Tuesday, March 31, 2015

ဗိုလ်ချုပ်အောင်ဆန်းနှင့်သမ္မတ အေဗရာဟင် လင်ကွန်းတို့၏ သမိုင်းဝင် မိန့်ခွန်း




အာဇာနည်တွေ၊ သူရဲကောင်းတွေ၊ မျိုးချစ်ပုဂ္ဂိုလ်တွေကို လေးစားတန်ဖိုးထားတတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေဟာ အခွင့်သာတိုင်း သူတို့ အရင် က အာဇာ နည်ခေါင်းဆောင်တွေရဲ့ပေးဆပ်ခဲ့သူဂုဏ်ကျေးဇူးတွေကို ချီးမွမ်းဂုဏ်ပြုပြောဆို လုပ်ကိုင်ခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည် မိန့်ခွန်း
မြန်မာနိုင်ငံရဲ့အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း ဖက်ဆစ်တော်လှန်ရေး၊ ပြည်သူ့ လွတ်လပ်ရေးတိုက်ပွဲမှာ ကျဆုံး ခဲ့ရရှာတဲ့ အာဇာနည်တွေ အတွက် အာဇာနည် ကျောက် တိုင်စိုက်ထူပြီး အလေးပြု အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက်ကျင်းပပေးခဲ့ပါတယ်။ ၁၉၄၆ခု ဇန်န ဝါရီလ၁၇ရက် နေ့ နံနက် ၈နာရီအချိန်မှာ ရွှေတိဂုံအလယ်ပစ္စယံကုန်းမြေ မှာ ပြုလုပ်ကျင်းပခဲ့တာပါ။ အဲ ဒီ အခမ်းအနားမှာ ဗိုလ်ချုပ် အောင်ဆန်းဟာ ရာဇဝင် တွင် လောက်တဲ့ အာဇာနည်မိန့်ခွန်းတစ်ခုကို မိန့်ကြားခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းအနှစ်ချုပ်ကတော့ ” ဤနေရာတွင် စုရုံး၍ အရိုသေပြုရုံမျှဖြင့် ကျ ဆုံးသော ရဲဘော်များကို ချီးကျူးရာ ရောက်မည်မဟုတ်ကြောင်း၊ တကယ်ချီး ကျူးရာရောက်အောင် ၄င်းရဲဘော်များ သွေးနဲ့စိုက်ပျိုးထားခဲ့တဲ့ လွတ်လပ်ရေးပန်းပင်ကို ကျွန်တော် တို့က အစဉ်တစိုက် မြေတောင်မြှောက်ပေးပြီး ပေါင်းသင်ပေးရန်လိုကြောင်း၊ ဒီလိုဆက်ပြီး ကြိုးပမ်းလုပ် ကိုင်ကြမှ တကယ်ချီးကျူးရာ ရောက်မည်ဖြစ်ကြောင်း၊ ကျဆုံး သူများကို အမြဲအမှတ်ရနေပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုးရှိမယ့်အလုပ်ကို လုပ်ကြရမည်ဖြစ်ကြောင်း၊ ဤကဲ့သို့ မလုပ် နိုင်ကြရင် ကျဆုံးသူရဲဘော်များကို သစ္စာဖောက် ရာ ရောက်နေ မည် ဖြစ်ကြောင်း၊ စစ်ဖြစ်တာဟာ ကမ္ဘာ့ရဲ့ အစို့အညှောင့်ဖြစ်တဲ့ လူငယ်များစွာ သေကျေရကြောင်း၊ စစ်ပြီး၍ ငြိမ်းချမ်းရေး အစစ်ကိုရအောင် မလုပ်နိုင်ရင် သူရဲကောင်းတွေ ကို သစ္စာဖောက်ရာသာကျမည်ဖြစ်ကြောင်း စသည်ဖြင့် မိန့်ကြားခဲ့ပါတယ်။

လင်ကွန်းရဲ့ ဂတ်တက်(စ)ဘာ့(ခ်)မိန့်ခွန်း
Abraham Lincoln  (၁၈ဝ၉-၁၈၆၄) ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ၁၆ ယောက် မြောက်သမ္မတပါ။ သမ္မတတာဝန်ကို ၁၈၆ဝ ခုနှစ်ကနေလုပ်ကြံခံရတဲ့ ၁၈၆၅ခု ဧပြီလ ၁၅ ရက်နေ့အထိ ထမ်းဆောင်ခဲ့သူပါ။ လင်ကွန်းရဲ့ အဓိက မူဝါဒဟာ ကျွန်စနစ်ပပျောက်ရေးပါ။ ၁၈၆၂ ခုနှစ်မှာ ” လူမည်း ကျွန်အားလုံးလွတ်မြောက်စေ”  (Emancipa- tion Proclamation) ကြေညာ ချက်ကိုထုတ်ပြန်ခဲ့ပါတယ်။ တောင်ပိုင်းသားတွေက လင်ကွန်းရဲ့ ကျွန်စနစ်ကို လက်မခံဘဲ Confederation ခေါ် “ပေါင်းစုပြည်ထောင်စု” ကို တည်ထောင်ခဲ့ကြပါတယ်။ ၁၈၆၃ခုနှစ် နိုဝင်ဘာလ မှာပင် ဆီဗေးနီးယားပြည်နယ် ဂက်တက်(စ) ဘာ့ (ခ်) Gettysburg) အရပ်မှာ တောင် ပိုင်းနဲ့ မြောက် ပိုင်း တပ်တွေ အကြီးအကျယ်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ လင်ကွန်းဦးဆောင်တဲ့ မြောက်ပိုင်းသား တပ်ဘက်ကတပ်သား ၂၃ဝဝဝ ကျော်၊ တောင်ပိုင်းဘက်က ၂ဝဝဝဝ ကျော် ကျဆုံးခဲ့ပါတယ်။ တိုက်ပွဲကြီးဖြစ်ပွားရာမြေမှာ အမျိုးသားအထိမ်းအမှတ် စစ်သင်္ချိုင်းဖွင့်ပွဲကို ၁၈၆၃ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ သမ္မတကြီး လင် ကွန်းက ၂ မိနစ်ကျော်သာ ကြာမြင့်တဲ့ ကမ္ဘာကျော် Gettysburg မိန့်ခွန်းကြီးကို ပြောခဲ့ပါတယ်။ လေ့လာသိရှိနိုင်ဖို့ စာရေးဆရာကြီး ဘိုးလှိုင်ရေးသားပြုစုခဲ့တဲ့ “နာ မည်ကျော်ကြား ဂန္ထဝင်စကား ” က ကောက်နုတ် ဖော်ပြလိုက်ရပါတယ်။

လွန်ခဲ့တဲ့ ၈၇နှစ်က ကျွန်တော်တို့ဘိုးဘေးများက ဤတိုက်ကုန်းမြေပေါ်မှာ နိုင်ငံသစ်ထူထောင်ခဲ့ပါတယ်။ ဒီနိုင်ငံသစ်က လွတ်လပ်ရေးမှာ သန္ဓေတည်ပြီး လူသားတိုင်းကို တန်းတူဖန်ဆင်းထားသည်ဆိုသော ယုံကြည်ချက်ကို သစ္စာအဓိဋ္ဌာန်ပြုပြီးတည်ထောင်ခဲ့တာပါ။ အခုတော့ ကျွန်တော်တို့ ပြည်တွင်းစစ်ကြီးနဲ့ ကြုံနေရ ပါပြီ။ အဲဒီ နိုင်ငံကြီး သို့မဟုတ် အလားတူ သန္ဓေတည်ပြီး သစ္စာအဓိဋ္ဌာန်ပြုထားတဲ့ နိုင်ငံတစ်ခု ကြာရှည်ရပ်တည်နိုင် ပါ့မလား ဆိုတာ စမ်းသပ်နေပါပြီ။ အဲဒီ ပြည်တွင်းစစ်ကြီးရဲ့ တိုက်ပွဲ ကွင်းပေါ်မှာ ကျွန်တော်တို့ စုဝေး နေကြပါပြီ။ ဒီကွင်းရဲ့ တစ်စိတ် တစ်ဒေသမှာ ဒီနိုင်ငံ အဓွန့်ရှည်ဖို့ အသက်စွန့်ခဲ့ကြသူတွေ ထာဝစဉ်နားနေစရာ နေရာ အဖြစ် သတ် မှတ်ပေးဖို့ ကျွန်တော် တို့ ရောက်လာကြတာပါ။ ဒီလို လုပ်ရတာ အလွန်လုပ်သင့်လုပ် ထိုက်တဲ့အလုပ်ပါ။

သို့သော်လည်း တကယ်တမ်းမှာတော့ ဒီမြေကို မြတ် သောမြေအဖြစ် ကျွန်တော်တို့ အဓိဋ္ဌာန်ပြုလို့မရပါဘူး။ကျွန်တော် တို့က သိဒ္ဓိတင်လို့ မရပါဘူး။ မြတ်သောနေ ရာဖြစ်စေလို့ ကျွန်တော်တို့ လုပ်လို့မဖြစ်ပါ ဘူး။ ဒီမြေမှာ တိုက်ပွဲဝင်ခဲ့တဲ့ ရဲရင့်သူတွေ ကျဆုံးသူရော၊ အသက်မသေ ကျန်ရစ်သူတွေ ကပါ ဒီမြေကို သိဒ္ဓိတင်ခဲ့ ပြီးပါပြီ။ သိဒ္ဓိ တိုးအောင်၊ လျော့ အောင်လုပ်နိုင်တဲ့ ကျွန်တော်တို့ အစွမ်းနည်းနည်းကလေးထက် သူတို့တင်ခဲ့တဲ့ သိဒ္ဓိက အများကြီး ကဲပါတယ်။  ဒီနေရာမှာ ကျွန်တော် တို့ ပြော ဆို တာ ကို ကမ္ဘာကြီးက သိပ်ဂရုစိုက်မှာမဟုတ်ပါဘူး။ ကြာရှည်လည်း သတိရနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ဒီမှာလုပ်ခဲ့တဲ့ လုပ်ရပ် ကိုတော့ မေ့ပျောက်နိုင် လိမ့်မည် မဟုတ် ပါဘူး။ တကယ်တော့ သူတို့တွေ ဒီနေရာမှာ တိုက်ပွဲဝင်ပြီး မွန် မြတ်သော စိတ်နဲ့ မြှင့်တင်ပေး ခဲ့တဲ့ မပြီးမပြတ်သေးတဲ့ လုပ် ငန်းကြီးကို ပြီးအောင် လုပ်ဆောင်ကြဖို့ အ သက်ရှင်ဆဲ ကျွန်တော်တို့တစ်တွေကအဓိဋ္ဌာန် ပြုကြရမှာပါ။

ကျွန်တော်တို့ ရှေ့မှောက်မှာ မပြီးသေးတဲ့ လုပ်ငန်းကြီးကို ဆုံးခန်းတိုင်လုပ်ကိုင်ဖို့ သစ္စာ ပြုရမှာက ကျွန်တော်တို့ပါ။ မြတ်သော သေခြင်းနှင့် သေဆုံး ခဲ့သူတွေက အ သက်ကို စတေးခဲ့ တဲ့သစ္စာအဓိဋ္ဌာန်ကြီးကိုကျွန်တော် တို့တစ်တွေက ဆတက်ထမ်းပိုး တိုးပြီးအကောင်အထည်ဖော်ရန် အဓိဋ္ဌာန်ပြုကြပါစို့။ ကျဆုံးသူ တွေ သေဆုံးရတာ အချည်းအနှီး မဖြစ်စေဖို့ ကျွန်တော်တို့ သန္နိဋ္ဌာန် ပြုကြပါစို့။ ဘုရားသခင် အုပ်စီး တဲ့ ဒီနိုင်ငံမှာ လွတ်လပ်မှုအသစ် ပေါ်ထွန်းလာစေဟု အဓိဋ္ဌာန်ပြု ပါစို့။ နောက်ပြီးေ တာ့ ပြည်သူ တွေအတွက်၊ ပြည်သူတွေ စီမံ တဲ့၊ ပြည်သူ့အစိုးရ ဤမြေမှ မဆိတ်သုဉ်း မပျောက်ကွယ် စေရဟု အဓိဋ္ဌာန်ပြုကြပါစို့။

 အလင်းဆက် (IR)

No comments: