Thursday, January 21, 2016

ကန်တုံပုစွန်လုံးချက် (တရုတ်) - မြင်းခွာရွက်သုပ် - ကြံမဆိုင်ဟင်းချို



ရာသီဥတုကလည်း အေးအေး ထမင်းအေးအေး ဟင်းအေးအေးကိုများ ဒီအချိန်စားလိုက်ရရင် အတော်မုန်းမိမှာပါပဲ။ ဒီတော့ ကိုယ်စားမယ့်အချိန်နီးမှ အမြန်ချက်ပြုတ်ကြော်လှော်လို့ရမယ့်ဟင်းအမယ်တွေကို ချက်စားရရင်ကောင်းမယ်နော်။ ကျနော့် အဒေါ်ကတော့ ချက်ပြုတ်မယ့်ပါဝင်ပစ္စည်းတွေကို အသင့်လှီးချွတ်ပြင်ဆင်ထားတတ်ပြီး စားကာနီးမှ တရှဲရှဲချက်ပြုတ်ကြော်လှော် စားသောက်တတ်တာကြောင့် အရသာက ဂွတ်ရှယ်ပေါ့နော်။

ပုစွန်ထုပ်ကို ကန်တုံစတိုင်လ် လုံးချက်ချက်မယ်၊ မြင်းခွာရွက်ကိုပဲမှုန့်မထည့်ဘဲ သုပ်မယ်၊ ပြီးတော့ ကြံမဆိုင်ဟင်းချိုချဉ်စပ်လေးလုပ်မယ်။ ဟင်းတွေကကြည့်တော့ တော်တန်ရုံလေးပဲလို့ထင်ရတာ ကြိုတင် ပြုတ် လုပ်ထားရမှာလေးတွေလဲရှိရဲ့နော်။ ဘာပဲဖြစ်ဖြစ် အရသာထူး ထမင်းမြိန်နိုင်ကြပါစေ။

ကန်တုံပုစွန်လုံးချက်


ပါဝင်သောပစ္စည်းများ

ပုစွန်ထုပ်တစ်ကောင် ၂၅ကျပ်သားခန့်၊ ချင်းထောင်းပြီးသား ၁ဆစ်စာခန့်၊ ကြက်သွန်ဖြူ(ထောင်းပြီး) ၁ဥ၊ ၀က်သားစဉ်းပြီး ၁၀ကျပ်သား၊ ဆီ ၂ဇွန်း၊ ဟင်းခတ်မှုန့် - သကြား - ရေ - ဆား နှင့် ငရုတ်ကောင်း အနည်းငယ်၊ ကော်ရည် - ပဲငံပြာရည် ၁ဇွန်း၊ ကြက်ပြုတ်ရည် ၁ခွက်၊ ကြက်ဥ (ခေါက်ပြီး) ၁လုံး၊ ကြက်သွန်နီ (ပါးပါးလှီး) ၂ဥ။

ပြင်ဆင်ပုံ
ပုစွန်ကို ရေဆေးပြီး အခွံထဲမှာပင် တစ်လက်မခန့်စီပိုင်းပါ။ ချင်း၊ ကြက်သွန်ဖြူတို့ကို ထောင်းထားပါ။
ဝက်သားကိုစဉ်းပြီး ကြက်သွန်နီကို ပါးပါးလှီး၍ ကြက်ဥကိုခေါက်ထားပါ။

ချက်ပြုတ်နည်းအဆင့်ဆင့်
ချင်းနှင့် ကြက်သွန်ဖြူကို ၁မိနစ်ကြော်၍ ၀က်သားထည့်ပြီး ၃မိနစ်ထပ်ကြော်ပါ။
ပုစွန်ကိုထပ်ထည့်ပြီး မီးပြင်းပြင်းဖြင့် ၁မိနစ်ထပ်ကြော်ပါ။ ကြက်ပြုတ်ရည်ကို ဆူအောင်တည်ထားပါ။
ပဲငံပြာရည်၊ ကော်ရည်၊ သကြား၊ ရေတို့ကို သီးသန့်ရော၍ ပုစွန်အိုးထဲသို့ထပ်တည့်ပြီး စေးပျစ်လာသည့်အထိ မွှေပြီးချက်ပါ။
ဆားနှင့် ငရုတ်ကောင်းမှုန့်ကိုထည့်၍ ကြက်ဥကိုမွှေပြီးထည့်ပါ။

မြင်းခွာရွက်သုပ်


ပါဝင်သောပစ္စည်းများ

မြင်းခွာရွက် ၃စည်း၊ ကြက်သွန်နီ ၅လုံး၊ သံပရာသီး ၁လုံး၊ ဟင်းခတ်မှုန့် အနည်းငယ်၊မြေပဲကြော်(ထောင်းပြီး) အနည်းငယ်၊ ငံပြာရည်/ငရုတ်သီးစိမ်း အနည်းငယ်၊ ပုစွန်ခြောက်မှုန့် အနည်းငယ်။

ပြင်ဆင်ပုံ
မြင်းခွာရွက်ကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးထားပါ။
ကြက်သွန်နီ ၂လုံးကို ဆီချက်ချက်ထားပါ။
ကျန်ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ။

ပြုလုပ်ပုံအဆင့်ဆင့်
မြင်းခွာရွက်ထဲသို့ လှီးထားသော ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကိုထည့်ပါ။
ဆီချက်များကို မြင်းခွာရွက်ထဲသို့ထည့်ပါ။
ပြီးလျှင် ဟင်းခတ်မှုန့်၊ ငံပြာရည်၊ မြေပဲကြော်၊ ပုစွန်ခြောက်မှုန့်တို့ကိုထည့်ပြီး ရောနယ်သုပ်ပါ။
သံပရာသီးညှစ်ပြီး ထည့်သုပ်ပါ။

ကြံမဆိုင်ဟင်းချို

ပါဝင်သောပစ္စည်းများ
ကြံမဆိုင် ၁၅ကျပ်သား၊ ဘဲ ၃၀ကျပ်သား၊ ငရုတ်သီးစိမ်း အနည်းငယ်၊ ကြက်သွန်နီ ၅ကျပ်သား၊ ကြက်သွန်ဖြ ၅ဥ၊ ဆား၊ငံပြာရည်၊ဟင်းခတ်မှုန့် သံပရာသီး သင့်ရုံ၊ ခရမ်းချဉ်သီး ၃လုံး။

ပြင်ဆင်ပုံ
ဘဲကိုပေါင်းထားပါ။
ခရမ်းချဉ်သီး၊ ကြက်သွန်နီကို ပါးပါးလှီးထားပါ။
ကြံမဆိုင်ကို သင့်သလိုဖြတ်၍ ရေဆေးပါ။ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ချင်းတို့ကို ဓားပြားရိုက်ထားပါ။

ပြုလုပ်ပုံအဆင့်ဆင့်
ချက်မည့်အိုးတွင် အရိုးကိုထည့်၍ပြုတ်ပါ။
အရိုးပြုတ်အိုးထဲသို့ ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၊ ချင်းတို့ကိုထည့်ပါ။
ပေါင်းထားသည့် ဘဲကို အတုံးကလေးတုံး၍ ကြံမဆိုင်နှင့်အတူ ရောထည့်ပါ။
ငံပြာရည်၊ ဆား၊ဟင်းခတ်မှုန့်၊ခရမ်းချဉ်သီး၊ကြက်သွန်နီထည့်ပါ။
အပေါ့အငန်မြည်း၍ သံပရာရည်ညှစ်ထည့်ပြီးသုံးဆောင်ပါ။

ချက်ပြုတ်ပြသူ - မေသိင်္ဂါစိုး

No comments: