Monday, March 16, 2015

မြန်မာ့ရိုးရာ ပန်းချီအကြောင်းအရာအချို့




၁၉၃၈ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း ဆရာရေးသားခဲ့သော ဆောင်းပါး အများစုအနက် ဗိုလ်တထောင်သတင်းစာပါ 'ပွင့်ပွင့်လင်းလင်းပြောပါရစေ' ကဏ္ဍမှ ဆောင်းပါးများနှင့် မြန်မာ့အလင်း၊ အိုးဝေ၊ သွေးသောက်၊ ရှုမဝ စသည့် သတင်းစာ၊ မဂ္ဂဇင်းများမှ ဆောင်းပါးများအား အပတ်စဉ် စနေနေ့ တိုင်း ဖော်ပြပေးမည်ဖြစ်ပါသည်။ ဆရာသိန်းဖေမြင့်၏ အလွှာစုံ နယ်ပယ်စုံမှ လူပုဂ္ဂိုလ်အကြောင်းပြု အနုပညာမြောက်ရေးဖွဲ့မှုနှင့် 'မူ' အပေါ်အလေးအနက် ထားရေးသားထားမှုတို့ကို တည်းဖြတ်ခြင်းမပြုဘဲ မူရင်းအတိုင်း ဖတ်ရှု ရခြင်းဖြင့် လူပုဂ္ဂိုလ်အတ္ထုပ္ပတ္တိစာပေ၏ သရုပ်သကန်ကိုသိရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

ဦးဗကြည်၏ ပန်းချီကိုလေ့လာချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®

သိန်းဖေမြင့်

ရန်ကုန်မြို့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ)မှ ''ရုပ်စုံဗုဒ္ဓ သာသနာဝင်''စာအုပ်ကို အဆောက် အအုံရန်ပုံငွေအတွက် ထုတ်ဝေလေ သည်။ ထိုစာအုပ်၌ ပုံတော် ၆၅ ပုံပါရာ ပန်းချီဆရာ ဦးဗကြည်က ရေးဆွဲ၏။ ဤဆောင်းပါးမှာ ဦးဗကြည်၏ ပန်းချီလက်ရာကို လေ့လာချက်ဖြစ်သည်။

စာအုပ်နိဒါန်း၌ ''မြန်မာ့ရိုးရာပန်းချီပညာသက်သက်ဖြင့် ရုပ်လုံးဖော် ထားခြင်းဖြစ်သည်''ဟု ဆိုထား၏။ ဤနေရာ၌ ''မြန်မာ့ရိုးရာပန်းချီ''ဟု ''ရိုးရာ'' ဟူသော စကားကိုသုံးခြင်းသည် မသင့်လျော်လှဟု ဆိုချင်သည်။ ရိုးရာဓလေ့၊ ရိုးရာ အစွဲဟူသော စကားတို့သည် ကောင်းသောအဓိပ္ပာယ်နှင့် မယှဉ်ပေ။ ''မြန်မာ့ရှေးရိုးပန်းချီ'' ဟုဆိုကသင့်မြတ်မည် ထင်မိ၏။ ဤမျှမကသေး ဦးဗကြည်၏ ပန်းချီလက်ရာများသည် ရှေးရိုးဟန်တွင် ခေတ်မီဟန်များ ဖြည့် ထားသဖြင့် ''မြန်မာ့မူသစ်ပန်းချီ'' သို့မဟုတ် ''မြန်မာ့မူပိုင် ပန်းချီ''ဟု ခေါ်မည် ဆိုက ခေါ်နိုင်မည်။

ယခုလို အနောက်နိုင်ငံမူ သို့မဟုတ် ခေတ်ပေါ်မူများလွှမ်းလျက် မြန်မာ့မူပိုင်ဟု လက်ညှိုးထိုးပြစရာမရှိလောက် အောင်ဖြစ်နေချိန်တွင် ဦးအုန်းလွင်၊ ဦးဗကြည် စသောပန်းချီဆရာများသည် ''မြန်မာ့မူပိုင်ပန်းချီ''ပြန်လည်ထွန်းကားလာစေရန် ကြိုးစားအားထုတ်ခဲ့ကြ၏။ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဗိုလ်လက်ျာစသော ပန်းချီလောက အပြင်ဘက်မှ ပုဂ္ဂိုလ်အချို့က အားပေးခဲ့ကြ၏။

''မြန်မာ့ရှေးဟောင်းပန်းချီများ''ဖြစ်သော ပုဂံပန်းချီများကို လေ့လာရန် ဖော် ထုတ်ပေးကြ၏။ ဘုန်းကြီးပျံအရုပ်ကားများနှင့် ယွန်းထည်ပေါ်မှ ပန်းချီကိုပင် အလွတ်မပေးဘဲ မြန်မာ့ရှေးရိုးပန်းချီကို ရှာဖွေကြစေ၏။ ယနေ့ တခမ်းတနား အလုံးအခဲနှင့်ပေါ်လာသော ''ဗုဒ္ဓသာသနာဝင်''ပါ ပန်းချီကားများသည် ယင်း သို့သော အားထုတ်မှုတို့၏ အာနိသင် ပေတည်း။

မြန်မာ့ရှေ့ရိုးပန်းချီ၏ ထူးခြားသောအခြင်းအရာများကား အဘယ်နည်း။

ပထမ၊ ''ကောက်ကြောင်း'' (Line) ကိုအသားပေး၍ဆွဲသည်။ ဆေးရောင် ထဲတွင် ကောက်ကြောင်းသည် မှုန်တိ မှုန်ဝါးမဟုတ်ဘဲ ထင်းနေအောင် ဆွဲထားသည်။ ဤမျှသာမကသေး ကောက်ကြောင်းတို့တွင် ကာရန်ရှိပေသည်။ ကဗျာ၌ စကားလုံးတို့ကို ကာရန်ဟပ်၍ စီကုံးသကဲ့သို့ မြန်မာ့ပန်းချီ ၌ကောက်ကြောင်းတို့ဖြင့် ကာရန်ဟပ်ကာဆွဲထားပေသည်။ ဂီတအသံ အနိမ့်အမြင့်တွင် ပြေပြစ်၍နာဝင်ပီယံဖြစ်ရသလို ကောက်ကြောင်းတွင် ''သာယာမှု''ရှိရပေသည်။

(Lineal Rhythm)

ဥပမာအဖြစ်ဖြင့် ပုံအမှတ် ၄ ''မယ်တော်မာယာအိပ်မက်မြင်ပုံ'' နှင့် ပုံအမှတ် ၅''လုမ္ဗိနိဥယျာဉ်တွင်ဘုရားအလောင်း ဖွားမြင်တော်မူပုံ'' ကို ညွှန်းလိုသည်။

အုံးစက်ရာတွင်စောင်းလျက် စက်နေသော မယ်တော်မာယာ၏ အပေါ်လက် သည် ခေါင်းပေါ်မှာ ကွေးတင်လျက် ခေါင်းရင်းမှာ ဖြန့်ကျနေသည်။ အောက် လက်မှာကား ရင်သားမြတ်ကို ကွေးပင့်လျက်၊ အလောင်းတော် သန္ဓေ တည်နေမည့် တိုက်ဝမ်းပေါ်တွင်တင်နေသည်။ ဤလက်နှစ်ဘက်ကို ရုပ်လုံးဖော်ထားသော ကောက်ကြောင်းများသည် ကနုတ်ပန်းနှစ်ခက် ကို ခေါင်းချင်းမျက်နှာချင်းဆိုင်၍ ဆွဲထားသည်နှင့်တူ၏။ ''မအေးမြတောင်း၊ ဆောင်းမျိုးဆယ်ထောင်'' ဟု ''တောင်း''နှင့်''ဆောင်း'' ကာရန်ယူသလို ကောက်ကြောင်းကာရန်ယူထားပေသည်။

''လုမ္ဗိနိဥယျာဉ်၌ ဘုရားလောင်းဖွားမြင်တော်မူပုံ'' တွင် ဘုရားအလောင်းသည် ဗဟိုဖြစ်၏။ ညာဘက်တွင်အင်ကြင်းကိုင်းပေါ်၌ လက်တင်ထားကာ ရပ်နေသော မယ်တော်မာယာသည်လည်းကောင်း၊ အလောင်းတော်အား ထီးမိုးပေးခြင်း၊ ကျိုင်းကိုင်ပေးခြင်းတို့ဖြင့် ယုယနေကြသော ဗြဟ္မာမင်း တို့သည်လည်းကောင်း၊ အလောင်းတော် အပေါ်တွင် အာရုံရောက်နေ ပုံကို ကောက်ကြောင်းတို့ဖြင့် ထင်ရှားစွာပြထားပေသည်။ ဘယ်ဘက်တွင် အပေါ်မှဖြာကျနေသော အင်ကြင်းပန်းခက်များသည် လည်းကောင်း၊ တောကို သရုပ်ဖော်ပေးသော နောက်ခံအရိပ်စိမ်းသည်လည်းကောင်း၊ အလောင်းတော် ဆီသို့ ညွတ် ကိုင်းနေကြ၏။ အင်ကြင်းကိုင်းကောက်ကြောင်းနှင့် မယ်တော့် လက်ကောက်ကြောင်း၊ အင်ကြင်းကိုင်းကောက်ကြောင်းနှင့် ဗြဟ္မာမင်း လက်ကောက်ကြောင်း တို့သည် ကာရန်မိနေကြပေသည်။

ဒုတိယ၊ မြန်မာ့ရှေးရိုးပန်းချီတွင် ''သဏ္ဌာန်လုပ်၍ သရုပ်ဖော်သောစနစ်'' (ဝါ) ပြကတေ့ဖြစ်သော သဘာဝကို တိုက်ရိုက်ဆွဲခြင်းမဟုတ်ဘဲ သွယ်ဝိုက် တင်စားဆွဲခြင်း စနစ်ရှိ၏။ (ဥပမာ)မျက်ခုံးကိုဆွဲလိုလျှင် မျက်ခုံးနှင့် ပြကတေ့ တူအောင် ဆွဲသည်ထက် ''သုံးရက်လ ခုံးမျက်စ''ဟူသော အဆိုနှင့်ညီအောင် တင်စား၍ ရေးဆွဲတတ် ပေသည်။''ရဟန်းပြုရန် ဘုရားအလောင်းဆံတော် ပယ်ပုံ''၌ အနော်မာမြစ်ရေကို ဆွဲပြထားရာ မြစ်ရေလှိုင်းနှင့် ငါးတို့ကို သဘာ ဝနှင့် ထပ်တူဆွဲခြင်းမဟုတ်ဘဲ သဏ္ဌာန်လုပ်၍ သရုပ်ဖော်ပြခြင်းပင် ဖြစ်သည်။

တတိယ၊ မြန်မာ့ရှေးရိုးပန်းချီ၌ ''ကနုတ်ဟန်''ကို များစွာအသုံးပြုပေသည်။ (တရုတ်ရှေးရိုးပန်းချီ၌လည်း ကနုတ်ဟန်ကို အနှံ့အပြားတွေ့ရ၏) ယိုးဒယား ပန်းဟု ခေါ်တတ်ကြသော ကနုတ်ပန်းသည် ပုဂံခေတ်၌များစွာ ခေတ်စားခဲ့၏။ မြို့ရိုးမုခ်ပေါက်ဝများတွင်ပင် ကနုတ်ပန်းခက်များ ပြုလုပ်တန်ဆာဆင် ထား တတ်၏။ ယင်းသို့ အပျံ့အနှံ့အသုံးပြုသော ကနုတ်ပန်းများသည် စုတ်ရေဆေးခြယ် ပန်းချီ၌ ကနုတ်ဟန်ပါအောင် ဖန်တီးပေးလေသည်။

ဦးဗကြည်၏ ပန်းချီကားတိုင်းမှာ လိုလိုပင် ကနုတ်ဟန်ကို မြင်နိုင်သည်။ သုမေဓာရှင်ရသေ့၏ သင်္ကန်း အစွန်းနှင့် သုမိတ္တာ၏ တစ်ဘက်အမြိတ် သည်လည်း ကနုတ်ဟန်၊လေးတင်နေသော သိဒ္ဓတ္ထမင်းသား၏ ပုဆိုးခါး ပုံသည်လည်း ကနုတ်ဟန်၊ ဘုရားရှင်ကိုယ်တော်မြတ်၏ နား၊လက်၊ လက်ကောက်ဝတ် စသည်တို့သည်လည်း ကနုတ်ဟန်၊ ဗုဒ္ဓမြတ်စွာ ၏ ခြေတော်ဦးကို ခေါင်းဖြင့်ပွတ်၍ ရှိခိုးနေသော ယသော်ဓရာ၏ ပြေလျှော ကျနေသော ဆံပင်တို့သည်လည်း ကနုတ်ဟန်။ကနုတ်ဟန်အလွှမ်းဆုံးနှင့် အလှဆုံးကားမှာ ''သုဇာတာလှူဒါန်းသော ဃနာနို့ဆွမ်းကို ခံယူတော် မူပုံ''ဖြစ်၏။ သုဇာတာ၏ တဘက်မြိတ်၊ လုံချည်မြိတ်၊ ဆံမြိတ်တို့မှာ သာကနုတ်ဟန်တွေ့ရသည်မဟုတ်၊ ထီးမိုးသကဲ့ သို့ တည်နေသော ဗောဓိညောင်ပင်ကြီးမှာပင် ကနုတ်ဟန်ပေါ်နေ၏။

စတုတ္ထ၊ ''မြန်မာ့ရှေးရိုးပန်းချီဆေးရောင်ခြည်နည်း''မှာ ပိန်းခြယ်ခြင်းဖြစ်၏။ သစ်ပင် သစ်တောဆိုလျှင် အစိမ်းပိန်းခြယ်လိုက်၏။ သင်္ကန်းဆိုလျှင် သီတင်းရောင်ခြယ်လိုက်၏။ မြေဆိုလျှင် မြေဝါရောင် ခြယ်လိုက်၏။ ဤသည် တို့အား ရှေးရိုးမြန်မာ့ပန်းချီ၏ထူးခြားသောအခြင်းအရာများ ဖြစ်ပေ၏။

ဦးဗကြည်သည် ၎င်းတို့ကို အခြေခံ၍ ရေးဆွဲထားပေသည်။ သို့သော် ထိုအခြင်းအရာကို သက်သက်ပြန်လည်ဖော်ရုံသာ ရေးဆွဲခြင်းမျိုးမဟုတ်၊ ထိုအခြင်းအရာများတွင် ခေတ်ပန်းချီပညာဉာဏ်ဖြင့် ကွန့်မြူးဖြည့်စွက်ထား သည်ကိုလည်း တွေ့နိုင်သည်။ ''ဘုရားအဖြစ်သို့ရောက်တော်မူပုံ'' ၌ ကောက်ကြောင်းဆွဲနည်းကို ဗဟိုပြုလျက် ခေတ်ပန်းချီဉာဏ်နှင့် ကွန့်မြူးထားချက်များကိုတွေ့နိုင်လေသည်။ ''ကပိလနှင့်ကောလိယမြို့ စစ်ဖြစ်ခါနီးတွင်ကောင်းကင်မှငြိမ်းချမ်းရေးတရားဟောတော်မူပုံ''မှာလည်း ဤနည်းအတိုင်းပင်တည်း။

ဘုန်းကြီးပျံပန်းချီကားများမှာလို ခြေဖဝါးကြီးက မျက်နှာထက်ကြီးနေအောင် ဆွဲထားခြင်းမျိုးကိုလည်း ရှောင်ကြဉ်၏။ အချိုးအစားညီညွတ်အောင် အဝေး အနီးမှန်အောင် ဆွဲ၏။ ဆက်လက်ဖော်ပြပါမည်။

(၁၉၅၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ထုတ် မြဝတီမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၁၂၊ အောက်တိုဘာ ၁၉၅၃မှ အခေါ်အဝေါ်နှင့် အသုံးအနှုန်းများ၊ စာလုံးပေါင်းသတ်ပုံနှင့် သဒ္ဒါအထားအသိုများကို မူရင်း အတိုင်းဖော်ပြခြင်းဖြစ် ပါသည်။)

Credit : MOI Webpage

No comments: