Friday, November 29, 2013

HIV/AIDS နောက်ဆုံးရ သတင်း


• UNAIDS ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ရဲ့ နောက်ဆုံး အစီရင်ခံစာအရ အရှေ့ဥရောပနဲ့ ဗဟို အာရှဒေသတွေမှာ ၂ဝဝ၆ ကနေတွက်ရင် ၁၃% တိုးလာနေတယ်။
• အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက မြောက်ပိုင်းဒေသတွေမှာ ၂ဝဝ၁ နဲ့စာရင် HIV ပိုးတွေသူလူနာသစ် ၂ ဆ တိုးလာခဲ့တယ်။
• ယောက်ျား+ယောက်ျား လိင်တူ ဆက်ဆံသူတွေ၊ မူးယစ်ဆေး ထိုးသူတွေ၊ လိင်နဲ့ အသက်မွေးသူတွေဟာ လေ့လာမှုတွေ လုပ်ရာမှာ ဖုံးကွယ်နေကြလို့ အခက်အခဲ ရှိတယ်။ သူတို့ကနေ ဆေးကုသမှု ယူရတာမှာလဲ တားဆီးမှုတွေ ရှိနေတယ်။
• ဦးစားပေး တိုင်းပြည် ၁ဝ ခုထဲမှာ ကလေး ၁ဝ ယောက်မှာ ၃ ယောက်သာ ဆေးရနေတယ်။ ၂ဝ၁၂ နှစ်ထဲမှာ ပိုးရှိတဲ့ အသက် ၁၅ နှစ်အောက်ကလေးပေါင်း ၆၄၇ဝဝဝ သာဆေးရနေတယ်။
• ကလေးတွေ ဆေးရရှိမှုဟာ ၃၁-၃၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၁၄% တက်လာပါတယ်။
• လူကြီးတွေ ဆေးရရှိမှုဟာ ၆၁-၆၉% ရှိတယ်။ ၂ဝ၁၁ နဲ့စာရင်တော့ ၂၁% တက်လာပါတယ်။
• အသက် ၅ဝ ကျော်တွေမှာ ပိုးတွေ့ရှိမှု တိုးလာနေတယ်။ တကမ္ဘာလုံးမှာ အသက် ၅ဝ ကျော် ပိုးရှိနေသူ ၃့၂-၃့၉ သန်း ရှိတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူ အသစ်ပေါင်း ၂့၃ သန်းရှိတယ်။ ၂ဝဝ၁ နဲ့စာရင်တော့ ၃၃% ကျလာတယ်။ ကလေးတွေမှာလဲ ၅၂% လျော့နည်း လာတာဖြစ်တယ်။ သေဆုံးသူကလဲ ၃ဝ% ကျဆင်းတယ်။ ၂ဝဝ၅ တုံးက အများဆုံး သေဆုံးခဲ့ရတယ်။
• ၂ဝ၁၂ အကုန်မှာ ဝင်ငွေနည်းနဲ့ ဝင်သွေမများတဲ့ နိုင်ငံတွေမှာ ဆေးရရှိသူ အရေအတွက်ကို ၉့၇ သန်း ရှိအောင် ရည်မှန်းထားခဲ့တယ်။
• HIV နဲ့ TB တွဲဖြစ်နေသူတွေရဲ့ သေဆုံးမှုက ၂ဝဝ၄ ကနေတွက်ရင် ၃၆% ကျလာတယ်။
• တကမ္ဘာလုံးမှာ ၂ဝ၁၂ စာရင်းအရ ပိုးရှိသူစုစုပေါင်း ၃၅့၃ (၃၂့၂ - ၃၈့၈) သန်း ရှိတယ်။ ၁့၆ (၁့၎ - ၁့၉) သန်းမှာ AIDS နဲ့ဆိုင်တဲ့ရောဂါတွေရှိနေကြတယ်။

အင်္ဂလန်နိုင်ငံမှာ
• HIV ပိုးရှိနေသူပေါင်း ၉၈၄ဝဝ ယောက်တွင် ၂၁၉ဝဝ ယောက်ဟာ သူတို့မှာ ပိုးရှိနေတာကို မသိကြ။
• မနှစ်ကထက် ၁% တိုးလာတယ်။
• ၂ဝ၁၂ နှစ်ထဲမှာ လူနာသစ်ပေါင်း ၆၃၆ဝ ရှိလာတဲ့ အထဲက ၄၇% ဟာ ရောဂါနောက်ပိုင်း အဆင့်ရောက်လာမှ ပိုးရှိနေတာကို သိကြရတယ်။
• ပိုးရှိနေသူတွေထဲက ၄၅% ဟာ လိင်တူ ဆက်ဆံသူတွေ ဖြစ်တယ်။ ၂၈၈ဝ ယောက်ထဲမှာ လိင်တူယောက်ျားက အများဆုံးဖြစ်တယ်။


ဒေါက်တာတင့်ဆွေ (၂၄-၁၁-၂ဝ၁၃)
ဒေါက်တာတင့်ဆွေ - HIV/AIDS နောက်ဆုံးရ သတင်း 

HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်တွင်ရှိသော HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာများသို့ ဝေဒနာရှင်များ မှီခိုအားထားမှု တိုးပွားလာခြင်းကြောင့် နေရာ မလုံလောက်မှုနှင့် အလှူရှင် နည်းပါးလာသည့် အတွက် အခြားအခက်အခဲများ ကြုံတွေ့နေရသည်ဟု အဆိုပါစောင့်ရှောက်ရေး ဂေဟာ တည်ထောင်ထားသူ ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။

HIV/AIDS ဝေဒနာရှင်များအတွက် မေတ္တာရှင် ဆရာတော် အရှင်ဇ၀နမှ လှူဒါန်းထားသည့် မြေနေရာပေါ်၌ အဆောက်အဦး ဆောက်လုပ်ခွင့် ခွင့်ပြုချက် ရရှိလာပါက စောင့်ရှောက်ရေး ဂေဟာတစ်ခုကို ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဟု သိရသည်။

မြောက်ဒဂုံနှင့် တောင်ဒဂုံတို့ရှိ စောင့်ရှောက်ရေးဂေဟာ ၂ ခုတွင်မှီခိုနေသည့် ဝေဒနာရှင်များအတွက် နေရာ ထိုင်ခင်းအပြင် ဆေးဝါးကုသခြင်း၊ တရားထိုင်ခြင်း၊ အလုပ်အကိုင်ဖန်တီးခြင်း အစရှိသည် တို့ကို ပြုလုပ်ပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံမှ သိရသည်။

“အဓိကက နေရာက တော်တော်ကို အခက်အခဲ ရှိတယ်။ လူနာတွေက များလာတော့ နေရာက အရမ်းကို ကျပ်တည်းလာတဲ့ အခါကျတော့ နေရာအသစ်လုပ်ဖို့တော့ ပြင်နေကြတယ်။ ဒီနှစ်ထဲမှာတော့ အကောင်အထည် ဖော်ဖို့ လုပ်နေတယ်။ ဒီလထဲမှာတော့ အဆောက်အဦး ဆောက်ဖို့တို့ ပါမစ်ကျဖို့ အဲ့လိုတွေပေါ့ လုပ်ဖို့ ပြင်နေပြီ။”ဟု  ဒေါ်ဖြူဖြူသင်းက ပြောသည်။
တောင်ဒဂုံမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်ရှိ HIV/AIDS ဝေဒနာရှင်များအား စောင့်ရှောက်ပေးသည့် ဂေဟာတို့တွင် လက်ရှိ အချိန်၌ ဝေဒနာရှင်ပေါင်း ၂၁၀ ဦးရှိနေပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည့် ဝေဒနာရှင်များ အပါအ၀င် ၃၀၀ နီးပါး ရှိနေသည်ဟု သိရသည်။

လက်ရှိအချိန် မြန်မာနိုင်ငံ၌ HIV ရောဂါဝေဒနာရှင်ပေါင်း ၂ သိန်းခွဲဝန်းကျင်ရှိနေသည်ဟု ကျန်းမာရေးဝန်ကြီး ဌာနမှ ခန့်မှန်းထားပြီး ရောဂါပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်၌ ၀ ဒသမ ၉၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၀၇ ခုနှစ် တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည်ဟု သိရသည်။

“အလှူရှင်တွေကို အမြဲမျှော်ပါတယ်။ ဆရာမကြီးတစ်ယောက်ထဲ ရုံးကန်နေရတာ။ ဒီမှာရယ် မြောက်ဒဂုံမှာရယ် လေးထောင့် ကန်မှာရယ်ဆိုတော့ ဆရာမကြီးတစ်ယောက်ထဲ ချာချာလည်နေတာ။ တစ်ခါက ၁၈၄ ယောက်ထိ ဖြစ်သွားလို့ အားလုံး ကျပ်ညပ်ပြီး နေခဲ့ကြရတယ်။” ဟု တောင်ဒဂုံ HIV ဂေဟာ မှ ဦးသိန်းဌေးက ပြောသည်။

ယခုအခါ တောင်ဒဂုံ HIV/AIDS ဂေဟာ၌ဝေဒနာရှင် ကျား ၆၁ ဦး၊ မ ၆၀ နှင့် ကလေး ၈ ဦးတို့ မှီခိုလျှက်ရှိကာ ဝေဒနာရှင်များ အတွက် လေးထောင့်ကန်တွင် စက်ချုပ်သင်တန်းပေး၍ အလှူရှင်မရှိသည့် ကာလများ၌ အဆိုပါ လုပ်ငန်းမှရရှိသည့် ၀င်ငွေဖြင့် ရပ်တည်နေရသည်ဟု သိရသည်။ တောင်ဒဂုံနှင့် မြောက်ဒဂုံ HIV/AIDS ဂေဟာတွင် စားစရိတ်၊ ဆေးဖိုး အစရှိသည်တို့အတွက် ၇ ရက်(တစ်ပတ်) လျှင် ၁၅ သိန်းဝန်းကျင်ခန့် ကုန်ကျစရိတ်ရှိနေကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ HIV/AIDS နေ့တွင် ဝေဒနာရှင်များအတွက် ဆေးဝါးလုံလောက်စွာ ရရှိမှု၊ ပညာပေးမှု၊ ခွဲခြားဆက်ခံမှုပပျောက်ရန် အစိုးရအနေနှင့် ယခုထက်ပိုမို လုပ်ဆောင် ပေးရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မှ ကြေငြာချက်တစ်စောင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။

ကမ္ဘာပေါ်၌ နေ့စဉ် HIV ရောဂါ ကူးစက်ခံရသူ ၆၈၀၀ ခန့် ရှိပြီး အေအိုင်ဒီအက်စ် ရောဂါဖြင့် ၅၇၀၀ ခန့် သေဆုံး ကာ ကမ္ဘာ တစ်ဝန်း  HIV/AIDS ရောဂါရှိသူ ၃၃ သန်းခန့် ရှိနေကြောင်း ကုလသမဂ္ဂမှ ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

မြစ်မခ - HIV/AIDS ဝေဒနာရှင် တိုးပွား၍ အခက်အခဲများ ရင်ဆိုင်နေရသည့် ဒေါ်ဖြူဖြူသင်း

HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည်

HIV ဖြင့် အသက်ရှင် နေထိုင်သူများ နှင့် နန်းခင်ဇေယျာတို့သည် နိုဝင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် ကန်တော်ကြီး၌ လမ်းလျှောက်ကြမည်ဖြစ်သည်။ ယင်း အစီအစဉ်သည် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် World AIDS Day ကို ကြိုဆိုသည့်အနေဖြင့် PSI က စီစဉ် လုပ်ဆောင်ခြင်းဖြစ်ပြီး နန်းခင်ဇေယျာ အနေဖြင့် ဒုတိယ အကြိမ်မြောက် ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်သည်။

“AIDS ဝေဒနာ ခံစားနေရသူတွေ အတွက် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းက အကူအညီတောင်းလို့ လုပ်ကိုင်ဖြစ် တာပါ။ ကန်တော်ကြီးမှာပဲ စုရပ်ထားပြီး ကန်တစ်ပတ် လမ်းလျှောက်ကြမှာပါ။ HIV နဲ့ပတ်သက်ပြီး လုပ်ကိုင် နေကြတဲ့အဖွဲ့ အစည်းတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်။ လူသားအားလုံး အတူတူပဲဆိုတဲ့ အသိကို ပေး ချင်လို့ ဒီလိုပွဲမှာ ပါဝင်တာပါ” ဟု နန်းခင်ဇေယျာက ဆိုသည်။

နန်းခင်ဇေယျာသည် နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့သော မြန်မာနိုင်ငံကလေး သူငယ်အခွင့်အရေး ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက် ရန်ပုံငွေ ဈေးရောင်းပွဲတွင်လည်း အစီအစဉ် တင်ဆက်သူအဖြစ် လုပ်ဆောင်ခဲ့သည့် အပြင် ဒီဇင်ဘာ ၄ ရက်တွင် မန္တလေးသို့ သွားရောက်ကာ ကလေးငယ်များနှင့်တွေ့ဆုံပြီး သူမ သင်ကြားခဲ့ သည့် ပညာရပ်များ အကြောင်း၊ လေ့လာခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးသည့် ပုံစံဖြင့် ဟောပြော မည်ဖြစ်သည်။

မဇ္ဈိမ - HIV ဝေဒနာရှင်များနှင့် နန်းခင်ဇေယျာ အတူလမ်းလျှောက်မည် 

ဂျပန်နိုင်ငံတွင် HIV ရောဂါပိုး ရှိသူ၏ သွေးကို လူနာ နှစ်ဦးထံသို့ သွင်းပေးခဲ့မိ

ဂျပန်နိုင်ငံတွင် HIV ရောဂါပိုးရှိ သူမှ လှူဒါန်းသော သွေးများကို လူနာနှစ်ဦး ထံသို့ သွင်းပေး ခဲ့ကြောင်းနှင့် ယင်းသွေးများသည် နိုဝင်ဘာ ၂၆ ရက်က ဂျပန်ကြက်ခြေနီ အဖွဲ့၏ ဆေးစစ်ချက် အတည်ပြုမှုကို ရရှိ ထားသော သွေးများ ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံ ကြက်ခြေနီ အဖွဲ့ ကျန်းမာရေး အလုပ်သမားနှင့် သက်သာ ချောင်ချိရေး ဝန်ကြီးဌာနက အဆိုပါ သွေးကို လူနာ နှစ်ဦးထံသို့ ပေးသွင်း ခဲ့မိကြောင်း အတည်ပြု ခဲ့ပြီ ဖြစ်ပြီး ၎င်းတို့ နှစ်ဦး ရောဂါပိုး ကူးစက် ခံရခြင်းနှင့် စပ်လျဉ်း၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ ဂျပန်နိုင်ငံတွင် ယခင်က HIV ပိုးပါသော သွေးသွင်းမှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီးနောက် ဂျပန် ကြက်ခြေနီ အဖွဲ့သည် ၂ဝဝ၄ ခုနှစ်မှ စတင်၍ သွေးစစ် ဆေးသည့် စနစ်များကို ပြန်လည် စိစစ်ခဲ့သည့် အချိန်မှ စ၍ ယခုကဲ့သို့ HIV ပိုးပါသော သွေးများကို လူနာများ ထံသို့ သွင်းပေးမှုသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း သိရသည်။ ယခုလ အစောပိုင်းက လှူဒါန်း ထားသော သွေး အတွင်းမှ HIV ပိုးကို ရှာဖွေ တွေ့ရှိခဲ့ခြင်းကြောင့် ယင်းသွေးများကို သွေးသွင်းမှုတွင် အသုံးပြုခဲ့ခြင်း မရှိကြောင်းနှင့် ယခုနှစ် ဖေဖော်ဝါရီလ အတွင်းက သွေးလှူဒါန်းခဲ့သည့် အလှူရှင် တစ်ဦးတည်း၏ သွေးအတွင်း ယင်းရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဂျပန် ကြက်ခြေနီ အဖွဲ့နှင့် ဝန်ကြီးဌာန၏ ပြောကြားချက် အရ  သိရသည်။

တိုကျို  နိုဝင်ဘာ ၂၈ ညှိနှိုင်း

No comments: