Saturday, August 4, 2018

မုန့်လက်ကောက် နှစ်ပြန်ကြော် - ခေါက်မုန့် - ရေမုန့်/ လမ်းသရဲမုန့် - ထန်းသီး ကျောက်ကျော -အုန်းနို့ ကျောက်ကျော Cup Cake

အုန်းရည်/အုန်းနို့ ကျောက်ကျော ကပ်ကိတ်



ပါဝင်ပစ္စည်းများ
ကျောက်ကျော - ၂ ထုပ် (တယ်လီဖုန်းပုံ ကျောက်ကျော)
သကြား - ၁ ခွက် နှင့် ၃/၄ ပုံ ခွက် (မုန့်လုပ်ရန်တိုင်းသောခွက်)
ဆား - ၁ ဇွန်း (လက်ဖက်ဇွန်း)
ဂျယ်လီမှုန့် - ၁ ဇွန်း ခွဲ (လက်ဖက်ဇွန်း/ရေနွေးလေးဖြင့် ဖျော်ထားပါ)
ရေ - ၅ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)
အုန်းသီးရည် - ၂ ခွက် (လတ်ဆတ်သော အုန်းသီးခွဲမှ ရသောအရည်)
အုန်းနို့ရည် - ၁ ခွက်
ထန်းလျက် - ၁၀ ကျပ်သား (ကြိုထားပါ)
အုန်းသီး - ၁ ခြမ်း (အသားများ ခြစ်ထားပါ)

ပြုလုပ်နည်း
မကပ်သော စောက်နက်အိုးထဲကို အုန်းသီးရည် ၊ အုန်းနို့ရည် ၊ ရေ ထည့်ပြီး မီးအနေတော်ဖြင့် တည်ပါ ။ အရည် များ ပူပြီး ပွတ်လာလျှင် ကျောက်ကျော ၊ သကြား ၊ ဂျယ်လီမှုန့် နှင့် ဆား တို့ထည့်ပြီး သကြားအရည် ပျော်တဲ့အထိ တည်ပါ ။ အဆက်မပြတ် မွှေပေးပါ ။ ပွတ်ပွတ် ဆူလာလျှင် မီးဖိုပေါ်မှ ချပြီး ကပ်ကိတ်ခွက်လေးတွေထဲ လောင်း ထည့်ပါ ။

အနည်းငယ် အအေးခံပြီး အပေါ်ယံ နည်းနည်း တင်းလာလျှင် ကြိုထားသော ထန်းလျက်အရည်ကို လက်ဖက်ဇွန်း တစ်ဇွန်းစီလောက် ကျောက်ကျောပေါ်မှ ဆန်းလိုက်ပါ ။ ပြီးလျှင် ရေခဲသေတ္တာထဲ အအေးခံထားပါ ။ ၂၀ - ၂၅ မိနစ်လောက် အအေးခံထားပြီးလျှင် ခွက်လေးများထဲမှ ထုပ်ပြီး အုန်းသီးဖတ်လေးများ ၊ ထန်းလျက် ဆန်းပြီး သုံးဆောင်နိုင်ပါသည် ။ အအေးကြိုက်သူများ အတွက် စားခံနီးမှ ရေခဲသေတ္တာထဲမှ ထုပ်စားတာကောင်းပါတယ် ။

(Syi Foodsgarden)

💎 ထန်းသီး ကျောက်ကျော လုပ်နည်း💎
****************************


ထန်းသီးနု  👉 အမွှာ ၂၀
သကြား  👉 ၂၀ သား
ရေ  👉 ၁ လီတာ
ဆား  👉 လက်တစ်ညှပ်စာခန့်
ကျောက်ကျော 👉 အထုပ် အသေးဆုံး Size တစ်ထုပ်


ထန်းသီးနုကို ရေတစ်ဝက် ထည့်ကြိတ်ထားပါ။
ကျန်တစ်ဝက်ကို ကျောက်ကျောမှုန့်မွှေ၍ ၅ မိနစ်ခန့်ကျိုပီးရင်
သကြား ပျော်အောင် ထည့်မွှေပေးပါ။


ကြိတ်ထားတဲ့ ထန်းသီးထည့်မွှေပါ။
၁၅ မိနစ်ခန့် မီးအား အနေတော်နဲ့ ကျိုပေးပီးရင်
ဗန်းထဲလောင်းချ၍ အအေးခံထားပါ။
ခဲသွားရင် ထန်းသီး ကျောက်ကျော ရပါပီ။

______________________________________________________

ကျောက်ကျောကျိုတဲ့အခါ မီးအား အရမ်း မပြင်းရပါဘူး။
______________________________________________________

ထန်းသီးဖျော်ရည်
****************
ထန်းသီးနု  👉 အမွှာ ၂၀
သကြား  👉 ၁၀ သား
ရေ  👉 ၁ လီတာ



အားလုံးရောကြိတ်ပီး ရေခဲတုံး ထည့်ပီးသောက်ပါ။

(ပဲခူး ဒေါ်ထွေးရီ)

ထန်းသီးမုန့် ပြုလုပ်နည်း


လိုအပ်တာတွေကတော့
၁။ ဆန်မှုန့် ၁၅၀ ဂရမ်
၂။သကြား ၁၅၀ ဂရမ်
၃။ ထန်းသီးအမှည့်သီး အနှစ် ၆၀ ဂရမ် (သို့) ထန်းသီးမှည့်အနှစ် ရယ်ဒီမိတ်ဘူး
၎။ အုန်းနို့ ၂၇၀ ဂရမ်
၅။ ဆား အနည်းငယ်
၆။ Baking powder 1.5 Teaspoon


အုန်းနို့ ၊ သကြား နဲ့ ဆားကို သကြားပျော်ရုံ မီးဖိုပေါ်မှာ တင်ပြီးတည်ပါ။
သကြားပျော်ရင် မီးဖိုပေါ်မှ ချထားပါ။


ဆန်မှုန့် နဲ့ ထန်းသီးနှစ်ကို ယောင်းမဖြင့်သမအောင်မွှေပါ ။
မီးဖိုမှချထားသော အုန်းနို့ကို တဇွန်းချင်း ထည့်မွှေပါ။ စေးလာသည်အထိ နယ်ပါ။



အုန်းနို့ရည် ကုန်သည်အထိ တဇွန်းချင်းထည့်မွှေပါ။
မှုန့်နှစ်ရည် အနေအထားရောက်ပြီဆိုရင် ခွက်ကြီးကြီး (သို့) ဖန်ဇလုံတလုံးအတွင်းသို့ ဇကာစစ်ချပါ ။



လေလုံအောင်ဖုံးပြီး ၆ နာရီ (သို့) ၈ နာရီ ကြာထားပါ။
(ကျမကတော့ မနက်မုန့်လုပ်ဖို့ဆိုရင် ညကတည်းက မုန့်နှစ်ရည်လုပ်ပြီး တညအိပ်ထားလိုက်ပါတယ် ထန်းသီးနံ့လေး ပိုမွှေးတာသိသာပါတယ်) ။

ပေါင်းခါနီးမှာ baking powder ကို ဇကာစစ်ပြီးထည့်ပါ။ ထည့်နေတုန်းမှာ တဖက်ကလဲ မုန့်ကိုမွှေနေပါ။
မိမိပေါင်းမယ့်ခွက် (သို့) ဘန်းထဲထည့် ပြီး နာရီဝက် / ၄၅ မိနစ်ခန့် ပေါင်းပါ။
( တခွက်ချင်းစီ ပေါင်းတာထက်စာရင် အားလုံး ခွက်ကြီးကြီးနဲ့ ထည့်ပေါင်းရင် ပိုပွပါတယ်..)


မုန့်သားပေါ်သို့ ပေါင်းအိုးအဖုံးမှ ချွေးများမကျစေရန် ပေါင်းအိုးအဖုံးကို သန့်ရှင်းသော လက်သုတ်ပုဝါဖြင့် ပတ်ပြီးမှ ပေါင်းပါ။
အအေးခံပြီး လိုရာပုံကို လှီး (သို့ ) ကတ်ကြေးဖြင့် ညှပ်ကာအုန်းသီးခြစ်ပီး ဖြူးစားလို့ ရပါပြီရှင် ။


Source: Ma Ma Soe Mar Lar


မုန့်ပျစ်သလက်အကြွပ်(သို့)ခေါက်မုန့်လုပ်နည်း။
*********************************



ပါဝင်သောပစ္စည်းများ
***************
၁။ဆန်မှုန့်-၂ခွက်
၂။ထန်းလျှက်ခဲ-၂၀သား
၃။ဆား-၁ဇွန်း
၎။ဆော်ဒါ-၁ဇွန်း
၅။ကြက်ဥ-၁လုံး
၆။အုန်းသီး-၁လုံး
၇။ရေ-၁ခွက်(သို့)လိုသလောက်ထည့်ပါ။

*ထန်းလျှက်ကိုရေ(၁)ခွက်နဲ့ကျိုပြီးစစ်ထားပါ။

*ကြက်ဥကိုခေါက်ထားပါ။

*အုန်းသီးဆံကိုခြစ်ထားပါ။

မုန့်ဖောက်ရန်။
**********

ဆန်မှုန့်၊ဆား၊ဆော်ဒါတို့ရောမွှေပြီးရေ၊ထန်းလျှက်ရည်၊ကြက်ဥခေါက်ထားတာနဲ့ရော၍မပျစ်မကျဲဖျော်ပြီး(၄၅)မိနစ်ခန့်အပွခံပြီးမကပ်တဲ့ဒယ်အိုးဆီသုတ်ပြီးမုန့်ရည်တဇွန်းထည့်ပြီးပါးပါးဖြန့်ပြီးလုပ်ပါ။အုန်းဆံထည့်ပြီးဒယ်အိုးအဖုံးခဏဖုံးထားပါ။ပြီးနောက်အဖုံးဖွင့်ပြီးမုန့်ကြွပ်ပြီးရွှေဝါရောင်ရရင်မုန့်ကလော်ပြီးလက်ဖက်ရည်တို့နဲ့တွဲဖက်သုံးဆောင်လို့ရပါပြီးရှင်။

မှတ်ချက်မီး။အပူရှိန်လျှော့ပြီးလုပ်ပါ။ထန်းလျှက်ကိုတခါတည်းမထည့်ချင်ပါကမုန့်လုပ်တဲ့အခါမှထည့်၍လုပ်နိုင်ပါသည်။


Sabai Daily Foods

ရေမုန့်/ လမ်းသရဲမုန့်



မုန့်စပ်နည်း..
-ဆန်မုန့် စတီးဇွန်း၇ ဇွန်း
-ကောက်ညှင်းမုန့် စတီးဇွန်း၁
-ကြက်ဥ ၁လုံး
ဂျင်း လက်တဆစ် ထောင်းပြီးအရည် ညစ်ထည့်ပါ ကျန်တဲ့အဖတ်ကိုလဲထည့်လိုရပါယ်။
-ဆော်ဒါ လက်ဖက်ရည်ဇွန်း တဝက်
-ငရုတ်ကောင်းမုန့် အနည်းငယ်
-ဆား/ကြက်သားမုန့်

(နောက်တစ်နည်း -မွှေးတံဆိပ်ဆန်စိမ်းမုန့်တစ်ထုတ်၊ မွှေးကုလားပဲစိမ်းမုန့် တဝက်၊မုန့်ဖောက်ဆော်ဒါ ထမင်းစားဇွန်းတဝက်၊ဆား ကော်ဖီဇွန်းဝက်၊ ရေအနေတော်ချိန်ထည့်ပြီး တနာရီကြာဖောက်ထားပါတယ်)


အားလုံးစပ်ပြီးရင် အထက်ပါဖော်ပြထားတာတွေကို သမအောင်မွှေလိုက်ပါရေကို မပျစ်မကျဲ ဖျော်ရပါမယ်။အရမ်းပျစ်ရင်လဲမကောင်းပါဘူး။
အားလုံးပြီးရင် ၁နာရီလောက် နှပ်ထားလိုက်ပါ။

ထည့်မယ့်အစာ ......
ဂေါ်ဖီ/ခရမ်းချည်သီး/ငရုတ်သီးစိမ်း/နံနံပင်/ကြက်သွန်မိတ်/မဆာလာ/ဆား/ကြက်သားမုန့် အားလုံးကိုဖွဖွလေး နယ်ထားပေးပါ။
ပဲပြုတ်ပါထည့်ရင်လဲရပါတယ်။


မုန့်လုပ်တဲ့အိုးက မကပ်တဲ့အိုးဖြစ်ရပါမယ်။
စလုပ်တော့မယ်ဆိုရင် မီးကိုဖွင့်ထားပါ။
အိုးပူနေလိုမရပါ အေးနေတဲ့အချိန် မုန့်ရည်ကို လောင်းထည့်ပြီး လှည့်ပေးပါ ပြီးရင် အစာတွေထည့်ပြီး မီးဖိုးပေါ်တင်ပီး အပေါ်ယံကိုဆီသုတ်ပေးရပါမယ် အဖုံးအုပ်ပြီးခဏလောက်ထားလိုက်ရင်ရပါပြီ။

(Moom Angel)

မုန့်လက်ကောက် နှစ်ပြန်ကြော် ကြွတ်ကြွတ်မွမွလေး



အပြင်မသွားဖြစ်တဲ့ ရက်တွေတိုင်း အိမ်မှာမြန်မာမုန့်လေးတွေ လုပ်စားရတာ အင်မတန် ပျော်ဖို့ကောင်းပါတယ် ဒီနေ့တော့ မုန့်လက်ကောက်ကို နှမ်းဖြူ ထန်းလျှက်ရည်လေးနဲ့နယ်ပြီး အရသာ တမျိုးယူကာ ကြော်ထားပါတယ်။

ကောက်ညှင်းမုန့်လက်ကောက်ဆိုရင် ကြော်ပြီးတာနဲ့ ပျော့သွားတယ်လို့ ပြောတတ်ကြပါတယ် ကောက်ညှင်းတို့ရဲ့ ထုံးစံမို့လို့ မုန့်လုပ်ရင် ပျော့တတ်တာ သဘာဝပါဘဲ မပျော့အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အကြိမ်ကြိမ် စမ်းသပ်လိုက်တာ ဒီတခါတော့ အောင်မြင်သွားပါပြီ။

မုန့်လက်ကောက်ကို မီးအရမ်းမပြင်းစေဘဲ မီးအနေတော်နဲ့ ပထမတခါကြော်ပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်၍ အအေးခံကာ နောက်တကြိမ် မီးအနည်းငယ် ထပ်လျှော့ပြီး မီးအေးအေးနဲ့ ပြန်ပြီးကြော်ပေးခြင်းဖြင့် ကောင်ညှင်းမုန့်လက်ကောက် ကြွတ်ကြွတ် မွမွကြော်လေး ရလာပါလိမ့်မယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံး၂နာရီ၃နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ် ဖြစ်နိုင်ရင်တော့ မုန့်လက်ကောက်ကို မုန့်သားစပ်ပြီး ရေခဲသေတ္တာထဲမှာ တညသိပ်ထားပြီးမှ ကြော်တာအကောင်းဆုံး ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံးပါ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့နော်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချိန်ဗူး ၄ဗူး
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ ဗူး( ကောက်ညှင်းမှုန့် နယ်ရန်)
နှမ်းဖြူ - ထမင်းစားဇွန်း တဇွန်းခွဲ ( မုန့်သားစပ်ရန်)
ကျိုပြီးပေါက်စေးကျနေသော ထန်းလျှက်ရည် - ထမင်းစားဇွန်း လေးဇွန်းခန့် (မုန့်သားစပ်ရန်)
ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၃လုံး
ထန်းလျှက်ခဲ - 200g
ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး (ထန်းလျှက်ကျိုရန်)

[နောက်တစ်နည်း - မုန့်လက်ကောက်ပူပူကြွပ်ကြွပ်ပွပွလေး 😋😋😋

မုန့်လက်ကောက် ပြုလုပ်နည်း

လိုအပ်တာတွေကတော့
၁။ကောက်ညှင်းမှုန့် ၄၀၀ ဂရမ်
၂။ဆန်မှုန့် ၁၀၀ ဂရမ်
၃။ ဆား အနည်းငယ်
၎။ Baking soda 1/2 Teaspoon
၅။ရေခပ်နွေးနွေးအနည်းငယ်
၆။အုန်းနို့အနည်းငယ် (ကြိုက်နှစ်သက်ပါက ထည့်နိုင်ပါသည်)

အားလုံးကိုနယ်ပြီး ရေခဲသေတ္တာထဲမှာ ညကတည်းက တညအိပ်ထားလိုက်ပါ (ကြော်သည့်အချိန်ဆီမပေါက်စေရန်အတွက်ဖြစ်ပါသည်)]

ပြင်ဆင်ပုံ

ကောက်ညှင်းမှုန့်ကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးနှင့် နည်းနည်းချင်းထည့်ကာ နယ်ပေးပါ။
ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ။
မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေကိုအကုန်မထည့်ဘဲ ချန်ထားလိုက်ပါ။


မုန့်သားပျော့လာပါက လေလုံသော ဗူးတခုထဲထည့်ကာ အဖုံးဖုံးထားပြီး ရေခဲသေတ္တာထဲမှာ တညသိပ် ထားပေးပါ။
မုန့်သား တညသိပ်ထားပြီးတာနဲ့ ကျိုထားသော ထန်းလျှက်ရည်နှင့် နှမ်းတို့ထည့်ပြီးနယ်ပေးပါ ။


မုန့်သားပြန်စပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ အနေတော်မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရတာနဲ့ ထိပ်စ၂ဖက်ကို အ၀ိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ။
ဆီကို မီးအပူပေးပါ။
ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ။
မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်။
မီးအနေတော်နဲ့ကြော်နေစဉ် တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ။


၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး ကျွတ်လာပါက ဆယ်ပြီး ဆီစစ်ဇကာထဲထည့်ကာ ဆီစစ်ပေးပါ။
ထိုနည်းအတိုင်း မုန့်သားအားလုံးကုန်အောင် ကြော်ပေးပါ။
ကြော်ထားသော မုန့်လက်ကောက်များ အေးလာပါက ဆီကို မီးအနည်းငယ် ထပ်လျော့ကာ မုန့်လက်ကောက်များကို တခုခြင်းစီ အိုးဆန့်သလောက် ထပ်ကြော်ပေးပါ။
မာပြီးကြွတ်လာတဲ့အထိ စိတ်ရှည်ရှည် ကြော်ပေးပြီး ဆယ်ကာဆီပြန်ပြီး စစ်ပေးထားပါ။

ထန်းလျှက်ရည်ကျိုရန်

ထန်းလျှက်ခဲ - 200g
ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
မီးအနေတော်နဲ့ ရေနှင့် ထန်းလျှက်ခဲကို ကျေအောင်ကျိုပေးပါ။
ထန်းလျှက်ခဲများ ကျေသွားပါက ထန်းလျှက်ရည်ကို ဆက်တိုက်မွှေပေးပါ။
မွှေနေစဉ် ထန်းလျှက်ရည် ကြွက်မှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ။
ကြွက်မှီးတန်း အနေအထားလောက်ရရင် အအေးခံပြီး မုန့်သားအရောင်လှစေရန် မုန့်သားစပ်တဲ့အထဲကို ထည့်ပေးနိုင်သလို မုန့်လက်ကောက်နှင့် စားလို့ရပါပြီ..။


စိတ်ဝင်စားဖွယ်ရာမာမာရဲ့ဝါသနာ

#ချက်ပြုတ်သူနာမည်များမှာ Links ချိတ်ထားပါကြောင်း

No comments: