Saturday, March 2, 2013

လမ်းမထက်တွင် နေ၀င်သည်



ပုံမှန်နေ့တွေလို အိမ်ရှေ့မှ ဆိုင်ကယ်တွေ ဖြတ်သွားတိုင်း သမီးလေးများလားဟု ဒေါ်သိန်းမြင့် လှမ်းမျှော်ကြည့်နေမိသည်။ သတိလက်လွတ်ဖြစ်သွားတိုင်း ထွက်ထွက်ကြည့်မိသည်မှာ ခဏခဏ။ သူမ၏မြေးမလေး အိမ်ပြန်မလာနိုင်တော့သည်ကို ဒေါ်သိန်းမြင့် လက်ခံ၍မရနိုင်သေး။ အိမ်ထရံပေါ်မှာကတော့ သမီးလေးဓာတ်ပုံက လှပစွာရှိနေဆဲ။

ဇန်န၀ါရီ ၂၅ ရက်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်နေ အသက် ၁၉ နှစ်အရွယ် မတိုးတိုးဝင်းသည် နေ့စဉ်ပြုနေကျအတိုင်း ဆိုင်ကယ်စီးကာ ရတနာပုံတက္ကသိုလ်သို့သွားရန် ပြင်ဆင်နေခဲ့သည်။ ဒေါ်သိန်းမြင့်က နေ့စဉ်မှာနေကျအတိုင်း စိတ်ပူပန်စွာမှာသည်။ “သမီးလေး သတိထားစီးနော်။ ဘေးကကပ်စီး။ ဖြည်းဖြည်းလည်းစီး”။ ထိုအရာများမှာ မြေးအဘွားနှစ်ယောက်၏ နေ့စဉ်ဖြတ်သန်းမှုပုံစံ ဖြစ်သည်။ အဘွားကို အမေလို သဘောထားကာ မိသားစုအပေါ် အနစ်နာခံ၊ စိတ်ရင်းစိတ်ထားဖြူစင်သော တိုးတိုးဝင်းလို မိန်းကလေးမျိုး သေမင်းက အလွယ်တကူ ခေါ်ယူမည်ဟု ထိုစဉ်က ဒေါ်သိန်းမြင့် ထင်မထားခဲ့။ နေ့လယ်ပိုင်းတွင် ကြားလိုက်ရသည်က ရတနာပုံတက္ကသိုလ်နှင့် ကန်ပတ်လမ်းဆုံအနီးတွင် မတိုးတိုးဝင်း စီးလာသည့် ဆိုင်ကယ်နှင့် အခြားဆိုင်ကယ်တစ်စီး မတော်တဆတိုက်မိ၍ လဲနေချိန် ၀င်လာသည့်ကားကြီးတစ်စီးဖြင့် ထပ်မံတိုက်မိခဲ့ရာမှ ပြင်းထန်သော ဒဏ်ရာများဖြင့် ပွဲချင်းပြီး ဆုံးသွားပြီဆိုသည့် သတင်းပင်ဖြစ်သည်။ ဒေါ်သိန်းမြင့် ပဋာမြေလူးခဲ့သည်။ “အမေကြီးတို့က အိုကြီးအိုမတွေပါ။ သူက ကျောင်းတစ်ဖက်တက်ရင်း အလုပ်လုပ်တယ်။ ညဘက်ကလေးတွေ စာပြတယ်။ သူ့လုပ်စာလေး မှီခိုပြီး စားနေရတာပါ။ ခုလိုဖြစ်သွားတော့ လက်မောင်းနှစ်ဖက်စလုံး ပြုတ်တော့တာပါပဲကွယ်”ဟုပြောရင်း ဒေါ်သိန်းမြင့်ငိုသည်။ သင်္ချာအဓိကဖြင့် တတိယနှစ်တက်ရောက်နေသည့် အသက်(၁၉)နှစ်အရွယ် မတိုးတိုးဝင်းသည် ဘွဲ့ရပြီးလျှင် ကျောင်းဆရာမလုပ်မည့်အကြောင်း ကလေးတွေကိုလည်း ပျော်ရွှင်စေသော နည်းများဖြင့် စာသင်ကြားပေးချင်သည့် ရည်ရွယ်ချက်မျိုး ထားခဲ့ကြောင်း ဒေါ်သိန်းမြင့်က ပြောပြသည်။

မတိုးတိုးဝင်းကဲ့သို့ပင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးနှင့် ဆိုင်ကယ်အစီးရေအများဆုံး မန္တလေးမြို့တွင် နေထိုင်သူများမှာ ယာဉ်အန္တရာယ်ကို ဆိုးရွားစွာ ကြုံတွေ့နေရသည်။ ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးသူများထဲတွင် တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ နည်းပညာတက္ကသိုလ်နှင့် အခြားတက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား ကျောင်းသူများ၊ အစိုးရ၀န်ထမ်းများ စသည်ဖြင့် လူကြီး၊ လူလတ်၊ ယောက်ျား၊ မိန်းမ အရွယ်စုံ ပါဝင်နေကြသည်။ မန္တလေးမြို့ပေါ်တွင် နေ့စဉ်ဖြစ်ပွားနေသော ယာဉ်တိုက်မှုများကြောင့် လူငယ်လူရွယ်များ သေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားနေရာ လူသားအရင်းအမြစ်များ ဆုံးရူံးနေရကြောင်း၊ မြို့လူထု ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်တိုက်မှုဖြစ်ပွားခြင်းများ လျော့နည်းအောင် လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းကပြောသည်။

“ယာဉ်တိုက်မှုဖြစ်ပြီး မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနကို ရောက်လာတဲ့ လူဦးရေဟာ တစ်နေ့ပျမ်းမျှ အယောက်ငါးဆယ်ကျော်တယ်”ဟု
မန္တလေးဆေးရုံကြီး အရေးပေါ်ဌာနတွင် တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မှုခင်းအရာရှိကပြောသည်။ မန္တလေး၏ အားလပ်ရက်ဖြစ်သော အခါကြီးရက်ကြီး လပြည့်နေ့များတွင် အရေးပေါ်လူနာဌာနသို့ ရောက်ရှိလာသူ လူအများစုမှာ အသက် (၂၀) နှင့် (၄၀) ကြားအရွယ် အများဆုံးဖြစ်ပြီး အချို့လူနာများမှာ ယာဉ်တိုက်မှုဖြစ်ချိန်တွင် အရက်သေစာ သောက်စားထားသည်ကို တွေ့ရကြောင်း အထက်ပါရဲအရာရှိက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ယာဉ်ထိန်းရဲအင်အား တိုးချဲ့ပြီးနောက် မန္တလေးမြို့အတွင်းတွင် စစ်ဆေးမှုများ ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ယာဉ်ထိန်းရဲ၊ မန္တလေးစည်ပင်၊ ပို့/ဆက်၊ က .ည. န စသည့် ဌာနဆိုင်ရာခုနစ်ခုဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် ၎င်းအဖွဲ့က မန္တလေးမြို့ ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားစေသည့် အကြောင်းရင်းများမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းခြင်း၊ သတ်မှတ်ထားသည့် မိုင်နှုန်းထက် ပိုမိုကာ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း၊ အရက်သောက်စား မူးယစ်မောင်းခြင်း၊ တစ်ဖက်ယာဉ်ကြောကို မကြည့်ဘဲ အရှိန်နှင့်ကျော်တက်ခြင်း၊ လမ်းကြောရှုပ်ထွေးခြင်း၊ စည်းကမ်းပျက် မောင်းနှင်သူများအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စနစ်တကျ စည်းကမ်းကြပ်မတ်နိုင်မှု အားနည်းခြင်းနှင့် မန္တလေးမြို့၏ မြို့တည်ဆောက်ပုံအရ လမ်းဆုံလမ်းခွ ပေါများခြင်းတို့ကြောင့်ဖြစ်ကြောင်း သုံးသပ်သည်။

မန္တလေးမြို့ခံများအနေဖြင့် ယာဉ်တိုက်မှုများ အမြန်ဆုံးလျော့ကျသွားစေရန် ဆန္ဒရှိနေကြသည်။ အွန်လိုင်းလူမှုအဖွဲ့အစည်းတစ်ခု အသွင်ဖြစ်နေသော မန္တလေးသတင်းပုံရိပ် အဖွဲ့သားများကလည်း ယာဉ်တိုက်မှုများ လျော့ကျစေရန်အတွက် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ပညာပေးဆောင်ရွက်ရန် ကြိုးစားနေကြသည်။ မန္တလေးမြို့ ရပ်ကွက်တိုင်းနီးပါးတွင် ဖွဲ့စည်းတည်ထောင်ထားသော လူမှုကူညီရေးအသင်းများတွင် နာရေးကားနှင့် အရေးပေါ်လူနာတင်ကားများ ၀ယ်ယူထားရှိရပြီး နာရေးပို့ဆောင်ပေးရခြင်းတို့ကို အဓိက အကူအညီပေးရကြောင်း လူမှုကူညီရေးအသင်းအချို့က ဆိုသည်။ “တစ်ညကို ယာဉ်တိုက်လူနာ နှစ်ယောက်လောက်တော့ သွားကောက်ပေးရတယ်”ဟု မန္တလေးမြို့ဟောင်း ဘူတာအနီးတွင် ရုံးခန်းဖွင့်လှစ်ထားသော ချမ်းမြသုခ လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

လူဦးရေတစ်သန်းကျော် နေထိုင်သည့် မန္တလေးမြို့တွင် သွားလာသယ်ယူ ပို့ဆောင်ရေးအတွက် မော်တော်ဆိုင်ကယ်ကို အဓိကအားထား အသုံးပြုနေရပြီး မြို့နေလူသုံးဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း ပိုင်ဆိုင်နေသည်။ မန္တလေးမြို့ပေါ်တွင် မော်တော်ဆိုင်ကယ် (၄၇၈၃၂၃) စီးရှိသည်ဟု တိုင်း က.ည.န မှ သိရသည်။

မန္တလေးမြို့ပေါ် ငါးမြို့နယ်နှင့် အမရပူရ၊ ပုသိမ်ကြီးမြို့နယ် အပါအ၀င် မန္တလေးခရိုင်ခုနစ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှုများကြောင့် ပျမ်းမျှနှစ်ရက်လျှင် လူတစ်ဦးသေဆုံးနေပြီး တစ်ရက်လျှင်လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိနေသည်ဟု မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်သည်။ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူအများစုမှာ အသက်(၄၀)နှင့် အသက်(၂၀)ကြား အမျိုးသားများ အများဆုံးဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ ညနေ ၆ နာရီနှင့် ၁၂ နာရီကြား အချိန်အများဆုံးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ပြုစုထားသော စာရင်းဇယားများအရ သိရသည်။

“ယာဉ်တိုက်မှုတွေ လျော့ကျဖို့ ကျွန်တော်တို့ဘက်ကလည်း စနစ်တကျ လုပ်ဆောင်နေပါတယ်။ ယာဉ်၊ လမ်း အသုံးပြုသူတွေအနေနဲ့လည်း စည်းကမ်းတကျ စီးနင်းအသုံးပြုကြဖို့ လိုအပ်ပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဦးကျော်ဆန်းကဆိုသည်။

“မကျန်းမာလို့ဖြစ်သွားရင် ဆေးကုပေးလိုက်ရတယ်ဆိုပြီး ဖြေလို့ရသေးတယ်။ ခုလိုအဖြစ်ဆိုးနဲ့ ကြုံရတော့ အမေကြီးသေရင်တောင် ဒီစိတ်နဲ့သေရတော့မယ်။ ရာသက်ပန် အသည်းမှာ ဒဏ်ရာရသွားပြီ”ဟု ဒေါ်သိန်းမြင့်ကပြောသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်စီးကာ အိမ်မှထွက်ခွာသွားသူများအား ဒေါ်သိန်းမြင့်လို မိခင်များနှင့် ချစ်သူခင်သူ မိသားစုဝင်များကတော့ သူတို့အိမ်ပြန်မရောက်မချင်း အိမ်ပေါက်ဝမှထိုင်ကာ စောင့်မျှော်နေကြရဦးမည် ဖြစ်ပါသည်။ ။

ရေးသားသူ- မောင်တာ၊ ညီညီဇော် - 7Day News Journal

No comments: