်ယူကြလေသည်။
(၃) ကိုလိုနီခေတ် ရန်ကုန်မြို့မှာ ရှိတဲ့အစိုးရဘဏ်၊ပုဂ္ဂလိကဘဏ်ပေါင်း (၂၂)ခုရှိတယ်။ အများအားဖြင့် ကုန်သည်လမ်းနဲ့ ပန်းဆိုးတန်းမှာပဲ များတယ်၊ တခြားနေရာတွေမှာ ရှိပေမယ့် တစ်ခုနှစ်ခုထက် မပိုဘူး
အများအားဖြင့်တော့ အင်္ဂလိပ်ဘာသာအမည်နှင့် မှည့်ခေါ်ထားသည့် ဘဏ်တိုက်များဖြစ်သည်။
ထိုဘဏ်တိုက်များမှာ ပုဂ္ဂလိကဘဏ်တိုက်များ ဖြစ်သောကြောင့် ယခုအခါမှာကဲ့သို့ အစောင့်အကြပ်များ တင်းကြပ်မှု မရှိလှပေ။
အချို့ဘဏ်များမှာတော့ သေနတ်ကိုင်ဆောင်သည့် အစောင့်များရှိသော်လည်း ပုလိပ်များတော့မဟုတ်ပေ၊
ထိုခေတ်ကာလက လိုင်စင်ရှိပါက သေနတ်နှင့် ခဲယမ်းများကို လွတ်လပ်စွာ ၀ယ်ယူနိုင်သောအချိန်ဖြစ်သည်။ ထိုအချိန်က သေနတ်နှင့် ယမ်းတောင့်ရောင်းသော ကုမ္ပဏီနှစ်ခုလည်း ရှိပေသည်။
မြန်မာသေနတ်နှင့် ယမ်းတောင့်တိုက်ကြီး နှင့် ၀ိုင်အီးမိုဒန်ဘရားသားလီမိတက်တို့ဖြစ်သည်။
- ဧစကော့ ကုမ္ပဏီ
၅၂၆၊ ကုန်သည်လမ်း၊တောင်၊၆၅၃
(A. Scott and Company,
526, Merchant St., S 653)
- ဗမာနေရှင်နယ်ဘဏ်လီမိတက်
၅၃၉၊ကုန်သည်လမ်း၊အနောက်၊ ၁၂၂၂
(Burmese National Bank Ltd.
539, Merchant St., W. 1222)
-ဘင့်အော့ချိုင်းနား၊ရန်းဒါးတိုက်၊ပန်းဆိုးတန်း ပီဘီ ၃၈၊
တောင် ၁၄၈
(Bank of China Rander – House,
Phayre St. PB. 38, S 148)
- ဘင့်အော့ချက်တင်နပ်
၈၄၊ ရွှေဘုံသာလမ်း ပီဘီ၊ ၄၂၈၊ တောင်၊ ၇၆၆
(Bank of Chettinad,
84, Shwe Bon Thar St., PB. 428, S 766)
- ဘင့်အော့ကော်မြူနီကေးရှင်း
၆၆၆၊ ကုန်သည်လမ်း၊ တောင် ၁၄၇
(Bank of Communication
666, Merchant St., S 147)
- စင်ထရယ်ဘင့်အော့ အင်ဒီရာ လီမိတက်
ကုန်သည်လမ်း၊၆၅၄၊ ပီ၊ဘီ၊၅၂၅၊တောင် ၅၇၃
(Central Bank of India Ltd.
654, Merchant St. PB. 525, S 573)
- စင်ထရယ်ကော်မာရှယ်ဘင့်လီမိတက်
၆၆၆၊ ကုန်သည်လမ်း၊ မြို့မ ၅၂၂
(Central Commercial Bank Ltd.
666, Merchant St., S 522)
- ချာတင်ဘင့်အော့အင်ဒီးယား
သြစတြေးလျ အင် ချိုင်းနား
၂၇၊ပန်းဆိုးတန်း၊ ပီဘီ ၅၆၊မြို့မ ၅၅၉၊ တောင် ၁၆၉
(Chartered Bank of India,
Australia and China,
27, Phayre St., P.B. 56, M.559)
- ဒေါ်ဆင်ဘဏ်လီမိတက်
၅၅၊ ပန်းဆိုးတန်းလမ်း၊တောင် ၃၈၀
(Dawson Bank Ltd.
55, Phayre St., S.380)
- ဂရင်းလေးဘဏ်လီမိတက်
ပီဘီ ၄၊ ၅၄၇၊ကုန်သည်လမ်း၊မြို့မ ၅၆၁
(Grindlay Bank Ltd., B.P 4
547, Merchant St. M.561)
- ဟောင်ကောင်နှင့် ရှန်ဟိုင်းဘင့်ကင့် ကော်ပိုရေးရှင်းလီမိတက်
၅၆၄၊ ကုန်သည်လမ်း၊ပီဘီ ၃၅၊ တောင် ၁၉၇၊
တောင် ၁၀၀၅၊
(Hongkong and Shanghai
Banking Corporation Ltd.,
564, Merchant St., P.B 35, S.197, S.1005)
- အင်ပီရီရယ်ဘင့်အော့ အင်ဒီယာလီမိတက်
၁၊ဆူးလေးဘုရားလမ်း၊ပီဘီ ၁၃၅၊တောင် ၂၆၄
(Imperial Bank of India Ltd.,
1, Sule Pagoda Road, P.B. 135, S.264)
- အင်ဒီရမ်းအိုဗာဆီးဘင့်လီမိတက်၊
၈၅၊ရွှေဘုံသာလမ်း၊ ပီဘီ ၂၂၃၊ တောင် ၃၅၆
(Indian Overseas Bank Ltd.,
85, Shwe Bon Ther Street, P.B.223, S.356)
- လွိုက်ဘင့်လီမိတက်
၄၅၊ပန်းဆိုးတန်း၊ပီဘီ ၁၃၈
တောင် ၁၇၆၊ မြို့မ ၅၇၅၊
(Liyods Bank Ltd.,
45. Phayre St. P.B.138, S.176, M 575)
- မာကင်တိုင်းဘင့်အော့အင်ဒီယားလီမိတက်
၅၅၄၊ မားချင်းလမ်း၊တောင် ၂၆၂
(Mercantile Bank of India Ltd.,
554, Merchant St. P.B.151, S 261, S.262)
- နေရှင်နယ်ဘင့်အော့ အင်ဒီးယား လီမိတက်
၂၆-၄၂ ပန်းဆိုးတန်း၊ မြို့မ ၉၈၁၊ တောင် ၁၀၃၈
(National Bank of India Ltd.,
26-42, Phayre St., M.981, S 1038)
- နယ်သာလင်ထရေးဒင်းဆိုဇိုင်းတီး
၆၂၅၊ကုန်သည်လမ်း၊အနောက် ၁၁၄၂၊မြို့မ ၆၄၈
(Netherlands Trading Society,
625, Merchant Street, W 1142, M.648)
- အိုဗာဆီးချိုင်းနီးဘင့်ကင်း ကော်ပိုရေးရှင်းလီမိတက်
၅၁-၅၃ လတ္တာလမ်း၊ ပီဘီ ၃၃၆၊မြို့မ ၂၄၇
(Overseas Chinese Banking Corporation Ltd.,
51-53, Latter St. P.B 336, M 247)
- ပန်ဂျပ်နေရှင်နယ်ဘင့်
၆၆၆၊ ကုန်သည်လမ်း၊ပီဘီ ၁၀၈၂၊မြို့မ ၉၅၅
(Punjab National Bank,
666, Merchant St. P.B. 1082, M 955)
- သောမတ်(စ်)ကွတ်အင်ဆန်း လီမိတက်
၁၀၂၊ပန်းဆိုးတန်း၊တောင် ၂၅၁
(Thomas Cook and Son Ltd.
102, Phayre St. S 251)
- ပြည်ထောင်စု ဘင့်အော့ဘားမား
၂၄၊ဆူးလေဘုရားလမ်း၊ပီဘီ ၁၈၄
မြို့မ ၆၄၅၊၆၅၀၊၃၀၀၊၇၅၇၊၃၆၀
(Union Bank of Burma
24, Sule Pagoda Road,
PB 184, M.645, 650,300,757,360)
- ယူနိုက်တက် ကော်မာရှယ်ဘင့်လီမိတက်
၁၊မောင်ထော်လေးလမ်း၊ပီဘီ ၁၉၈၊မြို့မ ၆၈၈
အနောက် ၁၂၈၃
(United Commercial Bank Ltd.
1, Mg Thaulay St. P.B 198,
M 688, W.1283)
(၄) ရှေးအခါက ဟံသာဝတီအ၀ိုင်းပတ်ဝန်းကျင်၌ လူနေထိုင်မှု သိပ်မရှိလှသေးပေ။ မြေနီကုန်းနှင့် စမ်းချောင်းတစ်ဝိုက် ၌သာ လူနေထူထပ်မှု များလေသည်။
ကမာရွတ်မြို့နယ်သည် ရန်ကုန်တက္ကသိုလ်နှင့် အသံလွှင့်ရုံတို့ပေါ်ပေါက်လာသောကြောင့် လူသိများခဲ့ရခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ်နေရာမှာ ရှေးက တောင်တောင်လျှိုမြောင်ထူထပ်သောအရပ်ဖြစ်သည်။ သစ်ပင်ကြီးငယ်တို့ဖြင့် တော အတိရှိနေပြီး ၄င်းတောထဲမှာ ရွာငယ်ကလေးအချို့ ရှိခဲ့လေသည်။
(၁၉၂၀)ပြည့်နှစ် ဒီဇင်ဘာ(၁)ရက်နေ့တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်တို့ ပူးပေါင်းကာ တက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်၏။
ထိုနေရာကို တက္ကသိုလ်ပြုလုပ်ရန် ရွေးချယ်သောအခါ ထိုနေရာတစ်ဝိုက်မှာ ရှိသော အင်းလျားရွာသစ်(ယခုအမှတ် - ၂ရပ်ကွက်)သို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။
တက္ကသိုလ်နှင့် အသံလွှင့်ရုံတို့ပေါ်ပေါက်လာသော ကမာရွတ်နယ်မြေသည် ကြံတောသင်္ချိုင်းနှင့် ဟံသာဝတီအ၀ိုင်းတို့ ကြောင့်လည်း လူသိများခြင်းဆိုက မမှားပေ။
အဘယ်ကြောင့်ဆိုသော် ကြံတောသင်္ချိုင်းမှာ ရန်ကုန်မြို့နေသူများ မလွှဲမရှောင်သာ သိထားရသောနေရာတစ်ခုဖြစ်သလို ဟံသာဝတီအ၀ိုင်းမှာလည်း နာရေးပို့သူ၊တက္ကသိုလ်သွားသူတို့ မလွဲမသွေကျော်ဖြတ်ရသည့်နေရာတစ်ခုလည်းဖြစ်ပေ သည်။
စာကြွင်း ။ ။ ၀တ္ထုတွေအပျင်းပြေဖတ်ရင်း စာအုပ်တွေလှန်လှောရင်း သိမိသမျှကိုပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။ ဘယ် စာအုပ်ကယူသည် ဘယ်စာပိုဒ်ကကူးသည်ဆိုခြင်းကတော့ စာအုပ် တွေက အများကြီးကဆိုတော့ ဘယ်စာအုပ်တွေဆိုတာ ညွှန်းဆိုမပြတော့ပါ။ တြိစက္ခ ရဲ့ သုံးပန်လှနှင့် နေရိယဂိုဏ်း ၀တ္ထုစာအုပ်မှလည်းအချက်အလက်အချို့ပါဝင်ပါသည်။

လူငယ်နှင့် Online Ethics
ဖွံ့ဖြိုး တိုးတက်လာတဲ့ နည်းပညာ ခေတ်ကြီးနဲ့ အပြိုင် Online User တွေလည်း တစ်နေ့တခြား တိုးပွား လာပါတယ်။
ဒါပေမယ့် Online ကို အသုံးပြုကြတဲ့ ရည်ရွယ်ချက်ချင်း ကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ နည်းပညာ ကျွမ်းကျင်သူတေ IT ပညာရှင်တွေ မဟုတ်တဲ့Online User အများစုရဲ့ ရည်ရွယ်ချက်တွေ ကတော့ ရိုးစင်းပါတယ်။ e-mail သုံးတာ Data ဒါမှမဟုတ် Image ရှာဖွေတာ၊Social network site တွေဝင်တာ၊ e-books ဒါမှမဟုတ် Songs နဲ့ Movies download ယူတာ၊ Online Games တွေ ကစားတာ စသဖြင့်သာ Online ကို သုံးကြတာ များပါတယ်။ ဒါပေမယ့် Ethics ကို လက်တစ်လုံးခြား လုပ်ကြသူတွေ၊ လက်ရဲဇက်ရဲ ချိုးဖောက်ကြ သူတွေကြောင့် Online User တွေခမျာ ပြဿနာတွေနဲ့ ရင်ဆိုင်လာရပါတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက Online User အများစု ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အဓိက တရားခံက ethics မစောင့်စည်းကြ သူတွေပါ။ အဲဒါကြောင့် ချိုးဖောက် ဖျက်ဆီးခံနေရတဲ့ Online ethics အကြောင်းကို လူငယ်တွေ ကိုယ်စား Weekly Eleven Journal မှ တာဝန်ခံ အယ်ဒီတာ ဝေဖြိုး၊ Myanmar Times Journal မှ လူမှု ဘ၀စာတည်း ရတနာထွန်း၊ Internet Journal မှ သတင်းထောက် ကျော်မျိုးဦးနွဲ့ IT ဆောင်းပါးရှင် လင်းသိုက်ညွန့်တို့ကို မေးမြန်း ဖော်ပြ ပေးလိုက်ပါတယ်။
ဝေဖြိုး
ကျွန်တော် နားလည်သလောက် ပြောရရင် မြန်မာနိုင်ငံမှာ Hack လုပ်ခံရတဲ့ နည်းလမ်းတွေက အင်တာနက် သုံးစွဲရတဲ့ ပုံစံက စတယ်လို့ ပြောရမှာပါ။ ကိုယ်ပိုင် ကွန်ပျူတာနဲ့ ကိုယ့်ရဲ့ Network ဆိုရင်တောင် Hack လုပ်ခံ ရနိုင်တဲ့ အခြေအနေမျိုးမှာ သုံးစွဲသူ အများစုက Public Access Center တွေမှာ သုံးနေရတာလေ။
ဒီစက်၊ ဒီ Network ကိုပဲ ဘုံသဘောမျိုး သုံးနေရတာ ဆိုတော့ ပထမဆုံး ဖြစ်နိုင်ခြေက သုံးစွဲသူ ပေါ့ဆရင် အလွယ်တကူ Hack လုပ်ခံ ရနိုင်ပါတယ်။ ဒုတိယ အနေနဲ့ Cyber Cafe တွေ မရိုးသားရင်လည်း Hack လုပ်ခံ ရနိုင်တာပါပဲ။ နောက်ပြီး နည်းပညာ အရ Key Locker လို Software မျိုးတွေ ရှိနေတာ။
ကီးဘုတ်မှာWindow + R နှိပ်ပြီး Regedit လို့ ရိုက်ထည့်လိုက်ရင် ကျွမ်းကျင်တဲ့ Hacker တစ်ယောက်အတွက် အလွယ်တကူ ဆက်လက် လုပ်ဆောင်နိုင်တာ။ ဒါတွေက သတိပြုစရာတွေပါ။ အခုအချိန်မှာ Shopping Center တွေနဲ့ ကော်ဖီဆိုင် အချို့မှာ ၀ိုင်ယာလက် စနစ်နဲ့ အင်တာနက် အသုံးပြုခွင့်ရအောင် စီစဉ် ပေးတာတွေ ရှိလာပါပြီ။ အဲဒီအခါ သုံးစွဲသူတွေ အနေနဲ့ Network Sharing တွေ လုပ်ရင် သတိပြုစရာတွေ အများကြီးပါ။ ဒါပေမယ့် ကိုယ်သုံးစွဲတဲ့ Window တိုင်းမှာ လုံခြုံရေး အစီအမံတွေ ပါပြီးသားပါ။ အနည်းဆုံး Firewall ကို Enable လုပ်တာမျိုးတွေက အစပေါ့။
ဒါပေမယ့် တစ်ခု ရှိတာက လက်ရှိ အင်တာနက် Speed က Hack လုပ်ဖို့ လုံလောက်တဲ့Speed မှာရှိနေ၊ မနေ ဆိုတာကတော့ ခံသာနိုင်လိမ့်မယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စဟာ လောလောဆယ် သိပ်မသိသာဘူးလို့ ထင်ရပေမယ့် ဒီထက် ပိုကျယ်ပြန့် လာတာနဲ့ အမျှ ဒီ့ထက် ပိုသတိ ပြုရမယ့်၊ စဉ်းစားရမယ့် ကိစ္စတစ်ခု လို့တော့ ထင်ပါတယ်။ Social Network Site တွေနဲ့ ပတ်သက်လာ ရင်လည်း Ethic မလိုက်နာသူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုး တစ်ယောက်ဟာ အနည်းဆုံး တစ်ကြိမ်လောက် ကြုံရနိုင်ပါတယ်။ အားလုံး ကျယ်ကျယ်ပြန့်ပြန့် သုံးကြတာ ဖြစ်တဲ့ Website တွေမှာ အဲဒီလို စိတ်အနှောင့် အယှက် ဖြစ်စရာ ကိစ္စမျိုးတွေ အများကြီး ကြုံလာ နိုင်ပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေ အတွက် ကာကွယ်ရမယ့် ရွေးချယ်စရာတွေ ရှိပြီးသားပါ။
ဘယ်ကိစ္စရပ်မှာ မဆို အကောင်း၊ အဆိုးဒွန်တွဲ နေတတ်တာ သဘာဝပါ။ အရေးကြီးတာက ကာယကံရှင် တစ်ဦးချင်းစီရဲ့ ခံယူချက်နဲ့ လုပ်ဆောင်ချက်ပါ။ ဥပမာ- မိုးရွာနေမှန်း သိလျက်နဲ့ မိုးရေထဲ လမ်းလျှောက်ရင် မိုးရေစိုမှာပါပဲ။ ထီးဆောင်းမလား၊ မိုးကာဝတ်မလား။ ဒါက ကိုယ့်ရဲ့ ရွေးချယ်မှုပါပဲ။ ကိုယ်က မိုးရေထဲ သွား ချင်တာကိုး။ နောက်တစ်ခုက တခြားသူ ရေးထားတဲ့ အကြောင်းအရာ တစ်ခုခုကို ဝေဖန်မယ် ဆိုရင် ရေးသားသူရဲ့ ထင်မြင် ယူဆချက်နဲ့ ရေးသား ထားတဲ့ အကြောင်းအရာကို အဓိကဦးတည် သင့်ပါတယ်။ သူ့အမြင်ကို လက်ခံတာ၊ ချီးကျူးတာ ကိစ္စ မရှိပေမယ့် ကိုယ်သဘော မတူလို့ ဝေဖန် မယ်ဆိုရင်တော့ ဘာကြောင့် ဆိုတာကို အဓိက ဦးတည်တာ အကောင်းဆုံးပါ။ ဒါဆို ကိုယ်က သူ့ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာ မဟုတ်တော့ပါဘူး။
လူတိုင်းဟာ ကိုယ့်ရဲ့ထင်မြင် ယူဆချက်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိပါတယ်။ အထူးသဖြင့် Online မှာ သတိ ပြုသင့်တာက သူဘယ်သူလဲ၊ ကိုယ်ဘယ်သူလဲ ဆိုတာ တိတိကျကျ သိလို့ ဆက်ဆံကြတာ ရှိသလို၊ သူ့ကိုယ် မသိ၊ ကိုယ့်သူမသိတွေလည်း အများကြီးပါ။ အဲဒီအတွက် ဘယ်သူသိတာ မှတ်လို့ဆိုပြီး ကျင့်ဝတ်ကို ချိုးဖောက်တာ မဖြစ်သင့်ပါဘူး။ Online ကို အကျိုးရှိရှိ အသုံးချမယ် ဆိုရင် အများကြီး အကျိုး ရှိနိုင်တဲ့ အခွင့်အရေး တစ်ခုပါ။
အားလုံးကို ခြုံပြောရရင် Ethics (ကျင့်ဝတ်) ဆိုတဲ့ စကားလုံးဟာ နယ်ပယ်တိုင်း၊ လူတိုင်း အတွက် အရေးပါပါတယ်။ ကျင့်ဝတ်ဆိုတာ ဥပဒေတစ်ခုလို ထုတ်ပြန်ထားတာ မဟုတ်သလို၊ အရေးယူလို့ မရနိုင်ပေမယ့် ကျင့်ဝတ် မရှိတဲ့ သူတစ်ယောက်ဟာ မှန်ကန်မှုတွေနဲ့ ရပ်တည် နိုင်မှာ မဟုတ်တာတော့ သေချာပါတယ်။ ကျင့်ဝတ်က အရေးကြီးပါတယ်။ ကျင့်ဝတ်မရှိတဲ့ သူတွေကြောင့် လူ့အဖွဲ့ အစည်းတစ်ခုလုံး ထိခိုက်နစ်နာတာ အများကြီးပါ။
ရတနာထွန်း
တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့၊ သတင်း အချက်အလက်တွေ မျှဝေဖို့ Onlineကို သုံးနေကြတာပါ။ မိသားစုတွေ အတွက်လည်း အသုံး ၀င်သလို၊ လုပ်ငန်း လုပ်ကိုင်တဲ့ သူတွေအတွက်လည်း အရေးပါတဲ့ ကဏ္ဍမှာ ရှိပါတယ်။ ဒါကို ကိုယ့်စိတ်သဘော ရှိရာ လုပ်လို့ရတဲ့ နေရာလို့ သဘော မထားသင့်ပါဘူး။ ကိုယ့် Account ကို တန်ဖိုးထား သင့်သလို တခြား သူတွေရဲ့ လိပ်စာတွေကိုလည်း အလေး ထားသင့်ပါတယ်။ ကိုယ်မသိတဲ့ လိပ်စာတွေ လက်မခံသင့်သလို ကိုယ်က သူများကို Add လိုက်ပြီ ဆိုရင်လည်း ဘယ်သူ ဘယ်ဝါဆိုတာ အသိပေး သင့်ပါတယ်။
ပြီးတော့ E-mail တစ်ခုကို Forward mail ပို့တော့မယ် ဆိုရင် ကိုယ်ပို့မယ့် သူက ဘယ်လို လူမျိုးလဲ ဆိုတာ စဉ်းစားသင့်တယ်။ တွေ့သမျှ E-mail ကို ပို့တာမကောင်းပါ ဘူး။ တချို့ E-mail တွေက လူငယ်တွေ အတွက် အဆိပ်အတောက် ဖြစ်စေပြီး တချို့ E-mail တွေက လူကြီးတွေ အတွက် အရေမရ အဖတ်မရ ကလေးကြိုက်တွေ ဖြစ်နေတတ်တယ်။ အကောင်းဆုံးက ကိုယ့်ကြောင့် သူတစ်ပါးစိတ် အနှောင့်အယှက် မဖြစ်အောင် အီးမေးလ် ပို့တော့မယ်ဆိုရင် တစ်ဖက်လူ အတွက် တကယ် အသုံးတည့်မလား ဆိုတာ ဆန်းစစ်သင့်တယ်။ တချို့ E-mail တွေက တကယ် ဗဟုသုတ ရပြီး အသုံးတည့်ပါတယ်။ ဒါမျိုးလေးတွေ Forward လုပ်လာတယ် ဆိုရင်တော့ ကောင်းတာပေါ့။
နောက်တစ်ခုက သူငယ်ချင်း တစ်ယောက်ဆိုရင် သူ့ Account ကို သုံးပြီး Account ထဲကလိပ်စာတွေကို ညစ်ညမ်းတဲ့ E-mail တွေပို့တာမျိုး ကြုံရဖူးတယ်။ မသိတဲ့လူတွေ အတွက် ကိစ္စ မရှိပေမယ့် သိနေတဲ့ မိတ်ဆွေတွေနဲ့ ကျတော့ စိတ်ပျက်စရာ ဖြစ်ရပါတယ်။ သူလည်း အသရေ ပျက်တယ်။ နောက်မှ ပြန်လိုက်ရှင်းရနဲ့ တော်တော် အလုပ်ရှုပ်သွားတယ်။ ဒီမှာသူများ Account ကို တကူးတက Hack လုပ်တာမျိုး သိပ်မကြားမိပေမယ့် အင်တာနက်ဆိုင် တွေမှာသုံးရင် Account ပိတ်ဖို့ မေ့သွားလို့ သူများ ၀င်သုံးသွားတာ၊ ချောက်တွန်းသွားတာ များပါတယ်။ အင်တာနက် ဆိုင်တွေမှာ သုံးတဲ့ သူတွေကလည်း ပေါ့ဆ ကြတာ များပါတယ်။ နောက်ပြီး တချို့က ကွန်ပျူတာ အသုံးပြုပုံကို သေချာ နားမလည်ဘဲ အင်တာနက် သုံးချင်စိတ် များနေတော့ ကိုယ့်လုံခြုံမှုကို သတိမပြု မိကြဘူး။ အကောင်းဆုံးက သုံးပြီးတိုင်း Account ကို သေချာ Sign Out လုပ်ပါ။ Account တွေကို ဝေမျှ သုံးစွဲတာမျိုး၊ ကိုယ့် Account ရဲ့ လျှို့ဝှက်နံပါတ် သူများကို ပေးတာမျိုး မလုပ်ပါနဲ့။ တကယ်လို့ Hack လုပ်ခံရတယ် ဆိုရင် Account ထဲမှာ ရှိတဲ့ လိပ်စာတွေ အားလုံးကို စာပို့ပြီး ကိုယ့် Accountကို သူများ အသုံးချ ခံရကြောင်း သတိပေး သင့်ပါတယ်။
Social Network Site တွေမှာလည်း တချို့တွေ အချင်းချင်း Share လုပ်တာ တွေက အမြင် မသင့်လျော်တာ၊ ယဉ်ကျေးမှုနဲ့ မဆီလျော်တာတွေ ရှိတယ်။ Comment ပေးတဲ့ အခါမှာလည်း တစ်ယောက်ချင်းစီရဲ့ အမြင်မတူလို့ လူတိုင်း လွတ်လွတ်လပ်လပ် ကိုယ်ကြိုက်ရာကို Comment ပေးနိုင်ပါတယ်။ ဒါပေမယ့် ရုန်းရင်း ကြမ်းတမ်းတာမျိုး၊ တစ်ဖက်သားကို နစ်နာ စေတာမျိုး၊ တစ်ဦးချင်း ဖြေရှင်းရမယ့် ကိစ္စတွေကို မဆိုင်တဲ့ သူတွေ သိအောင် လုပ်တာမျိုးတော့ မဖြစ်သင့်ပါဘူး။
Online Ethics နဲ့ ပတ်သက်လို့ ကျွန်မရဲ့ အမြင်ကို ပြောရရင် ကိုယ့်ကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်ဖို့ အရေးကြီးပါတယ်။ Online Ethics ဆိုတာ မျိုးက အတိအကျ သတ်မှတ် ထားတာမျိုးလည်း မရှိတော့ တစ်ဦးချင်းစီ အနေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေက သူများကို မထိခိုက်စေဖို့ သတိထား စောင့်ထိန်း သင့်ပါတယ်။
ကျော်မျိုးဦး
Online ကို အသုံး ပြုကြရာမှာ အများစုက စည်းကမ်းရှိရှိ အသုံး ပြုကြပေမယ့် စည်းကမ်းမဲ့ သုံးကြတဲ့ သူတချို့လည်း ရှိတာ တွေ့ရပါတယ်။ တချို့ဆိုရင် မမှန်ကန်တဲ့ သတင်း အချက်အလက်တွေ ဖြန့်ဝေ နေတာမျိုးတောင် ရှိပါတယ်။ အမှန်အမှား မခွဲခြား တတ်သေးတဲ့ လူငယ် တစ်ယောက်သာ အဲဒီအချက် အလက်တွေကို လက်ခံ ယုံကြည်သွားမယ် ဆိုရင် ပို့တဲ့သူမှာ တာဝန် ရှိပါတယ်။ မိတ်ဆွေတွေဆီကို Forward mail တွေ တစ်ဆင့် ပို့ခြင်းကလည်း ယုံကြည်မှုကို အလွဲသုံးစား လုပ်ရာ ကျပါတယ်။ အဲဒါကြောင့် ကိုယ့်ဆီကို အကျိုး မရှိတဲ့ Forward mail တွေ ရောက်လာရင် တစ်ဆင့် ပို့တာမျိုး မလုပ်သင့်ပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အကျိုး မရှိတဲ့ Forward mail တွေကြောင့် နေ့စဉ်နဲ့ အမျှ စိတ်ညစ်ရပါတယ်။ E-mail မစစ်လို့ကလည်း မဖြစ်။ စစ်တော့လည်း အဲဒီလို E-mail မျိုးတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ အသုံး တည့်နိုင်မယ့် E-mail မျိုးတွေ လွတ်သွားမှာ စိုးရိမ်တဲ့ စိတ်တစ်ခုတည်းနဲ့ အချိန်ကုန်ပြီး E-mail တွေ အားလုံးကို စစ်နေရပါတယ်။ ကျွန်တော့်အမြင် ပြောရရင် Forward mail တွေက ကောင်းကျိုးထက် ဆိုးကျိုး ပိုများနေပါတယ်။ Online အသုံး ပြုသူတွေထဲမှာလည်း ကိုယ့်ဆီ ရောက်လာသမျှ Forward mail တွေ အားလုံးကို တစ်ဆင့် ပို့နေကြတဲ့ အလေ့အထ ပိုပြီး တွင်ကျယ် လာတာကို တွေ့ရပါတယ်။
နောက်တစ်ခုက Blog တွေမှာ Comment ပေးတာပါ။ ကျွန်တော့် အနေနဲ့ ပြောရရင် Blog တွေမှာ Comment တွေ ပေးသင့်ပါတယ်။ အဲဒါမှ Blog ရေးရကျိုး နပ်မှာပါ။ Blog အများစုကလည်း Comment ပေးရတဲ့ Blog တွေများပါတယ်။ ဒါပေမယ့် Comment ပေးတော့မယ် ဆိုရင် ကိုယ် Comment ပေးမယ့် အကြောင်းအရာကို သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ ပေးသင့်ပါတယ်။ ကိုယ် ပေးလိုက်တဲ့ Comment က တခြားသူကို ထိခိုက် နစ်နာစေတာမျိုး မဖြစ်အောင် အထူး ဂရုစိုက်ရမှာက လူတိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်လို့ ကျွန်တော် ထင်ပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ အကြောင်း အရာမျိုးကို Online မှာ တင်ထားတဲ့ အခါကောင်းတာ ဖြစ်ဖြစ်၊ ဆိုးတာဖြစ်ဖြစ် အဓိပ္ပာယ် ရှိရှိ ဝေဖန် ပေးတတ်ဖို့ လိုပါတယ်။ အဲဒါမှ နှစ်ဦးနှစ်ဖက် အကျိုး ရလဒ်ကောင်းမှာပါ။ Blog တစ်ခုက အကြောင်းအရာ တစ်ခုကို သဘောကျလို့ တစ်ဆင့် Share လုပ်မယ် ဆိုရင်လည်း ဘယ်Blog, ဘယ်Website က စသဖြင့် ပြောပြပေးဖို့ လိုပါတယ်။
Social Network Site တွေမှာ Ethics မလိုက်နာသူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အကြောင်းအရာတွေ အများကြီးထဲက ကျွန်တော် ကြုံဖူးတာ ပြောရရင် Facebook မှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပေါက်ကရ လျှောက်ရေး ထားတာတွေပါ။ အဲဒီလို အကြောင်းအရာတွေက ကျွန်တော်တစ်ယောက် တည်းတင်မကဘဲ တော်တော်များများကို စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အများနဲ့ သက်ဆိုင်တဲ့ Site တွေမှာ မဟုတ်မမှန်တာတွေ ရေးသားတာမျိုး၊ ညစ်ညမ်းတာတွေ ရေးသားတာမျိုးကလည်း ကျင့်ဝတ် ဖောက်ဖျက်တာပါပဲ။ အဆိုးဆုံးကတော့ သူတစ်ပါးကို အရှက်တကွဲ အကျိုးနည်း ဖြစ်စေမယ့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ online မှာ တင်တာပါ။ကျင့်ဝတ် ဖောက်ဖျက် သူတွေကြောင့် အများဆုံး စိတ်အနှောင့်အယှက် ဖြစ်သူတွေ၊ နစ်နာသူတွေက အမျိုးသမီးတွေ ဖြစ်နေပါတယ်။ အဲဒါကြောင့် online သုံးစွဲသူတွေ အနေနဲ့ လူတိုင်း လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေကို ဖျောက်ဖျက်ဖို့ မကြိုးစားဘဲ ဂရုစိုက် လိုက်နာသင့် တယ်လို့ ကျွန်တော် ထင်ပါတယ်။
လင်းသိုက်ညွန့်
ကျွန်တော်တို့ နိုင်ငံမှာonline သုံးတဲ့သူ အများစုက E-mail ကို အဓိက သုံးကြပေမယ့် E-mail သုံးတဲ့ နေရာမှာ စီးပွားရေး အတွက်သုံးတာ မျိုးထက် Social usage အတွက်သုံးတဲ့ သူက ပိုများတယ်လို့ ကျွန်တော်ထင် တယ်ဗျ။ အဲဒါကြောင့် International Ethics ဆိုတာမျိုးတွေကို စနစ်တကျ လိုက်နာတဲ့ သူနည်းတယ်။ ပြီးတော့online User တွေ အနေနဲ့ Awareness ရှိ ဖို့လည်းလိုတယ်။ အဲဒါမှ Virus Attachment ပါတဲ့ File တွေကို ဖွင့်မိလို့ ပြဿနာ တက်ရတာမျိုး မဖြစ်မှာလေ။ ကျွန်တော်ဆိုရင် လွိုင်ကော်Virus ကြောင့် စာမူတွေ အားလုံး ဆုံးရှုံးခဲ့ ရဖူးတယ်။Virus အသစ်တွေကလည်း အမြဲ တမ်းပေါ်နေတာ ဆိုတော့ အမြဲ သတိထား နေရတယ်။ နောက်တစ်ခုက သေချာ စဉ်းစား ဆုံးဖြတ်ပြီးမှ ယုံကြည်ကြဖို့ လိုတယ်။ အခု တစ်လောမှာ နိုင်ငံခြား ကျောင်းသွား တက်ချင်တဲ့သူတွေ အလိမ်ခံရတာမျိုးတွေ ကြားရတယ်။ လိမ်တဲ့ သူတွေက ပိရိတော့ သူတို့ Website Link ကို သွားကြည့်လိုက်ရင် တကယ့် ကျောင်းကြီးတွေကို မြင်ရတယ်။ ကျောင်းသားတွေကလည်း ဒေါ်လာတစ် သောင်းလောက်ရဖို့ ဒေါ်လာ တစ်ရာလောက် ရင်းရတာ ဆိုပြီးတော့ ငွေလွှဲ ပို့ကြ တယ်။
ကျွန်တော် စာသင်ပေးနေတဲ့ ကျောင်းသားလေး တစ်ယောက် အလိမ် ခံရဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာက Business Usage အတွက် E-mail သုံးတာမျိုး နည်းတော့ လူမှုရေး အရ တိုက်ခိုက်တာမျိုး၊ အသရေဖျက် တာမျိုးတွေ ပိုပြီးတော့ အဖြစ်များတယ်။ ကျွန်တော့်အထင် ပြောရရင် ကျွန်တော်တို့ E-mail တွေHack လုပ်ခံရတဲ့ နည်းလမ်း သုံးခုလောက် ရှိမယ်။ ပထမတစ် ခုကInternet Cafe တွေကနေ တစ်ဆင့် Hack လုပ်ခံရတာ။ ဒုတိယ တစ်ခုက တခြား နိုင်ငံတွေကနေ ကျွန်တော်တို့ရဲ့ Asia Regional Server ကို လှမ်းပြီးတော့ Hack လုပ်တာ။ သူတို့ အဓိက လုပ်ချင်တာက ပိုက်ဆံပေး သုံးတဲ့ Accountတွေ ဆိုပေမယ့် ကျွန်တော်တို့ Account တွေက ကျွဲကူး ရေပါဖြစ်ကုန်တဲ့ သဘောပေါ့။ တတိယ အချက်ကတော့ ခင်မင်ရင်းနှီး သူတွေကြောင့် Password ပေါက်သွားတာ။
တခြား နည်းလမ်းတွေကတော့ နည်းပါတယ်။ Social Network Site တွေမှာ Ethics ဖောက်ဖျက်လို့ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အဖြစ်အပျက်ဆို ရင် အဓိကက ဓာတ်ပုံ ကိစ္စတွေ၊ Comment တွေဖြစ်မယ် ထင်တယ်။ ကျွန်တော့် အမြင် ပြောရရင် မိန်းကလေးတွေ အနေနဲ့ Profile မှာ ဓာတ်ပုံတွေ Shareတာ အရမ်း အန္တရာယ်များပါတယ်။ အဲဒီ ဓာတ်ပုံတွေကို ဖြတ်ညှပ်ကပ် လုပ်ပြီး မသင့်လျော်တဲ့ နေရာမှာ သုံးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ နောက်တစ်ခု ကတော့ Comment ကိစ္စပါ။ Comment ပေးတော့မယ်ဆိုရင် Reasonable ကျကျ အမြင်တွေ ဖလှယ်တာမျိုးက ပိုပြီး သင့်တော်မယ်လို့ ကျွန်တော် ထင်ပါတယ်။
အဲဒါမှလည်း အကျိုး ရှိမှာပါ။ အသား လွတ်ဆဲတာမျိုး၊ ရိုင်းရိုင်းစိုင်း စိုင်းရေးတာမျိုးတွေက ကိုယ့်ရဲ့ အဆင့်အတန်းနဲ့ တန်ဖိုးကို ကျစေပါတယ်။ ဒါပေမယ့် အဲဒါတွေကိုလည်း လူနည်းစုက လုပ်ကြတာပါ။ နိုင်ငံတကာမှာ Social Network Site တွေကို အကျိုးရှိရှိ သုံးနေကြတဲ့ သူတွေ အများကြီးပါ။
ကျွန်တော့် အနေနဲ့ ပြောရရင်online Ethics မလိုက်နာတဲ့ လူတချို့ကြောင့် လူကြီးတွေက အင်တာနက် သုံးတာကို အဆိုး မြင်လာကြတယ်လို့ ထင်ပါတယ်။ အမှန်တော့ လူတစ်ဦးချင်းစီရဲ့ Ethics ကို စောင့်ထိန်းမှုနဲ့သာ သက်ဆိုင် ပါတယ်။ နည်းပညာ ဖွံ့ဖြိုး တိုးတက်မှုရဲ့ အပြစ်လို့ မယူဆ စေချင်ပါဘူး။
အင်တာနက် သုံးစွဲမှုကို အဆိုး မြင်လာရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ တစ်ဦးချင်းစီက online Ethics တွေ စောင့်ထိန်းပြီး နည်းပညာ ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန် မြင့်မားလာအောင် တဖက်တစ်လမ်းက စွမ်းဆောင် သင့်ပါတယ်။
နေလွင်
(Teen မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)
Subscribe to:
Posts (Atom)