Monday, March 8, 2021

ကမ္ဘောဒီးယားနိုင်ငံမှ ဝါးရထား

ကမ္ဘောဒီးယားနိုင်ငံမှ ဝါးရထား




#Travelling

#Cambodia 

#ခရီးသွားဗဟုသုတ


(တစ်နေရာကနေ တစ်နေရာ၊ ဒေသတစ်ခုကနေ အခြားဒေသတစ်ခုကို အလုပ်သဘောအရပဲဖြစ်ဖြစ်၊ ဒေသန္တရဗဟုသုတရဖို့ပဲဖြစ်ဖြစ် ခရီးထွက်တဲ့အခါ အဲသည်ဒေသက ထူးခြားတဲ့နေရာ၊အစားအသောက်၊ခရီးလမ်းကြောင်းသာမက ဝန်ဆောင်မှုလုပ်ငန်းတွေအကြောင်း စပ်စုလေ့လာမှ သွားရကြိုးနပ်မှာပါ။ အောက်မှာတော့ ကမ္ဘောဒီးယားက ရထားလမ်းကိုအသုံးပြုပြီး ခရီးသွားလာခြင်းကို အသုံးပြုကြတဲ့ ဝါးရထားအကြောင်း သိရအောင် ပြန်လည်ကူးယူမျှဝေထားပါတယ်။)


နော်ရီ (norry) သို့မဟုတ် နိုရီ (nori) သည် ပြင်သစ်စကား လော်ရီ (lorry) မှတစ်ဆင့် ခမာစကား “ကား”မှ ဆင်းသက်လာသော စကားလုံးဖြစ်ပြီး ကမ္ဘောဒီးယားဒေသခံတို့ တီထွင်ထားသော ရထားဖြစ်သည်။ Lonely Planet မဂ္ဂဇင်းက ၎င်းကို “ကမ္ဘောဒီးယား ဝါးရထား” ဟုဖော်ပြသည်။


ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက်ရှိ ဘက်တမ်လမ်မြို့နှင့် ထိုင်းနယ်စပ်ရှိ ပိုအီပက်မြို့ထိ မီလီမီတာ ၁၀၀၀စနစ်သုံး မီးရထား လမ်းများပေါ်တွင် ဝါးရထားများသည် တစ်နာရီလျှင် ၃၁မိုင်နှုန်းဖြင့်ပြေးဆွဲလျက်ရှိသည်။ အစိုးရက စီစဉ်ထားသော မီးရထားဝန်ဆောင်မှု တစ်ခုရှိသော်လည်း တစ်နာရီလျှင် ၁၈မိုင်နှုန်းဖြင့်သာ ပြေးဆွဲနေသဖြင့် အလွန်နှေးကွေးလှသည်။ ပြင်သစ်ကိုလိုနီတို့ အုပ်စိုးခဲ့စဉ် မူလက တည်ဆောက်ခဲ့သော ရထားလမ်းကွန်ရက်များကို ခမာနီစစ်အစိုးရလက်ထက်တွင် ပိတ်သိမ်းခဲ့ပြီးနောက် မီးရထားများ မှာ ပြေးဆွဲမှု မရှိတော့ဘဲ အကြီးအကျယ်စွန့်ပစ်ခြင်း ခံခဲ့ရသည်။


၂၀၀၆ခုနှစ်တွင် ဘီဘီစီမှ ဖော်ပြခဲ့ရာ ကမ္ဘောဒီးယားရထားများမှာ ရက်သတ္တပတ်လျှင် ပုံမှန်ဝန်ဆောင်မှုတစ်ခုသာရှိပြီး လမ်းလျှောက်နှုန်း ထက်အနည်းငယ်သာ ပိုမြန်သည်ဟုဆိုသည်။ နှစ်ပေါင်းများစွာ ကမ္ဘောဒီးယားရှိ ခရီးသွားများသည် ကမ္ဘာ့အဆိုးဆုံးမီးရထားကွန်ရက်များ ထဲမှ တစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ ကျေးရွာများအကြား ရထားများသည် မကြာခဏ စက်ပျက်ခြင်းနှင့် လမ်းချော်ခြင်းများဖြစ်လေ့ရှိသည်။ ထို့ကြောင့် နိုင်ငံ၏ အနောက်မြောက်ဘက်ရှိလူများသည် ကမ္ဘောဒီးယား၏ ဒုတိယမြို့တော် ဘက်တမ်လန်အနီးရှိ ခရီးသွားကိစ္စရပ်များကို ၎င်းတို့ဘာသာ ဖြေရှင်းရန်အတွက် ဝါးရထားကို တီထွင် ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ 


၂၀၁၇ခုနှစ် အောက်တိုဘာလတွင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ပိုအီပက်မြို့မှ မြို့တော်ဖနွမ်ပင်ထိ ရထားလမ်းပြန်လည် ဖောက်လုပ်ရန် ကြိုးပမ်းလာမှုကြောင့် ဝါးရထားကို ယခင်ကကဲ့သို့ လမ်းကြောင်းရှည်လျားစွာ အသုံးမပြုနိုင်တော့ပေ။ သို့သော် ဒေသတွင်း ခရီးသွား လုပ်ငန်းကို အထောက်အကူပြုနိုင်ရန် ဝါးရထားကို ဘက်တမ်လန်မြို့ရှိ ဝပ်ဘာနန်(Wat Banan) ဘုရားကျောင်းအနီးသို့ ပြန်လည် ပြောင်းရွှေ့ပြေးဆွဲပေးခဲ့ပြီး အဆိုပါနေရာကို ၂၀၁၈ခုနှစ် ဇန်နဝါရီလလယ်တွင် ဖွင့်လှစ်ခဲ့သည်။


ဝါးရထားများသည် စီးခနှုန်းထား သက်သာသော်လည်း တစ်ခါတစ်ရံတွင် အတော်လေးမြန်သည်ကို တွေ့ရသည်။ မူလတည်ဆောက်ပုံ ဒီဇိုင်းအရ ဝါးရထားတွင် ဘရိတ်မရှိခြင်း၊ မကြာခဏ ရထားလမ်းများ ပြတ်တောက်နေခြင်း၊ ရထားလမ်းတွန့်လိမ်နေခြင်း၊ တရားဝင် လည်ပတ်မှုစနစ်မရှိခြင်းတို့ တွေ့ရသော်လည်း လူကြိုက်များလှသည်။ ၎င်း၏ ရိုးရှင်းသောတည်ဆောက်ထားပုံနှင့် ပေါ့ပါးသော အလေးချိန်တို့ကြောင့် ဝါးရထားကို ရထားလမ်းပေါ်မှ အလွယ်တကူဖယ်ရှားပေးနိုင်သည်။ အကယ်၍ ဝါးရထားနှစ်စီးသည် ရထားသံလမ်းပေါ်တွင် မျက်နှာချင်းဆိုင်တွေ့ဆုံပါက ပါလာသောဝန်စည်များကို ဘေးချပြီး ဝါးရထားကို သံလမ်းပေါ်မှဖယ်ကာ အခြားတစ်ဖက်သို့ မ၍ သယ်ဆောင်သွားနိုင်သည်။


ရထားလမ်းဆုံးသွားပါကလည်း ဝါးရထားကိုမ၍ရွှေ့ကာ လာရာလမ်းဘက်သို့ပြန်လှည့်ထားနိုင်သည်။ ယခင်က ဘရိတ်မရှိခဲ့သော ဝါးရထားသည် ၂၀၁၆ခုနှစ် သြဂုတ်လတွင် ဘရိတ်စနစ်ကို တီထွင်ခဲ့သည်။ ဝါးရထားကို လူကြိုက်များမှုမှာ ယခင်ကတည်းက ထုံးတမ်းစဉ်လာအချို့ရှိသည်။ ၁၉၈၀နှင့် ၁၉၉၀ပြည့်နှစ်များတွင် ကမ္ဘောဒီးယားပြည်တွင်းစစ်ကြောင့် ရထားများကို လက်နက်များ တပ်ဆင်ထားကာ သံချပ်ကာများ ကာရံ၍ ခုတ်မောင်းခဲ့ရသည်။ ထိပ်ဆုံးမှ ရထားတွဲသည် ရထားလမ်းပေါ်တွင် ထောင်ထားသော မိုင်းများကို ရှင်းလင်းရန်အတွက် ပြားချပ်ချပ် ပက်လက်ရထားတွဲများ (ဝါးရထားနှင့်တူသည်)ဖြစ်ပြီး  အခမဲ့စီးနင်းနိုင်ကာ ဒုတိယတွဲသည် ခရီးစဉ်နှုန်းထား၏ တစ်ဝက်ဈေးသာပေးရသည်။ ထိပ်ဆုံးတွဲမှ စီးနင်းရခြင်းသည် အန္တရာယ်များ၍ စွန့်စားမှုများရှိသော်လည်း လူကြိုက် များခဲ့သည်။


ဝါးရထားတည်ဆောက်ရေးသည် ရထားလမ်းအနီးရှိ ကျေးရွာများတွင် ပြုလုပ်သော အိမ်တွင်းစက်မှုလုပ်ငန်းဖြစ်သည်။ စွန့်ပစ်ထားသည့် တင့်ကားများမှ ဘီးများပေါ်တွင် ဝါးပြားများနှင့် သံကိုယ်ထည်တပ်ဆင်ထားသည့် ဝါးရထားတစ်စီး တည်ဆောက်ရန် အချိန်လေးရက်ခန့် ပေးရသည်။ ဝါးရထားတစ်စီးတွင် အရှည် သုံးမီတာရှည်သော သစ်သားပေါင်ပါဝင်ပြီး ပေါ့ပါးသော ဝါးကိုခွဲကာ အခင်း ခင်းထားသည်။ သံဘီး၏ ဝင်ရိုးပေါ်တွင် အပေါ်ပေါင်အောက်တွင်တပ်ထားသော ထောင့်ခွထဲထည့်ကာ ဘော်ဒီနှင့် ဘီးကိုတပ်ဆင်ထားခြင်းဖြစ်သည်။ မူလက ဝင်ရိုးများကို တိုင်ဖြင့်ဆက်၍ လက်တွန်းအားကို အသုံးပြုကာ မောင်းနှင်ရသည်။


ယခုအခါ သေးငယ်သည့် မော်တော်ဆိုင်ကယ် သို့မဟုတ် ထွန်စက်အင်ဂျင်များအသုံးပြု၍ အနောက်ဘက်ဝင်ရိုးကို မော်တာခါးပိတ်ကြိုး တပ်ဆင်ပြီး မောင်နှင်မှုကြောင့် အမြန်နှုန်းကို တစ်နာရီလျှင် ၂၅မိုင်နှုန်းနှင့်အထက် ပို့ဆောင်ပေးနိုင်သည်။ ဝါးရထားမောင်းသူများက ၎င်းတို့ရထားသည် သယ်ယူပို့ဆောင်ရေးအတွက် လုံခြုံစိတ်ချရကြောင်း အခိုင်အမာပြောဆိုကြသည်။ ခရီးသွားများ၊ အိမ်မွေးတိရစ္ဆာန် များ၊ မော်တော်ဆိုင်ကယ်များနှင့် ဆန်များအပါအဝင် မည့်သည်ဝန်ကိုမဆို သယ်ဆောင်နိုင်ပြီး လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများမှ ရထားမောင်းရန် လိုအပ်သောလောင်စာဆီကို ဝယ်ယူရရှိနိုင်သည်။


၂၀၀၈ခုနှစ် ဖေဖော်ဝါရီလတွင် ကမ္ဘောဒီးယားတောင်ဘက် သီဟာနုဗီလာမှ မြို့တော်ဖနွမ်းပင်ကိုဖြတ်၍ ပိုအီပက်မြို့မှ ထိုင်းနယ်စပ်ရှိ ဆီဆိုဖွန်မြို့ထိ မီးရထားလမ်းများ ပြန်လည်တည်ဆောက်မည့်စီမံကိန်းကို ကြေညာခဲ့ပြီး ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြီးစီးရန် မျှော်မှန်းခဲ့ သော်လည်း ၂၀၁၁ခုနှစ် မေလထိ ဖနွမ်းပင်မှ သီဟာနုဗီလာထိသာ ပြီးစီးခဲ့သည်။ ၂၀၁၁ခုနှစ် မေလတွင် ဘက်တမ်လန်မြို့၏ သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းများ ဖွံ့ဖြိုးတိုးတက်လာသော်လည်း ဝါးရထားသည် မြို့တစ်ဝိုက်တွင် လည်ပတ်နေသည့် တစ်ခုတည်းသော ရထားအဖြစ်ရှိနေကာ မြို့ဆင်ခြေဖုံး အုတ်စက်ရုံရှိသောရွာသို့ လူတစ်ဦးလျှင် ငါးဒေါ်လာနှုန်းဖြင့် ခရီးသွားဝန်ဆောင်မှု ပေးနေပြီး ၎င်းဝါးရထားကို ဒေသခံခရီးသွားရဲတပ်ဖွဲ့က ကြီးကြပ်လျက်ရှိသည်။ ၂၀၁၄ခုနှစ်တွင် ဇန်နဝါရီလထိ ကမ္ဘောဒီးယားအလယ်ပိုင်းရှိ ပါဆပ်မြို့တွင် ဝါးရထားစီးနင်းနေဆဲဖြစ်သည်။


ဒေသခံများအနေဖြင့် ဆိုင်ကယ်တက္ကစီများသည် ဝါးရထားများထက်ပို၍ မြန်ဆန်သော်လည်း လုံခြုံစိတ်ချရမှုမရှိသဖြင့် အိပ်ငိုက်၍ သက်သောင့်သက်သာ စီးနိုင်သော ဝါးရထားကို ပိုမိုနှစ်သက်ကြသည်။ တစ်ချိန်က ရထားသံလမ်းများရှိသည့် မည်သည့်နေရာတွင်မဆို ပြည်နယ်မြို့ကြီးများ၏ အပြင်ဘက်တွင် ဝါးရထားများကို တွေ့ရှိနိုင်ခဲ့ရသော်လည်း ယနေ့အချိန်တွင် မီးရထားလမ်းများကို အစိုးရက ထိန်းသိမ်းပြုပြင်မွမ်းမံမှုများ ပြုလုပ်လာသောကြောင့် ရထားလမ်းကြောင်းများ ပြတ်တောက်သွားသည့်အပြင် အာဏာပိုင်များက အသုံးပြုခွင့်မပေးတော့၍ ဝါးရထားများ ပျောက်ကွယ်သွားနေပြီဖြစ်သည်။ ဘက်တမ်လန်မြို့အပြင်ဘက်တွင် ဝါးရထားများတည်ရှိနေခြင်း သည်သာ နောက်ဆုံးဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။


ဘာသာပြန်ရေးသားသူ - ထက်ဝန်း

(ဇန်နဝါရီလ ၁၀ရက် ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာတွင်ပါရှိခဲ့သောဆောင်းပါးဖြစ်သည်။)


(Zawgyi) 

 ကေမၻာဒီးယားႏိုင္ငံမွ ၀ါးရထား




#Travelling

#Cambodia 

#ခရီးသြားဗဟုသုတ


(တစ္ေနရာကေန တစ္ေနရာ၊ ေဒသတစ္ခုကေန အျခားေဒသတစ္ခုကို အလုပ္သေဘာအရပဲျဖစ္ျဖစ္၊ ေဒသႏၱရဗဟုသုတရဖို႔ပဲျဖစ္ျဖစ္ ခရီးထြက္တဲ့အခါ အဲသည္ေဒသက ထူးျခားတဲ့ေနရာ၊အစားအေသာက္၊ခရီးလမ္းေၾကာင္းသာမက ၀န္ေဆာင္မႈလုပ္ငန္းေတြအေၾကာင္း စပ္စုေလ့လာမွ သြားရၾကိဳးနပ္မွာပါ။ ေအာက္မွာေတာ့ ကေမၻာဒီးယားက ရထားလမ္းကိုအသံုးျပဳျပီး ခရီးသြားလာျခင္းကို အသံုးျပဳၾကတဲ့ ၀ါးရထားအေၾကာင္း သိရေအာင္ ျပန္လည္ကူးယူမွ်ေ၀ထားပါတယ္။)


ေနာ္ရီ (norry) သို႔မဟုတ္ ႏိုရီ (nori) သည္ ျပင္သစ္စကား ေလာ္ရီ (lorry) မွတစ္ဆင့္ ခမာစကား “ကား”မွ ဆင္းသက္လာေသာ စကားလံုးျဖစ္ျပီး ကေမၻာဒီးယားေဒသခံတို႔ တီထြင္ထားေသာ ရထားျဖစ္သည္။ Lonely Planet မဂၢဇင္းက ၄င္းကို “ကေမၻာဒီးယား ၀ါးရထား” ဟုေဖာ္ျပသည္။


ကေမၻာဒီးယားႏိုင္ငံ အေနာက္ေျမာက္ဘက္ရွိ ဘက္တမ္လမ္ျမိဳ႕ႏွင့္ ထိုင္းနယ္စပ္ရွိ ပိုအီပက္ျမိဳ႕ထိ မီလီမီတာ ၁၀၀၀စနစ္သံုး မီးရထား လမ္းမ်ားေပၚတြင္ ၀ါးရထားမ်ားသည္ တစ္နာရီလွ်င္ ၃၁မိုင္ႏႈန္းျဖင့္ေျပးဆြဲလ်က္ရွိသည္။ အစိုးရက စီစဥ္ထားေသာ မီးရထား၀န္ေဆာင္မႈ တစ္ခုရွိေသာ္လည္း တစ္နာရီလွ်င္ ၁၈မိုင္ႏႈန္းျဖင့္သာ ေျပးဆြဲေနသျဖင့္ အလြန္ေႏွးေကြးလွသည္။ ျပင္သစ္ကိုလိုနီတို႔ အုပ္စိုးခဲ့စဥ္ မူလက တည္ေဆာက္ခဲ့ေသာ ရထားလမ္းကြန္ရက္မ်ားကို ခမာနီစစ္အစိုးရလက္ထက္တြင္ ပိတ္သိမ္းခဲ့ျပီးေနာက္ မီးရထားမ်ား မွာ ေျပးဆြဲမႈ မရွိေတာ့ဘဲ အၾကီးအက်ယ္စြန္႔ပစ္ျခင္း ခံခဲ့ရသည္။


၂၀၀၆ခုႏွစ္တြင္ ဘီဘီစီမွ ေဖာ္ျပခဲ့ရာ ကေမၻာဒီးယားရထားမ်ားမွာ ရက္သတၱပတ္လွ်င္ ပံုမွန္၀န္ေဆာင္မႈတစ္ခုသာရွိျပီး လမ္းေလွ်ာက္ႏႈန္း ထက္အနည္းငယ္သာ ပိုျမန္သည္ဟုဆိုသည္။ ႏွစ္ေပါင္းမ်ားစြာ ကေမၻာဒီးယားရွိ ခရီးသြားမ်ားသည္ ကမၻာ့အဆိုးဆံုးမီးရထားကြန္ရက္မ်ား ထဲမွ တစ္ခုကို ရင္ဆိုင္ခဲ့ရသည္။ ေက်းရြာမ်ားအၾကား ရထားမ်ားသည္ မၾကာခဏ စက္ပ်က္ျခင္းႏွင့္ လမ္းေခ်ာ္ျခင္းမ်ားျဖစ္ေလ့ရွိသည္။ ထို႔ေၾကာင့္ ႏိုင္ငံ၏ အေနာက္ေျမာက္ဘက္ရွိလူမ်ားသည္ ကေမၻာဒီးယား၏ ဒုတိယျမိဳ႕ေတာ္ ဘက္တမ္လန္အနီးရွိ ခရီးသြားကိစၥရပ္မ်ားကို ၄င္းတို႔ဘာသာ ေျဖရွင္းရန္အတြက္ ၀ါးရထားကို တီထြင္ ဖန္တီးခဲ့ၾကျခင္းျဖစ္သည္။ 


၂၀၁၇ခုႏွစ္ ေအာက္တိုဘာလတြင္ ထိုင္း-ကေမၻာဒီးယားနယ္စပ္ရွိ ပိုအီပက္ျမိဳ႕မွ ျမိဳ႕ေတာ္ဖႏြမ္ပင္ထိ ရထားလမ္းျပန္လည္ ေဖာက္လုပ္ရန္ ၾကိဳးပမ္းလာမႈေၾကာင့္ ၀ါးရထားကို ယခင္ကကဲ့သို႔ လမ္းေၾကာင္းရွည္လ်ားစြာ အသံုးမျပဳႏိုင္ေတာ့ေပ။ သို႔ေသာ္ ေဒသတြင္း ခရီးသြား လုပ္ငန္းကို အေထာက္အကူျပဳႏိုင္ရန္ ၀ါးရထားကို ဘက္တမ္လန္ျမိဳ႕ရွိ ၀ပ္ဘာနန္(Wat Banan) ဘုရားေက်ာင္းအနီးသို႔ ျပန္လည္ ေျပာင္းေရႊ႕ေျပးဆြဲေပးခဲ့ျပီး အဆိုပါေနရာကို ၂၀၁၈ခုႏွစ္ ဇန္န၀ါရီလလယ္တြင္ ဖြင့္လွစ္ခဲ့သည္။


၀ါးရထားမ်ားသည္ စီးခႏႈန္းထား သက္သာေသာ္လည္း တစ္ခါတစ္ရံတြင္ အေတာ္ေလးျမန္သည္ကို ေတြ႕ရသည္။ မူလတည္ေဆာက္ပံု ဒီဇိုင္းအရ ၀ါးရထားတြင္ ဘရိတ္မရွိျခင္း၊ မၾကာခဏ ရထားလမ္းမ်ား ျပတ္ေတာက္ေနျခင္း၊ ရထားလမ္းတြန္႔လိမ္ေနျခင္း၊ တရား၀င္ လည္ပတ္မႈစနစ္မရွိျခင္းတို႔ ေတြ႕ရေသာ္လည္း လူၾကိဳက္မ်ားလွသည္။ ၄င္း၏ ရိုးရွင္းေသာတည္ေဆာက္ထားပံုႏွင့္ ေပါ့ပါးေသာ အေလးခ်ိန္တို႔ေၾကာင့္ ၀ါးရထားကို ရထားလမ္းေပၚမွ အလြယ္တကူဖယ္ရွားေပးႏိုင္သည္။ အကယ္၍ ၀ါးရထားႏွစ္စီးသည္ ရထားသံလမ္းေပၚတြင္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ဆံုပါက ပါလာေသာ၀န္စည္မ်ားကို ေဘးခ်ျပီး ၀ါးရထားကို သံလမ္းေပၚမွဖယ္ကာ အျခားတစ္ဖက္သို႔ မ၍ သယ္ေဆာင္သြားႏိုင္သည္။


ရထားလမ္းဆံုးသြားပါကလည္း ၀ါးရထားကိုမ၍ေရႊ႕ကာ လာရာလမ္းဘက္သို႔ျပန္လွည့္ထားႏိုင္သည္။ ယခင္က ဘရိတ္မရွိခဲ့ေသာ ၀ါးရထားသည္ ၂၀၁၆ခုႏွစ္ ၾသဂုတ္လတြင္ ဘရိတ္စနစ္ကို တီထြင္ခဲ့သည္။ ၀ါးရထားကို လူၾကိဳက္မ်ားမႈမွာ ယခင္ကတည္းက ထံုးတမ္းစဥ္လာအခ်ိဳ႕ရွိသည္။ ၁၉၈၀ႏွင့္ ၁၉၉၀ျပည့္ႏွစ္မ်ားတြင္ ကေမၻာဒီးယားျပည္တြင္းစစ္ေၾကာင့္ ရထားမ်ားကို လက္နက္မ်ား တပ္ဆင္ထားကာ သံခ်ပ္ကာမ်ား ကာရံ၍ ခုတ္ေမာင္းခဲ့ရသည္။ ထိပ္ဆံုးမွ ရထားတြဲသည္ ရထားလမ္းေပၚတြင္ ေထာင္ထားေသာ မိုင္းမ်ားကို ရွင္းလင္းရန္အတြက္ ျပားခ်ပ္ခ်ပ္ ပက္လက္ရထားတြဲမ်ား (၀ါးရထားႏွင့္တူသည္)ျဖစ္ျပီး  အခမဲ့စီးနင္းႏိုင္ကာ ဒုတိယတြဲသည္ ခရီးစဥ္ႏႈန္းထား၏ တစ္၀က္ေစ်းသာေပးရသည္။ ထိပ္ဆံုးတြဲမွ စီးနင္းရျခင္းသည္ အႏၱရာယ္မ်ား၍ စြန္႔စားမႈမ်ားရွိေသာ္လည္း လူၾကိဳက္ မ်ားခဲ့သည္။


၀ါးရထားတည္ေဆာက္ေရးသည္ ရထားလမ္းအနီးရွိ ေက်းရြာမ်ားတြင္ ျပဳလုပ္ေသာ အိမ္တြင္းစက္မႈလုပ္ငန္းျဖစ္သည္။ စြန္႔ပစ္ထားသည့္ တင့္ကားမ်ားမွ ဘီးမ်ားေပၚတြင္ ၀ါးျပားမ်ားႏွင့္ သံကိုယ္ထည္တပ္ဆင္ထားသည့္ ၀ါးရထားတစ္စီး တည္ေဆာက္ရန္ အခ်ိန္ေလးရက္ခန္႔ ေပးရသည္။ ၀ါးရထားတစ္စီးတြင္ အရွည္ သံုးမီတာရွည္ေသာ သစ္သားေပါင္ပါ၀င္ျပီး ေပါ့ပါးေသာ ၀ါးကိုခြဲကာ အခင္း ခင္းထားသည္။ သံဘီး၏ ၀င္ရိုးေပၚတြင္ အေပၚေပါင္ေအာက္တြင္တပ္ထားေသာ ေထာင့္ခြထဲထည့္ကာ ေဘာ္ဒီႏွင့္ ဘီးကိုတပ္ဆင္ထားျခင္းျဖစ္သည္။ မူလက ၀င္ရိုးမ်ားကို တိုင္ျဖင့္ဆက္၍ လက္တြန္းအားကို အသံုးျပဳကာ ေမာင္းႏွင္ရသည္။


ယခုအခါ ေသးငယ္သည့္ ေမာ္ေတာ္ဆိုင္ကယ္ သို႕မဟုတ္ ထြန္စက္အင္ဂ်င္မ်ားအသံုးျပဳ၍ အေနာက္ဘက္၀င္ရိုးကို ေမာ္တာခါးပိတ္ၾကိဳး တပ္ဆင္ျပီး ေမာင္ႏွင္မႈေၾကာင့္ အျမန္ႏႈန္းကို တစ္နာရီလွ်င္ ၂၅မိုင္ႏႈန္းႏွင့္အထက္ ပို႕ေဆာင္ေပးႏိုင္သည္။ ၀ါးရထားေမာင္းသူမ်ားက ၄င္းတို႔ရထားသည္ သယ္ယူပို႔ေဆာင္ေရးအတြက္ လံုျခံဳစိတ္ခ်ရေၾကာင္း အခိုင္အမာေျပာဆိုၾကသည္။ ခရီးသြားမ်ား၊ အိမ္ေမြးတိရစၧာန္ မ်ား၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားႏွင့္ ဆန္မ်ားအပါအ၀င္ မည့္သည္၀န္ကိုမဆို သယ္ေဆာင္ႏိုင္ျပီး လမ္းေၾကာင္းတေလွ်ာက္ရွိ ေက်းရြာမ်ားမွ ရထားေမာင္းရန္ လိုအပ္ေသာေလာင္စာဆီကို ၀ယ္ယူရရွိႏိုင္သည္။


၂၀၀၈ခုႏွစ္ ေဖေဖာ္၀ါရီလတြင္ ကေမၻာဒီးယားေတာင္ဘက္ သီဟာႏုဗီလာမွ ျမိဳ႕ေတာ္ဖႏြမ္းပင္ကိုျဖတ္၍ ပိုအီပက္ျမိဳ႕မွ ထိုင္းနယ္စပ္ရွိ ဆီဆိုဖြန္ျမိဳ႕ထိ မီးရထားလမ္းမ်ား ျပန္လည္တည္ေဆာက္မည့္စီမံကိန္းကို ေၾကညာခဲ့ျပီး ၂၀၀၉ခုႏွစ္ ႏွစ္ကုန္ပိုင္းတြင္ ျပီးစီးရန္ ေမွ်ာ္မွန္းခဲ့ ေသာ္လည္း ၂၀၁၁ခုႏွစ္ ေမလထိ ဖႏြမ္းပင္မွ သီဟာႏုဗီလာထိသာ ျပီးစီးခဲ့သည္။ ၂၀၁၁ခုႏွစ္ ေမလတြင္ ဘက္တမ္လန္ျမိဳ႕၏ သယ္ယူပို႔ ေဆာင္ေရးလမ္းေၾကာင္းမ်ား ဖြံ႕ျဖိဳးတိုးတက္လာေသာ္လည္း ၀ါးရထားသည္ ျမိဳ႕တစ္၀ိုက္တြင္ လည္ပတ္ေနသည့္ တစ္ခုတည္းေသာ ရထားအျဖစ္ရွိေနကာ ျမိဳ႕ဆင္ေျခဖုံး အုတ္စက္ရံုရွိေသာရြာသို႔ လူတစ္ဦးလွ်င္ ငါးေဒၚလာႏႈန္းျဖင့္ ခရီးသြား၀န္ေဆာင္မႈ ေပးေနျပီး ၄င္း၀ါးရထားကို ေဒသခံခရီးသြားရဲတပ္ဖြဲ႕က ၾကီးၾကပ္လ်က္ရွိသည္။ ၂၀၁၄ခုႏွစ္တြင္ ဇန္န၀ါရီလထိ ကေမၻာဒီးယားအလယ္ပိုင္းရွိ ပါဆပ္ျမိဳ႕တြင္ ၀ါးရထားစီးနင္းေနဆဲျဖစ္သည္။


ေဒသခံမ်ားအေနျဖင့္ ဆိုင္ကယ္တကၠစီမ်ားသည္ ၀ါးရထားမ်ားထက္ပို၍ ျမန္ဆန္ေသာ္လည္း လံုျခံဳစိတ္ခ်ရမႈမရွိသျဖင့္ အိပ္ငိုက္၍ သက္ေသာင့္သက္သာ စီးႏိုင္ေသာ ၀ါးရထားကို ပိုမိုႏွစ္သက္ၾကသည္။ တစ္ခ်ိန္က ရထားသံလမ္းမ်ားရွိသည့္ မည္သည့္ေနရာတြင္မဆို ျပည္နယ္ျမိဳ႕ၾကီးမ်ား၏ အျပင္ဘက္တြင္ ၀ါးရထားမ်ားကို ေတြ႕ရွိႏိုင္ခဲ့ရေသာ္လည္း ယေန႔အခ်ိန္တြင္ မီးရထားလမ္းမ်ားကို အစိုးရက ထိန္းသိမ္းျပဳျပင္မြမ္းမံမႈမ်ား ျပဳလုပ္လာေသာေၾကာင့္ ရထားလမ္းေၾကာင္းမ်ား ျပတ္ေတာက္သြားသည့္အျပင္ အာဏာပိုင္မ်ားက အသံုးျပဳခြင့္မေပးေတာ့၍ ၀ါးရထားမ်ား ေပ်ာက္ကြယ္သြားေနျပီျဖစ္သည္။ ဘက္တမ္လန္ျမိဳ႕အျပင္ဘက္တြင္ ၀ါးရထားမ်ားတည္ရွိေနျခင္း သည္သာ ေနာက္ဆံုးျဖစ္ပါေၾကာင္း ေရးသားလိုက္ရပါသည္။


ဘာသာျပန္ေရးသားသူ - ထက္၀န္း

(ဇန္န၀ါရီလ ၁၀ရက္ ၂၀၂၁ခုႏွစ္ထုတ္ ရတနာပံုသတင္းစာတြင္ပါရွိခဲ့ေသာေဆာင္းပါးျဖစ္သည္။)

No comments: