Friday, November 2, 2012

ငါးကြင်းမြီးစတူး၊ ပုစွန်အစိမ်းသုပ်၊ ငါးပေါင်းသံပုရာ

-->
သံပုရာနံ့သင်းသင်းလေးနဲ့ ယိုးဒယားသင်္ဘောသီးထောင်းတို့ ငါးပိစိမ်းစားမှာ သံပုရာရည်လေးဆမ်းလို့ ငါးရံ့ခြောက်ဖုတ်ကို သံပရာသီး ညှစ်တာ စသဖြင့် ကျွန်တော်ကတော့ စားသောက်ဖွယ်ရာတွေမှာ သံပုရာသီး အနံ့သင်းနေရင် သွားရည်ယိုမိတာတော့အမှန်ပါပဲ။ လူတိုင်း လည်းအဲလိုပဲဖြစ်မိကြမယ်ထင်ပါတယ်။

အခုမြန်ဆန်လွယ်ကူပြီး ပြင်ဆင်ရမယ့် ပုံစံချင်းသိပ်မကွာလှတဲ့ ငါးသံပရာပေါင်းနဲ့ ပုစွန်အစိမ်းသုပ်အပြင် အသီးအရွက်မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်တဲ့ ငါးကြင်းမြီးစတူးချက်နည်းလေးတွေကို မေးမြန်းစပ်စုပြီး ပြန်လန်ဖော်ပြလိုက်ပါတယ်။ အပြင်မှာ လက်တွေ့စားချင်ကြရင်ဖြင့် ကန်တော်ကြီးဥယျာဉ်ထဲက Wonderland စားသောက်ဆိုင်မှာ သွားစားကြည့်ကြပါလို့ပြောပါရစေ။

ပုစွန်အစိမ်းသုပ်
ပါဝင်သောပစ္စည်းများ
ပုစွန် - ၁၀ကျပ်သား၊ ရှာလကာရည် - ပန်းကန်လုံး ၁လုံး၊ ကြက်သွန်ဖြူ ၁၅မွှာ၊ သံပုရာသီး ၂လုံး၊ ပုစွန်ငံပြာရည် ဇွန်းသေး ၃ဇွန်း၊ ငရုတ်သီးစိမ်း - စိတ်ကြိုက်၊ နံနံပင် - အနည်းငယ်၊ ဆား/သကြား - အနည်းငယ်စီ။


ပြုလုပ်နည်း
ပုစွန်များကို အခွံချွတ်ကာ ကျောခွဲသန့်စင်ပြီး ရှာလကာရည်နဲ့ သုံးမိနစ်ခန့် စိမ်ထားပါတယ်။
ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်များကို နုပ်နုပ်စင်း (သို့) ကြိတ်ချေပြီး ငံပြာရည်၊ သကြား၊ ဆား၊ သံပုရာရည်တို့နဲ့ ရောဖျော်လိုက်ပါ တယ်။



ပုစွန်တွေကို ရှာလကာရည်မှ ဆယ်ယူပြီးဖျော်စပ်ထားတဲ့ ဆော့စ်နဲ့ သမအောင်နယ်လိုက်မယ်ဆိုရင် ပုစွန်အစိမ်းသုပ်ပွဲလေးကို ရရှိပါပြီ။

(ပန်းကန်ထဲပြင်ဆင်ထားတာကိုပြောပြရရင် ကြွေပန်းကန်ပြား ခပ်ပက်ပက်မှာ ပုစွန်တွေကို ခေါင်းခြင်းဆိုင် ကြယ်ပုံစံစီ၊ ပန်းကန်ပတ်ပတ် လည်မှာ ခရမ်းချဉ်သီး ခပ်ပါးပါးလှီးထားတာတွေကို စီစီရီရီ၊ စီထားတဲ့ပုစွန်တွေပေါ်ကို ထောင်းထားတဲ့ ကြက်သွန်ဖြူ စတာတွေပါတဲ့ ဖျော်ရည်ကိုလောင်းပြီးပုံထားတဲ့ဟန်ပါ)


ငါးသံပုရာပေါင်း
လိုအပ်သောပစ္စည်းများ
ကက္ကတစ် (သို့) ဆလားဗီးယား - ၁ ကောင်၊ စပါးလင် - ၁ ပင်၊ ကြက်သွန်ဖြူ ၁၅မွှာ၊ သံပုရာသီး - ၄လုံး၊ ငရုတ်သီးစိမ်း - စိတ်ကြိုက်၊ နံနံပင် - သင့်ရုံ၊ ငံပြာရည် - ဇွန်းသေး ၃ဇွန်း၊ ကြက်သားမှုန့် ဇွန်းသေး ၂ဇွန်း၊


ပြုလုပ်နည်း
ပထမဆုံး ငါးကို အကြေးထိုး၊ ဗိုက်ခွဲအူထုတ်သန့်စင်ပြီး ကြက်သားမှုန့်နဲ့ နယ်ထားပါတယ်။ အိုးတစ်လုံးထဲမှာ ရေနွေးဆူအောင်တည်ပြီး စပါးလင်ကို ဓားပြားရိုက်ထည့်ကာ ငါးကိုပါ ထည့်ပြုတ်လိုက်ပါတယ်။
ငါးပြုတ်နေစဉ်မှာ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ကို နုပ်နုပ်စင်း (သို့) ကြိတ်ချေပြီး ငံပြာရည်၊ သကြား၊ဆား၊သံပရာရည်တို့နဲ့ ဆော့စ်ဖျော်လိုက်ပါတယ်။
ငါးကျက်တဲ့အခါ ပန်းကန်တစ်ချပ်မှာ ဆယ်ယူပြီး အပေါ်ယံက ဆော့စ်ဆမ်းကာ ငါးသံပရာပေါင်းဟင်းပွဲကို ပြင်ဆင်နိုင်ပါပြီ။
(ဒီဟင်းပွဲကိုပြင်ဆင်ထားတာကို ကြည့်လိုက်တာ ခပ်လှလှ ပန်းကပ်ခပ်ပက်ပက်မှာ ငါးကိုထည့် ငါးပတ်လည်မှာ သခွားသီးခပ်ပါးပါး လှီးထားတာလေးတွေကိုရံ၊ ငါးပေါ်ကိုတော့ ဆော့စ်ကိုပုံ၊ နံနံပင်ခက်အချို့ကိုအလှဆင်ပေါ့နော်။)



ငါးကြင်းမြီးစတူး
လိုအပ်သောပစ္စည်းများ
ငါးကြင်းမြီး - ၁မြီး၊ ပန်းပွင့်(မုန်လာပွင့်) ၃တက်၊ ရွှေပဲသီး - သုံးတောင့်၊ ဘိုစားပဲသီး - ၃တောင့်၊မှိုအနက် - ၃ပွင့်၊ မုန်လာဥနီ - ၁ဥ၊ ခရုဆီ - ဟင်းခပ်ဇွန်း ၁ဇွန်း၊ ငံပြာရည် - ဟင်းခပ်ဇွန်း ၁ဇွန်း၊ ထိုင်းပဲငံပြာရည် - ဟင်းခတ်ဇွန်း ၂ဇွန်း၊ ကြက်သားမှုန့် - ဇွန်းသေး ၂ဇွန်း၊ ငရုတ်ကောင်းမှုန့် - အနည်းငယ်၊ နံနံပင် - အနည်းငယ်၊ ဆီ-၂၀ကျပ်သား။

ပြုလုပ်နည်း
ငါးကြင်းမြီးကို အကြေးထိုးသန့်စင်ပြီး ဟင်းခပ်မှုန့်အနည်းငယ် နယ်ကာ ကြော်လိုက်ပါတယ်။
အသီးအရွက်များအားလုံးကို အနေတော်လှီးဖြတ်ပြီး နောက်ထပ် ဒယ်အိုးတစ်အိုးနဲ့ ကြော်ပါတယ်။
ရေအနည်းငယ်နဲ့ အရသာများအားလုံးကို ထည့်ကြော်ပြီး အသီးအရွက်များနူးလာတဲ့အခါ ခရုဆီထည့်ပါတယ်။
နောက်ဆုံးအနေနဲ့ ငါးကြော်ကို ပန်းကန်ပြားတစ်ချပ်မှာ ထည့်ပြီး အပေါ်ယံက ဟင်းသီးဟင်းရွက်ကြော်တွေ ထည့်လိုက်မယ်ဆိုရင် စားချင်စဖွယ် အနံ့အရသာနဲ့ ငါးကြင်းမြီးစတူးကို ရရှိပါပြီ။


(ပြင်ဆင်ထားပုံကိုကြည့်ရတာက ငါးကြင်းမြီးကြော်ကြွပ်ကြွပ်ကို ပန်းကန်လှလှမှာတင်၊ ခပ်ပါးပါး ခရမ်းချဉ်သီးတွေ ပန်းပွင့်တွေ မှိုတွေ ရောကြော်ထာတာတွေကို ငါးကြင်းမြီးပေါ်ကလောင်းတင်၊ နံနံပင်လေးတွေနဲ့ အလှဆင်ထားပါတယ်။)

No comments: