Thursday, August 16, 2018

လက်ဖက်စိုက် ပလောင်တောင်သူများရဲ့ ထိခိုက်နစ်နာမှုများ

တရားမ၀င် တရုတ်လက်ဖက် အချိုခြောက်များနှင့် လက်ဖက်စိုက် ပလောင်တောင်သူများရဲ့ ထိခိုက်နစ်နာမှုများ


(Credit :Mai Ta Ang)

တရားမ၀င် တရုတ်လက်ဖက် အချိုခြောက်များနှင့် လက်ဖက်စိုက် ပလောင်တောင်သူများရဲ့ ထိခိုက်နစ်နာမှုများ - ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ် တောင်ကုန်းမြင့်များတွင် တိုင်းရင်းသားများ လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှု ပြုခဲ့ကြသည်မှာ ရှမ်းစော်ဘွားများ လက်ထက်မှ စတင်ခဲ့ရာ နှစ်ပေါင်းရာချီခဲ့ပြီ ဖြစ်ပါတယ်။ သဘာဝ ရာသီဥတုအရ ရှမ်းကုန်းမြေမြင့်မှာ လက်ဖက် စိုက်ပျိုးမှုများကို မိရိုးဖလာ လုပ်ကိုင်လာခဲ့ကြပြီး တိုင်းရင်းသား မျိုးနွယ်တွေထဲမှာ လက်ဖက်ကို တကယ့် အခြေခံကျကျ စိုက်ပျိုး စားသောက်နေကြတာက ပလောင် လူမျိုးတွေပါပဲ။ ယနေ့ လက်ဖက်အဓိက ထွက်တဲ့ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်တွင်းမှာလို ဒေသဆိုရင် လက်ဖက်ကလွဲပြီး တခြားဘာဆိုဘာမှ စိုက်ပျိုးလုပ်ကိုင် စားတတ်မှု မရှိကြပါဘူး။ ရောက်ဖူးတဲ့လူတိုင်း သိမြင်ကြပါတယ်။

လက်ဖက်ကို အဓိက စိုက်ပျိုး ထုတ်လုပ်ကြတာကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ့်ဆန်၊ နန့်တူ၊ မန်တုံမြို့နယ်များ (ယခု အစိုးရသစ် လက်ထက်မှာ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသ)အဖြစ် သတ်မှတ်ထားခံရတဲ့ နေရာများ ဖြစ်ကြပြီး ကျေးရွာပေါင်း ၂၅၀ကျော် ပါဝင်ကာ ပလောင် တိုင်းရင်းသားများ အများဆုံး နေထိုင်ကြပါတယ်။ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်လောက် အတွင်းက လက်ဖက်စိုက်ပျိုး ထုတ်လုပ်မှု နှစ်စဉ် တန်ချိန် ၅၀၀၀ခန့် ထွက်ရှိပြီး ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးခဲ့ ကြပါတယ်။

ထိုစဉ်က ပလောင် တိုင်းရင်းသားတွေရဲ့ လုပ်ငန်းက မဆိုးလှပါဘူး။ စားနိုင်၊သောက်နိုင်၊ ကလေး ကျောင်းထားနိုင်၊ တစ်နှစ် နှစ်နှစ်စုပြီး လှူနိုင်တန်းနိုင်ကြတဲ့ အေးချမ်းသာယာတဲ့ ဘ၀ ရပ်တည်ရေးတွေ ရခဲ့ကြပါတယ်။ ပြည်တွင်းရဲ့ လက်ဖက်အချိုခြောက် သုံးစွဲမှုပမာဏမှာ တစ်နှစ်ကို တန်ချိန် ၇၀၀၀ နဲ့ ၈၀၀၀ကြား ရှိနေပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ် နမ့်ဆန်ဒေသက လက်ဖက်ခြောက် သမိုင်းကို လေ့လာကြည့်ရင်လည်း အင်္ဂလိပ် အစိုးရ လက်ထက်က ဗြိတိသျှ ဘုရင်မကြီးအတွက် ဆက်သနေတဲ့ Black Teaကို နမ့်ဆန်မြို့မှာပဲ ဘုံဘေဘားမား ကုမ္ပဏီက စက်ရုံတည်ပြီး ဘုရင်မကြီးအတွက် တိုက်ရိုက် တင်ပို့ခဲ့ပါတယ်။ ယနေ့ထိ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့မှာ အဲဒီစက်ရုံ ရှိနေပါသေးတယ်။ နေမ၀င် ဘုရင်များလို့ ကျော်ကြားခဲ့တဲ့ အင်္ဂလိပ် အစိုးရတောင် အသိအမှတ် ပြုထားတဲ့ မြန်မာ့လက်ဖက်ခြောက်ပါ။

လက်ဖက်စိုက် တောင်သူများ အနေနဲ့ နှစ်စဉ် မတ်လနောက်ဆုံး ပတ်လောက်မှ အောက်တိုဘာလ အထိ လက်ဖက်ခူးနိုင်ပြီး ၂၀၀၀ ခုနှစ်မှ ၂၀၀၇ ခုနှစ်လောက်ထိ မိသားစု တစ်ပိုင်တစ်နိုင် လက်ဖက် အချိုခြောက်၊ အခါးခြောက် စက်ရုံလေးတွေဟာ တစ်နှစ်ကို ၁၀လခန့်အထိ လည်ပတ် ထုတ်လုပ်နိုင်ကြကာ စီးပွားရေးလုပ်ငန်း ၀င်ငွေများ အဆင်ပြေခဲ့ကြပါတယ်။

ပြည်တွင်းသို့ လက်ဖက်(အစို)၊ လက်ဖက် အချိုခြောက်နဲ့ လက်ဖက်အခါးခြောက် ဆိုပြီး ပုံစံ ၃မျိုးနဲ့ ထုတ်လုပ်ဖြန့်ဖြူး နိုင်ခဲ့ကြပါတယ်။

၂၀၀၀ခုနှစ် နောက်ပိုင်းကစပြီး တရုတ်ပြည်က အချိုခြောက်တွေ တရားမ၀င် အလုံးအရင်းနဲ့ စတင် ၀င်ရောက်လာချိန်မှာတော့ ပြည်တွင်းရှိ တိုင်းရင်းသား လက်ဖက်စိုက် တောင်သူတွေ ဘ၀၊ လူနေမှု အဆင့်အတန်းပါ နိမ့်ကျလာခဲ့ပါ တော့တယ်။ ပြည်တွင်းက လက်ဖက် အချိုခြောက်တွေက ဓာတုဗေဒ မြေသြဇာမပါ၊ ဓာတုဆေး မပါတော့ အရောင်မလှဘူး။ ရေနွေး အကျိုမခံပါဘူး။ ယနေ့ ကမ္ဘာ့ဈေးကွက်မှာ နာမည်ကျော် အများ လက်ခံနေကြတဲ့ လပ်ပတန်တီး၊ အိုလောင်းတီးတို့လည်း အရောင်မလှ၊ အကြာကြီး အကျိုမခံပါဘူး။

တရုတ်က ၀င်လာတဲ့ အချိုခြောက်က အဖန်ပြင်းပြင်း၊ အရောင်လှလှနဲ့ တစ်နေကုန်၊ တစ်ညလုံး ကျိုလည်း မပျက်စီးဘူးလေ။ အဲဒီလို မြန်မာပြည်အကြိုက် ပြုပြင်ထားပေးတဲ့ အချိုခြောက်တွေကို နမ့်ဆန်မှာ မွေးခဲ့တဲ့ တရုတ်လူမျိုး လက်ဖက်ကုန်သည်တွေနဲ့ ပေါင်းပြီး နမ့်ဆန်ဒေသ ပလောင် လူမျိုးတို့ရဲ့ လက်ဖက်ဈေးကွက်ကို သတ်ပစ် လိုက်ကြပါတော့တယ်။ အဲဒီ တရုတ်ပြည်က လက်ဖက် အချိုခြောက်ဆိုတာ ပြည်တွင်းက လက်ဖက်ရည်ဆိုင်တွေမှာ အသုံးပြုပြီး လက်ဖက်ပြုတ် ဖတ်တွေ၊ လက်ဖက် မှိုတက်တွေ၊ အရည်အချင်း မမီလို့ ဈေးကွက် မ၀င်တဲ့ လက်ဖက်တွေကို ပြည်တွင်းက ၀ိသမ စီးပွားရေးသမားတွေက တစ်ဆင့် နယ်စပ်ဒေသတွေကနေ တခြား တရားမ၀င် ထွက်ကုန်တွေ နဲ့အတူ တရုတ်ပြည် မန်စီဘက်က ပြန်ပို့ကြတယ်။ အဲဒီမှာ မြန်မာပြည်တွင်းက စွန့်ပစ်လိုက်တဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ လက်ဖက် ကုန်ကြမ်းတွေကို ဓာတုဗေဒ ဆေးဝါးများနဲ့ ပြန်ပြုပြင်ပြီး လက်ဖက် အချိုခြောက်တွေ အဖြစ် ပြန်သွင်းလာခဲ့ကြတာပါ။

၂၀၁၀ခုနှစ် မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာပြီး နောက်ပိုင်း အဆိုးဝါးဆုံး ဖြစ်လာ ခဲ့ပါတော့တယ်။ တရုတ်ပြည်က လက်ဖက် အချိုခြောက်တွေ တစ်နှစ်ကို တန်ချိန် ၈၀၀၀-၁၀၀၀၀ခန့် တရားမ၀င် ၀င်ရောက်လာခဲ့ပြီး မိရိုးဖလာ အေးချမ်းစွာ လက်ဖက် စိုက်ပျိုးနေကြတဲ့ ပလောင် လူမျိုးများနဲ့ တခြား ရှမ်းလူမျိုးဘ၀တွေ ပျက်ခဲ့ကြပါတော့တယ်။ ယနေ့ဆိုရင် ပလောင် တိုင်းရင်းသား လူငယ်တွေက တရုတ်ပြည်ကို  ကျွန်သွားခံ၊ ဘိန်းခြံတွေကို သွားလုပ်ကိုင်နေကြရပါတယ်။ ပြန်လာတော့ ဘိန်းစွဲ၊ ဆေးသမားတွေ ဖြစ်ကုန်ကြရပါတယ်။ အမျိုးသမီးတွေ ဆို အယောက် ၁၀၀သွားရင် ၈၀လောက်ပဲ ပြန်ရောက်ကြပါတော့တယ်။ ၂၀လောက်က တရုတ်မိန်းမ ဖြစ်ကျန်ခဲ့ပါတယ်။ တစ်ချိန်တုန်းက ကိုယ့်အိုး၊ ကိုယ့်အိမ်မှာ ကိုယ်ပိုင်ခြံရှင် ဘ၀တွေကနေ တရုတ်ကျွန် ဖြစ်သွားကြရတာ လက်ဖက် လုပ်ငန်း မကောင်းလို့ပါ။

အရင်က နမ့်ဆန်က လက်ဖက်အချိုခြောက် စက်ရုံတွေဟာ တစ်နှစ်ကို ၁၀လလောက် လည်ပတ် ထုတ်လုပ်ကြပါတယ်။ ဒီနောက်ပိုင်းမှာ နမ့်ဆန်က အချိုခြောက် စက်ရုံတွေက လုံးဝနီးပါးကို ရပ်ဆိုင်းသွားပါပြီ။ အရင်က လက်ဖက်လှော်တဲ့ စက်တွေကို သိန်း ၆၀၀၊ ၇၀၀နဲ့ ၀ယ်ယူတပ်ဆင်ပြီး အလုပ်မဖြစ်တော့ အဲဒီစက်တွေကို ပိဿာချိန်နဲ့ ဈေးဖြတ်ပြီး ရောင်းလိုက်ကြရပါတယ်။ ဒေသ တစ်ခုက စီးပွားရေး အဆင်မပြေမှတော့ ကျန်တဲ့လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အားလုံး အစစ အရာရာ နိမ့်ကျလာပါတော့တယ်။ မိန်းကလေးတွေက တရုတ်မိန်းမတွေဖြစ်၊ ယောက်ျားလေးတွေက ဆေးသမားတွေဖြစ်၊ ကလေးတွေက တရုတ်သွေးနှော၊ သွေးစပ်နဲ့ နောက် ၁၀နှစ်၊ ၁၅နှစ်ဆို ပလောင် တိုင်းရင်းသား ဆိုတာတောင် ပျောက်ကွယ် သွားနိုင်တဲ့ အခြေအနေမျိုးတွေ ရင်ဆိုင်နေရပါပြီ။

ယခု တရုတ်ပြည်သွားတဲ့ ပလောင် လူငယ်တွေကိုလည်း တရုတ်က သူ့လူမျိုးတွေက တစ်ရက် လုပ်အားခ ယွမ် ၃၀၀ ပေးတယ်ဆိုရင် မြန်မာက လူတွေကို ယွမ် ၁၀၀ပဲ ပေးတာပါ။ နှစ်လ လုပ်ပြီးလို့ ယွမ် ၆၀၀၀ရရင်လည်း ယွမ် ၄၀၀၀ပဲပေးပြီး ကျန်တာ နောက်တစ်ခေါက်မှ ယူဆိုပြီး နှိမ်ထား တတ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို နှိမ်ခံထားပြီးတာတောင် ကိုယ့်လက်ဖက်ခြံထက် ပိုပြီး ၀င်ငွေ ရနေတော့ မိမိတို့ မိသားစုဘ၀ ရပ်တည်နိုင်ရေး အတွက် တရုတ်ပြည်ဖက်ကို တရားမ၀င် သွားနေကြရတာပါပဲ။ ယနေ့ကာလမှာဆိုရင် နမ့်ဆန်၊ မန်တုံဘက်က တချို့ ပလောင်ရွာတွေမှာ အသုဘ ဖြစ်ရင်တောင် ထမ်းချမယ့် အမျိုးသား လူငယ်လူရွယ်တွေ မရှိတော့တဲ့ အခြေအနေမျိုး ဖြစ်နေပါပြီ။

ယနေ့လက်ရှိ မြန်မာပြည်ကို ၀င်လာတဲ့ တရုတ် လက်ဖက်အချိုခြောက်တွေက တရားဝင် အခွန်အခ ဆောင်ပြီး ဂျူတီနဲ့ ၀င်လာကြတာ မဟုတ်ပါဘူး။ သဘာဝ လက်ဖက်လည်း မဟုတ်ပါဘူး။ ၁၀၅ မိုင်ရဲ့ ကုန်ပစ္စည်း အ၀င်အထွက် စာရင်းကို ကြည့်လိုက်ပါ။ လက်ဖက် အချိုခြောက် ဆိုတာကို မပါဝင်ပါဘူး။

အဓိက တရားမ၀င် ၀င်ရောက်နေတဲ့ လမ်းကြောင်းက လောက်ကိုင် နယ်စပ်ဂိတ်နဲ့ မူဆယ် ၁၀၅မိုင် နယ်စပ်ဂိတ်တွေ မှတစ်ဆင့် ဖြစ်ကြပါတယ်။ တရုတ်တွေက မြန်မာပြည် လက်ဖက်ရည်ဆိုင်တွေက စွန့်ပစ်တဲ့ ပြုတ်ဖတ်၊ မှိုတက် လက်ဖက်၊ နှစ်ချို့လက်ဖက်တွေကို ၀ယ်ယူသွားပြီး နယ်စပ်မှာ ဓာတု ဆေးတွေနဲ့ ပြုပြင်ပြီး ပြန်သွင်းလာတာပါ။ ကိုယ့်အရိုးနဲ့ ကိုယ်ပြန် အထိုးခံရတာပါ။ တရုတ်ပြည်က အချိုခြောက် မသောက်ဘူး။ မထုတ်ဘူး။ ရေနွေးကြမ်း သောက်တဲ့ Green Teaပဲ ထုတ်လုပ်တာပါ။

ထိုအခြေအနေများနှင့် စပ်လျဉ်းပြီး နမ့်ဆန်မြို့ခံ လက်ဖက်ခြံ ပိုင်ရှင်တစ်ဦးက ရင်ဖွင့်ပြောပြရာတွင် “အခု ပြည်တွင်းမှာ နာမည်ကြီးနေတဲ့ နဂါးပျံ၊ ခိုင်သဇင်၊ လပ်ကီး၊ ကမ္ဘောဇ၊ ခိုင်ဘရားသား စတဲ့ လက်ဖက်ဆိုင်တွေက တရုတ်ပြည်က လက်ဖက် အချိုခြောက်ကို အဓိကထားသုံးပြီး တင်သွင်း နေကြတာပါ။ ယနေ့ လက်ဖက် အချိုခြောက်ကို အများဆုံးသုံးတဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းတွေက လက်ဖက်ရည်ဆိုင်တွေ မှန်သမျှ တရုတ် လက်ဖက်ခြောက်ကိုပဲ သုံးနေကြပါတယ်။ သူတို့ လုပ်ပုံကိုင်ပုံတွေက မူဆယ်၊ နမ့်ဆန်းမြို့တွေမှာ အမှန်တကယ် မလည်ပတ်နိုင်တဲ့ လက်ဖက် အခြောက်ခံ စက်ရုံတချို့ကိုလည် ပတ်နိုင်တဲ့ ပုံသဏ္ဋာန်နဲ့ ဟန်ဆောင်ပြီး စက်ရုံလုပ်ငန်း လိုင်စင်တွေ ယူထားလိုက်ကြတယ်။ ပြီးတော့ ပြည်တွင်းက လက်ဖက် အချိုခြောက် ၁၀ အိတ်လောက်နဲ့ တရုတ်ပြည်က ၀င်လာတဲ့ တရားမ၀င် လက်ဖက်ခြောက် အိတ် ၁၀၀လောက် ရောနှောပြီး ပြည်တွင်းစက်ရုံက ထွက်သယောင်ယောင်နဲ့ ဖြန့်ဖြူးနေကြတာ။ အကျင့်ပျက်ခြစား ၀န်ထမ်းတွေနဲ့ ပေါင်းပြီး လုပ်နေကြတာပေါ့။ အမှန်တကယ်သာ တာဝန်ရှိသူတွေ စစ်ဆေးနိုင်ခဲ့ရင် အဖြစ်မှန်တွေ ပေါ်ပေါက်လာမှာပါ။

ယနေ့ ရန်ကုန်-မန္တလေးက နာမည်ကြီး လက်ဖက် အချိုခြောက်ဆိုင်ကြီး တစ်ဆိုင်ဆိုရင် သီပေါနဲ့ ကျောက်မဲမှာ ဂိုဒေါင် အကြီးကြီးထားပြီး နမ့်ဆန်ဘက်က ပြည်တွင်း လက်ဖက် အချိုခြောက် ဟန်ပြနဲ့ တရုတ်ပြည်က တရားမ၀င် လက်ဖက် အချိုခြောက်တွေကို ရောပြီး ပြည်တွင်းကို နေ့စဉ်ပို့နေတာ ဒေသခံ အတော်များများ သိနေကြတာပဲလေ။ နယ်စပ်က တရုတ် စီးပွားရေးသမားတွေနဲ့ ပြည်တွင်းက တရုတ် လက်ဖက် အချိုခြောက်ပိုင်ရှင် တရုတ်တွေ ပေါင်းပြီး ရိုက်ကြတာပါ။ ဒါပေမဲ့ သူတို့တွေက အုပ်ချုပ်ရေးပိုင်းတွေကို အပိုင် ပေါင်းထားတော့ ကျွန်တော်တို့ ဘာမှမတတ်နိုင်ဘူးလေလို့" ပြောပြခဲ့ပါတယ်။

လောင်ကိုင်မြို့က လက်ဖက်ခြံ ပိုင်ရှင်ဟောင်း ပလောင်လူမျိုး ကုန်သည် တစ်ဦးကတော့ “တရုတ် လက်ဖက်ခြောက် မှောင်ခိုက လောက်ကိုင် နယ်စပ်ဂိတ်က ၀င်တာ အများဆုံးပါပဲ။ လောင်ကိုင် မြို့ထဲမှာဆိုရင် ဂိုဒေါင်ကြီးတွေနဲ့ အိတ်တွေ ထောင်ချီပြီး ရှိနေကြပါတယ်။ တရားဝင် သွင်းကုန် လိုင်စင်နဲ့ အခွန်ဆောင်ပြီး သွင်းတာ မဟုတ်ပါဘူး။ တရားဝင်လည်း သွင်းလို့မှ မရပဲလေ။ ဘာကြောင့်လဲဆိုတော့ အဲဒီတရုတ် လက်ဖက် အချိုခြောက်တွေကို ပြည်တွင်းမှာ စားသုံးရန် သင့်မသင့် ဓာတ်ခွဲ စမ်းသပ်လိုက်တာနဲ့ သူတို့ လုပ်ထားတဲ့ ဓာတုဗေဒ ဆေးဝါးတွေနဲ့ လုပ်ကိုင်ထားတာတွေ ပေါ်သွားမှာပေါ့။ ပြည်တွင်းက လက်ဖက်ခြောက်ဆိုင်ကြီးတွေဆီ ပို့ဖို့ကတော့ သိပ်လွယ်တယ်လေ။ ဘာလို့လဲဆိုတော့ သူတို့က ပြည်တွင်း လက်ဖက်ခြောက် စက်ရုံအမည်ခံ တံဆိပ် ကပ်လိုက်ရုံနဲ့ လမ်းတစ်လျှောက် ဘယ်သူမှ မစစ်ဆေး၊ မမေးမြန်းတော့ဘူးပေါ့”ဟု သူတို့ရဲ့ နေ့စဉ်မြင်တွေ့နေရတဲ့ တရားမ၀င် မှောင်ခို ဇာတ်လမ်းကြီးကို ပြောပြခဲ့ပါတယ်။

နိဂုံးချုပ် အနေနဲ့ တရုတ်ပြည်မှာ ယနေ့တရားမ၀င် မှောင်ခို ၀င်ရောက်နေတဲ့ လက်ဖက် အချိုခြောက်များ ပြဿနာမှာ အသေးအမွှား ပြဿနာတစ်ခု မဟုတ်ပါ။ နိုင်ငံသား ပြည်သူများ နေ့စဉ်နံနက် မိုးလင်းချိန်မှစပြီး သောက်သုံး နေကြသည့် လက်ဖက်ရည်တွင် ဓာတုဗေဒ ဆေးဝါးများဖြင့် ပြုပြင်ထားသော တရုတ် လက်ဖက်ခြောက်များ ဖြစ်နေခြင်းကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး အမျိုးသား ကျန်းမာရေးကို ထိခိုက်လာနိုင်ပေမည်။

ထို့အပြင် တစ်ဖက်မှလည်း နိုင်ငံတော်အစိုးရ တာဝန်ရှိသူများ အနေနှင့် မိရိုးဖလာ လက်ဖက်စိုက်ပျိုးမှုဖြင့် သက်မွေးဝမ်းကြောင်း ပြုနေကြသည့် တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ပလောင်လူမျိုးများ အပါအ၀င် တိုင်းရင်းသား လက်ဖက်စိုက် တောင်သူများကို ကူညီစောင့်ရှောက် ပေးသင့်တယ်လို့လည်း သုံးသပ်မိပါတယ်။

မြန်မာ့လက်ဖက်ကို ကမ္ဘာ့ ဈေးကွက်အထိ ထိုးဖောက်နိုင် အောင်လည်း နည်းပညာ၊ ဈေးကွက်၊ ငွေကြေးတို့ကို နိုင်ငံတော် အစိုးရ အနေဖြင့် ကူညီပံ့ပိုးပေးပြီး တစ်ဖက်ကလည်း တရားမ၀င် မှောင်ခို ၀င်ရောက်နေသော တရုတ်လက်ဖက် အချိုခြောက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့်လည်း စုံစမ်းစစ်ဆေး ဖော်ထုတ် တားဆီးပေးနိုင်ပါရန် အကြံပြု တင်ပြလိုပါတယ်။

ထို့ပြင် လက်ရှိဈေးကွက် အတွင်း ရောက်ရှိနေတဲ့ တရုတ် အချိုခြောက်ကို ဓာတ်ခွဲစမ်းသပ်ပြီး ဓာတုဗေဒ ဆေးဝါးများဖြင့် ပြုလုပ်ထားကြောင်းနှင့် သုံးစွဲရန် မသင့်လျော်ကြောင်း ပြည်သူများ သိရှိအောင် ကြေညာပေးစေချင်ပါတယ်။ ဒါမှသာ အမျိုးသား ကျန်းမာရေးကို ကာကွယ်နိုင်မှာဖြစ်ပြီး ပြည်တွင်း လက်ဖက်ရည်ဆိုင်များ အနေဖြင့်လည်း ပြည်တွင်းမှ အမှန်တကယ် ကျန်းမာရေးနှင့် ညီညွတ်စွာ မိရိုးဖလာ ထုတ်လုပ်သည့် ပလောင်ဒေသထွက် လက်ဖက် အချိုခြောက်များဖြင့် ပြန်လည် အသုံးပြုနိုင်ကြမည် ဖြစ်ပြီး မိမိတို့ နိုင်ငံတွင်းမှ အမျိုးသား အကျိုးစီးပွားများကို ကာကွယ် သွားနိုင်မည်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကျော်စွာမြင့် (၁၉၈၈-၁၉၉၂ ဗ.က.သ)

Articles credit  http://www.tomorrow.com.mm/?q=articles%2F911

No comments: