Saturday, March 28, 2015

ကြက်ချိုချဉ် - ဒန့်သလွန်ရွက်ဟင်းချို - သခွားသီးသုပ်




အခုပြောပြမယ့်ဟင်းလျာက လူတိုင်းချက်တတ်ကြပါတယ်။ ဒါပေမယ့် ချက်စားဖြစ်တဲ့ ဟင်းလျာအတွဲအစပ်ကို ပြန်လည်ဝေမျှလိုတာကြောင့် ရေးပြလိုက်တာပါ။ ရသာလေးပါး ချိုချဉ်ငံစပ်လေးနဲ့ ထမင်းစားမြိန်စဖွယ်ပေါ့နော်။ သခွားသီးသုပ်သက်သက်ပဲစားမယ်ဆိုရင် လက်ဖက်ရည်ကြမ်း ခါးသက်သက်လေးနဲ့စားတဲ့အခါ ရသာငါးပါး ပြည့်စုံနိုင်ပါရဲ့နော်။

ကြက်သားချိုချဉ်ကြော်

ပါဝင်သောပစ္စည်းများ
ကြက်သား ၁၅ကျပ်သား၊ ကြက်သွန်နီ ၅ဥ၊ ကြက်သွန်ဖြူ ၃ဥ၊ ရှာလကာရည် ဇွန်းကြီး ၁ဇွန်း၊ ပဲငံပြာရည် သင့်ရုံ၊ သကြား ဇွန်းကြီး ၂ဇွန်း၊ ဂျုံမှုန့် အနည်းငယ်၊ ချင်း လက်၁ဆစ်၊ တရုတ်နံနံ အနည်းငယ်။

ပြင်ဆင်ပုံ
ကြက်သားကို ပါးပါးလှီးပါ။ ကြက်သွန်နီကို အကွင်းလိုက် လှီး၍ ကြက်သွန်ဖြူကိုနွှာ၍ ထောင်းထားပါ။

ချက်ပြုတ်ပြင်ဆင်ပုံ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို ဆီသတ်ပြီး ကြက်သားတုံးများကိုထည့်ကြော်ပါ။

ငံပြာရည်ထည့်ပြီး ရေအနည်းငယ်ထည့်၍ တည်ပါ။ ကြက်သားများကျက်လျှင် ရှာလကာရည်နှင့် သကြားထည့်လိုက်ပါ။

ဂျုံမှုန့်အနည်းငယ် အရည်ဖျော်ပြီးထည့်မွှေပါ။ ဟင်းကျက်လျှင် တရုတ်နံနံဖြူးချလိုက်ပါက စားချင့်စဖွယ် ကြက်သားချိုချဉ်ကြော်ကို အသင့်စားသုံးနိုင်ပါသည်။

ဒန့်သလွန်ရွက်ဟင်းချို

ပါဝင်သောပစ္စည်းများ
ဒန့်သလွန်ရွက် ၁၀ကျပ်သား၊ ကြက်သွန်နီ ဥကြီး ၁လုံး၊ ကြက်သွန်ဖြူ ဥ၃လုံး၊ ငရုတ်သီးခြောက် ၂တောင့်၊ ဆီ ၃စက်၊ ဆား အနည်းငယ်၊ ဟင်းချိုရည် ဟင်းချိုပန်းကန်နှင့် ၃လုံး၊

ပြင်ဆင်ပုံ
ဒန့်သလွန်ရွက်ကို အကြမ်းများသင်၍ ကျန်အရွက်များကို ရေစင်စင်ဆေးပြီး ဆန်ကာနှင့် ရေစစ်ထားပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။ ငရုတ်သီးခြောက်ကို တူးအောင်မီးဖုတ်ပါ။

ချက်ပြုတ်ပုံအဆင့်ဆင့်
ချက်မည့်အိုးတွင် ဟင်းချိုရည်ထည့်ပါ။ ပါးပါးလှီးထားသော ကြက်သွန်ထည့်ပါ။
အရည်ဆူလျှင် ဆားထည့်၊ ဒန့်သလွန်ရွက်များကိုထည့်၊ ဆီ သုံးစက်ပါထည့်၍ အဖုံးဖုံးထားပါ။
ဓားပြားရိုက်ပြီးသော ကြက်သွန်ဖြူအုပ်၊ ငရုတ်သီးခြောက်အုပ်ကာ အပေါ့အငန်မြည်း၍ ချပါ။
ပူပူနွေးနွေးသုံးဆောင်နိုင်ပါသည်။

သခွားသီးရှူးရှဲသုပ်
ပါဝင်ပစ္စည်းများ
သခွားသီး (လက်ဖျံရိုးအရွယ်ခပ်ကြီးကြီး) ၅ လုံး၊ ကြက်သွန်ဖြူ ၂လုံး၊ ကြက်သွန်နီ (ဥကြီး) ၄လုံး၊ ပုစွန်စိတ် (သို့မဟုတ်) ပုစွန်ခြောက် အနည်းငယ်၊ သံပရာသီး ၂လုံး၊ ငံပြာရည်/ဆား/သကြား/သီဟိုဠ်ဆံ အနည်းငယ်စီ၊ ပီနံ သို့မဟုတ် ကုလားအော် ငရုတ်သီး ၁၅တောင့်၊ ငရုတ်သီး အကျက်မှုန့် အနည်းငယ်၊ ပင်စိမ်းရွက် အနည်းငယ်။

ပြင်ဆင်ပုံ
သခွားသီးကို အခွံနွှာကာ ထက်ခြမ်းမခြမ်းဘဲ အလုံးလိုက် သင်္ဘောခြစ်နဲ့ အမျှင်လေးတွေရအောင်ခြစ်ထားပါ။ ပုစွန်စိတ်လေးတွေကို လှော်ကာ အခွံနွှာပြီး တစ်ဝက်လောက်ကို ဖယ်ထားပြီး ကျန်တစ်ဝက်ကို မညက်တညက် ထောင်းထားပါ။ ငရုတ်သီး၊ ပင်စိမ်းရွက်လေး တွေကို ရေဆေး၊ ကြက်သွန်နီကို ပါးပါးလှီးကာ၊ကြက်သွန်ဖြူကို အခွံနွှာပြီး မညက်တညက်လေးထောင်းထားပါ။ သီဟိုဠ်ဆံကိုလည်း မညက်တညက်ထောင်းထားပေါ့။

ပြုလုပ်ပုံ
အဆင်သင့်ဖြစ်ပြီဆိုလျှင် ဇလုံကြီးတစ်ခုတွင် သခွားသီးတွေအရင်ထည့်၊ ပါးပါးလှီးထားတဲ့ကြက်သွန်နီတွေထည့်၊ ပြီးတော့ ထောင်းထားတဲ့ ပုစွန်၊ ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းကို ပါးပါးညှပ်ထည့်ပါ။ ပင်စိမ်းကောပေါ့။

ငရုတ်သီး အကျက်မှုန့်ထည့်၊သကြား၊ငံပြာရည်၊သံပရာရည်ရွှဲရွှဲလေးဆမ်းပြီး အကောင်လိုက်ချန်ထားတဲ့ ပုစွန်တွေပါထည့်ကာ အားလုံးသမအောင်ရောမွှေပါ။ ပန်ကန်းပြားပေါ်အသင့်ပုံပြီး အပေါ်က ငရုတ်သီးစိမ်းတောင့်လေးတွေ၊ ပင်စိမ်းရွက်လေးတွေနဲ့ အလှဆင်နိုင်သလို သီဟိုဠ်ဆံထောင်းထားတာတွေကို ဖြူးလိုက်နိုင်ပါတယ်။

စာကြွင်း                       ။ ပါဝင်ပစ္စည်းတွေကတော့ စားမည့်လူပေါ်မူတည်ပြီး လိုတိုးပိုလျှော့ပေါ့နော်။ ပုစွန်လှော်အစား ပုစွန်ခြောက်အကောင် လေးတွေကိုအသုံးပြုသုပ်နိုင်ပါတယ်။

No comments: