Thursday, March 19, 2015

အလန်းလွန် နေရောင်ခြည်အောက်တွင် သတိပြုနေထိုင်နည်း




အရေပြားအထူးကု ဒေါက်တာရဲသွင် နှင့် တွေ့ဆုံမေးမြန်းခြင်း
--------------------------------------------------------------------------

အခုနွေရာသီမှာ အပူချိန်က ၄ဝ ဒီဂရီစင်တီဂရိတ် (၁ဝ၄ ဒီဂရီဖာရင်ဟိုက်) အထိ ရောက်နေပါတယ်။ မတ် ၁၅ ရက်ကနေ ၁၈ ရက်အတွင်းမှာဆိုရင်လည်း လက်ရှိထက် ၁ သို့မဟုတ် ၂ ဒီဂရီစင်တီဂရိတ်လောက် ပိုလာဦးမယ်လို့ မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။
ချောက်မြို့မှာဆိုရင် ၄၃ ဒီဂရီစင်တီဂရိတ်အထိ ရှိတယ်လို့သိထားပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာဆိုရင်လည်း အလွန်မြင့်မားပြီး လွန်ကဲတဲ့အဆင့်ကို ရောက်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေရှိတဲ့ ပူပြင်းတဲ့ရာသီဥတုဟာ ကျန်းမာရေးအတွက် ဘယ် လိုထိခိုက်မှုရှိနိုင်သလဲ။ ဘယ်လို ဆင်ခြင်နေထိုင်ရမလဲဆိုတာ သိရအောင် အရေပြားအထူးကု ဒေါက်တာရဲသွင်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြ ပေးလိုက်ပါတယ်။

ဒီလိုအပူချိန်တွေမြင့်တာကြောင့် လူတွေမှာ ခံစားရ နိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကို ပြောပြပေးပါဆရာ။

ပာုတ်ကဲ့။ အခုတောင် အပူဒဏ်ကို တော်တော် ခံစားနေရပြီဆိုတော့ ဒီနှစ်နွေရာသီက အရင်နှစ်တွေ ထက်ပိုပူမယ်ထင်ပါတယ်။ နေပူထဲမှာ လှုပ်ရှားသွား လာလုပ်ကိုင်နေရသူတွေမှာ အလွန်အကျွံ ချွေးထွက် ခြင်းကြောင့် Dehydration လို့ခေါ်တဲ့ ရေဓာတ်ကုန်ဆုံးခြင်း ဝေဒနာခံစားရတတ်ပါတယ်။ ဘယ်လို လက္ခ ဏာတွေလဲဆိုရင် ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်မယ်။ နုံး ပြီး အားမရှိသလို ဖြစ်နိုင်တယ်။ ကြွက်တက်သလို ဖြစ်နိုင်တယ်။ ဒီထက်ပိုဆိုးတဲ့ အခြေအနေမှာဆိုရင် ခန္ဓာကိုယ် အပူချိန်က ၁ဝ၃ ဖြစ်လာပြီး အသား တွေက နီပြီးပူလာမယ်။ ဒါဆိုရင်တော့ အခြေအနေ မကောင်းဘူး။ ဘာလို့လဲဆိုရင် မကြာခင်ပျို့အန်မယ်၊ ကယောင်ချောက် ချားဖြစ်လာမယ်၊ သတိလစ်ပြီး မေ့လဲတဲ့ထိဖြစ်နိုင်တယ်။ ဒီလိုဖြစ်တာကို Heat Stroke (အပူရှပ်ခြင်း) လို့ ခေါ်တယ်။

အခြားအရေပြားနှင့် ပတ်သက်တဲ့ ပြဿနာတွေ ပြောပြမယ်။ အဖြစ်အများဆုံးက Heat Rash လို့ ခေါ်တဲ့ ချွေးမိတ်ထွက်ခြင်းဘဲ။ လူ ၁ဝ ယောက်မှာ တစ်ယောက်ဖြစ်တယ်။ ကလေးနှင့် လူငယ်တွေမှာ အ ဖြစ်များတယ်။ အပူလွန်ကဲခြင်းနှင့် ချွေးထွက်များ ခြင်းတို့ပေါင်းမိပြီး Hives (အင်ပြင်) ထွက်နိုင်တယ်။ ချွေးထွက်များတာကြောင့် ရင်ဘတ်နှင့် ကျောတွေမှာ အဖြူကွက် ညှင်း(P.vesicolor)၊ အနီဖု (Folliculitis)တွေ ထွက်တတ် တယ်။ သူတို့ကနည်းနည်းယားတယ်။ ချွေးအောင်းတတ်တဲ့ ပေါင်ခြံ၊ ချိုင်းကြား၊ ရှူးဖိနပ်စီးတဲ့ သူတွေမှာ ခြေချောင်းကြားတွေမှာ မှိုစွဲခြင်း(Fun-gal Infection) ဖြစ်တာ တွေ့ရတယ်။

အချို့အမျိုးသမီးတွေမှာ မိန်းမကိုယ်ယားယံခြင်း၊ အဖြူဆင်းခြင်း အထိဖြစ်နိုင်တယ်။ အထူးသဖြင့် ကိုယ် ဝန်ဆောင် အမျိုးသမီးတွေမှာပိုဖြစ်တတ်တယ်။ ဘယ် လို အခြေအနေမျိုးတွေက အပူဒဏ်ကြောင့် ဖြစ် လာနိုင်တဲ့ ကျန်းမာရေးကို ပိုဆိုးစေသလဲ။

စောစောက ကျွန်တော်ပြောခဲ့သလို Outdoor Activities လုပ်တဲ့သူတွေက အခြားသူတွေထက် အပူ ဒဏ် ပိုမိုခံစားရမှာပါ။ ဒါကြောင့် နေပူထဲတစ်နေကုန် အလုပ်လုပ်နေရသူတွေ ဥပမာ ငါးဖမ်းသမားတွေ၊ တောင်သူလယ် သမားတွေပေါ့။ အားကစားသမားတွေလည်း အတူတူပါဘဲ။ အပူချိန်လွန်ကဲတဲ့ အချိန်တွေက ချွေးထွက်လွန်မယ့် ကိစ္စတွေကို ရှောင်သင့်ပါတယ်။ မဖြစ်မနေလုပ်ရမယ်ဆိုရင်တောင် ခန္ဓကိုယ်တွင်းအ ပူချိန် လျော့ကျအောင် မကြာခဏ အရိပ်ထဲမှာ နား ပေးသင့်ပါတယ်။ ရေကိုပုံမှန်အချိန်ထက်ပိုသောက်
သင့်တယ်။ အရက်နှင့် ကော်ဖီ၊ လက်ဖက်ရည်၊ ကို လာဖျော်ရည်သောက် သုံးခြင်းကိုတတ်နိုင်သလောက် လျှော့သင့်ပါတယ်။ အရက်နှင့် ကဖင်းဓာတ်ပါတဲ့ အ ချိုရည်တွေမှာDiuretic Effect ရှိတာမို့ ဆီးကို ပိုမို သွားစေပြီး ရေဓာတ်ကိုကုန်ဆုံးစေလို့ပါ။

ဒီလိုအပူချိန်မြင့်လာတာကို ဘယ်လိုလူတွေက ပိုသတိ ထားသင့်ပါသလဲ။

အသက်အရွယ် အိုသူတွေ၊ အရမ်းငယ်တဲ့ကလေး တွေဟာ ပုံမှန် လူတွေလောက် အပူဒဏ်ကို ခံ နိုင်ရည် မရှိနိုင်ရှာပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အပူချိန်ထိန်း ညှိမှုစနစ(Body Temperature Regu-lation System) ကောင်းကောင်း အလုပ်မလုပ်လို့ပါ။ အိပ်ရာထဲလဲနေတဲ့ အဘိုးအဘွားတွေ ပိုပြီး သတိထား သင့်ပါတယ်။ ပြီးတော့ နာတာရှည် ရောဂါခံစားနေ ရသူတွေ၊ ဆီးချို၊ နှလုံး၊ သွေးတိုး ဝေဒနာရှင်တွေအ နေနဲ့ မိမိပုံမှန်သောက်နေကြဆေးတွေကို နွေရာ သီမှာ အပြောင်းအလဲ အတိုးအလျှော့လုပ်ဖို့ လို၊ မလို မိမိဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ဘာလို့ပြောရသလဲဆိုရင် ဥပမာ နှလုံးဆေးတစ် မျိုးဖြစ်တဲ့Beta Blocker ဟာ နှလုံးနှင့် အဆုတ်ရဲ့ အပူဒဏ် (Heat Stress) ကိုခံနိုင်ရည်ကို အားနည်း စေပါတယ်။ ဆီးဆေး Diuretic တွေက ရေဓာတ်ကို ပိုမိုခန်းခြောက်စေ ပါတယ်။ Anticholinergic လို့ခေါ် တဲ့ဆေးတစ်မျိုး ဟာဆိုရင် ကိုယ်ခန္ဓာချွေးထွက်ခြင်းကို မူမမှန်ဖြစ် စေပါတယ်။

ခရမ်းလွန်ရောင်ခြည်တွေမြင့်နေတဲ့အတွက် ဖြစ်လာ နိုင်တဲ့ ကျန်းမာရေး အန္တရယ်တွေကို ပြောပြပေးပါ ဆရာ။

ခရမ်းလွန်ရောင်ခြည်လို့ ပြောတဲ့နေရာမှာ ခရမ်း လွန်ရောင်ခြည်သုံးမျိုး ရှိပါတယ်။ UVA, UVB, UVC တို့ဖြစ်ပါတယ်။ UVC က ကျွန်တော်တို့ ကမ္ဘာမြေကို မရောက်ပါဘူး။့  UVA နှင့်UVB ပဲ ကျွန်တော်တို့ဆီ ရောက်တာပါ။ UVB ကမှန်ကိုမဖောက်ထွင်းနိုင်ပါဘူး။ ခရမ်းလွန်ရောင်ခြည် ဟာ ကျွန်တော်တို့ကို ကောင်း ကျိုးထက် ဆိုးကျိုးကိုသာပေးပါတယ်။ ခရမ်းလွန် ရောင်ခြည် (UVA, UVB)တို့ဟာ အရေပြားအတွင်း ထိုးဖောက်ဝင် ရောက်ပြီး Free Radicals (Oxidants) များဖြစ်ပေါ်စေပါတယ်။

ထို့နောက် ဓာတ်တိုးခြင်း (Oxidation) အားဖြင့် အရေပြားမှာရှိတဲ့ သွေးကြော၊ ကိုလာဂျင်အမျှင်(Collagen Fibers)၊ အရေပြားဆဲလ် တွေရဲ့DNA တွေကိုတိုက်ခိုက်ပါတယ်။ နောက်ဆက် တွဲ ရလဒ်အနေနဲ့ အရေပြားပြဿနာအမျိုးမျိုး၊ အရေ ပြား ကင်ဆာများနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော် ခြင်း(Premature Ageing ) တို့ကို ဖြစ်ပေါ်စေပါတယ်။

ခရမ်းလွန် ရောင်ခြည်ကြောင့် ကျန်းမာရေးပြဿနာ ဖြစ်လာဖို့ အချိန် တစ်ခုကြာဦးမယ်လို့ သိထားပါတယ်။ ဒါပေမဲ့ လတ်တလော သတိထားသင့်တဲ့ ကျန်းမာရေး ပြဿနာနှင့် မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူတွေနဲ့ အနီး စပ်ဆုံး ဖြစ်နိုင်ခြေများတဲ့ ရောဂါတွေကို သိပါရစေ။

မှန်ပါတယ်။ အရေပြားကင်ဆာတို့ ၊ Premature Ageing လို့ခေါ်တဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော် ခြင်းတို့ဆိုတာ အခုနေရောင်ခြည်နဲ့ထိ အခုချက်ချင်း ထဖြစ်တာမျိုးမဟုတ်ပါဘူး။ ဖြည်းဖြည်းချင်းထိတွေ့ တာ များလာတဲ့အခါမှ ဆဲလ်တွေရဲ့DNA ကလာပ် စည်းတွေ ပျက်စီးရာကနေ ပုံမှန်မဟုတ်တဲ့ ဆဲလ်များ အဖြစ်ပြောင်း သွားကြတာပါ။ ကံကောင်းတာတစ်ခုက ကျွန် တော်တို့ အရှေ့တိုင်းသားတွေရဲ့ အသားရောင်မှာ Melanin လို့ ခေါ်တဲ့ ရောင်ခြည်ဆဲလ်ပါတဲ့အတွက် ဥရောပသားများထက် ခရမ်းလွန်ရောင်ခြည်ကို ပိုခံ နိုင်ပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုနည်းပါတယ်။ မဖြစ်ဘူးလို့ဆိုလိုတာတော့ မဟုတ်ဘူး။WHO စစ် တမ်းအရ ယူကေတွင် နှစ်စဉ်အရေပြားကင်ဆာကြောင့် သေဆုံးသူ ၂ဝဝဝ ကျော်ရှိ ပြီး တစ်ကမ္ဘာလုံးအတိုင်း အတာနဲ့ပြောရရင် ၆၆ဝဝဝ လောက် နှစ်စဉ်သေဆုံးနေပါတယ်။ သေဆုံးသူဦးရေဟာ ၈ဝ ခုနှစ်ပိုင်းနှင့် နှိုင်း ယှဉ်ရင် နှစ်ဆလောက်တက် လာတယ်လို့ဆိုတယ်။ ဒါဟာအိုဇုန်းလွှာပါးလာခြင်းနဲ့ ပတ်သက်နေပါတယ်။
ခရမ်းလွန်ရောင်ခြည်ရဲ့ ချက်ချင်းခံစားရမယ့် လတ်တလော ဆိုးကျိုးအကြောင်းပြောပြပါ့မယ်။Sun Burn (နေလောင်ခြင်း)ပါ။ နေလောင်တယ်ဆိုတာ အရေပြားက နီစပ်စပ်၊ ပူလောင်လောင် ဖြစ်နေမယ်။ ပြီးရင် အသားတွေညိုလာမယ်။ အချို့အရေပြားအဖတ် တွေကွာကျတာမျိုး ဖြစ်နိုင်တယ်။ နှစ်ပတ်လောက်ပါပဲ။ ပြီးရင် ပုံမှန်အသားရောင်ပြန်ပြောင်း သွားမှာပါ။ အ ချို့သူတွေမှာ နေရောင်ထိရင် အင်ပြင်ကွက်တွေ ထ လာတာမျိုးတွေဖြစ်တတ်တယ်။ ဒါကို Solar Uticaria လို့ခေါ်တယ်။
အသက်ငယ်တဲ့ မိန်းကလေးတွေမှာ အဖြစ်များတဲ့ အဖုအပိန့်ထခြင်း ကိုActinic Purigo လို့ ခေါ်တယ်။ အဝတ်အစားလွတ်ပြီး နေရောင်တိုက် ရိုက်ထိနေတဲ့ ခြေ၊ လက်၊ မျက်နှာတွေမှာ အဖြစ်များ တယ်။ အရေပြားရောဂါအများစုဟာ သာမန်သူတွေ အမြင်မှာခက် ဆင်ဆင်ဖြစ်ေ ကာင်းဖြစ်နေနိုင်ပါတယ်။ ကျွမ်းကျင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်တယ်။ အချို့ ရောဂါတွေဟာ နေရောင်ထိရင်ပိုဆိုးပါတယ်။ ရေယုန် (Herpes) ပေါက်တတ်သူဟာ နေရောင်ထိတာများရင် ပြန်ပေါက်တတ်ပါတယ်။
သွေးလေးဖက်နာလို့ခေါ်တဲ့SLE ဝေဒနာသည် တွေဟာ နေရောင်ရှောင် ရပါမယ်။ မဟုတ်ရင် ရောဂါ ပိုဆိုးစေပါတယ်။ အရက်သမားတွေမှာ အတွေ့များတဲ့Niacin ဗီတာမင်ဓာတ်ချို့တဲ့လို့ဖြစ်တဲ့ Pallagra ရောဂါဟာ နေရောင်ထိ တဲ့ နေရာမှာ အမဲကွက်တွေဖြစ် စေပါတယ်။ တင်းတိတ်၊ မှဲ့ခြောက်နှင့် နေလောင်ကွက် ရှိတဲ့သူတွေနေရောင်ရှောင်ရမယ်ဆိုတာတော့ အား လုံးသိပြီးသားဖြစ်မှာပါ။ နောက်ဆုံးဆိုးကျိုးအနေနဲ့ ပြောချင်တာက ခရမ်းလွန်ရောင်ခြည်က မျက်စိကို ထိခိုက်စေပါတယ်။ တာရှည်မျက်စိ ရောင်ရမ်းခြင်းက မျက်စိတိမ်စွဲခြင်း(Cataracts) ကို ဖြစ်စေနိုင်ပါတယ်။

အပူချိန်မြင့်တာကို ခံနိုင်ရည်ရှိဖို့နှင့် ခရမ်းလွန်ရောင် ခြည်ကို ကာကွယ်ဖို့ ဘာတွေလုပ်သင့်တယ် (နေထိုင် စားသောက် မှုပုံစံ) ဆိုတာ ပြောပြပေးပါ။

(၁) ခရမ်းလွန်ရောင်ခြည် အများဆုံးအချိန် ဖြစ်တဲ့ မနက် ၁ဝ နာရီ မှ ညနေ ၄ နာရီအတွင်း မလို အပ်ဘဲ အပြင်မထွက်ပါနှင့်။

(၂) မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုပါကUV Block နေရောင်ကာလိမ်းဆေးလိမ်းပါ။ လေဝင်လေ ထွက် ကောင်းသော ပွသော အဝတ်ကိုဝတ်ပါ။ အမဲရောင်ကိုရှောင်ပါ။ ဦးထုပ်ဆောင်းပါ။ နေ ကာမျက်မှန်တပ်ပါ။

(၃) နေရောင်ကာလိမ်းဆေးကို အပြင်မထွက်ခင် ၁၅ မိနစ်ကြိုလိမ်းမှသာ ဆေးအာနိသင်ကိုရပါမယ်။နေရောင်ကာလိမ်းဆေးရဲ့ SPF ညွှန်းကိန်း ၃ဝ နှင့်အထက်ဖြစ်ပါစေ။ ချွေး၊ ရေနှင့်ထိရင် အာနိ သင်လျော့သွားနိုင်သောကြောင့် ထပ်မံလိမ်းပေး ပါ။

(၄) မျက်နှာ တစ်နေ့ နှစ်ကြိမ်သစ်ပါ။ သင့်အရေပြား အစိုဓာတ်သွင်းပါ။ အဆီပြန်လွယ်သောOil Based Day Cream အစား Water Based Moisturizer အစားထိုးသုံးပါ။

(၅) ရေများများသောက်ပါ။ အရက် နှင့် ကဖင်းပါ သော အချိုရည်များကို ရှောင်ပါ။

(၆) ဆီးအရောင်ကို သတိထားကြည့်ပါ။ အညို (သို့)အဝါရင့်ရောင်ဖြစ်နေပါက ရေဓာတ်ခန်းနေပြီ ဟု မှတ်ပါ။

(၇) ရေဓာတ်ဆုံးရှုံးခြင်း(Dehydration)နှင့် အပူ ရှပ်ခြင်း(Heat Stroke) လက္ခဏာများ သံသယ ရှိပါက နီးစပ်ရာ ကျန်းမာရေး ဝန်ထမ်းထံမှ အကူအညီတောင်းပါ။

No comments: