Sunday, November 18, 2012

ကချင် နှစ်ခြင်းအဖွဲ့ချုပ်က မူးယစ် တိုက်ဖျက်ရေး တနိုင်ငံလုံး ဟောပြောမည်


စစ်ပြေး ဒုက္ခသည် TB နှင့် HIV ဝေဒနာသည်များ ဆေးဝါး လိုအပ်နေ
 ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်-မြန်မာ နယ်စပ်ရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်းများတွင် အဆုတ် TB ရောဂါနှင့် HIV/AIDS နှင့် နေထိုင်သူများအတွက် ဆေးဝါး ပြတ်လတ်သည့် အခက်အခဲနှင့် ကြုံတွေ့နေရသည်ဟု စခန်းအတွင်း ဆေးဝါးကုသမှု တာဝန်ယူနေသူက ပြောသည်။

ပြီးခဲ့သည့် မတ်လမှ မေလထိ နယ်စည်းမခြား ဆရာဝန်များအဖွဲ့(AZG) က ၎င်းလူနာများ၏ ကျန်းမာရေး စစ်ဆေးပြီး ဆေးဝါးပေးခဲ့သော်လည်း ဇွန်လမှ ယနေ့ထိ ယင်းအဖွဲ့လည်း ဆေးဝါးလာရောက်ပေးပို့ခြင်း မရှိတော့သဖြင့် လိုအပ်နေခြင်း ဖြစ်သည်။

“AZG က မေလ ၁ ရက်နေ့နောက်ဆုံးလာပြီး မလာတော့ဘူး။ ခု ပိုက်ဆံမရှိတဲ့လူတွေက အဲဒီကို မသွားနိုင်ဘူး။ AZG ကို ကျနော် မေးကြည့်တော့ အခက်အခဲတွေရှိလို့ မလာနိုင်ဘူးလို့ဘဲ ပြောတယ်။ ခုလောလော ဆယ် ဆေးလိုအပ်တယ်၊ အာဟာရ လိုတယ်။ အားလုံးလိုနေတာက အနွေးထည်တွေ လိုအပ်နေတယ်” ဟု ကချင် လွတ်လပ်ရေးအဖွဲ့ KIO ၏ ကျန်းမာရေးဌာနမှ ဆရာ ကိုယော်ထုံ က ပြောသည်။

လေးလခန့်ကြာ ဆေးဝါး ပြတ်တောက်ခဲ့သဖြင့် TB ရောဂါခံစားနေရသူ တဦးနှင့် HIV/AIDS နှင့် နေထိုင်သူ တဦး သေဆုံးခဲ့သည်ဟု ၎င်းက ပြောသည်။ လွယ်ဂျယ်မြို့နယ်ခွဲ မိုင်ဂျာယန်မြို့ရှိ ဇိုင်းအောင် ဒုက္ခသည် စခန်းတွင် TB ရောဂါ ခံစားနေရသူ ၂၂ ဦးရှိပြီး HIV ရောဂါပိုးနှင့်နေထိုင်သူ ၁၁ ဦး ရှိနေသည်ဟု ဆိုသည်။

ထိုဝေဒနာရှင်များသည် ယခင်က မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များတွင် အခြေစိုက် AZG အဖွဲ့ထံမှ ဆေးဝါးများကို ပုံမှန် သွားရောက် သောက်သုံးနေရသော်လည်း စစ်ပွဲ ဖြစ်ပွားပြီးနောက် လမ်းပန်းဆက်သွယ်ရေးအရ လုံခြုံမှု မရှိ၍ ဆေးဝါး သွားရောက်ယူနိုင်ခြင်း ဖြစ်သည်။

သာမန်ဆေးဝါးများ ဖြစ်သော ဝမ်းကိုက်ပျောက်ဆေး၊ သွေးတိုးကျဆေးနှင့် အသည်းနှင့် ပတ်သက်သည့် ဆေးဝါးများ လည်း ပြတ်လတ်မှု ရှိနေသည်ဟု သူက မဇ္စျိမကို ပြောသည်။ ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် စစ်ပြေးဒုက္ခသည်ပေါင်း ၂,၃ဝဝ ကျော် ခိုလှုံနေထိုင်နေပြီး တနေ့လျှင် လူနာ ၂ဝ ဦးခန့် လာရောက် ဆေးဝါးကုသနေသည်။

KIO ဘက်က ဆေးဝါးထောက်ပံ့ပေးနေသော်လည်း လုံလောက်မှု မရှိ၍ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC ကလည်း အနည်းငယ်ထောက်ပံ့မှု ရရှိသည်ဟု ဆိုသည်။ သို့သော် လုံလောက်သည့် ဆေးဝါး မရ ရှိသေးပေ။

အလားတူ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ဖရဲဒုက္ခသည်စခန်းအတွင်း ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားနေသဖြင့် ကာကွယ်ဆေး ထိုးရန် လိုအပ်နေသော်လည်း မသွားနိုင်သေးကြောင်း KIO ၏ စစ်ပြေးဒုက္ခသည် များ စောင့်ရှောက်ရေး တာဝန်ခံ အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။

“ပန်ဝါအထက် ဖရဲစခန်းမှာ မှတ်တိုင် ၆ မှာ။ ၇ဝဝ ကျော်ရှိတယ်။ ခုတလောက ၁ ဦးနှစ်ဦးဘဲ ဖြစ်တာ ခုတော့ ၁ဝ ဦးလောက်ဖြစ်လာတော့ ပြန့်လာတယ်။ ဒါကြောင့် အမြန်ဆုံးသွားပြီ ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေတယ်”ဟု သူက မဇ္စျိမကို ပြောသည်။ စစ်ပြေးဒုက္ခသည်အများစုမှာ နာစေး၊ချောင်းဆိုးခြင်းနှင့် ငှက်ဖျားရောဂါများ ခံစားနေရသည်ဟု ဆိုသည်။
မဇ္စျိမ - စစ်ပြေး ဒုက္ခသည် TB နှင့် HIV ဝေဒနာသည်များ ဆေးဝါး လိုအပ်နေ

လက်တွေ့ လိုက်နာမှု အားနည်းသည့် မိဘများကြောင့် HIV ရောဂါ ကူးစက်ခံ ကလေးများ တိုးပွားနေ

မြန်မာနိုင်ငံ၌ အသက်(၁၀)နှစ်နှင့်(၁၄)နှစ်အရွယ် HIV ရောဂါကူးစက်နေသည့် ကလေးဦးရေမှာ (၃)နှစ်အတွင်း တိုးပွားနေကြောင်းနှင့် ရောဂါကူးစက်ခံ ယောက်ျားလေးနှင့်မိန်းကလေးငယ်ဦးရေမှာ အတူတူပင် ဖြစ်ကြောင်းလည်း ယူနီဆက်(မြန်မာ)မှသိရသည်။

၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ် အတွင်း  HIV ရောဂါကူးစက်ခံကလေးများ တိုးပွားလာခြင်းဖြစ်ပြီး အဆိုပါ ရောဂါကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးဦးရေမှာလည်း တိုးတက်များပြားလာကြောင်းနှင့် ကလေး အသက်အရွယ် အုပ်စုအားလုံး ရှိ ရောဂါကူးစက်ခံနေရသူ ယောက်ျားလေးနှင့် မိန်းကလေးဦးရေမှာ အတူတူပင် ဖြစ်ကြောင်းကိုလည်း သိရသည်။
“မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ HIV ရောဂါကူးစက်ခံနေရမှုရဲ့ အနီးကပ်ဆုံး အကြောင်းအရင်း သုံးခုရှိပါတယ်။ (၁)ရောဂါနဲ့ ပတ်သက်တဲ့ အသိပညာနည်းပါးခြင်း၊ (၂)အန္တရာယ်မြင့်မားတဲ့ အမူအကျင့်၊ (၃) ကာကွယ်ရေးနှင့် ကုသရေးဝန်ဆောင်မူ အသိပညာအားနည်းခြင်းများကြောင့် အများဆုံး ကူးစက် ခံနေရတယ်။” ဟု ကျန်းမာရေး စီမံကိန်းဦးစီးဌာန ဒုညွှန်ကြားရေး မှူးချုပ်(ငြိမ်း) အကြံပေး အရာရှိ ဒေါက်တာ ဘုန်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် မိခင်မှသန္ဓေသားသို့ ရောဂါကူးစက်မူမှ ကာကွယ်သည့် ပညာပေးအစီအစဉ်များအား ကျယ်ပြန့်စွာ  ဆောင် ရွက်နိုင်ခြင်းကြောင့် အမျိုးသမီးများ၏သုံးပုံနှစ်ပုံနီးပါးမှာ မိခင်မှ သန္ဓေသားသို့ ရောဂါ ကူးစက်ပုံ နည်းလမ်း(၃)မျိုးစလုံးကို သိရှိနေကြသော်လည်း  လက်တွေ့တွင် လိုက်နာကျင့်သုံးမှု၊ အသုံးချမှု အားနည်းခြင်းများကြောင့် မိခင်မှ HIVကူးစက်သည့် ကလေးမှာ ပိုမိုများပြားလျှက် ရှိနေ ခြင်းဖြစ်ကြောင်း ကျန်းမာရေး စီမံကိန်း ဦးစီးဌာနက ဆိုသည်။
မြန်မာနိုင်ငံရှိ HIVကူးစက်ခံနေရသည့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်မည့် နည်းလမ်းများရရှိရန် ယူနီဆက်(မြန်မာ)နှင့်ကျန်းမာရေးနှင့် စီမံကိန်း ဦးစီးဌာနတို့မှ ပူးပေါင်းကာ နိုင်ငံတော်အစိုးရထံ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်များ HIV ရောဂါကူးစက်မူနူန်း ကျဆင်းရန်အတွက် ကလေး သူငယ်များအား ပိုမို အလေးထားရန် လိုအပ်ကြောင်း၊ အသက်(၁၀)နှစ်နှင့် (၁၄) နှစ်အရွယ်များ အတွက် ကူးစက်မူ လျှောနည်းစေရေး  အတွက် အလေးထားဆောင်ရွက်သင့်ကြောင်း၊ မိခင်မှ သန္ဓေသားသို့ ရောဂါ ကူးစက်မှုမှ  ကာကွယ်မှုကို လက်လှမ်းမီသလောက် အရည်အသွေး တိုးတက်ကောင်း မွန်အောင် ဆောင်ရွက်နိုင် ရန်အတွက် စသည့် အချက် များအား နိုင်ငံတော်အစိုးရထံ တင်ပြသွားမည်ဟု မြန်မာနိုင်ငံကလေးသူငယ်များ အခြေအနေ သုံးသပ်ချက်အစီခံစာမှ သိရသည်။

မြန်မာနိုင်ငံရှိ ကျန်းမာရေး စီမံကိန်းများ၌ ကိုယ်ခံအားကျဆင်းမူ ကူးစက်ရောဂါ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါများကို ဦးစားပေး ရောဂါ များ အဖြစ် သတ်မှတ်၍ ထိရောက်စွာ ကုသနေသော်လည်း HIV ရောဂါ ခံစားနေရသည့် ကလေးသူငယ်များအတွက်မူ ကာကွယ်စောင့်ရှောက် မှု အားနည်းနေသေး ကြောင်း ယူနီဆက်(မြန်မာ) က ဆိုသည်။
၂၀၀၉ ခုနှစ်က မြန်မာနိုင်တွင် အသက်(၁၅)နှစ်အောက် ကလေးသူငယ် (၄၆၅၀) ဦးတွင် ရောဂါပိုး တွေ့ရှိရပြီး ၄င်းတို့၏ ထက်ဝက်မှာ အသက်(၅)နှစ်အောက်များ ဖြစ်သည်ဟု ယူနီဆက်(မြန်မာ)မှ  ကောက်ယူသည့် စစ်တမ်းများအရ သိရသည်။

ကချင် နှစ်ခြင်းအဖွဲ့ချုပ်က မူးယစ် တိုက်ဖျက်ရေး တနိုင်ငံလုံး ဟောပြောမည်
 ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် KBC က တနိုင်ငံလုံး အတိုင်းအတာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဟောပြောပွဲ ကျင်းပသွားရန် စီစဉ်နေကြောင်း KBC ၏ မူးယစ်ဆေးဝါးနှင့် HIV/AIDS ရောဂါ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် ဦးဆောင်လုပ်ရှားမှုတွင် တာဝန်ယူနေသူ ဆရာအင်ခွမ်တန်ဂွန်း က ပြောသည်။

အစိုးရတပ်နှင့် ကချင်လွပ်လပ်ရေးအဖွဲ့ KIO တို့အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မူးယစ်ဆေးဝါး သုံးစွဲသူများနှင့်ရောင်းဝယ်သူများလည်း ပိုမိုများပြားလာသည်ကို တွေ့ရှိရသဖြင့် လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့ တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် KBC အသင်းတော်မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်များ ပြုလုပ်မည် ဖြစ်သည်။

“တိုက်ပွဲမဖြစ်ခင် ဘယ်လို သုံးစွဲနေတယ်ဆိုတာ မသိဘူး။ ခုတော့ တိုက်ပွဲဖြစ်လာတော့ ဒီ မူးဆေးဝါး သုံးစွဲတာ၊ရောင်းဝယ်တာတွေက မြို့ပေါ်ထိ ပိုများလာတာ လက်တွေ့ မြင်နေရလို့။ တိုက်ပွဲကြောင့် သေဆုံးသူတွေ ရှိနေချိန်နောက်ထပ် ဒီမူးယစ်ဆေးဝါးကြောင့် ပြန်ပြီး အဆက်ဆုံးရှုံးတာတွေ မဖြစ်စေဖို့ ကျနော်တို့ ဘာသာရေးကနေ တာဝန်ယူပြီးတော့ တိုက်ဖျက်ရမယ် ဆိုပြီး KBC ကနေ တာဝန်ယူလုပ်တာပါ” ဟု ဆရာ အင်ခွမ်တန်ဂွန်း က ပြောသည်။
ကျမ်းစာဖတ်ခြင်းဖြင့် ဓမ္မဒေသနာ ဟောပြောခြင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် လူမျိုးရေး ပြုံးတီးမှုများ ရှိလာခြင်းများကို ဟောပြောခြင်း၊ သီချင်းများ သီဆိုခြင်းဖြင့် သက်သေ ခံခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခဲ့သူ လူငယ်များ ကိုယ်တိုင် သက်သေခံခြင်း စသည့် အစီအစဉ်များဖြင့် တနိုင်လုံးလုံး တရက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

မူးယစ်ဆေးဝါး ကာကွယ်တိုက်ဖျက်နိုင်ရန်၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ခရစ်ယာန် ဘာသာဝင်များ ကိုယ်တိုင် ပါဝင်ဆောင်ရွက်သွားနိုင်ရန်၊ ဘာသာဝင်တိုင်း ကျန်းမာသော သန်စွမ်းသူများ ဖြစ်လာရေးတို့အတွက် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“အရင်က KBC လူငယ်တွေက တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်နေတယ်။ ဒါပေမယ့် ငွေရေးကြေးရေး လိုအပ်ချက်တွေ၊ မိဘပြည်သူတွေလည်း စိတ်ဝင်စားမှု သိပ်မရှိကြဘူး။ ခုတော့ အားလုံးက တိုက်ဖျက်ဖို့ စိတ်ဝင်စား လာကြတယ်ဆိုတော့ KBC ကနေ ဦးဆောင်လိုက်တာပဲ” ဟု ဆက်ပြောသည်။ ဒေသပေါ် မူတည်ပြီး မူးယစ်ဆေးဝါးစိုက်ပျိုးမှု၊ သုံးစွဲသူနှင့် ရောင်းဝယ်သူများ ပိုမိုများပြားလာသည်ဟု ဆိုသည်။

NLABR - ကချင် နှစ်ခြင်းအဖွဲ့ချုပ်က မူးယစ် တိုက်ဖျက်ရေး တနိုင်ငံလုံး ဟောပြောမည်

No comments: