Sunday, March 10, 2013

ဝက်သားလက်ဖက်ခြောက်ပေါင်း၊ ပဲပုပ်စေ့အစပ်ချက် နှင့် မုန့်ညင်းချဉ်ဟင်းရည်


ဒီတစ်လတော့ ဆရာမလမင်းမိုမိုက ရှမ်းပြည်နယ်ဘက်မှာ စားလေ့ရှိတဲ့ ဟင်းလျာလေးတွေကို လက်စွမ်းပြ ချက်ပြုတ် ထားပါတယ်။ ၀က်သားကို လက်ဖက်ခြောက်နံ့သင်းနေအောင် ပေါင်းပြီး ဟင်းရံက ပဲပုပ်စေ့ကို အစပ်လေးချက်ကာ ဟင်းရည်အဖြစ် မုန့်ညင်းချဉ်ကို ဟင်းရည်လေးအဖြစ် တွဲဖက်ချက်ပြုတ်ထားတာပါ။

ပဲပုပ်စေ့ကို ကျွန်တော်တို့မေမြို့ဘက်မှာတော့ အင်ဖက်နဲ့ထုပ်ထားတာကိုဝယ်လို့ရပါတယ်။ တစ်ချို့သောလူတွေခေါ်တဲ့ ဗမာပဲငါးပိလို့ ခေါ်တဲ့ ပဲပုပ်ခြောက်မဟုတ်ပါဘူး အစိုလို့ခေါ်ရင်ရမယ်ထင်ပါတယ်။ မုန့်ညင်းချဉ်ကတော့ မုန့်ညင်းဖြူ ထုပ်ချဉ်မဟုတ်ဘဲ မုန့်ညင်းစိမ်းချဉ်ဖြစ်ပါတယ်။

ဝက်သားလက်ဖက်ခြောက်ပေါင်း
လိုအပ်သောပစ္စည်းများ
ဝက်သားသုံးထပ်သား ၄၀သား၊ ပဲငံပြာရည်အနောက် စားပွဲဇွန်း တစ်ဇွန်း၊ ပဲငံပြာရည်အကျဲ စားပွဲဇွန်း နှစ်ဇွန်း၊ ခရုဆီ စားပွဲဇွန်း နှစ်ဇွန်း၊ ချင်း နှစ်လက်မခန့်၊ ထန်းလျက်သေးသေး တစ်လုံး၊ လက်ဖက်ခြောက်အချိုခြောက် စားပွဲဇွန်း သုံးဇွန်း၊ ဆား/ဟင်းချိုမှုန့် အနည်းငယ်စီ။

ချက်ရန် ကြာမြင့်ချိန် - တစ်နာရီခန့်
ဝက်သားသုံးထပ်သားကို အတုံးမတုံးဘဲ ဒယ်အိုးပူမှာ အရောင်ပြောင်းလာအောင် ခဏလှော်ပါ။

အဲဒီနောက် ၀က်သားကို ပဲငံပြာရည်အကျဲ၊ ချင်းပါးပါးလှီး၊ ဆား၊ ဟင်းချိုမှုန့်ထည့်ပြီး အတန်ငယ်နူးလာတဲ့အထိ ပြုတ်ပါ။
ပြုတ်ထားတဲ့ အသားတုံးကို   ခပ်ပါးပါး ဓားရာပေးပြီး ပြတ်မသွားအောင် လှီးပါ။

လှီးထားတဲ့ ၀က်သားကို ပဲငံပြာရည်အပျစ်၊ ခရုဆီတို့နဲ့ မပဲ့အောင် သုတ်လိမ်းပေးပါ။ 

ထန်းလျက်သေးသေးတစ်လုံးကိုထုပြီး ရွေစွတ်ရုံမျှ ဖျော်ကာ ၀က်သားကို ထပ်မံသုတ်လိမ်းပြီး နာရီဝက်ခန့်ထားပါ။
ပေါင်းအိုးတွင် ရေအနည်းငယ်နှင့် လက်ဖက်ခြောက်မှုန့်ထည့်ပါ။ ၀က်သားကို ပေါင်းခံဆန်ခါပေါက်ပေါ်သို့ Aluminum Foil ခင်းပြီးတင်ပါ။ (ရေဆူပွက်လာရင် ရေမျက်နှာပြင်က ၀က်သားကို လာမထိအောင် ရေကိုမှန်းဆပြီး ထည့်ရပါမယ်)
ပေါင်းအိုးကို ပိတ်ပြီး မိနစ် ၃၀ခန့်ပေါင်းပါ။ လက်ဖက်ခြောက်နံ့သင်းနေတဲ့ ၀က်သုံးထပ်သားပေါင်းကို ရပါပြီ။

ပဲပုပ်စေ့အစပ်ချက်
လိုအပ်သောပစ္စည်းများ
ပဲပုပ်စေ့(အချို) ၁၅ကျပ်သား၊ ဆီ သုံးကျပ်သား၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ နှစ်မွှာ၊ ငရုတ်ပွခြောက် သုံးတောင့်၊ ခရမ်းချဉ်သီး နှစ်လုံး၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ပုစွန်ငံပြာရည် စားပွဲဇွန်း နှစ်ဇွန်း၊ ဟင်းခတ်မှုန့် အနည်းငယ်။

ချက်ရန်ကြာမြင့်ချိန် - ၂၀ မိနစ်
ပဲပုပ်စေ့တွေကို ဆိုင်မှာ တွေ့တိုင်း အငန်တွေကများပါတယ်။ အခုဟင်းကို အငန်ဓာတ်မပါတဲ့ ပဲပုပ်စေ့အချိုနဲ့ ချက်ရမှာဖြစ်ပါတယ်။
ကြက်သွန်နီ/ဖြူ/ငရုတ်ပွခြောက်တို့ကို ညက်ညက်ထောင်းပြီး ဆီသတ်ပါ။

ပဲပုပ်စေ့၊ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ အလောတော်ထည့်ပြီး ဆီသတ်ချက်ရမှာ ဖြစ်ပါတယ်။

တစ်ပြိုင်နက်မှာ ငရုတ်သီးစိမ်းကို ကွဲအောင်ထုပြီး ရောနှောချက်ပါ။ ပဲပုပ်စေ့ နူးအောင် ရေကို နည်းနည်းချင်းထည့်ပေးရပါမယ်။
မြည်းကြည့်လို့ နူးစပြုပြီဆိုရင် ခရမ်းချဉ်သီး လေးစိတ်ခြမ်းပြီးထည့်ပါ။ နူးအောင် ဆက်ချက်ပါ။
ဆီပြန်ရင် ချနိုင်ပါပြီ။ နံနံပင် ကြိုက်တတ်ရင် အိုးချတဲ့အခါ နံနံပင်လေးအုပ်နိုင်ပါတယ်။

မုန့်ညင်းချဉ်ဟင်းရည်
လိုအပ်သောပစ္စည်းများ
ဝက်နံရိုးကြမ်း ၂၀ကျပ်သား၊ မုန့်ညင်းချဉ် ၁၅ကျပ်သား၊ ဂေါ်ဖီထုပ်အရွက် လေး-ငါးရွက်၊ ကြက်သွန်နီ နှစ်ဥ၊ ကြက်သွန်ဖြူ သုံးမြွှာ၊ ချင်းလက်တစ်လက်မခန့်၊ ငရုတ်သီးစိမ်း ခြောက်-ခုနှစ်တောင့်ခန့်၊ ဆား/ဟင်းခတ်မှုန့် အနည်းငယ်စီ။

ကြာမြင့်ချိန် - ၃၀မိနစ်
ဝက်နံရိုးကို ချင်းပါးပါးလှီး၊ ဆား၊ ဟင်းခတ်မှုန့်တို့ထည့်ပြီး အချိုရည်ရအောင်ကြာကြာပြုတ်ထားပါ။

ကြာကြာဆူပွက်ပြီး အချိုရည်ကျပြီဆိုရင် မုန့်ညင်းချဉ်ထည့်ပါ။ (မြီးရှည်မှာသုံးတဲ့ ရှမ်းမုန့်ညင်းချဉ်ပါ)

ကြက်သွန်ဖြူထုတည့်ပါ။ ကြက်သွန်နီကို အဖတ်ခွာပြီး ထည့်ပါ။ ငရုတ်သီးစိမ်းတွေ ထုထည့်ပါ။ ဂေါ်ဖီရွက်တွေကို ခပ်သေးသေးဖဲ့ကာ ထည့်ပါ။

ချိုချိုချဉ်ချဉ်လေးနဲ့ ပူပူလေးသောက်ရရင် အရသာရှိလှပြီး ၀က်သားဟင်းနဲ့ အလွန်လိုက်ဖက်လှပါတယ်။

No comments: