Thursday, November 1, 2012

အခန်းကျဉ်းကျဉ်း…ဘ၀ကျယ်ကျယ်


တကယ်တော့ မိဘအိမ် မဟုတ်သော နေရာသစ်တွင် ကျင်လည်ရသည်မှာ ထင်သလောက် မလွယ်ကူလှ ပေ။ သို့သော် သူတို့သည် အိပ်မက်များစွာကိုထမ်းပိုးကာ ရန်ကုန်မြို့က အဆောင်များဆီ အဆောင်သူ၊ အဆောင် သားများအဖြစ်ရောက်လာကြသည်……..
ရွေးချယ်ခွင့်နည်းပါးသော နေရာမှ ရွေးချယ်ခွင့်များပြားသည်ထင်ရသောနေရာများဆီ သူတို့ရောက်လာကြ သည်။  သူတို့ရွေးချယ်လိုသော အခွင့်အလမ်းများက သူတို့ကိုပြန်ရွေးချယ်ချင်အောင် နေ့ရက်များကို တည် ဆောက်ကြရသည်။တချိန်က အိမ်ကို စွန့်ခွာခဲ့ကြသည်။ အိမ်မဟုတ်သော အိမ်များ၌ နေထိုင်လာရသည်။ တစ်နေ့တွင်တော့ ဖြစ်နိုင်မည်ဆိုလျှင် အိမ်အစစ်၏ အရိပ်အောက်သို့ တစ်ကျော့ပြန်ရောက်လိုစိတ်က ကိုယ်စီ ရှိနေကြလေသည်......... 

"ရောက်စတုန်းကတော့ အိမ်ကမီးဖိုဆောင်လောက်တောင် မကျယ်တဲ့အခန်းလေးမှာ နေမှနေနိုင်ပါ့မလား လို့ထင်ခဲ့တာ။ ဒါပေမယ့် အခုတော့လည်းနေသားကျနေပြီ"

အလင်းရောင်နည်းပါးသော အခန်းလေးတစ်ခုထဲတွင်ဖြစ်သည်။ အသက် ၂၁ နှစ်အရွယ် မိန်းကလေးက လက်ပ်တော့ပ်ဖြင့် သင်ခန်းစာလေ့ကျင့်မှုကို ခဏရပ်ထားရင်း ပြောပြနေသည်။ အခန်းလေးသည် အလင်းရောင် နည်းပါးရုံသာမက ကျဉ်းလည်း ကျဉ်းမြောင်းသေးသည်။ ခုတင်တစ်လုံး ချထားရုံထက် နည်းနည်းသာပို၍ ကျယ်ဝန်း သည်။ ကျန်သောနေရာတွင် စာကြည့်စားပွဲကိုပင် အတည့်ထား၍မရ။ တစ်စောင်းချထားရသည်။ လူကလည်းပဲ တစ်စောင်းသာ လျှောက်၍ရသည်။ သို့သော် သူသည် သည်အခန်းလေးထဲတွင်ပင် နေထိုင်ကာ တက္ကသိုလ်ကဘွဲ့ တစ်ခုတော့ရအောင်ယူနိုင်ခဲ့ပြီဖြစ်သည်။ အခုလည်း သူသည် ပြည်ပသို့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ထွက် ခွာနိုင်ရန် ပြင်ဆင်နေလေသည်။

တကယ်တော့ သည်လိုအခန်းလေးထဲတွင် ကျဉ်းကျဉ်းကျပ်ကျပ်ဖြစ်ရသည့်ကြားက ကြိုးစားနေထိုင်ကာ ဘ၀ကို တည်ဆောက်နေကြတာသည် သူတစ်ယောက်တည်းတော့ မဟုတ်ပါပေ။ သူတို့သည်မြန်မာနိုင်ငံ မြို့အသီး သီးက ဖြစ်ကြသည်။ စကားပြောလျှင် လေယူလေသိမ်းက နယ်ဒေသအသီးသီး၊ တိုင်းရင်းသားအသီးသီးကို ကိုယ် စားပြုနေပါသည်။
နယ်ဒေသများတွင် ဆည်းပူးရသော ပညာအခွင့်အလမ်း၊ သည့်နောက်တွင်ရှာဖွေရရှိနိုင်သော အလုပ်အ ကိုင်အခွင့်အလမ်းသည် မြို့ကြီးများနှင့် မယှဉ်နိုင်။ သို့နှင့်ပင် နယ်မြို့များက လူငယ်အများစု၏ ဦးတည်ရာသည် ရန်ကုန်ဖြစ်လာသည်မှာ နှစ်များစွာကြာခဲ့ပြီ။
ရန်ကုန်တက္ကသိုလ် စတင်တည်ရှိသည်မှ နှစ်များစွာအတွင်း လှည်းတန်းသည် ကျောင်းသားကျောင်းသူတို့ နှင့် စည်းကားမြဲ နာမည်ကျော်အရပ်တစ်ခုဖြစ်ခဲ့သည်။ ထိုစဉ်ကပင် ပုဂ္ဂလိကဘော်ဒါဆောင်တို့ ပေါ်ပေါက်နေပြီ။ 

ယခုနောက်ပိုင်း၌တက္ကသိုလ်များတွင် အဆောင်နေကျောင်းသားကျောင်းသူများမထားရှိချိန်မှာတော့ အဆောင်ဖွင့် လှစ်မှုကပိုများလာပါသည်။ ရန်ကုန်မြို့သို့ တက္ကသိုလ်ပညာသင်ယူရန်နှင့်အလုပ်အကိုင်အတွက်ရောက်လာကြ သောလူငယ်အများစုသည် လှည်းတန်းတစ်ဝိုက်က အဆောင်များတွင်သာ အခန်းရှာဖို့ ဦးဆုံးကြိုးစားကြသည်။

"၂၀၀၄၊ ၂၀၀၅ တစ်ဝိုက်က အဆောင်နေစရိတ်က ကျပ် ၅၀၀၀၊ ၆၀၀၀ ပဲ။ အဲဒီတုန်းက အဆောင်လေး တွေက အုတ်ခံနှစ်ထပ်အိမ်၊ ပျဉ်ထောင်အိမ်လေးတွေပဲရှိသေးတယ်။ တစ်ခန်းကို သုံးယောက်၊ နှစ်ယောက် အဲဒီလို နေကြတာပေါ့။ တချို့အဆောင်တွေက အဆောင်ရှင်က သီးသန့်နေတယ်။ တချို့အဆောင်တွေမှာတော့ အဆောင် ရှင်ကအောက်ထပ်နေ၊ အဆောင်နေတဲ့သူတွေက အပေါ်ထပ်နေတယ်။ နောက်ပိုင်းတော့ အဲဒီအိမ်လေးတွေ ပြင်ဆောက်ကြတယ်။ အခုလှည်းတန်းမှာ တိုက်ခန်းတွေပဲ ဆောက်ကုန်ကြတော့ အဆောင်တွေကလည်း တိုက်ခန်းတွေမှာ အခန်းသေးလေးတွေဖွဲ့ထားတာတွေပဲများလာတယ်" လှည်းတန်းတွင် ခုနှစ်နှစ်ကျော် နေထိုင်ခဲ့သူ အသက် ၂၈ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းမသူဇာက ပြောပြသည်။

တကယ်တော့ မိဘအိမ် မဟုတ်သော နေရာသစ်တွင် ကျင်လည်ရသည်မှာ ထင်သလောက် မလွယ်ကူလှ ပေ။ သို့သော် သူတို့သည် အိပ်မက်များစွာကိုထမ်းပိုးကာ ရန်ကုန်မြို့က အဆောင်များဆီ အဆောင်သူ၊ အဆောင် သားများအဖြစ်ရောက်လာကြသည်။ လူနေမှုစရိတ်မြင့် တက်လာသော သည်ဘက်ခေတ်တွင် အဆောင်နေစရိတ်၊ တစ်ဦးချင်းနေထိုင်စားသောက်စရိတ်ကလည်းပြောင်းလဲခဲ့ပြီ။ အဆောင်စရိတ်ကပင် တစ်လကို ကျပ်နှစ်သောင်း လောက်ကုန်ကျလာသည်။ စားသောက်စရိတ်၊ အထွေထွေအသုံးစရိတ်များကလည်း လိုက်ပါမြင့်တက်လာသည်။ တစ်ရက်ကို ချွေတာမည်ဆိုလျှင်ပင် ကျပ် ၂၅၀၀ ၀န်းကျင်မှာကုန်ကျနေသည်။ ကျောင်းသားလူငယ်တို့ကတော့ အိမ်က အထောက်အပံ့ဖြင့်နေကြသည်။ အလုပ်လုပ်နေပြီဖြစ်သော လူငယ်တို့ကားရသည့်လခထဲမှ နေစရိတ်၊ စား စရိတ်များအပြင် အိမ်ကို ငွေပို့နိုင်ဖို့ပါ စီမံခန့်ခွဲကြရပါသည်။

"အဆောင် လာနေကြတဲ့သူတွေကတော့ အမျိုးမျိုးပေါ့လေ။ တချို့ကျတော့လည်း အိမ်မှာလိုပဲ ကိုယ့်စိတ် နဲ့ပဲနေတတ်တာရှိတယ်။ တချို့ကျတော့လည်း လိုက်လျောညီထွေနေတာရှိတယ်။ ပြဿနာလေးတွေပေါ်လိုက်၊ ပြန်ပြေလည်လိုက်နဲ့ပေါ့။ တချို့ကျတော့လည်း သုံး၊လေးနှစ် အတူနေလာကြတော့ ညီအစ်မတွေလိုပဲဖြစ်သွားကြ တယ်။ ယောက်ျားလေးတွေဆိုလည်း အချင်းချင်းငယ်ပေါင်းတွေလိုပဲ။ အဆောင်ရှင်ကတော့ အမျိုးမျိုးပဲ။ မိသားစု လိုနေတတ်တာရှိတယ်။ သီးသန့်ဆန်ဆန်နေတတ်တာလည်းရှိတယ်"
မသူဇာက အဆောင်မြင်ကွင်းကို ပြန်ပြောပြသည်။

ကျဉ်းမြောင်းသော အခန်းလေးများတွင် နေထိုင်နေဆဲဖြစ်သော်လည်း လူငယ်တို့တွင် စိတ်ကူးမျှော်လင့် ချက်ကတော့ အရောင်အသွေးစုံပင်ဖြစ်ပါသည်။ ကျောင်းသားလူငယ်တို့ကတော့ ကျောင်းပြီးသည်နှင့် အလုပ် ကောင်းရရန်၊ အလုပ်ဝင်နေဆဲလူငယ်တို့ကတော့ မိမိတစ်ကိုယ်စာအပြင် အိမ်ကိုပါ ကောင်းစွာပံ့ပိုး နိုင်ရန် မျှော်လင့်ကြသည်။
"တချို့ကျတော့ နိုင်ငံခြားသွာားဖို့ သင်တန်းလာတက်ရင်းအဆောင်ခဏလာနေတာရှိတယ်။ စင်ကာပူ၊ ဂျပန်၊ နယူးဇီလန် စသဖြင့် သွားဖို့သင်တန်းတက်ကြတာပေါ့။ တချို့ကျတော့ တစ်နှစ်လောက်နေမှ သွားကြသလို တချို့ကျတော့လည်းလေး၊ ငါးလနေပြီး သွားကြတယ်" ဟု အဆောင်နေလူငယ်တစ်ဦးကဆိုသည်။

လှည်းတန်း တစ်ဝိုက်တွင် အလျှိုလျှိုပေါ်လာသော တိုက်ခန်းများ၌ အဆောင်များကလည်း တိုး၍ပါဝင်လာ သည်။ ပုံမှန်တိုက်ခန်းတစ်ခန်း၌ပင် အခန်းငယ်ပေါင်း ရှစ်ခန်းလောက်ပါအောင် ဖွဲ့ကြသည်။ လူဦးရေကတော့ ၁၅ဦးဝန်းကျင်ထားကြသည်။ တစ်ယောက်တည်း နေလိုလျှင် ဈေးပိုပေးရပေမည်။ အချို့အခန်းများတွင် အခန်းအ၀င်တံခါးမတစ်ခုကလွဲလို့ ပြတင်းပေါက်တစ်ပေါက်မျှမပါ။ နေ့ခင်းမှာပင် မှောင်နေသည်။ သို့သော် ကျော တစ်ခင်းစာခက်ခဲသော ရန်ကုန်မြို့တွင် ကြေးများမနေနိုင်ပြီမို့ နေသူတို့က နေကြရသည်။

အဆောင်ဝန်းကျင်များ၌ ဖွင့်လှစ်ကြသော ဈေးချိုသာသည့် ထမင်းဆိုင်လေးများမှာစားသောက်ကြရသည်။  အဆောင်အချို့တွင် လျှပ်စစ်မီးနှင့် ထမင်းဟင်းချက်ခြင်းကို ခွင့်ပြုမထားပေ။ ဖုန်းအတွက်ကတော့ အဆောင်ဖုန် ကခေါ်ပေးသည်လည်းရှိသလို နီးစပ်ရာက ဖုန်းများကတစ်ဆင့် ခေါ်ပေးတာလည်းရှိသည်။ အချို့ကတော့ ကိုယ်ပိုင် ဖုန်းလေးများနှင့်။
"အဆောင်နေစက ဘယ်လိုမှနေသားမကျဘူး။ ဘေးအခန်းတွေက ဆူရင်အိပ်မပျော်ဘူးလေ။ ဆူညံရင် လည်း စာကြည့်နေတဲ့အခါစိတ်ရှုပ်တယ်။ နောက်တော့လည်း တဖြည်းဖြည်း နေတတ်သွားတယ်။ အဆောင်မှာ တော့ ကုမ္ပဏီဝန်ထမ်းနဲ့ကျောင်းသူ၊သင်တန်းသူတွေပဲရှိတယ်။ အဆောင်ရှင်တွေက လူကိုတော့ ကန့်သတ်ရွေး ချယ်ကြတာများတယ်။ အဆောင်လာငှားရင် လူကိုကြည့်ပြီးလက်ခံကြတယ်။ လက်ခံလိုက်ပြီးလာနေတဲ့အခါမှ မ ကြိုက်ရင်လည်း မနေခိုင်းတာမျိုး အဆောင်မှာတွေ့ဖူးတယ်" ဟု အသက် ၂၆ နှစ်အရွယ် မထက်ထက်က ပြောပါ သည်။

အဆောင်နေကြသူတို့သည် ညနေခင်းအချိန်များတွင် သင်တန်းတက်သူတို့က တက်ကြသည်။ အလုပ်တစ် ဖက်နှင့်ပင် အလုပ်ဆင်းချိန်၌ စာကျက်အကူလုပ်ကာ ၀င်ငွေတိုးဖို့ရှာသူကည်း မရှား။ ငွေကို ရေလိုသုံးနိုင်သည်ဆို သည်မှာ အချို့အချို့သောသူများအတွက်သာ အကျုံးဝင်ပါသည်။ အများအားဖြင့်တော့ ကျောင်းသူကျောင်းသား ကလည်းအိမ်ကပို့သော ငွေများကို တစ်လနှင့်တစ်လ လောက်ငအောင် သုံးရသည်။ ၀န်ထမ်းကလည်း လစာကို လောက်ငအောင် စီမံရသည်။

အဆောင် ပိတ်ချိန်များကတော့ ညကိုးနာရီဝန်းကျင်ဖြစ်တတ်သည်။ အထူးသဖြင့် မိန်းကလေးအဆောင် တို့၏ အဆောင်ပိတ်ချိန်ဖြစ်သည်။ ယောက်ျားလေးအဆောင်များကတော့ ညဥ့်နက်သည်အထိ အ၀င်အထွက်ရှိနေ သည်သာများပါသည်။
နံနက် အလင်းရောက်လျှင်တော့ အခန်းကျဉ်းလေးများထဲကနိုးထကြရသည်။ ကျောင်းတက်ဖို့သွားသူသွား၊ အလုပ်သွားသူသွား ကြသည်။ ကိုယ့်ဝန်းကျင်ကိုယ် ကျင်လည်ကြရသည်။ ညနေတိုင်ပြီဆိုလျှင်တော့ မိဘအိမ်မ ဟုတ်သော နားခိုရာ အခန်းလေးများဆီ ပြန်ရောက်မြဲ။ ဒါသည်ပင် လည်ပတ်မြဲ သံသရာဖြစ်ရသည်။

ရွေးချယ်ခွင့်နည်းပါးသော နေရာမှ ရွေးချယ်ခွင့်များပြားသည်ထင်ရသောနေရာများဆီ သူတို့ရောက်လာကြ သည်။  သူတို့ရွေးချယ်လိုသော အခွင့်အလမ်းများက သူတို့ကိုပြန်ရွေးချယ်ချင်အောင် နေ့ရက်များကို တည် ဆောက်ကြရသည်။
တချိန်က အိမ်ကို စွန့်ခွာခဲ့ကြသည်။ အိမ်မဟုတ်သော အိမ်များ၌ နေထိုင်လာရသည်။ တစ်နေ့တွင်တော့ ဖြစ်နိုင်မည်ဆိုလျှင် အိမ်အစစ်၏ အရိပ်အောက်သို့ တစ်ကျော့ပြန်ရောက်လိုစိတ်က ကိုယ်စီ ရှိနေကြလေသည်။

ဖြူနု

Credit: WEEKLY ELEVEN NEWS FRIDAY NOVEMBER 25 2011

No comments: