Friday, November 9, 2012

ဒီမိုကရေစီကိုချစ်တာလား ကုလားထိုင်ကို ချစ်တာလား


၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော် ပုံကြီးတွင် တိုင်းပြည်နှင့် အ၀န်း လှည်းနေ လှေအောင်း မြင်းဇောင်း မကျန် ပြည်သူတို့ တောင်းဆို ခဲ့ကြသည့် “ဒီမိုကရေ စီစနစ်” ဆိုသည်ကို နှစ်ပေါင်း ၂၄ နှစ်ဆိုသည့် ယခုအခါ ရောက်လေမှ ခြေလှမ်းစဖို့ အားယူ ဖြစ်တော့ သည်ဟု ဆိုလျှင် မှားမည်ဟုမထင်။ ယခု ကာလသည် ဒီမိုကရေစီ ကြက်ဦးတွန် ကာလမျှသာ။ နောက်ကြောင်းပြန် ကြည့်ဖို့ဆိုတော့ မှောင်နှင့် ပိန်းပိန်းနိုင် လှသည်။ ရှေ့တွင်တော့လည်း အရုဏ်တက် ပြီဆိုသည့်တိုင် ညီအစ်ကို မသိတသိပင်။ သည်လို အချိန်မျိုး၌ အားလုံးက သတိရှိရှိနှင့် လျှောက်လှမ်းပါမှ ခလုတ်ကန်သင်း ဆူးညှောင့်ကင်း၍ ခရီးပေါက်မည်။

သည်နေရာတွင် ဆိုလိုသည့် “အားလုံး” ဆိုသည်မှာ အာဏာရရယ် အတိုက်အခံရယ် မခွဲစတမ်းဟု ဆိုခြင်းဖြစ်သည်။ တိုင်းပြည်ကိုချစ်သည့်၊ အနာဂတ်ကို ချစ်သည့်၊ စိတ်အခြေခံချင်းတူလျှင် ရန်သူတွေ မဖြစ်သင့်ဟု မြင်သည်။ လှည်းဘီးနစ်သည် မနစ်သည် အပထား ပြိုင်တူရုန်းလျှင် ထွန်တုံး မြန်မြန်ပိတ်မည်။ ဖြူစင်ရိုးသားသည့် စေတနာအရင်း ခံဖို့သာလိုသည်။ အချင်းချင်း တင်းမာခဲ့ကြသဖြင့် အမှောင်ပိန်းခဲ့သော အတိတ် ၂၄ နှစ်တာ အချိန်ကြီးက အလွန်နှမြောစရာ ကောင်းသည်။ အဲ့သည့်တုန်းက များဟုတွေးလျှင် ခုချိန်ဆို ကျွန်တော်တို့ တိုင်းပြည် မြီးကောက်ပေါက်လို့ လူလားမြောက်လု အချိန်ဖြစ်မည်ဟု အသေအချာ။

အတိတ်ဆိုသည်မှာ သင်ခန်းစာတွေအပြည့်။ အနာဂတ်အတွက် ဆင်ခြင်တိုင်းထား နည်းနာယူစရာတွေ အပြည့်ဖြစ်၏။ ယူတတ်ဖို့ပဲ လိုလေမည်။ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ကြသည့် အချိန်ဆိုသည့် တရားသူကြီးက ကျွန်တော်တို့တစ်တွေကို ဆုပေး၊ ဒဏ်ပေးစနစ် ကျင့်သုံးခဲ့သည်။ ၂၄ နှစ်လုံးလုံး ကျွန်တော်တို့အားလုံး သူရောကိုယ်ပါ အရှုံးပေါ်ခဲ့ကြသည်။ ထုသည့်ဥသျှစ်ခံသည့် ဥသျှစ်နှစ်ခုလုံးနာသည်။ အမိနိုင်ငံတော်ကမူ အနာကျင်ဆုံး။

၁၉၉၀ ပါလီမန်ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုသလို အနိုင်ရသည်။ ရွေးကောက်ပွဲ ကျင်းပပေးသူ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ကိုယ်တိုင်နှင့် ကမ္ဘာကပါ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုသည်။ သို့တိုင် နှစ်ဦးနှစ်ဖက် အပြန်အလှန် သံသယတွေ စိုးရိမ်စိတ်တွေဖြင့် ၉၀ ပြည့် ရွေးကောက်ပွဲရလဒ် အကောင်အထည်မပေါ်ခဲ့။ တောင်းပွဲ၊ တိုက်ပွဲ ဖိနှိပ်ပွဲတွေသာ ခြိမ့်ခြိမ့်သဲခဲ့သည်။ ကျဆုံး နစ်နာမှုတွေလည်း အပုံအပင်။ သံသယသည် အမှောင်တိုက်ကို သယ်ဆောင်လာခဲ့လေပြီကိုး။

ထိုသံသယ အမှောင်ညဥ့် သန်းခေါင်ထဲ၌ပင် ဒယဥ့်တိုက် ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ အခြေခံသည့် ရွေးကောက်ပွဲအသစ်ကို ၂၀၁၀ တွင် နအဖကထပ်မံကျင်းပခဲ့သည်။ ထိုရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အများစုအနိုင်ရသည်။ ပြည်ခိုင်ဖြိုးပါတီ အာဏာရပါတီ ဖြစ်လာသည်။ သို့တိုင် သန်းခေါင်ကို မကျော်လွန်သေးကြောင်း အငြင်းပွားဖွယ်မရှိဟု ထင်သည်။

၂၀၁၁ တွင်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် အာဏာရအစိုးရ၏ သမ္မတကြီးဦးသိန်းစိန်တို့ ဆွေးနွေးကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်သည်။ ထိုသို့ တွေ့ဆုံကာ နှစ်ဦးနှစ်ဖက် အပြန်အလှန် ယုံကြည်မှုတည်ဆောက်လာနိုင်ခြင်းအပေါ် ကျွန်တော်တို့ တစ်နိုင်ငံလုံးကသာမက တစ်ကမ္ဘာလုံးကပါ ၀မ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်သည်။ ၂၀၁၁ ခု နိုဝင်ဘာလတွင် ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲဝင်သည်။ ဤရွေးကောက်ပွဲသည် ၉၀ ပြည့်ရွေး ကောက်ပွဲကိုပြန်လည် အမှတ်ရစရာကောင်းလောက်အောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင်ပြိုကမ်းပြိုနိုင်ပြန်သည်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော်ထဲဝင်ရောက်လာသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရနှင့် အင်န်အယ်လ်ဒီ အပြန်အလှန်သဘောပေါက်နားလည်မှုများရအောင် ဆွေးနွေးပူးပေါင်း ဆောင်ရွက်လာနိုင်ခဲ့ကြပြီဟု ယူဆစရာရှိသည့် ဤအခြေအနေကို မြန်မာရော ကမ္ဘာကပါ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။
ထို့ကြောင့် ဤအချိန်ကို သန်းခေါင်ကိုကျော်လျက် အရုဏ်တက်ဖို့ရာ အားယူသည့် ကြက်ဦးတွန်ကာလသို့ ရောက်ခဲ့လေပြီဟု ကျွန်တော်ကသဘောပိုက်သည်။ အရှေ့ကျွန်းမှ ကြယ်နီကြီးထွန်းလာသည့် မှုန်တိမှုန်မွှား ချိန်။ သည်အချိန်တွင်မှ ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်မိကြတော့ အပြစ် အနာအဆာတွေ မြင်လာရသည် ထင်၏။ တကယ်တမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း အထုအထောင်း၊ အရိုက်အနှက်တွေကြားမှာ အလူးလူးအလဲလဲနှင့်ပင် ကိုယ့်ကိုယ်ကိုယ် ပြန်မကြည့်နိုင်ခဲ့။ ကောင်းစွာမတည်ဆောက်နိုင်ခဲ့။ မျက်စိအောက်ရောက်နေသူတွေနှင့်သာ ခရီးနှင်ခဲ့ရသည်။ သို့သော် ပြည်သူ့ ထောက်ခံမှုကို တောက်လျှောက်လိုရလာခဲ့သည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနှင့်။

ပြည်ခိုင်ဖြိုးပါတီသည်လည်း အာဏာလက်ကိုင်ရှိသူ ကျောထောက်နောက်ခံပြုသည့် ပါတီဆိုသည့်အခါ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ကြည့်ကြည့်ခဲ့ပုံမရ။ ၂၀၁၀ မှာ ပြည်လုံးကျွတ်နီးပါး နိုင်ခဲ့သည့်အရှိန်နှင့်ပင် ကိုယ့်ကိုယ်ကိုယ်ဟုတ်လှချည့်လို့သာ ထင်ခဲ့ပုံရှိ သည်။ အလားတူ အခြားဒီမိုကရက်တစ် ပါတီတွေကလည်း ကိုယ့်အထွာနှင့်ကိုယ် ကိုယ့်ငါးချဉ်တော့ အထိုက်အလျောက် ချဉ်ခဲ့ကြပုံရ၏။

ကြားဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီကို ပြည်သူက အုတ်အော်သောင်းတင်း ရုတ်ရုတ်သဲသဲ အံ့သြဘနန်း ထောက်ခံလိုက်ကြသည့်အခါတွင်မှ သေရာမှ ပြန်ရှင်ပြီး အားကောင်းမောင်းသန် ငုတ်တုတ်ထထိုင်လာသူကို ရုတ်ခြည်းမြင်လိုက်ရသည့်နှယ် နိုင်ငံရေးပါတီတွေ မျက်ကလဲဆန် ပျာဖြစ်ကြရသည်။ သည်လိုပုံနှင့်သာဆို ၂၀၁၅ မှာ ဘယ်နှယ့်လုပ်ကြမတုံး။ တွေးမိကြပုံရသည်။ မိန်းမောစိတ်တွေပြေကာ ကိုယ့်ကိုယ်ကိုယ်
ဝေဖန်ရေးတွေ လုပ်ကြရဖို့ သတိရကြသည်။ တချို့ကလည်း ၂၀၁၅ တွင် ဆက်လက်ရှင်သန်နိုင်ရေး ဆေးမြီးတိုတွေ ရှာလာကြရသည်။

ပြည်ခိုင်ဖြိုးပါတီကမူ မိမိကိုယ်မိမိ ဝေဖန်ရေးကို ထိထိမိမိ ပြတ်ပြတ်သားသား လုပ်လာသည်။ ပြည်ခိုင်ဖြိုးပါတီ၏ ဝေဖန်ရေးတွင်
“မိမိတို့၏ အားနည်းချို့ယွင်းချက်ကို ဖုံးကွယ်ပြီး အခြားပါတီအဖွဲ့အစည်း လူပုဂ္ဂိုလ်တို့ အပေါ် အပြစ်ပုံချသုံးသပ်ပါက ပကတိ အမှန်တရားနှင့်ဆန့်ကျင်ကင်းဝေးနေလိမ့်မည်”ဟု ပြည်ခိုင်ဖြိုးပါတီအတိုင်ပင်ခံအဖွဲ့ဝင်(ယခင် ဗဟိုအတွင်းရေးမှူး) ဦးတင်ထွတ်က သူ့ဝေဖန်ရေးကို စသည်။

ဆက်လက်၍ သူတို့ပါတီဝင်များထဲတွင် “အာဏာငမ်းဖမ်းနေသူများ၊ နေရာလိုချင်သူများ၊ ပြည်သူက အမြင်မကြည်လင်သူများ၊ ယုံကြည်ချက်ခံယူချက်ခိုင်မာမှု မရှိသူများ တွေ့ရကြောင်း။ စစ်အလေ့အထရောဂါ၊ အာဏာငမ်းရူးရောဂါ၊ သူလျှိုဒလန် ရောဂါ၊ အကျင့်ပျက်ရောဂါတည်းဟူသော သူငယ်နာ ငါးမျိုးလည်း စွဲကပ်နေကြောင်း” ဟု မိမိပါတီကို မိမိ ပြတ်ပြတ်သားသားပင် သုံးသပ်ရှုမြင်လိုက်သံကြားရသည့်အခါ ကျွန်တော့်အနေဖြင့် နှစ်ခြိုက်ဝမ်းမြောက်စွာ ကြိုဆိုမိသည်။

ဝေဖန်ရေးမရှိလျှင် မည်သည့် လူပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းမျှ မတိုးတက်နိုင်။ နိုင်ငံရေးပါတီတွေ အရည်အချင်းပြည့် မတိုးတက်လျှင်
တိုင်းပြည်လည်း မတိုးတက်နိုင်။ ထို့ကြောင့် ကျွန်တော်က ဝေဖန်ရေးကို ကြိုဆိုသည်။ အင်န်အယ်လ်ဒီ ပါတီအနေနှင့်လည်း ပါတီစတင်တည်ထောင်ပြီး သည်မှစ၍ ၂၄ နှစ်တာကာလအတွင်း ဖိနှိပ်မှုအောက်တွင် မိမိကိုယ်မိမိ မတည်ဆောက်နိုင်ခဲ့သည်များအတွက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပဖို့ တာစူနေရပြီ ဖြစ်သည်။

မိမိပါတီကို အရည်အချင်း ပြည့်မီသည့် ပီဘိတိုင်းကျိုးပြည်ကျိုးဆောင် ပါတီဝင်များဖြင့် မတည်ဆောက်နိုင်လျှင် ပြည်သူက ကြာရှည်လက်မခံတတ်သည့် အကြောင်း ဥပမာတွေ ကမ္ဘာပေါ်တွင် အနမတဂ္ဂရှိသည်။ ထို့ ကြောင့် ပါတီတည်ဆောက်ရေးကို ဦးစားပေးဆောင်ရွက်လာကြရသည်။

ဤသို့သော အခြေအနေမျိုးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပတော့မည်ဆိုသည့်အခါ ပါတီအောက်ခြေအဆင့် ဆင့်တွင် နေရာပြဿနာ၊ ကုလားထိုင်ပြဿနာတွေ ပွစိပွစိ ကြားလာရတော့ စိတ်မကောင်းဖြစ်ရသည်။ တကယ်တော့ ကျွန်တော်တို့၏ လူ့ဘောင်အဖွဲ့အစည်းတွင် ကုလားထိုင်ရောဂါက အမြစ်ကြီးကြီး တွယ်နေခဲ့သည်မှာ ကြာပြီလားထင်သည်။

ကြုံလို့ အမှတ်တရ ပြောပြချင်ပါသေးသည်။ ကျွန်တော်က ၁၉၉၀ ရွေးကောက်ပွဲတွင် တာဝန်အရ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှတော့ ထမ်းဆောင်နိုင်ခဲ့သည်ဟု မိမိကိုယ်မိမိ ယခုအထိယုံကြည်နေဆဲ ရှိပါသေးသည်။ တကယ်တော့ ထိုစဉ်ကပင် မိမိထက်တော်သူ၊ စွမ်းဆောင်နိုင်ရည်ရှိသူကိုသာ ကျွန်တော်ကိုယ်တိုင် တမ်းတရှာဖွေခဲ့သော်လည်း ကျွန်တော်သည်ပင် အခန့်မသင့်
စွာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ရသည်။ ထားတော့၊ ကျွန်တော်ပြောလိုသည်မှာ ထိုအကြောင်းမဟုတ်။ ပြောလိုသည်က ဤသို့ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး တစ်လ၊ တစ်လခွဲအကြာခန့်တွင် ဖြစ်၏။ ဟိုတုန်းငယ်စဉ်အခါကပင် တရင်းတနှီးရှိခဲ့ဖူးသော ရပ်ဆွေရပ်မျိုးတစ်ဦး ကျွန်တော်ရှိရာ မြို့နယ်အင်န်အယ်လ်ဒီရုံးသို့ ရောက်လာသည်။ သူရောက်လာချိန်က ရွေးကောက်ပြီးစ ရွှေကာလမို့ အင်န်အယ်လ်ဒီမြို့နယ်ရုံးထဲမှာ လူတွေက အပြည့်။ သူက ရောက်မဆိုက်ပင် ၀မ်းသာအားရ စကားကိုဆိုသည်။ “ဟိတ်ကောင် မင်းအမတ် ဖြစ်သွားပြီဆို” သူ့စကားကို ကျွန်တော် ခေါင်းညိတ်၍ ဖြေရသည်။ သူက ရွေးကောက်ပွဲကာလတုန်းက ကျွန်တော်တို့မြို့မှာမရှိဘဲ တစ်ရပ်တစ်ကျေးမှာ ကာလအတော်ကြာကပင် ရောက်နေခဲ့သူ ဖြစ်၏။ သူက ကျွန်တော့်ထက် အများကြီးကြီးသည်။ သူ့ငယ်နာမည်က “ကိုအစ္စမေးလ်” ဖြစ်သည်။ လူပျိုပေါက်အရွယ်တွင် သူစစ်ထဲဝင်သွားသည်။ ထိုအခါ သူ့အမည် အစ္စမေးလ် မဟုတ်တော့။ ကိုမင်းသွင်ဖြစ်သွား၏။ ယခုတော့ တပ်မှ အနားယူကာ မှော်ဘီမြို့နယ်ထဲမှာ ရောက်နေကြောင်း သူ့ စကားအရ သိရသည်။

“အေးကွာ ...မင်းအမတ် ဖြစ်သွားတာ ငါအရမ်းဝမ်းသာတယ်။ ဘာပဲဖြစ်ဖြစ်ကွာ ကုလားထိုင် အလွတ်တွေ့လို့ကတော့ ၀င်သာထိုင်ပစ် အရှုံးမရှိဘူးကွ..” ကျွန်တော့်အပါးတွင် ထိုင်ချလိုက်ရင်း သူက သူ့အတွေးအခေါ် သူ့သြ၀ါဒကို အပြုံးတွေနှင့် အားရပါးရ ပြောချလိုက်သည်တွင် ကျွန်တော့်မျက်နှာ ဘယ်နေရာ သွားထားလိုက်ရမှန်း မသိတော့။ သူကတော့ သူ့စကားကို ရိုးသားစွာ ပြောနေခြင်းဖြစ်၏။ ပသို့ဆိုစေ ကျွန်တော့်အရှက်က ကျွန်တော့် ဦးခေါင်းခွံကို ဖောက်ခွဲထွက်သွားသည်။ “ကုလားထိုင် အလွတ်တွေ့ရင် ၀င်သာထိုင်၊ အရှုံးမရှိဘူး” ဆိုသည့် ဣနြေ္ဒသိက္ခာမဲ့ အတွေးအခေါ်တဲ့...။ ကျွန်တော်သူ့ကို ဘာမျှပြန်မပြောနိုင်။ ပါးစပ်အဟောင်းသားနှင့်သာ ငေးကြည့်နေလိုက်ရသည်။

“ဒီမှာ ငါ့လိပ်စာကတ် ယူထား။ အကြောင်းရှိရင် ဆက်သွယ်လို့ရတာပေါ့။ မင်းက အမတ်ဖြစ်သွားပြီဆိုတော့ ငါလည်း မင့်အားကိုးရမှာ” မုန့်ဆီကြော် ဘယ်နေမှန်း မသိသေးသည့်အခြေအနေမှာ နှုတ်ခမ်းနာကပဲ ယဉ်းနှင့်ရတော့မလိုဖြစ်ရသည်။ ဘာပဲဖြစ်ဖြစ် သူပေးသည့် လိပ်စာကတ်ကို ယူလိုက်ရသည်။ ဖတ်ကြည့်တော့ ... ဦးစိုင်းမင်းသွင် ဥက္ကဋ္ဌငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ မှော်ဘီမြို့နယ် (ရှမ်းစုကျေးရွာ)ဟုဖြစ်သည်။ စာလုံးအရွယ်အစားတွေက ဦးစိုင်းမင်းသွင်မှ မှော်ဘီမြို့နယ်အထိက ပုံမှန်။ (ရှမ်းစုကျေးရွာ) ကျတော့မှ ခပ်သေးသေးမှုန်မွှားမွှား။ ကျွန်တော့်စိတ်ထဲ ဖြစ်မှ ဖြစ်ရလေ ဖင်ထိုင်ခုံသေးသေးလေးကိုသီဟာသနပလဒင် ထင်လေရော့သလားဟု ကြိတ်၍ရယ်ရသည်။ ကုလားထိုင်ရောဂါများ ဆိုးလှချည့်ဟု တွေးရသည်။

“နို့ အစ်ကို့နာမည်ရင်းကို အစ္စမေးလ်ကနေ တပ်ထဲရောက်တော့ ကိုမင်းသွင်ဖြစ်၊ အခုတော့ ဘယ်လိုဖြစ်လို့ စိုင်းမင်းသွင်ဖြစ်လာရတာလဲ အစ်ကိုရဲ့” ကျွန်တော် မေးတော့ ... “တပ်ထဲကျတော့ အစ္စမေးလ်လို့ ဘယ်တော်ပါ့မလဲ။ ဒါကြောင့် ဗမာနာမည် မင်းသွင်လို့ ပြောင်းလိုက်တာပေါ့။ ခုတော့ ငါနေတဲ့ ရွာက ရှမ်းတွေနေတဲ့ရွာ၊ ရှမ်းရွာမို့ ရှေ့ကစိုင်းတစ်လုံး ထပ်တိုးပစ်လိုက်ရတယ်။ ဒါကြောင့် ဥက္ကဋ္ဌဖြစ်တာပေါ့ဟ ဟား ဟား ဟား” သူ့စကားနှင့်သူ သဘောကျစွာ ရယ်နေလိုက်သေးသည်။ အစ်ကို အစ္စမေးလ်ရယ် ဘယ်လိုပဲစိုင်းတစ်လုံး ထပ်တိုးတိုး နှာခေါင်းချွန်ပြီး အသားမည်းတာက တော့ နဂိုအတိုင်းပါပဲဟု ကျွန်တော့်စိတ်ထဲ ပြောမိသည်။ ဘာပဲဖြစ်ဖြစ် သူပြောသွားသည့် စကားတွေကို ယနေ့တိုင် ကျွန်တော်မမေ့။ ကုလားထိုင်အရူးတွေကို မြင်တိုင်း သူ့စကားတွေကို သတိရသည်။

ကုလားထိုင် ရူးရူးပြီးတော့ ဖြင့် နိုင်ငံရေးမှာ ၀င်မရှုပ်ကြဖို့လည်း အဲ့သည်လို လူမျိုးတွေကို တောင်းပန်ချင်သည်။ ကုလားထိုင်ကို ချစ်တာလား၊ ဒီမိုကရေစီကို ချစ်တာလား ကိုယ့်ကိုယ်ကိုယ် ဗြောင်မေး မေးကြစေချင်သည်။ ခုကြားရသမျှတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ထဲမှာလည်း ကုလားထိုင်ရောဂါရနေသူတွေက များလှသည်။ ဟိုတိုင်းမှာ၊ ဒီတိုင်းမှာ၊ ဟိုမြို့နယ် သည် မြို့နယ်မှာ ပူညံ ပူညံ ဆူညံ ဆူညံ။ သည်အသံတွေကြောင့်ပင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က “ကျွန်မတို့ရဲ့ အဖွဲ့က ပြည်သူတွေ စိတ်မချမ်းသာအောင် အချင်းချင်း စကားများတာတွေ အချင်းချင်း မတည့်တာတွေ ဖြစ်နေတာတွေအတွက်ကို တောင်းပန်ပါတယ်” ဟု စိတ်မသက်မသာဖြင့် ပြောလာရသည်။

သို့တိုင်လည်း ၂၀၁၅ မှာတော့ အသေအချာပဲဟု တွက်ကာ ခုကတည်းက ကွက်ကျော်ခုတ် လူစုနေကြသူတွေကလည်း အနမတဂ္ဂ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သာလျှင် အသင့်တော်ဆုံးပေလား။ ကိုယ့်ထက်တော်သူ မရှိတော့ဘူးလား။ တော်သူတတ်သူ သင့်လျော်သူထက် ကိုယ့်ကိုယ်ကိုယ်ပင် သင့်မသင့် တော်မတော် မစဉ်းစားဘဲ သူကောင်းမြှောက်ကြတော့မည်လား။ ကျီးကိုသခင် မြှောက်ဖို့ ဘုတ်တွေမွေးကြတော့မည်လား။ ဆရာမွေး၊ တပည့်မွေး ဖြင့်သြဇာတိက္ကမ ထူထောင်ကြတော့မည်လား။ ကိုယ့်လူ ကိုယ်စုလျက် လူများလျှင် အနိုင်ရစတမ်းဆိုသည့် ဒီမိုကရေစီစနစ်၏ အားနည်းချက်ကို ကိုင်ကာ လူစုဗိုလ်ကျအနိုင်ယူသည့် မင်းမဲ့စရိုက်ကို ထူထောင်ရင်း ဒီမိုကရေစီ အရုဏ်ဦးကို တိမ်သလဒာဖုံးစေတော့မလို့လားကျွန်တော်မေးချင်သည်။

မြန်မာနိုင်ငံမှာ သင်ခန်းစာတွေ အများကြီးရှိသည်။ ဟိုယခင် ပါလီမန်နုစဉ် ခေတ်နောက်ဆုံးအချိန်များက ကုလားထိုင် လုရင်းနှင့် မင်းမဲ့စရိုက်ဆန်စွာ မင်းလှလေးလောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သည်။ ငါန်းဇွန်ငါးလောင်းပြိုင် လူသတ်မှုတွေ ဖြစ်ခဲ့သည်။ ထိုအချက်များသည်ပင် စစ်အာဏာသိမ်းရဖို့ အရင်းအမြစ်တွေလည်း ဖြစ်လာခဲ့ရသည်။ မြန်မာနိုင်ငံ၏ အနာဂတ်ကို စိုးရိမ်တကြီးမျှော်ကြည့်ရင်းနှင့် မေးခွန်းလေးတစ်ခုတော့ မေးစမ်း ချင်သည်။ ဒီမိုကရေစီကို ချစ်တာလား၊ ကုလားထိုင်ကိုချစ်တာလားဆိုသည့် မေးခွန်းရိုးရိုးလေးပဲ ဖြစ်ပါသည်။

ဒီမိုကရေစီ လင်းကြက်တွန်ချိန်မှာမျိုးဆက်သစ်တို့အတွက် အနာဂတ်သက်သက်ကိုသာ ရိုးသားစွာ ချစ်တတ်ကြပါစေဟု မျှော်လင့်ရင်းဖြင့် ...။

ရေးသားသူ- သင်းရီ
7Day News Journal

No comments: