Tuesday, March 26, 2013

တပေါင်းလပြည့်နှင့် ပက်သက်၍



 
တပေါင်းလ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓဘာသာဝင်ပြက္ခဒိန်များမှာ ပြည်တော်ဝင်အခါတော်နေ့အဖြစ် တစ်ချို့ကဖော်ပြလေ့ ရှိပါတယ်။ လပြည့်လကွယ် သီတင်းဥပုသ်သီလစောင့်တည်သူများအတွက် ဥပုသ်စောင့်တည်ဖွယ်နေ့တစ်နေ့ဖြစ်ပါတယ်။ 
ဗုဒ္ဓဘာသာဝင်တိုင်း သိနေပြီးသားပေမဲ့ အမှတ်တမဲ့နေမိကြတဲ့ လူငယ်အချို့နှင့်မသိသေးသူများအတွက် တပေါင်းလပြည့် နေ့ရဲ့ ထူးခြားချက် သိမှတ်ဖွယ်လေးတွေကို ပြန်လည်ဖော်ပြပါရစေ။
“ တပေါင်းလပြည့်နှင့် ပက်သက်၍ သိသင့်ဖွယ်များ ”
•••••••••••••••••••••••••••••••••••••••••••

၁။ တပေါင်းလပြည့်နေ့ကို ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့အဖြစ်
ကျင်းပရခြင်းမှာ ထိုနေ့တွင် ကာဠုဒါယီမထေရ်က ကပိလ၀တ်
နေပြည်တော်သို့ ကြွရောက်တော်မူရန် လျှောက်ထားသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်သည်။

၂။ ထိုအချိန်က မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ဝေဠုဝန်
ကျောင်းတော်၌ သီတင်းသုံးနေထိုင်ကာ အင်္ဂတိုင်းသားနှင့် မဂဓ
တိုင်းသားများကို တရားရေအေး တိုက်ကျွေးလျက်ရှိပြီး ၀ါတွင်း
သုံးလအတွင်း ဥရုဝေလကဿပညီနောင် ၃- ယောက် နှင့်
နောက်ပါအခြံအရံ ရသေ့ပုရဗိုဇ်ပေါင်း ( ၁၀၀၀ ) ကို ဧဟိဘိက္ခု
ရဟန္တာများ ဖြစ်စေကာ သာသနာ့ဘောင်သို့ သွတ်သွင်းပြီးချိန်ဖြစ်သည်။

၃။ ထိုကြည်ညိုဖွယ် ၀မ်းသာဖွယ်သတင်းစကားများကို ခမည်းတော်
သုဒ္ဓေါဒနမင်းကြီး ကြားသိရာ ခေါင်းဆောင်အမတ် ၁၀-ဦးတို့ကို
နောက်ပါအခြံ အရံ တထောင်စီဖြင့် ၁၀-ကြိမ်ခွဲကာ မြတ်စွာဘုရား
ကိုပင့်ရန် ရာဇဂြိုဟ်သို့ စေလွှတ်လိုက် သည်။ နောက်ဆုံးအသုတ်ကို
ဖွားဖက်တော်ကာဠုဒါယီအမတ်ကြီးကို ခေါင်းဆောင်စေကာ
လွှတ်လိုက်ပြီး မြတ်စွာဘုရား နှင့်တွေ့၍ တရားနာရသောအခါ
ကပိလ၀တ်သို့ မပြန်ကြတော့ဘဲ ဘုရားပင့်သွားသူအားလုံး တယောက်
မကျန် သာသနာ့ ဘောင်သို့ ၀င်ရောက်ပြီးဧဟိဘိက္ခုရဟန္တာတွေ
ချည်းဖြစ်ကုန်ကြသည်။

၎။ ရဟန္တာဖြစ်ပြီးနောက် ကာဠုဒါယီမထေရ်က ကတိပေးခဲ့သော
တာဝန်ကို ကျေပွန်စေရန် တပေါင်းလ၏ သာယာပုံကို ဂါထာပေါင်း
၆၄- ဂါထာသီကုံး၍ ခမည်းတော်၏ကျေးဇူးကို ဆပ်သောအားဖြင့်
ဖွားရာဇာတိ ကပိလ၀တ်နေပြည်တော်သို့ ကြွချိန် တန်ပြီဖြစ်ကြောင်း
လျှောက်ထားခဲ့သည်။

၅။ ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ မြတ်စွာဘုရားသည်
( ရသေ့ညီနောင်မှ ရဟန္တာ ၁ သောင်း၊ ကပိလ၀တ်မှ ဘုရားပင့်လာသော
ရဟန္တာ ၁ သောင်း အားဖြင့် ) စုစုပေါင်း ရဟန္တာပေါင်း ၂ -သောင်း )
ခြံရံလျက် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင်
ရာဇဂြိုဟ်မြို့မှ ယူဇနာ ၆၀-ဝေးကွာသော ကပိလ၀တ်ပြည်တော်သို့
တနေ့လျှင် ၁-ယူဇနာခရီးဖြင့် ရက်ပေါင်း ၆၀- (၂-လကြာ) အတုရိတ
ဒေသစာရီ- မနှေးမမြန်လွန်းသော ကြွချီနည်းဖြင့် ကြွချီတော်မူခဲ့သည်။

Dhamma Danã Source
www.dhammayaungchi.com &
www.facebook.com/youngbuddhistassociation.mm

No comments: