Wednesday, August 22, 2018

“Sex chat ခြင်းနှင့် ပတ်သက်သမျှ”



ခုနောက်ပိုင်း တော်တော်လေး ရင်ဖွင့်အကြံဉာဏ်တောင်း ခံလာရတဲ့အတွက် ရေးရတာ ဖြစ်ပါတယ်။ Sex chat တယ်ဆိုတာ ဒီဘက်ခေတ် လူငယ်တွေ လုပ်တတ်ကြတဲ့ လိင်မှုဆိုင်ရာ အပြုအမူတစ်ခုပါ။ တစ်ယောက်နဲ့တစ်ယောက် လိင်မှုဆိုင်ရာ စကားတွေ ပြောကြတယ်၊ ဓါတ်ပုံတွေ၊ အသံဖိုင်တွေ ပို့ကြတယ်၊ Video call ခေါ်ပြောတာလည်း ရှိမယ်။ အပြင်မှာ အကြောင်းကြောင်းကြောင့် အတူမနေရတာဖြစ်ဖြစ်၊ ဒါမှမဟုတ်လည်း ဒီလို Chat ရတာကို ကြိုက်တာကြောင့်ဖြစ်ဖြစ်၊ ကိုယ့်ဆန္ဒကိုယ် ထုတ်ဖော်ဖြည့်ဆည်းလို့ မရတာကြောင့်ဖြစ်ဖြစ် လုပ်ကြတာပေါ့။

ကျွန်တော်ကတော့ ဒီလိုလုပ်တာကို အပြစ်မမြင်ပါဘူး။ သာမန်လိင်မှုကိစ္စတစ်ခုလိုပဲ မြင်ပါတယ်။ ပြောရရင် ရောဂါကူးစက်မှုတွေ၊ ကိုယ်ဝန်တွေတောင်မှ မရနိုင်ဘူး။ သို့သော်လည်း ဒီကနေတစ်ဆင့် နောက်ဆက်တွဲ လူမှုရေးပြဿနာတွေတော့ ရှိလာနိုင်ပါတယ်။ အဆင်ပြေနေတုန်း ပြဿနာမရှိပေမယ့် ပြတ်စဲသွားပြီဆိုတဲ့အခါ၊ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး အဆင်မပြေကြတော့တဲ့အခါ ခြိမ်းခြောက်အကြပ်ကိုင်စရာ ဖြစ်လာနိုင်လို့ပါပဲ။ ကိုယ့်အချင်းချင်းက ဒီလိုမလုပ်တောင် ကြားလူတစ်ယောက်ယောက်ကနေ လုပ်တာမျိုးလည်း ရှိတတ်တယ်။ ဒီအခါ အရှက်ကွဲရတာတွေ၊ ခြိမ်းခြောက်အကြပ်ကိုင်သမျှ ငြိမ်ခံနေရတာတွေ ရှိလာပါတယ်။ ဒါကြောင့် ဒီပို့စ်လေးကို ရေးလိုက်ရတာပါ။

၁။ မချတ်တာ အကောင်းဆုံးပါ။

ဒါကတော့ အရှင်းဆုံးပါပဲ။ ဒါမျိုးမလုပ်ရင် ဘာမှကိုမဖြစ်ဘူးပေါ့။ ချစ်သူနှစ်ဦး ချတ်မယ်ဆိုတောင် သူနဲ့ကိုယ်ဟာ သူစိမ်းဆိုတာ အမြဲတွေးထားပါ။ တစ်ချိန်ပြတ်စဲသွားတဲ့အခါကျ ဒါက ပြဿနာကောင်းကောင်း ပေးလာနိုင်ပါတယ်။ အဲ့ဒီလိုပြဿနာဖြစ်နေတဲ့ ယောကျာ်းလေး၊ မိန်းကလေးတွေလည်း တစ်ပုံကြီးပါပဲ။

ပုံမှန်အားဖြင့်တော့ မိန်းကလေးတွေက ဒီလိုအကြပ်ကိုင်ခံရတာ ပိုများပါတယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ယဉ်ကျေးမှုအရ မိန်းကလေးတွေဟာ အရှက်သိက္ခာ ထိခိုက်မခံနိုင်ဘူး။ နှစ်ယောက်တွဲပုံ၊ နှစ်ယောက်တွဲဗီဒီယို တက်လာတောင် လူတွေကလည်း မိန်းကလေးကိုပဲ အပြစ်တင်ကြတာကိုး။

ဒါပေမယ့်လည်း ယောကျာ်းလေးက အဆင့်အတန်းတစ်ခုနဲ့ ဖြစ်နေလို့၊ ဂုဏ်သိက္ခာကို ငဲ့ရမှာမို့လို့၊ ဒါမှမဟုတ်လည်း အိမ်ထောင်နဲ့ဖြစ်နေလို့ တစ်ဖက်မိန်းကလေးက အကြပ်ကိုင်ခံရတာမျိုးလည်း ရှိနိုင်တာပဲ။ ဥပမာ ဥပါယ်တံမျဉ်ဇာတ်ကားထဲကလိုပေါ့။ ဒါကြောင့် ဒီပြဿနာဟာ ယောကျာ်းလေး၊ မိန်းကလေးရယ် မဟုတ်ဘဲ ဘယ်သူမဆို သတိထားသင့်ပါတယ်။

၂။ လူကို မယုံနဲ့၊ သူ့အဆင့်အတန်းကို ယုံပါ။

လေးစားရတဲ့ အစ်ကိုတစ်ယောက် ပြောဖူးတာလေး ဒီနေရာမှာ ကိုးကားချင်တယ်။ တကယ်တော့ ယုံကြည်မှု (Trust) ဆိုတာ မရှိဘူး။ အပြန်အလှန် အကျိုးပြုမှု (Mutual respect) ဆိုတာပဲ ရှိတယ်တဲ့။ သဘောကတော့ လူတစ်ယောက်ကို အကြွင်းမဲ့ဘယ်တော့မှမယုံနဲ့။ သူ ကိုယ့်ဆီကနေ တခုခုရနေဦးမယ် ဆိုသရွေ့တော့ စိတ်ချထားလို့ ရတယ်။

ချိတ်ဆက်ပြီး ပြောပြမယ်။ မိန်းကလေးတစ်ယောက်က နာမည်ကျော်မင်းသားတစ်လက်နဲ့ ရည်းစားဖြစ်ပြီး Sex chat မယ်ဆိုပါတော့။ သေချာတယ်၊ အဲဒီမင်းသားဟာ ဘယ်တော့မှ အဲဒါကို အကြပ်ကိုင်ပြီး အရှက်မခွဲဘူး။  ဘာလို့ဆိုတော့ သူ့မှာလည်း အဆင့်အတန်းတစ်ခု ရှိနေတာကိုး။ ရိုးသားဖြူစင်လွန်းလို့ မဟုတ်ဘူး၊ သူကိုယ်တိုင်လည်း အရှက်ကွဲလို့မရလို့။ ဒါကြောင့် ငါ့ရည်းစားက ဘယ်လိုရိုးသားတာ ဆိုပြီး လူကို ယုံနေတာထက် သူ့အဆင့်အတန်း၊ တစ်နည်းအားဖြင့် ပြောရရင် သူကရော အရှက်ကွဲခံလို့ရတဲ့သူ ဟုတ်မဟုတ်ကို ကြည့်တာက ပိုစိတ်ချရပါလိမ့်မယ်။ (ဒါလည်း ခြွင်းချက်အနည်းငယ် ရှိနိုင်ပါသေးတယ်၊ ဥပမာအနေနဲ့ ပြောရတာပါ။ သဘောက Sex chat မယ်ဆိုတောင် စိတ်ချယုံကြည်ရတဲ့လူဆိုတာ ဘယ်လိုလူမျိုးကို ခေါ်သလဲ ရွေးတတ်စေဖို့ပါ)

၃။ ပုံတွေပို့တဲ့အခါ မျက်နှာမပါစေနဲ့။

ဒါကတော့ မဖြစ်မနေ ချတ်တော့မယ်ဆိုတဲ့အခါ သတိထားဖို့တွေပါ။ Screenshot ယူထားမယ်ဆိုတောင် ကိုယ်ဘယ်သူမှန်း မသိနိုင်တဲ့ အခြေအနေမျိုးနဲ့ ချတ်ပါ။ Viber ဆို ဓါတ်ပုံမထည့်တာမျိုး၊ Messenger ဆို အကောင့်သစ်တစ်ခုနဲ့ ချတ်တာမျိုးလုပ်ပါ။ ပုံပို့ရမယ်ဆိုလည်း ကိုယ့်မျက်နှာ၊ တက်တူးလို ကိုယ်မှန်းအလွယ်တကူ သိစေနိုင်တဲ့ ကိုယ့်ရဲ့ ထင်ရှားတဲ့ အစိတ်အပိုင်းတွေ မပါအောင်ပို့ပါ။

နောက်ပြီး ကိုယ့်ရဲ့ Privacy setting ကို မြှင့်ထားပါ။ Viber, Messenger application တွေကို Version မြင့်တာသုံးပါ။ Secret conversation လိုမျိုးတွေ အသုံးပြုပါ။ ကျွန်တော်တို့နိုင်ငံက လူငယ်အများစုဟာ Digital literacy လည်း အားနည်းကြတော့ ဒါတွေကို သုံးသာ သုံးနေတာ၊ လုံခြုံဘေးကင်းအောင် ဘယ်လိုသုံးရမလဲလည်း မသိနေကြပါဘူး။ ဒါကြောင့် အဲဒီအပိုင်းမှာ သေချာသတိထားဖို့ လိုပါလိမ့်မယ်။

၎။ ပတ်ဝန်းကျင်က အမြင်တွေ

ဒါကြီးကို ကောင်းပါတယ်၊ ဖြစ်သင့်ပါတယ် လက်ခံခိုင်းနေတာတော့ မဟုတ်ပါဘူး။ သို့သော်လည်း ဒါဟာ လိင်မှုဆိုင်ရာ အပြုအမူတစ်ခုလို့တော့ မြင်ပေးစေချင်တယ်။ အဲဒီလိုတွေ ခြိမ်းခြောက်ခံရတဲ့အခါ မိန်းကလေးတွေ အကြောက်ဆုံးက ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြစ်တင်သံတွေပဲ။ ဒေါသထွက်သလိုလို၊ ဆဲသလိုလိုနဲ့ ရှယ်ကြတယ်၊ ဒီတော့ ပိုဖြန့်လိုက်သလို ဖြစ်သွားတယ်၊ တချို့ကျလည်း အရှက်ကွဲမှ ဒင်းတို့မှတ်မှာဆိုပြီး တမင်တကာကို ဖြန့်ကြတာတွေတောင် ရှိတယ်။ ဒီလိုအခြေအနေက ယောကျာ်းလေးတွေကို တစ်ပန်းသာစေတယ်။ အကြပ်ကိုင်ရ သိပ်လွယ်တဲ့ အခြေအနေတစ်ရပ်ကို ဖြစ်စေတယ်။

တကယ်ဆို ခြိမ်းခြောက်တဲ့လူ၊ Privacy ချိုးဖောက်တဲ့လူကသာ အပြစ်ရှိတာပါ။ ဒါပေမယ့် ခံလိုက်ရတဲ့သူကိုပဲ ယဉ်ကျေးမှုစံနှုန်းနဲ့တိုင်းပြီး အပြစ်တင်ကြတာက များပါတယ်။ ဒါကြောင့် အဲဒီအလေ့အထလေးတွေ ပြင်နိုင်ရင် သိပ်ကောင်းပါမယ်။

ဘာလို့ဆိုတော့ ဒီလိုခြိမ်းခြောက်ခံရသူအနေနဲ့ တောင်းခံနိုင်တဲ့ ရဲအကူအညီ၊ လုံခြုံမှုအကူအညီ၊ ဥပဒေအကူအညီတွေက တအားကို အားနည်းနေလို့ပါပဲ။ အဲ့လိုခြိမ်းခြောက်ခံနေရလို့ ဘယ်ကို အကူအညီတောင်းရမလဲ လာမေးရင် ကျွန်တော်လည်း တိတိကျကျ ဖြေမတတ်ပါဘူး။ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းကသာ ဒီလိုအဖြစ်အပျက်တစ်ခု ပေါ်လာတိုင်း Right to privacy (လျှို့ဝှက်စွာ နေပိုင်ခွင့်) ဆိုတဲ့ ရှုထောင့်ကနေ ကြည့်ပေးမယ်ဆိုရင်၊ ဒီရပိုင်ခွင့်ကို ချိုးဖောက်သူကိုသာ အပြစ်တင်တတ်မယ်ဆိုရင် ဒီပြဿနာ အတန်အသင့် ပြေလည်သွားနိုင်တာပါ။

၅။ ယောကျာ်းလေးတွေရဲ့ အခန်းကဏ္ဍ

ရှေ့ပိုင်းမှာ ပြောခဲ့သလို ယောကျာ်းလေးတွေလည်း ကြုံရနိုင်တဲ့ ပြဿနာဆိုပေမယ့် ယောကျာ်းလေးက မိန်းကလေးကို ခြိမ်းခြောက်တာကတော့ များပါတယ်။ ဒါကြောင့် သိစေချင်တာက မိန်းကလေးက စိတ်မပါဘူးဆိုရင် ဒီလိုချတ်ဖို့ အတင်းမတောင်းဆိုဖို့ လိုပါတယ်။ ကိုယ်တွေအချင်းချင်း အဆင်ပြေလို့ ချတ်တာ ပြဿနာမရှိပါဘူး။ အတင်းအကြပ် တောင်းဆိုနေတာကတော့ မဖြစ်သင့်ပါဘူး။ သူ့ကို တန်ဖိုးမထားရာလည်း ရောက်ပါတယ်။

ပိုဆိုးတာကတော့ အဲ့ဒီလိုချတ်ပြီးသွားတဲ့အခါ ဒါကို နိုင်ကွက်တစ်ခုလို သဘောထားပြီး မိန်းကလေးကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်အကြပ်ကိုင်နေကြတာပါပဲ။ အဆင်မပြေလို့ ပြတ်ချင်တယ်ဆိုလည်း ပြတ်မပေးဘဲ ဒါတွေကို ဖြန့်လိုက်မယ်လို့ ခြိမ်းခြောက်တယ်၊ ဒါမျိုးမချတ်ချင်တော့ဘူးဆိုလည်း ဒါကိုကိုင်ပြီး ထပ်ချတ်ဖို့ အကြပ်ကိုင်တယ်။ ပြောရရင် တော်တော်ကိုမှ ယုတ်ညံ့တဲ့ကိစ္စလို့ ထင်ပါတယ်။ ငါက ယောကျာ်းလေးပဲ ဆိုပြီး ဒါမျိုးလုပ်တာက တကယ်တော့ ယောကျာ်းပီသရာ မရောက်ပါဘူး။ တကယ်တော့ ယောကျာ်းတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာ ကိုယ်အသာစီးရနေတဲ့ အခြေအနေတစ်ရပ်မှာ တစ်ဖက်သားရဲ့ ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်ကို လေးစားပေးတတ်ခြင်းကို ခေါ်တာဖြစ်ပါတယ်။

ပြန်ချုပ်ပြီးပြောရရင်တော့ Sex chat တယ်ဆိုတာ လူငယ်တွေကြားထဲမှာ ရှိလာတဲ့ လိင်မှုဆိုင်ရာ အပြုအမူတစ်ရပ်ပါ။ လုပ်သင့် မလုပ်သင့် ငြင်းမနေချင်ပါဘူး။ သို့သော်လည်း ဒီကနေ နောက်ဆက်တွဲပြဿနာ တက်မလာဖို့တော့ လိုပါတယ်။ ဒီအတွက် လူငယ်တွေကို ဒါလေးတွေတော့ ပြောထားသင့်တယ်ထင်လို့ ရေးလိုက်ရတာ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေရော၊ မိန်းကလေးတွေပါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ကြစေဖို့ ရည်ရွယ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၆.၈.၂၀၁၈

No comments: