Tuesday, August 28, 2018

"ကမ္ဘာမကြေ"




ကမ္ဘာမကြေဆိုသော စာသားကို စာရေးသူကိုယ့်ဘာသာ အကြိမ်ကြိမ်စဉ်းစားနေမိတာ မကြာခနဖြစ်သည် ။ အထူးသဖြင့် ကမ္ဘာမကြေ  မြန်မာပြေ(ပြည်) ဆိုသော စာသားကိုဖြစ်သည် ။ နိုင်ငံတော်သီချင်းကိုဆိုတိုင်း ထိုနေရာအရောက်တွင်ကျွန်တော်တို့သည် အသံကိုမြှင့်၍ အားနှင့်မာန်နှင့်သီဆိုကြသည် ။ ဆိုလို့ လဲကောင်းသည် ။ အဓိပါယ်လဲ ရှိသည် ။ မူရင်းအဓိပါယ်ကတော့ ကမ္ဘာမြေကြီးတည်၇ှိနေသရွေ့  မြန်မာပြည်လဲတည်ရှိနေမည်ဟု ဆိုလိုပုံရသည် ။ သို့ သော် ကျွန်တော်ကတော့ ထိုသို့ မခံစားရ ။ ကမ္ဘာမကြေဆိုသောစာသားမှာ နိမိတ်မကောင်းဟုသာခံစားရသည် ။ နာကျည်းမုန်းတီးမှုတွေကိုသာဖြစ်ပေါ်စေသည်ဟုလည်းထင်မြင်မိသည် ။ ကမ္ဘာမကြေ-မြန်မာပြည် ဆိုသော စကား ကို အခြားတဖက်မှ နားလည်နေမိသည် ။ ကျွန်တော်နားလည်သော ကမ္ဘာမကြေမှာ အတိတ်ကဖြစ်ရပ်တွေကိုမကြေမနပ်ဖြင့်ကြိမ်းဝါးပြောဆိုနေခြင်းဖြစ်သည် ။ အေး ကမ္ဘာကြေတောင် မင်းကိုမကြေဘူးကွ ဟူသော သဘောမျိုးကိုဆောင်သည့် စကားဟုသာ ငယ်ငယ်ကတည်းက ခံစားရသည် ။ မြန်မာပြည်ကြီးသည်လည်း ကမ္ဘာကြေတောင် အတိတ်ကအကြောင်းတွေကို ကြေနိုင်မည်မဟုတ် ဟူသော သဘောကို စာသား၏အတွင်းသဘောတွင်လှစ်ဟဖော်ပြနေသည်ဟုသာထင်ပါသည် ။ထို့ ကြောင့် ကျွန်တော်တို့ သည် အတိတ်ဖြစ်ရပ်ဆိုးများမှ ရုန်းထနိုင်ခြင်းမရှိပဲ ၊အတိတ်က နာကျည်းခဲ့ရသည်များ ၊ ခံခဲ့ရသည်များကိုသာ ပြန်လည်တွေးမိကာ ကမ္ဘာမကြေဟုရွတ်ဆိုနေရသည် ။ ထိုသို့ အတိတ်ကိုအခဲမကြေသည့် စာသားများကိုရွတ်ဆိုရင်း အခဲမကြေစရာ ဖြစ်ရပ်ဆိုးများက ထပ်ကာထပ်ကာဖြစ်နေရပြန်သည် ။ ထိုအခါ ကျွန်တော်တို့သည် အတိတ်ကမ္ဘာထဲမှာပဲ တရစ်ဝဲ၀ဲနှင့်လှည့်နေကာ ကောင်းမွန်သာယာသော အနာဂါတ်ဆီသို့ ခြေဦးမလှည့်နိုင်တော့ ပဲ အတိတ်ဆိုသည့် ၀င်္ကပါထဲမှာပဲပိတ်မိနေတော့သည် ။

          ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်း တေးရေးနိုင်မြန်မာ ၁၉၈၈ က ရေးစပ်ခဲ့သောသီချင်းတစ်ပုဒ်ရှိသည် ။ထိုသီချင်းတွင်လည်း ဤသို့ပါရှိသည် ။
“ကမ္ဘာမကြေဘူး …… ငါတို့သွေးနဲ့ရေးခဲ့ကြတဲ့မော်ကွန်းတွေ “
ဤသီချင်းစာသားတွင်လည်း ကမ္ဘာမကြေဘူးဆိုသောစာသား၏အဓိပါယ်မှာ ကမ္ဘာ ကုန်သည်အထိမကြေဘူးဆိုသော အဓိပါယ်ဖြစ်သည် ။ ကမ္ဘာကြီးပျက်စီးသည့်အထိ မြန်မာနိုင်ငံတည်ပါစေဆိုသော အဓိပါယ်မျိုးမဟုတ်ပေ ။ ဤနေရာ၌ သီချင်းကိုကောင်းခြင်း ဆိုးခြင်းဝေဖန်ခြင်းမဟုတ်သလို ၊ ရှစ်လေးလုံးအရေးတော်ပုံကို ဝေဖန်ခြင်းလည်းမဟုတ်ပေ ။ အဓိကပြောလိုရင်းမှာ ကမ္ဘာမကြေဆိုသော စကားလုံး၏အဓိပါယ်ဖြစ်သည် ။ ကမ္ဘာမကြေဆိုသည့်အဓိပါယ်မှာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ ဆိုသော ခွင့်မလွှတ်သောသဘောဆောင်သည့် အနက်အဓိပါယ်ဖြစ်သည် ။ ထိုအနက်အဓိပါယ်ဖြင့်ပင် ကမ္ဘာမကြေဆိုသော မြန်မာနိုင်ငံတော်သီချင်းစတင်ပေါက်ဖွားခဲ့ခြင်းဖြစ်ပါသည် ။

            မြန်မာနိုင်ငံတော်သီချင်း၏စတင်ပေါက်ဖွားခဲ့သော မူလဘူတ အရင်းခံမှာ တို့ဗမာအစည်းအရုံးကြီး၏ တို့ဗမာဆိုသောသီချင်းမှ မြစ်ဖျားခံသည် ။ နယ်ချဲ့အင်္ဂလိပ်လက်အောက်တွင် ကျွန်သဘောက်ဘ၀ ရောက်နေရသော မြန်မာနိုင်ငံသားများ ၊တိုင်းရင်းသားညီအစ်ကိုများအားလုံး နိုင်ငံရေးစိတ်ဓာတ် မျိုးချစ်စိတ်ဓာတ် နိုးကြားတက်ကြွလာစေနိုင်သော သီချင်းတပုဒ်စပ်ဆိုရန် တို့ဗမာအစည်းအရုံးခေါင်းဆောင်အချို့က စိတ်ကူးရခဲ့သည် ။ ထိုစိတ်ကူးကို YMB ဆရာတင်ဆိုသော မန္တလေးမှ ဂီတဆရာကြီးတဦးနှင့် တို့ဗမာအစည်းအရုံးခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ခဲ့ရာမှ တို့ဗမာသီချင်းစတင်ဖြစ်ပေါ်လာခြင်းဖြစ်သည် ။ မြန်မာဂီတအနုပညာလောကတွင် ဆရာတင် အမည်တူလူသုံးယောက်ရှိသည် ။ သဟာယဆရာတင် ၊ နန်းတော်ရှေ့ဆရာတင်နှင့် YMB ဆရာတင်တို့ဖြစ်သည် ။ YMB ဆရာတင်မှာ မန္တလေးတွင်နေထိုင်စဉ် ၀ိုင်အမ်ဘီခေါ် ဗုဒ္စဘာသာလူငယ်များစာသင်ကျောင်း တွင် ဆရာလုပ်ခဲ့ခြင်းကြောင့် ထိုသို့  YMB ဂုဏ်ထူးဝိသေသတပ်၍ခေါ်ဝေါ်ကြခြင်းဖြစ်သည် ။၁၉၃၀ တွင် ထို YMB ဆရာတင် မန္တလေးမှ ရန်ကုန်သို့ခေတ္တကြွလာစဉ် ရန်ကုန်၌ သခင်လူငယ်တစုနှင့် ဆက်သွယ်မိကာ တို့ဗမာဇာတိမာန် တက်ကြွစေသည့် နိုင်ငံကျော်တို့ဗမာသီချင်းကြီးကိုစုပေါင်းရေးသားကြခြင်းဖြစ်သည် ။  တို့ဗမာသီချင်းမှာ ပထမ ဗမာ့သမိုင်း ကိုနောက်ခံထား၏ ။ ဒုတိယ လက်ရှိ ဗမာ့ အခြေအနေကိုဝမ်းနည်းဖွယ်ရာ သင်ခန်းစာယူဖွယ်ရာ ၊ထိုနော့က်အားတက်ဖွယ်ရာ စကားလုံးပြောင်ပြောင်နှင့် ဖော်ထုတ်၏ ။ တတိယ၌ တို့ဗမာတို့၏ ခေတ်သစ်ထူထောင်ရန် ကျင့်စဉ်များကိုနှိုးဆွဖော်ထုတ်၏ ။ စတုတ္ထတွင် ကြားရသူ တို့ဗမာအပေါင်း ကြက်သီးမွေးညှင်းထလောက်အောင် ဇာတိသွေးကိုမြင့်တင်၏ ။ ထိုအချက်များပြည့်စုံအောင် စာသားများကို သခင်ဘသောင်း၊ သခင်သိန်းမောင်၊ သခင်လှဘော်၊ သခင်သာဒိုး ၊သခင်အုန်းဖေ၊ သခင်ကျော်ထွန်းစိန် ၊ သခင်ဖိုးနီ စသော သခင်များက စုပေါင်းရှာဖွေပေးကြပြီး ၀ိုင်အမ်ဘီဆရာတင်အားရေးစပ်စေ၏ ။ ဆရာတင်နှင့်သခင်တစုတို့ အပြန်အလှန်တည်းဖြတ်စစ်ဆေး ကြပြီး နောက် အောက်ပါတို့ဗမာ သီချင်းကြီး ဖြစ်လာလေသည် ။

    “တကောင်းအဘိရာဇာ ၊တို့ဗမာသာကီမျိုးဟာမို့  ၊မညှိုးဂုဏ်တေဇာ ၊ ယိုးဒယားနှင့်ကုလားကိုပါ ၊ တိုက်ခိုက်ကာ ..အောင်ခဲ့တာ တို့ဗမာ ။  စိန်မှန်ကင်းစစ် ၊အဖြစ်ကြီးဖြစ်လျက် ၊ထင်းတလှည့်ကြုံရ ၊ထုံးနှင့်မသွေ ၊လောကဓမ္မတာပေ ၊ငါတို့ကံခေ …ဖြစ်ရပြန်သလေ ၊သို့သော် ..အရင်းကိုစစ်လျှင် ဗမာပြေ ၊ငါတို့ပြေ ။

    နောင်ဥဒါန်း..ဘယ်မကြေစရာ ၊ ရာဇ၀င်ထင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့် ၊ ဗမာအထင်အရှား တို့ခေတ်တွင်မှ ညံ့ကြတော့မှာ လား ၊တို့ဗမာ ၊ တို့ဗမာ မဟုတ်လေသလား (တို့ဗမာ-ငါတို့ဗမာ )၂ (ဒါငါတို့ဗမာ)၂  အား..လုံး..ညီညီ ၊ယောက်ကျား ဘသား တို့ဗမာနောင်လာနောက်သားကောင်းစားဖို့ရာ ၊တို့ကိုယ်ကျိုး လုံးလုံးမပါ ၊ရဲရဲ ဗမာပီပီ ဗမာပြေ တို့ဗမာဘို့ ပါ ၊ သခင်ကျင့်ကိုကျင့်ကြပါ ၊ သခင်မျိုးဟေ့ ..တို့ဗမာ ၊ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ ၊စာမရီသွေး တို့ဗမာ ။

       (သံပြိုင်) ကမ္ဘာမကြေ ..ဗမာတတွေ (ဒါတို့ပြေ ဒါတို့မြေ ဒါငါတို့ပြေ )၃ (တို့ ဗမာ)၂ ပြေကို တိုင်းရင်းသားအကုန်အစင် တို့ပြေလို့မှတ်ထင် ၊တို့ဝတ္တရား ပင် တို့ဗမာခင် ။

         အမျိုးသားရေး …ကြိုးပမ်းကြပါ ၊တို့ဗမာ ..ဟေ့ တို့ ဗမာ ၊ သြော်..အမျိုးသားရေး ကို ကြိုးပမ်းကြပါ ၊ တို့ဗမာ ..ဟေ့  တို့ ဗမာ ၊အရှေ့ကနေ၀န်းထွက်သည့်ပမာ ၊ တို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ ။တို့ဗမာ …ဟေ့ တို့ဗမာ ၊ ဗမာပြည်တ၀ှန်း အကုန် ၊တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ  ၊ အဲဒါ တို့ဗမာ “

           နောက်ပိုင်းတွင် တို့ဗမာအဖွဲ့ ကြီးထဲသို့ အိန္ဒိယတိုင်းရင်းသားများပါဝင်ရောက်လာသဖြင့် ယိုးဒယားနှင့်ကုလားကိုပါတိုက်ခိုက်အောင်မြင်ခဲ့တာ ဆိုသောစာသားအစား ယိုးဒယားနှင့် တိုင်းတပါးကိုပါ တိုက်ခိုက်အောင်မြင်ခဲ့တာ ဟု ပြင်ဆင်သီဆိုကြသည် ။ ဤသီချင်းစာသားများကြောင့် ဗမာပြည်တပြည်လုံးအုံးအုံးကျက်ကျက်ဖြစ်ကာ မျိုးချစ်စိတ်များတဖွားဖွား ထက်မြက်ခဲ့သည် ။ထိုသီချင်းကို ပထမဆုံးစတင်သီဆိုသည်မှာ ၁၉၃၀ ဇူလိုင် ၁၉ ရက် စနေနေ့ညတွင် ရန်ကုန်တက္ကသိုလ် သထုံဆောင် သဟာယ နှင့်စာဖတ်ခန်းတွင်ဖြစ်သည် ။ တက္ကသိုလ်ဘာသာပြန်နည်းပြဆရာသခင်ဘသောင်းသည် သင်္ချာနည်းပြဆရာ ဦးထွန်းစိန် ၊ မြန်မာစာနည်းပြဆရာ ဦးညွန့် ၊ ကျောင်းသားကိုနုတို့နှင့်တိုင်ပင်၍ ကျောင်းသားထုရှေ့မှောက်တွင်ဆိုပြခဲ့ခြင်းဖြစ်သည် ။ နောက်တနေ့  (၁၉၃၀ ဇူလိုင် ၂၀ ရက် တနင်္ဂနွေ ) ညနေ ၅နာရီတွင် လူထုကိုပထမဆုံးအကြိမ် တို့ဗမာသီချင်းဆိုပြခဲ့သည် ။ ဆိုပြသောနေရာမှာ ရွှေတိဂုံဘုရား ရာဟုထောင့်ရှိ ဦးစံထွန်းတန်ဆောင်းသစ်ကြီးဖြစ်သည် ။ ပရိသတ်၏တောင်းဆို မှုကြောင့် နှစ်ကြိမ်တိုင် ပြန်ဆိုပြရသည် ။ထိုနေ့ထိုအခါမှစကာ တို့ဗမာသီချင်းသည် မြန်မာတနိုင်ငံလုံးပျံ့နှံ့သွားသည် ။အင်္ဂလိပ်လက်ပါးစေ ပုလိပ်တပ်ဖွဲ့ဝင်များ၊ ဖောက်ပြန်ရေးနိုင်ငံရေးအချောင်သမားများ အား ကမ္မ၀ါဖတ်သည်ကို ကြားရသည့်တစ္ဆေသရဲပမာ နှလုံးတုန် ၊ရင်ခုန် ၊ဒူးတုန် ၍သွား စေခဲ့သည် ။ ထို့ကြောင့်လည်း ထိုခေတ်က တို့ဗမာသီချင်းကို နိုင်ငံရေးကမ္မ၀ါဟုတင်စားခေါ်ဝေါ်ကြသည် ။

              ကမ္ဘာမကြေ စာသားပါသော တို့ဗမာသီချင်းကို ၀ိုင်အမ်ဘီဆရာတင်ရေးစပ်ခဲ့သော ကာလမှာ ၁၉၃၀ တွင်ဖြစ်သည် ။ထိုအချိန်တွင် မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ်တို့ကို လက်အုပ်ချီ ဘုရားထူးနေရသောအချိန်ဖြစ်ပြီး ပြည်သူလူထုက (အထူးသဖြင့် သခင်အသင်းဝင်များက) နယ်ချဲ့အင်္ဂလိပ်ကို အလွန်မုန်းတီးနေသော အချိန်ကာလဖြစ်သည် ။ ထို့ကြောင့် ဤသီချင်းတွင်ပါဝင်သော ကမ္ဘာမကြေ ဗမာတတွေ ဟူသောစာသားမှာ နယ်ချဲ့အင်္ဂလိပ်ကို ကမ္ဘာကြေတဲ့အထိ ငါတို့ဗမာတွေက လုံးလုံးအခဲမကြေဘူးကွ ဟူသော အဓိပါယ်ကိုဆောင်မည်ထင်သည် ။ သို့သော်သီချင်းကိုအင်္ဂလိပ်လိုဘာသာပြန်ပြီး တက္ကသိုလ်မဂ္ဂဇင်းတွင်ထည့်တော့ အင်္ဂလိပ်မြန်မာနှစ်ဘာသာဖြင့်ထည့်သွင်းဖော်ပြရာတွင်မူ ကမ္ဘာမကြေ၏အဓိပါယ်ကို ကမ္ဘာကြီးပျက်သည်အထိ ဗမာလူမျိုးရှိနေမည် ဟူသည့်အဓိပါယ်မျိုးဘာသာပြန်ခဲ့ကြပုံရလေသည် ။တကယ့်အဓိပါယ်ကား ကမ္ဘာမကြေသော်လည်း ဥဒါန်းမကြေဆိုသလိုပင် မင်းတို့အင်္ဂလိပ်တွေ လုပ်ထားနှင့်ဦးပေါ့ကွာ ငါတို့ ဗမာတွေကတော့ မင်းတို့ကိုဘယ်တော့မှအခဲမကြေဘူးဟေ့ အခွင့်သာတဲ့နေ့မှာ မင်းတို့ငါတို့အကြောင်းသိရမယ် ဟု မပြောသော်လည်း ပြောနေသယောင်ဖြစ်သဖြင့် ထိုစဉ်က သူ့ ကျွန်ဘ၀ရောက်နေသော မြန်မာပြည်သူများက ထိုသီချင်းကိုသောင်းသောင်းဖျဖျအားပေးကြခြင်းဖြစ်သည် ။

        ၁၉၄၇ ဇန်န္ဒ၀ါရီ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာနိုင်ငံ လွတ်လပ်ရေး တနှစ်အတွင်းရတော့မည်ဟုကတိရလာသောအခါ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဖဆပလ အဖွဲ့ကြီးသည် အနာဂါတ်မြန်မာနိုင်ငံတော်အတွက် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲလေသည် ။လွတ်လပ်သော မြန်မာနိုင်ငံအတွက် အလံတော် ၊ နိုင်ငံတော်သီချင်းများကို ပြင်ဆင်ရပြန်သည် ။ ထိုအခါ နိုင်ငံတော်သီချင်းအတွက် အသစ်မရေးပဲ မြန်မာနိုင်ငံသားအများစု နားစွဲပြီးသားဖြစ်သည့် တို့ဗမာသီချင်းကိုပင် စာသားအနည်းငယ်ပြင်ဆင်ကာ ရေးဆွဲကြဖို့ အများစုက သဘောထားပေးကြလေသည် ။ ထိုသို့ဖြင့် တို့ဗမာသီချင်းကို ပြင်ဆင်ရေးသားပြုစုကြရာမှ ယနေ့အများသူငါ သိနေကြသော မြန်မာနိုင်ငံတော်သီချင်းပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည် ။  ဗိုလ်ချုပ်နေ၀င်းက  ၁၉၇၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာတွင်လည်း ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းတို့ရေးဆွဲခဲ့သော နိုင်ငံတော်သီချင်း “ကမ္ဘာမကြေ “ကိုပင် ဆက်လက်သုံးစွဲခဲ့သည် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင်လည်း အလံ ၊ နိုင်ငံတော်အုပ်ချုပ်ပုံ စနစ် တို့ ကို ပြင်ဆင်ခဲ့သော်လည်း နိုင်ငံတော်သီချင်းကိုမူ အဟောင်းကိုပဲဆက်လက်သုံးစွဲခဲ့သည် ။ နိုင်ငံတော်သီချင်းတွင်ပါရှိသော ဗမာဆိုသည့်စကားရပ်ကိုပဲ မြန်မာဖြင့် အစားထိုးခဲ့ပြီး ကျန်စာသားအားလုံးကို နဂိုအတိုင်း ဆက်လက်သုံးစွဲခဲ့သည် ။ထို့ကြောင့် ကမ္ဘာမကြေဟူသောစာသားသည် လွတ်လပ်ရေးရသော ၁၉၄၈ မှစကာ မြန်မာနိုင်ငံတွင် တည်တန့်တွင်ကျယ်နေခဲ့လေသည် ။

   အကယ်စင်စစ် ကမ္ဘာမကြေဆိုသောစာသား မှာငြိမ်းချမ်းသောစာသားမဟုတ် ။ နယ်ချဲ့အင်္ဂလိပ်ကိုမုန်းသဖြင့် ကြိမ်းဝါးသောစကားလုံးဖြစ်သည် ။ထစ်ကနဲရှိအတိတ်ကို ပြန်လှန်ကာ မုန်းတီးနာကျည်းသောစကားလုံးဖြစ်သည် ။  မိမိ နိုင်ငံ မိမိလူမျိုး ၊ မိမိအစိုးရ ၊မိမိတိုင်းရင်းသားအချင်းချင်းဖြစ်လာချိန်တွင် ထိုစာသားသည် အသုံးပြုနည်းမမှန်တော့ဟုဆိုချင်ဆိုနိုင်သည် ။ ယခင်ခေတ်က ကိုလိုနီနယ်ချဲ့ နိုင်ငံခြားသားတို့ကိုကမ္ဘာမကြေဟု ပြောခဲ့ကြတာသဘာဝကျပေသည် ။ ယခုအခါ ကျွန်တော်တို့သည် ဆက်လက်၍ ကမ္ဘာမကြေဟု သီဆိုနေရခြင်းမှာ

 အင်္ဂလိပ်ကိုကမ္ဘာမကြေတာလား
ဖက်ဆစ်ဂျပန်ကို ကမ္ဘာမကြေတာလား
စစ်အာဏာရှင်တွေကိုကမ္ဘာမကြေတာလား
ကွန်မြူနစ်စနစ်ကိုကမ္ဘာမကြေတာလား
ဒီမိုကရေစီကိုကမ္ဘာမကြေတာလား
ငြိမ်းချမ်းစွာတိုင်းပြည်ထူထောင်ရေးကိုကမ္ဘာမကြေတာလား

စဉ်းစားကြဖို့ကောင်းပြီဖြစ်သည် ။ ရန်သူမရှိလျှင်မနေတတ်သောစိတ်သည် စစ်အာဏာရှင်တွေမှာပဲရှိသည် ။ ကိုယ်ကျိုးရှာ လက်နက်ကိုင်အဖွဲ့အစည်းတွေမှာပဲရှိသည် ။ အလုပ်သမား၊လယ်သမား၊ ကျောင်းသား သာမန်ပြည်သူလူထုမှာ ထိုသို့သောစိတ်ထားများမရှိပေ ။ နိုင်ငံရေးတွင် အတိတ်မှာဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ကောင်းမွန်သောအနာဂါတ်သို့ သာသွားနိုင်ရပါမည်။ သွားချင်ရပါမည် ။သွားရဲရပါမည် ။ ၈၈ အရေးအခင်းတွင် စစ်အာဏာရှင်များ၏ဖမ်းဆီးနှိပ်စက် ဘ၀တွေပျက်အောင်လုပ်ခဲ့ကြခြင်းကို ခံခဲ့ရသော ကျောင်းသားများ ၏ခံယူချက်တခုကိုလေးစားမိသည် ။ သူတို့က အတိတ်ကဖြစ်ရပ်များနှင့်ပတ်သက်လာလျှင် ခွင့်လွှတ်တယ် ဒါပေမယ့် မေ့တော့မမေ့ဘူး ( Forgive but not forget ) ဟူသောစကားကိုပြောခဲ့ကြသည် ။ ထိုစိတ်ဓာတ်မျိုးသည်ချီးကျူးဖွယ်ဖြစ်သည် ။ မကောင်းမှုကိုလုပ်ခဲ့ကြသူတို့ကို မေ့ပျောက်၍မရ ၊သမိုင်းအမှန်ကိုထိမ်ချန်တာတော့လက်မခံ ။ သို့သော်ထိုလူများကိုလက်စားမချေပဲခွင့်လွှတ်ပေးမည်ဆိုသော စိတ်ဓာတ်သည် အလွန်ကောင်းမွန်ပါသည် ။ တိုးတက်သောနိုင်ငံများသည် ယခုအခါ ကမ္ဘာ့နိုင်ငံရေးတွင် ထာဝရမိတ်ဆွေ ၊ထာဝရရန်သူမရှိ ထာဝရအကျိုးစီးပွားသာရှိသည်ဟုပြောကြသောခေတ်ဖြစ်ပါသည် ။

     ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နှင့်အမေရိကန်သည် တဖက်နှင့်တဖက်သည်းကြီးမည်းကြီး ရန်ငြိုးကြီးစွာတိုက်ခိုက်ခဲ့ကြသော နှစ်နိုင်ငံဖြစ်သည် ။ အမေရိကန်ပြည်ထောင်စု၏ ပုလဲဆိပ်ကမ်း ကို ဂျပန်လေတပ်က စစ်မကြေညာပဲ (စစ်ဖြစ်နေခြင်းမဟုတ်ပဲ) ၁၉၄၁ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် အမေရိကန်တို့အတုံးအရုံးကျဆုံးကာအထိနာခဲ့ကြပြီး ဒုတိယကမ္ဘာစစ်ထဲသို့ အမေရိကန်ပါဝင်လာခဲ့သည် ။ ဥရောပတွင် နာဇီဂျာမဏီ ၊ ဖက်ဆစ် အီတလီတို့လက်နက်ချအညံ့ခံသွားသော်လည်း အာရှနှင့်ပစိဖိတ်တွင် ဂျပန်တို့ သည် လက်နက်မချပဲ ဇွဲနပဲကြီးစွာဆက်လက်တိုက်ခိုက်နေလေသည် ။ ထို့ကြောင့် အားလုံးသိကြသည့်အတိုင်း အမေရိကန်က ၁၉၄၅ သြဂုတ်လ ၆ ရက်နေ့တွင် ဟီရိုရှီးမားမြို့ကို အနုမြူဗုံးကျဲချခဲ့ရာလူပေါင်းသိန်းနှင့်ချီ၍သေဆုံးခဲ့သည် ။ ဂျပန်ကလက်နက်မချပဲ ဆက်လက်ခေါင်းမာနေသဖြင့် သုံးရက်အကြာ သြဂုတ်လ ၉ ရက်နေ့တွင် နာဂါဆာကီမြို့ကိုထပ်မံဗုံးကျဲ ချခဲ့လေသည် ။လူပေါင်းရှစ်သောင်းခန့်တပြိုင်နက်သေဆုံးခဲ့ပြန်လေ၏ ။ အနုမြူဓာတ်ငွေ့သင့်၍ တမြေ့မြေ့လူညွန့်တုံးကာ သေဆုံးကြသူများလည်း မရေတွက်နိုင်အောင်များပြားလှသည် ။ နောက်ဆုံးတွင် ဂျပန်တို့လည်းဆက်လက်ခေါင်းမမာနိုင်တော့ပဲ ချွင်းချက်မရှိလက်နက်ချအညံ့ခံကာ ဒုတိယကမ္ဘာစစ်ကြီးအဆုံးသတ်နိုင်ခဲ့လေသည် ။ ထိုသို့တဦးနှင့်တဦး ရန်ငြိုးအကြီးကြီး ကြီးကာ သတ်ကြဖြတ်ကြ အနုမြူဗုံးတွေကျဲချခဲ့ကြသော နိုင်ငံနှစ်နိုင်သည်  ဘယ်တော့မှ အခဲမကြေကြပဲ ကမ္ဘာမကြေ ကြဖို့ကောင်းသည် ။ သို့သော် စစ်ရှုံးဂျပန်သည် သူတို့ ၏မြို့ကြီးနှစ်မြို့ မီးလောင်တိုက်သွင်းခံခဲ့ရခြင်း ကို သင်ခန်းစာယူသည် ။ စစ်နိုင်သွားသောအမေ၇ိကန်အပေါ်အခဲမကြေ ရန်လိုသောစိတ်များကိုဖျောက်ဖျက်လိုက်သည် ။ စစ်ရှုံးဂျပန်နိုင်ငံကို ပြာပုံထဲမှရုန်းထကာ စီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်လိုက်ရာ ဒုတိယကမ္ဘာစစ်ပြီး၍ နှစ်ပေါင်း ငါးဆယ်ခန့်အကြာ (၁၉၉၅ ခုနှစ်ခန့်တွင် )  ဂျပန်သည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံကြီးပြန်ဖြစ်လာတော့သည် ။ ဆိုလိုသည်ကား မုန်းစရာနာကျည်းစရာအတိတ်ဇာတ်လမ်းများရှိခဲ့သော်လည်း အတိတ်ကိုသင်ခန်းစာယူကာစိတ်ဓာတ်မကျပဲ တမျိုးသားလုံးကြိုးစားကြသဖြင့် ဂျပန်နိုင်ငံပြန်လည်နာလန်ထလာပုံဖြစ်သည်။ ဂျပန်သည် ကမ္ဘာတွင် အနုမြူဗုံးဒဏ်ကိုလက်တွေ့ ခံရသောတခုတည်းသောနိုင်ငံဖြစ်သည် ။ ထိုသမိုင်းကိုဂျပန်တွေမမေ့ ။ တနှစ်တခါ ဟီရိုရှီးမားနှင့် နာဂါဆာကီတွင် အမှတ်တရအခမ်းအနားတွေလုပ်သည် ။ အမေရိကန်ကလည်း ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရသောနေ့တွင် တနှစ်တခါ အောက်မေ့ဖွယ်အခမ်းအနားတွေလုပ်သည် ။ သူတို့သည် အတိတ်ကိုမမေ့ကြ ။သို့သော် အတိတ်ဆိုသောထောင်ချောက်ထဲမှာ ပိတ်မိမနေ  ပစ္စုပ္ဖန် နှင့်အနာဂါတ်ဆိုသော ထွက်ပေါက်မှ လှလှပပရုန်းထွက်သွားကြသည် ။

      ဗီယက်နမ်တွေလည်းထိုနည်းနှင်နှင်ပင် ။ ဗီယက်နမ်စစ်ပွဲတွင် အမေရိကန်နှင့် ဗီယက်နမ်တို့  အပြင်းအထန်တိုက်ခိုက်ခဲ့ကြသည် ။ နှစ်ဖက်မရေတွက်နိုင်လောက်အောင်အကျအဆုံးများခဲ့ကြသည် ။ ယခုအခါမှာတော့ ဒါတွေကို ဘေးဖယ်လိုက်ကြကာ  အမေရိကန်နှင့်ဗီယက်နမ်လက်တွဲကာ စီးပွားရေးလုပ်ငန်းတွေအောင်မြင်စွာလုပ်ကိုင်နေကြသည် ။တချိန်ကနှစ်ပိုင်းကွဲခဲ့သော အရှေုနှင့်အနောက်ဂျာမဏီနိုင်ငံတို့လည်း အရင်းရှင်စနစ်ကျင့်သုံးသော အနောက်ဂျာမဏီ ၊ ကွန်မြူနစ်စနစ်ကျင့်သုံးသော အရှေဂျာမဏီဟူ၍ ၀ါဒတွေ ၊ အယူအစွဲတွေ ၊ နောက်ကွယ်ကအကြောင်းတွေကို ပြန်လှန်ကာ ငြင်းခုန်မနေကြပဲ အတူတကွ ပူးပေါင်းလက်တွဲခဲ့ရာ ယခုအခါတွင် ဂျာမဏီနိုင်ငံသည် တပေါင်းတစည်းတည်း တနိုင်ငံတည်းအဖြစ် အေးချမ်းဖွံဖြိုးတိုးတက်သာယာစွာ ကမ္ဘာ့အလည်တွင် တင့်တယ်နေချေပြီ ။ဒုတိယကမ္ဘာစစ်တွင် ဟစ်တလာခေါင်းဆောင်သောဂျာမန်တွေကဂျူးလူမျိုး ခြောက်သန်းကို အဆိပ်ငွေ့ဖြင့်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည် ။ယခုအခါ အစ္စရေးနှင့် ဂျာမန်တွေလည်း တစောင်းစေးနှင့်မျက်ချေးဖြစ်မနေတော့ ။ချစ်ကြည်ရေးတွေရနေသည် ။   ကမ္ဘောဒီးယားနိုင်ငံတွင်လည်း နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့သော ပြည်တွင်းစစ်ရပ်စဲကာ နိုင်ငံရေးအရရှေ့ဆက်နိုင်ကြလေပြီ ။ နီပေါနိုင်ငံတွင်လည်း သူပုန်များနှင့်အစိုးရ စေ့စပ်ညှိနှိုင်းမှုအောင်မြင်ကာပြည်တွင်းစစ်ရပ်စဲလေပြီ ။သီရိလင်္ကာပြည်တွင်းစစ်လည်းရပ်စဲပြီ ။  တဖက်နှင့်တဖက်  ၊တဖွဲ့နှင့်တဖွဲ့ အနိုင်ယူကာ ကမ္ဘာမကြေစတမ်း ရန်ငြိုးဖွဲ့နေသည်လည်းမရှိကြတော့ပြီ ။

        ကျွန်တော်တို့နိုင်ငံသည် အတိတ်ကရန်ငြိုးများမပြေနိုင်သေး ။တဖွဲ့နှင့်တဖွဲ့ တယောက်နှင့်တယောက် မယုံကြည်နိုင်ကြသေး ။ ဗမာကိုတိုင်းရင်းသာေးတွကမယုံ ၊ ဗမာကတိုင်းရင်းသားတွေကိုမယုံ ၊ ဗမာကို ဗမာကမယုံ ၊ ကျောင်းသားကိုစစ်သားကမယုံ ၊ စစ်သားကိုကျောင်းသားကမယုံ ၊ အစိုးရကို နိုင်ငံရေးသမားကမယုံ ၊ စစ်ဘက်အရပ်ဘက် တယောက်ကိုတယောက်မယုံ ။ မယုံသင်္ကာ သံသရာကြီး မြန်မာပြည်မှာကြီးနေသည် ။ ရှေ့တွင် ပြုံးပြကြသော်လည်းနောက်ကွယ်တွင်လစ်သည်နှင့်ဆော်ကြသည် ။ ညစ်ကြသည်။ ဘယ်တုန်းက ဒီကောင်တွေငါတို့ကိုဘယ်လိုလုပ်ထားတာ ဟူသောစကားကို နှစ်ဘက်လုံးက အမြဲတမ်း ပြန်ပြောင်းတွေးဆကာ လက်တုန့်ပြန်ကြသည် ။ မိမိခံထားရတာကို ဘယ်တော့မှမကြေကြောင်းပြကြသည် ။ သာယာဖြောင့်ဖြူးသော အနာဂါတ်ဆီသို့မသွားနိုင်ကြပဲ အတိတ်ဆိုသော ဗွက်အိုင်ထဲမှာပဲ ချောင်ပိတ်နေကြသည်  ။

   ကျွန်တော်ကတော့ နိုင်ငံတော်သီချင်းတွင်ပါဝင်သော ကမ္ဘာမကြေ ဟူသောစာသားကို စိတ်နာသည် ။ ၁၉၃၀ လောက်ကနာကျည်းမှု သိမ်ငယ်မှု ၊ အငုံ့စိတ်တွေကို ထိုစာသားသည် ၂၁ ရာစု အထိသယ်ဆောင်လာသည်ဟုထင်သည် ။ သို့ မဟုတ် ၁၉၃၀ -၁၉၄၇ လောက်က မှန်ကန်ခဲ့သော နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲဝင် တောက်ခေါက်သံကို သူ့အချိန်နှင့်သူ သူ့ နေရာနှင့်သူမထားခဲ့ပဲ ဒီဘက်ခေတ်အထိ ဥဒါန်းမကြေ ရန်ငြိုးဖွဲ့သို ယူဆောင်နေကြ သောစိတ်ဓာတ်က ကျွန်တော်တို့နိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှည်ကြာနေစေသည်ဟုထင်သည် ။ ယနေ့ခေတ်သည် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးခေတ် ၊ အနည်းဆုံးတော့ ပန်းများအားလုံးပွင့်ကြသော ဗဟုခေတ် ။ ဈေးကွက်စီးပွားရေးခေတ် ။ လူတွေအချင်းချင်း ပူးပေါင်းကာအလုပ်လုပ်ကြသောခေတ် ။တယောက်နှင့်တယောက် လက်ဆွဲနှုတ်ဆက်ရသောခေတ် ။ဘာသာမတူ လူမျိုးမတူသူတွေ တွေ့ ဆုံကြသောခေတ် ၊  အတိတ်ကရန်ကြွေးတွေ ၊အမုန်းတရားတွေကိုရှေ့ တန်းတင်ကာ အတ္တတွေကြီးနေရမည့်ခေတ်မဟုတ်ပြီ ။

         Forgive but not forget ဆိုသောစကားအတိုင်း ပါဝင်သူအားလုံး ၀ိုင်းကြ၀န်းကြပါမှ မြန်မာပြည်သာယာမည့်ခေတ်ဖြစ်သည် ။ ကမ္ဘာကြီးတွင် တယောက်ကိုတယောက်အခဲမကြေသတ်ဖြတ်ကြသောခေတ်မဟုတ်တော့ပါပြီ ။ ၀ိုင်အမ်ဘီဆရာတင်၏ တို့ဗမာသီချင်းထဲကလို အရှေ့ကနေ၀န်းထွက်သည့်ပမာ ၊တို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ ဟူသည့်ကြွေးကြော်သံများတကယ်ဖြစ်ဖို့ဆိုလျှင် မကြေနိုင်မချမ်းနိုင်သောစိတ်များကို အသစ်ပြောင်းကာ နိုင်ငံသားအားလုံး စိတ်သစ၊် လူသစ်၊မူသစ်ဖြင့် စစ်ရှုံး ဂျပန်နိုင်ငံလိုအပြင်းအထန် အလုပ်လုပ်ကြဖို့လိုမည်ဖြစ်ပါကြောင်း။

သရ၀ဏ်(ပြည်)  

ကိုးကား
တို့ဗမာအစည်းအရုံးသမိုင်း(ပထမတွဲ)

No comments: