Friday, July 5, 2024

ဈေးကွက်ထိုးဖောက်ရေးမှာ စတိုးဆိုင်တွေကို ဘာလို့ အား ထားသင့်သလဲ

ဈေးကွက်ထိုးဖောက်ရေးမှာ စတိုးဆိုင်တွေကို ဘာလို့ အား ထားသင့်သလဲ


         


                                                                                                                          

FMCG (Fast Moving Consumer Goods) လို့ခေါ်တဲ့ အရောင်းအဝယ်သွက်တဲ့ လူသုံးကုန်/ စားသုံးကုန် အ တွက် ဈေးကွက်ထိုးဖောက်ရေးမှာ အရေးကြီးတာက မိမိက စားသုံးသူ/သုံးစွဲသူအားလုံးကို လိုက်မရောင်းနိုင်တဲ့အတွက် သူတို့ဈေးဝယ်လေ့ရှိတဲ့(တနည်း) သူတို့ကို အနီးကပ်ရောင်းချပေးနေတဲ့ဆိုင်တွေကနေ တဆင့်ရောင်းချခြင်းဖြင့် မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် လူသိများပြီး ရောင်းအားကောင်းလာစေရမှာ ဖြစ်ပါတယ်။


စတိုးဆိုင်တွေက စားသုံးသူ/ သုံးစွဲသူနဲ့ အမြဲတိုက်ရိုက်ထိတွေ့ နေရတဲ့ဆိုင်အမျိုး အစားဖြစ်လို့ စတိုးဆိုင် တွေ က မိမိ ရဲ့ ပစ္စည်းရောင်းကောင်းစေဖို့အတွက် အလွန်အားထားရတဲ့ ဆိုင်အမျိုးအစားဖြစ်ပါတယ်။ မြန်မာပြည်မှာ လက် လီရောင်းချတဲ့ နေရာမှာ တခြားအားထားရတဲ့ လက်ဖက်ရည်ဆိုင်ဆိုတဲ့ ဆိုင်အမျိုးအစားတစ်မျိုး ရှိသေးပေမယ့် ဒီဆိုင် က လူသုံးကုန်စားသုံးကုန် (Consumer Goods) အမျိုးအစားအားလုံးရောင်းချဖို့အတွက် သင့်တော်တဲ့ ဆိုင်အမျိုးအစား တော့ မဟုတ်ပါဘူး။ 


စတိုး (Convenience Store)၊ ကွမ်းယာဆိုင် (Betel Nut Store)၊ ကုန်ခြောက်ဆိုင်/ ကုန်မျိုးစုံဆိုင် (Grocery Store) စသဖြင့် စတိုးဆိုင်အမျိုးအစားလို့ သတ်မှတ်လို့ရတဲ့ ဆိုင်များစွာရှိပါတယ်။ စတိုးဆိုင်တွေရဲ့ ရည်ရွယ်ချက်က ဆိုင်နီးနား ပတ်ဝန်းကျင်က စားသုံးသူ/ သုံးစွဲသူ တို့ ရုတ်တရက်လိုအပ်တဲ့ စားသုံးကုန်/ လူသုံး ကုန်တွေကို အလွယ် တ ကူဝယ်ယူရရှိနိုင်အောင် ဖွင့်ထားတဲ့ သဘောရှိပါတယ်။ အင်္ဂလိပ်ဘာသာစကားအရ ပစ္စည်းတွေကို စားသောက်ဆိုင်မှာ လို ချက်ခြင်း မှာယူပြီးထိုင်စားတဲ့ ဆိုင်မဟုတ်တဲ့၊ နောင်အခါ စားသုံးဖို့၊ အသုံးပြုဖို့ လိုအပ်တဲ့ ပစ္စည်းတွေ (Future Consumption) ကို ထားသိုရောင်းချတဲ့ ဆိုင်တိုင်းကို စတိုးလို့ ခေါ်ဆိုနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ မြန်မာအယူ အဆအရခေါ်ဆိုတဲ့  စတိုးဆိုင်များကိုသာ ဆိုလိုတာဖြစ်ပါတယ်။


မိသားစု တော်တော်များများက တစ်လစာတစ်ပတ်စာ လိုအပ်တဲ့ စားသုံးကုန်/ လူသုံးကုန်တွေကို ရပ်ကွက် ဈေး၊ လက်ကားဆိုင်ကြီး သို့မဟုတ် စူပါမတ်ကက်တွေမှာ ဝယ်ယူလေ့ရှိပါတယ်။ အဲ့ဒီကမှ တချို့စားသုံးကုန်/ လူသုံး ကုန်ပစ္စည်းတွေက နောက်ထပ်ဝယ်ယူဖို့ အချိန်မတိုင်မီမှာ ကုန်သွားတာတို့၊ တစ်လစာ/ တစ်ပတ်စာ ဝယ်တုန်းက မေ့ကျန်ခဲ့တာတို့ ဖြစ်တဲ့ အခါ မိမိနေအိမ် အနီးအနားမှာ ရှိတဲ့ စတိုးဆိုင်တွေမှာ အလွယ်တကူ ဝယ်ကြတာဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏကုန်ပြီး မကြာ ခဏ ဝယ်ရပေမယ့် ဆိုင်ကြီးတွေမှာ သွားဝယ်မနေတော့တဲ့ ပေါင်မုန့်၊ အဆာပြေ မုန့်ပဲသွားရည်စာ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်/ တီးမစ် စတာတွေကိုကျ စတိုးဆိုင်တွေမှာ ဝယ်ယူလေ့ရှိပါတယ်။ နောက်ပြီး လက်လီစိတ် ဝယ်တတ်တဲ့ သူတွေ အတွက် ခေါင်းလျှော်ရည်ထုတ်၊ ရေချိုးဆပ်ပြာ၊ သွားတိုက်ဆေး၊ တို့လို တစ်ကိုယ်ရည်သုံး ပစ္စည်းတွေတို့သာမက စီးကရက်၊ အချိုရည် စတာတွေကိုလည်း ဒီစတိုးဆိုင်တွေမှာ ပဲ ဝယ်ယူလေ့ရှိ ကြပါတယ်။  ဒီလို သက်သောင့်သက်သာ အဆင်ပြေပြေ ဝယ်ယူနိုင်လို့ ဒီလို စတိုးဆိုင်တွေကို အင်္ဂလိပ်လို Convenience Store လို့ ခေါ်ဆိုတာဖြစ်ပါတယ်။ 


စတိုးဆိုင်တွေက စားသုံးသူ/ သုံးစွဲသူများရဲ့ လက်တကမ်းမှာ မိမိရဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် များ အလွယ် တကူ ဝယ်ယူရရှိစေနိုင်ရေး ဆိုတဲ့ ဈေးကွက်ထိုးဖောက်ရေးသမား တို့ ရဲ့ လုပ်ငန်းဦးတည် ချက် ထဲက အရေးကြီးတဲ့ အချက်တစ်ချက်ကို ပြည့်မီစေရေး အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေ ပါတယ်။ ဈေးကွက်ထိုးဖောက်သူ- စတိုးဆိုင် နဲ့ စားသုံးသူ/ သုံးစွဲသူ တို့ သုံးဦးသုံးဖလှယ် အပြန်အလှန် ကျေးဇူးပြု အားထားလို့ ရတဲ့ ဆိုင်အမျိုးအစား ဖြစ်ပါတယ်။ 


ဒီနေ့ခေတ်မှာ စတိုးဆိုင်တွေက နေရာတိုင်းလိုလိုမှာ ရှိတတ်ပါတယ်။ လမ်းထောင့်တွေ၊ လူစည်းကားတဲ့ လမ်း ဆုံလမ်းခွတွေ၊ ဈေးနား ကျောင်းနားတွေ စသဖြင့်ပေါ့။ စတိုးဆိုင်တွေကို ပင်စင်စားအဖိုးကြီး၊ အဖွားကြီးတွေဖွင့် လေ့ ရှိလို့  Mom and Pop Store (ဘိုးဘွားဆိုင်) လို့ နိုင်ငံခြားမှာ ခေါ်တတ်ကြပါတယ်။ အခုကာလမှာတော့ မိသားစု တစ် နိုင်တစ်ပိုင် စတိုးဆိုင်လေးတွေတင်မကတော့ပဲ၊ Chain Store လို့ ခေါ်တဲ့ စတိုးဆိုင် အုပ်စုကြီးတွေက ဆိုင်ခွဲတွေ နေရာ အနှံ့မှာဖွင့်တဲ့ ယဉ်ကျေး မှုထိုးဖောက်လာပြီမို့ G&G, 1Stop Mart, City Express, ABC စသဖြင့် CVS လို့ ကုမ္ပဏီတွေက အတိုကောက် ခေါ်တဲ့ Convenience Store တွေ အများကြီးပေါ်ပေါက်လာပါပြီ။ ဈေးကွက်အနေအထားအရ တစ်နေ ရာမှာ CVS groupတစ်ခုရှိရင် ကျန် CVS တွေကလည်း အနီးကပ်လိုက်ဖွင့်တတ်ပါတယ်။ ဆိုင်တိုင်းလိုလိုကလည်း ရောင်းကောင်းတတ်ပါတယ်။ ထားတဲ့ ကုန်ပစ္စည်း အမျိုးအစားတွေတူကြပေမယ့်၊ အချို့ ကုန်ပစ္စည်းတွေရဲ့ အမှတ်တံ ဆိပ်တွေကတော့ ကွဲပြားတတ်ပါတယ်။ 


ဒီလို အခြေအနေမှာ ဌာနေတစ်သီးပုဂ္ဂလိကပိုင် စတိုးလေးတွေအတွက် စိန်ခေါ်မှု များတတ်ပေမယ့်၊ သူတို့က နယ်ခံတွေမို့လို့ သူ့မိတ်နဲ့သူရှိပြီး၊ သူတို့ လည်း ရောင်းကောင်းတတ်ပါတယ်။ CVS အုပ်စုအားလုံးက Checkout ငွေရှင်း ကောင်တာမှာ POS စနစ်လို့ခေါ်တဲ့ ကွန်ပြူတာစက်တွေနဲ့ ငွေရှင်းရတဲ့ စနစ်ကျင့်သုံးကြပြီး၊ ဘဏ်အများစုရဲ့ Credit/ Debit Card တွေနဲ့ ငွေရှင်းလို့ရပါတယ်။ ဒီစနစ်ကိုတော့ မိသားစု စတိုးလေးတွေအားလုံးက လိုက်လုပ်ဖို့ မတတ်နိုင် သေးပေမယ့် ဂဏန်းပေါင်းစက် နဲ့ တွက်တဲ့ ရိုးရာငွေချေ စနစ်နဲ့လည်း အဆင်ပြေနေပါတယ်။ စတိုးဆိုင်ပုံစံ နှစ်မျိုး စလုံးကတော့ ပစ္စည်းတင်တဲ့စင်မှာ ကြိုက်တာရွေးယူပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းရတဲ့ စနစ်ကိုအသုံးပြုတာ အတူတူပါပဲ။ 


ပြောခဲ့တဲ့ အတိုင်း စတိုးဆိုင်တွေက လူစည်ကားတဲ့ နေရာ၊ လမ်းဆုံလမ်းခွတွေမှာ အဓိကနေရာ ယူကြသလို၊ ရပ်ကွက်တွင်း၊ လမ်းတွင်းတွေမှာ လည်းရှိတတ်ကြပါတယ်။ ဒီနေရာမှာ Place အနေအထားအရ သွားခလုတ် လာ ခလုတ်တိုက်နိုင်တဲ့ နေရာဖြစ်ရင် ပိုရောင်းကောင်းမှာပေါ့။ ဝယ်သူတွေ အလွယ်တကူ ဝင်ထွက်သွားလာ နိုင်တဲ့ (တကူး တကသွားရတဲ့နေရာမဟုတ်တဲ့) နေရာမှာ ရှိရင် ပိုရောင်းကောင်းမှာပေါ့။ ဆိုင်အနေအထားက သိပ်အကြီးကြီးမဟုတ်ပဲ၊ ဆိုင်တင်ပစ္စည်းထားဖို့ စင်တွေလောက်လောက်ငှငှ ထားပြီး လူဝင်ထွက် သိပ်မကြပ်တဲ့ အနေအထားပဲ ရှိတတ်ပါတယ်။ မိသားစု စတိုးဆိုင်၊ အိမ်ဆိုင်တွေမှာတော့ ဆိုင်မကျယ်တဲ့ အတွက် ဝယ်သူက ဆိုင်တွင်းမဝင်ရပဲ ဆိုင်အပေါက်ဝကပဲ လိုတာမှာယူ ငွေချေတာမျိုး ရှိတတ်ပါတယ်။ 


ဆိုင်ဖွင့်တဲ့ အချိန်ကလည်း ခုနက ပြောတဲ့ Chain Store (ကုမ္ပဏီ တစ်ခုထဲက ကွင်းဆက် ဆိုင်ခွဲများ) တွေ ကျ အရင်က တစ်ပတ်မှာ ၇ရက် တစ်ရက်ကို ၂၄ နာရီ ပိတ်ချိန်မရှိ၊ ပိတ်ရက်မရှိ 24/7 ဖွင့်ကြပါတယ်။ မိသားစု စတိုးဆိုင်၊ အိမ်ဆိုင်လေးတွေကတော့ မနက်စောစောကနေ ည ၉နာရီ ၁၀ နာရီလောက်အထိဖွင့်တတ်ကြပါတယ်။ ရည်ရွယ်ချက် က Convenience Store (CVS) ဆိုတဲ့ နာမည်အတိုင်း စားသုံးသူ အလိုရှိတဲ့ အချိန် သက်သောင့်သက်သာ အလွယ် တကူ ဝယ်နိုင်စေဖို့ ဖြစ်ပါတယ်။ 


စတိုးဆိုင်တွေမှာ ထားရှိသင့်တဲ့ (‌ရောင်းလေ့ရှိတဲ့) ပစ္စည်းတွေကတော့-


- ပါကင်ထုတ်ထားတဲ့ အသင့်စား (Instant) စားသောက်စရာများ - ခေါက်ဆွဲခြောက်ထုတ်၊ ကြာဇံခြောက်ထုတ်၊ ကော်ဖီမစ်၊ တီးမစ်၊ လက်ဖက်နဲ့ နှစ်ပြန်ကြော်၊ လက်ဖက်ခြောက် စသည်များ)


- အဆာပြေစားစရာနဲ့ အချိုရည်များ (ဘီစကစ်မုန့်၊ ပေါင်မုန့်၊ ကိတ်မုန့်၊ ကိုလာ၊ လိမ္မော်၊ စပါကလင် စသည်များ)


- မီးဖိုချောင်သုံး၊ အိမ်သုံး၊ တစ်ကိုယ်ရည် ကျန်းမာရေးသုံးပစ္စည်း၊ (အချိုမှုန့်၊ ဟင်းခတ်

အမွှေးအကြိုင်၊ ဘောပင်၊ ဂက်စ် မီးခြစ်၊ ဖယောင်းတိုင်၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဘော်ဒီလိုးရှင်း၊ ဘော်ဒီစပရေး၊ မုတ်ဆိတ်ရိတ်ဓား၊ တစ်ရှူး၊ လစဉ် သုံးပက် စသည်များ)


- စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ အရက်၊ ဘီယာ


- အိမ်သုံးဆေးဝါးများ (ပါရာစီတမော အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အစာကြေဆေး၊ အရက်ပျံ၊ နားကြပ်ဂွမ်း၊ ကွန်ဒုံး စသည်)


- အချို့ စတိုးဆိုင်တွေမှာ ဖုန်းငွေဖြည့်ကဒ်၊ YBS ကားခပေးကဒ်၊ ထီလက်မှတ် တွေပါရောင်းချတတ် ပါတယ်။  


ဒီစတိုးဆိုင်အကြောင်းရှင်းပြနေရတဲ့ အကြောင်းရင်းက ဈေးကွက်ထိုးဖောက်ရေး သမားတွေ ဟာ မိမိ ဝင် ရောက်မယ့် ဆိုင်ရဲ့ သဘာဝကို သေသေချာချာ သိထားရင် သူတို့ဆီကို ရောင်းချတဲ့ အခါမှာ ဘယ်အချက်တွေ ပေါ်မူတည်ပြီးပြောဆို စည်းရုံးမယ်၊ ဘယ်ပစ္စည်းတွေကို ရောင်းချမယ်၊ ဘယ်အချိန်မှာ ပစ္စည်းပို့‌ဆောင်ရမယ်၊ ဆိုင်တွင်း ပစ္စည်းစီရီတဲ့ အခါမှာ မြင်ကွင်းကောင်းတဲ့ နေရာမှာ စွဲဆောင်မှုကောင်းပြီး အလွယ်တကူ ယူဆောင်နိုင်အောင် မိမိ ပစ္စည်းကို ဘယ်လို ခင်းကျင်းမလဲ၊ ဆိုင်တွင်းပရိုမိုးရှင်းလုပ်တဲ့အခါမှာ ဆိုင်အတွက်ရော စားသုံးသူ/ သုံးစွဲသူတွေ အ တွက်ပါ ထိရောက်ပြီး သူတို့လိုလားတဲ့ ဘယ်လိုပရိုမိုးရှင်းမျိုး လုပ်မလဲ၊  ဝယ်ယူတဲ့အခါ စိတ်လှုပ်ရှား အမှတ် တရဖြစ်အောင် ဘာလုပ်ပေးမလဲ စတာတွေကို စဉ်းစားပြီး ဗျူဟာဆွဲနိုင်တဲ့ အတွက် မိမိ ‌ရောင်းအားကောင်းအောင်၊ ပြိုင်ဖက် များထက်သာအောင် လုပ်ယူနိုင်မှာ ဖြစ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ 


နောက်တစ်ချက်က စတိုးဆိုင် တိုင်းဟာ သူတို့ရဲ့ နေရာအကျယ်အဝန်းအပေါ်မှာ ငွေပိုရ‌အောင် ဘယ် လိုလုပ်မလဲ ဆိုတဲ့ Space Management ကို သိပ်နားမလည်ကြပါဘူး။ ကိုယ့်ဆိုင် အကျယ်အဝန်းက အကန့်အသတ်နဲ့ရှိတဲ့ အတွက် ရောင်းကောင်း/ အရောင်းသွက်တဲ့ ပစ္စည်းတွေကို ဝယ်သူရဲ့ Eye Level & Arm Level မှာ မျက်စိပသာဒ ဖြစ်ပြီး စွဲဆောင်မှုရှိအောင်ဘယ်လို လုပ်မလဲ၊ အရောင်းနှေးတဲ့ ပစ္စည်းတွေကို ဘယ်လို စီမံမလဲ စတဲ့လုပ်နည်းတွေကို မသိကြ ပါဘူး၊ မိမိ က အဲ့ဒီအချက်ကို တိုးတက်အောင် လုပ်ပေးနိုင်ရင် သူ့ဝင်ငွေပိုကောင်းလာ တဲ့ အတွက်၊ သူ့ဆိုင်ကို ပိုလှအောင်ခင်း ကျင်းနိုင်တဲ့အတွက် မိမိ နဲ့ ခင်မင်ရင်းနှီးမှု ပိုရလာနိုင်ပါတယ်။ ဝယ်သူတွေကလည်း မိမိပစ္စည်းကို ခမ်းခမ်း နားနား လှလှပပမြင်ရတဲ့အတွက်၊ အလွယ်တကူ ဝယ်ယူတဲ့ အလေ့အကျင့်ဖြစ်လာပြီး ရေရှည်မြဲတဲ့ သစ္စာရှိ စားသုံးသူ/ သုံးစွဲသူ တွေ ဖြစ်လာမှာ မလွဲပါဘူး။


အောက်က အချက်တွေကတော့ သင့်စတိုးဆိုင် ဖောက်သည်ကို အကြံပေးရင်း နဲ့ သူရော သင်ရော ရောင်း ကောင်းကြ သလို ဝယ်သူတွေလည်း သူတို့ လိုချင်တာကို အလွယ်တကူနဲ့ ရှာတွေ့ ဝယ်ယူနိုင်တဲ့ အပြင် ဆိုင်က ဝန် ထမ်းလေးတွေလည်း သူတို့အလုပ်ကို လွယ်ကူချောမော မြန်ဆန်စွာ လုပ်နိုင်မယ့် Win-Win လုပ်ငန်းစဉ် လေးတွေ ဖြစ်ပါတယ်။


၁) ပစ္စည်းကို စနစ်တကျစီခြင်းဖြင့် မိမိနေရာကို အစွမ်းကုန် အသုံးချပါ - 


မိမိ ဆိုင်ထဲမှာ လျှောက်ဝယ်ကြတဲ့ ဝယ်သူတွေ အေးအေးလူလူ ပစ္စည်းရှာဖွေ ဝယ်ယူနိုင်အောင် ပစ္စည်းတင်စင် တွေ ကို လူဝင်လူထွက် ကောင်းအောင် ထားရှိဖို့ နဲ့ ပစ္စည်းတွေကို စနစ်တကျ စီရီတင်ထားရှိဖို့လိုပါတယ်။ ဝယ်သူတွေ အဝင်ရော အထွက်မှာပါ တွေ့မြင်ထိတွေ့နိုင်မယ့် နေရာမှာ ရောင်းအကောင်းဆုံး ပစ္စည်းတွေကို စီရီ တင်ပြထား သင့်ပါတယ်။ 

ပစ္စည်းတင်စင်တွေကို အမျိုးအစားတူပစ္စည်းတွေ အမျိုးအစားအလိုက် စီရီတင်ထားရှိခြင်း ဖြင့် ဝယ်သူတွေ သူတို့ လိုချင်တဲ့ ပစ္စည်းအမျိုးအစားဘယ်မှာ ရှိတာကို အလွယ်တကူ သိနိုင်ဝယ်ယူနိုင်စေ ပါတယ်။


၂) ပစ္စည်းတွေကို ရောင်းအားအလိုက် ဒေါင်လိုက်စီပြီး နေရာကို ပိုထိရောက်အောင် အသုံးချပါ - 


စင်တွေကို ပစ္စည်း အုပ်စုအလိုက် ခွဲခြား စီရီခင်းကျင်းတဲ့ နည်းတူ ဒေါင်လိုက်နေရာ အတွင်းမှာ ပစ္စည်းတွေကို စီတဲ့ နည်းကလည်း နေရာကို စီမံ (Space Management) ရာမှာ ပိုမိုထိရောက်အောင် လုပ်ဆောင်နိုင်ပါတယ်။


အရောင်းသွက်၊ ရောင်းအားကောင်းတဲ့ အမှတ်တံဆိပ် (Market Leader) ကို စင်ရဲ့ မျက်စေ့ အမြင်နဲ့ တတန်း တည်းနေရာ (Eye Level) နဲ့ လက်နဲ့ အလိုက်သင့်ယူနိုင်တဲ့ နေရာ (Arm Level) မှာ စီပြီး၊ သူ့လောက်ရောင်းမကောင်း တဲ့ ပစ္စည်းတွေကို ‌အပေါ် နဲ့ အောက်ဖက်တွေမှာ ရောင်းအား အလိုက် တစ်ဆင့်ခြင်း စီသွားခြင်းက နေရာမပုတ်ဘဲ ထိရောက်တဲ့ ပစ္စည်းတင်စီနည်းဖြစ်ပါတယ်။ ‌


နောက်ပြီးရောင်းအားကောင်း အရောင်းသွက်တဲ့ ပစ္စည်းတွေကို ပစ္စည်းတင်စင်ရဲ့ Facing လို့ခေါ်တဲ့ မျက်နှာ စာမှာ အရည်အတွက်များများ ဘေးတိုက်နေရာပေးပြီးစီရမှာ ဖြစ်ပါတယ်၊ ဥပမာ စင်မျက်နှာစာက ဘူးပေါင်း ၃၀ စီနိုင် တယ် ဆိုပါစို့၊ ‌အရောင်းသွက်ရောင်းအားကောင်းတဲ့ ပစ္စည်းက ၆ဘူးနဲ့ အများဆုံးနေရာယူ ထားသင့်ပြီး ကျန်တဲ့ ပစ္စည်း တွေကို ဒုတိယ၊ တတိယ ရောင်းအကောင်းဆုံးစသဖြင့် ‌ရောင်းအားအလိုက် ၂ဘူး၊ ၃ဘူး နေရာပေးစီရမှာ ဖြစ်ပါတယ်။ ဒီတော့ ရောင်းအားအကောင်းဆုံး အမှတ်တံဆိပ် ကို မျက်နှာစာ ၆ဘူး X အနောက်ကို ၄ဘူး (စုစုပေါင်း ၂၄ ဘူး) စီထား တယ်လို့ အဲ့ဒီစင်မှာ တာဝန်ကျတဲ့ ဆိုင်ဝန်ထမ်းလေးက သိထားတဲ့ အတွက်၊ ဘယ်နှစ်ဘူးရောင်းကုန်သွားပြီး ဘယ်နှစ်ဘူးပြန်ဖြည့်ရမယ် ဆိုတာကို ကြည့်ရုံနဲ့ သိနိုင် စီစဉ်နိုင်မှာ ဖြစ်ပါတယ်။ 


နောက်ပြီး ပစ္စည်း အသေးလေးတွေ၊ အထုတ်သေးလေးတွေ (ဥပမာ ခေါင်းလျှော်ရည်ထုတ်) ကိုတော့ စင်ပေါ် မှာ တင်စီမနေပဲ စင်ဘေးမှာ တွဲလွဲချိတ်ဆွဲထားတာဖြစ်ဖြစ်၊ ဘုတ်ပြားပေါ်မှာ အပေါက်ဖောက်ပြီး အပေါက်ထဲ ကနေ တွဲလွဲချိတ်ဆွဲပြီးဖြစ်ဖြစ်ထားခြင်းဖြင့် နေရာမပုတ်ဘဲ ခင်းကျင်းရောင်းချနိုင်မှာ ဖြစ်ပါတယ်။ 


၃) ပစ္စည်း သိုလှောင်ထားရှိမှုကို စနစ်တကျ စီစဉ်ပါ - 


အပေါ်မှာ ပြောခဲ့သလို စတိုးဆိုင်တွေက သိပ်မကျယ် သလို၊ နေ့စဉ်ရောင်းချရမယ့် ပစ္စည်းတွေကို ကြိုတင်ယူ ထား ပြီး သိုလှောင်တဲ့ နေရာကလည်း သိပ်မကျယ်တတ်ပါဘူး။  ဆိုင်မှာရောင်းချနေရင်း ပစ္စည်းပြတ်တာမကြုံဖို့နဲ့ ပစ္စည်းလိုတာထက်အများကြီးပို သိုလှောင်ထားမိတာမျိုးလည်း မဖြစ်ဖို့ ရောင်းအား အလိုက်လိုအပ်တဲ့ အရေအတွက်ကို ကြိုတင်မှာယူ သိုလှောင်ထားရှိဖို့လိုပါတယ်။ 

နောက်ထပ် အင်မတန် အရေးကြီးတဲ့ အချက်ကတော့ ထားရှိရောင်းချတဲ့ ပစ္စည်းတွေရော သိုလှောင်ထားတဲ့ ပစ္စည်းတွေပါ လတ်ဆတ်ပြီး သက်တမ်းမကုန်သေး၊ သက်တမ်းဝေးတဲ့ ပစ္စည်းတွေဖြစ် ဖို့ လိုပါတယ်။ ဒီအတွက် စင် ပေါ်တင်ရောင်းချတဲ့ နေရာမှာ ဒိတ်နည်းနည်းဝေးတဲ့ ပစ္စည်းတွေက အနောက်မှာထားပြီး ဒိတ်နီးတဲ့ ပစ္စည်းတွေကို အ ရှေ့မှာ ထားပြီးစီဖို့လိုပါတယ် (ဒါမှ သက်တမ်းကုန်ဖို့နီးတဲ့ ပစ္စည်းကို အရင်ဝယ်သွားမိစေမှာ ဖြစ်ပါတယ်)။ FIFO လို့ ခေါ်တဲ့ အရင်ရောက်တဲ့ ပစ္စည်းကို အရင်ရောင်းတဲ့ စနစ် (First In First Out) ထက် FEFO (First Expiry Fist Out) သက်တမ်း အရင်ကုန်မယ့်ပစ္စည်းကို အရင်ရောင်းတဲ့ စနစ်ကို ကျင့်သုံးပြီး ကိုယ်ရောင်းချမယ့် ပစ္စည်းတွေ သက်တမ်း ကောင်းပြီး အမြဲလတ်ဆတ် နေအောင် ကြိုးစားဖို့လိုပါတယ်။ အထူးသဖြင့် ပေါင်မုန့်တို့၊ ကိတ်မုန့်တို့လို သက်တမ်းအ လွန်နည်း၊ ပျက်စီးလွယ်တဲ့ စားသောက်ကုန် တွေကို အမြဲလတ်ဆတ်အောင် အထူးဂရုပြု သတိထားလဲလှယ် ဖို့လိုပါ တယ်။ 


စတိုးဆိုင်တွေရောင်းကောင်းအောင် နောက်ထပ် အကြံပေးနိုင်တဲ့ အချက်တွေကတော့- 


Cross Channel Promotion လို့ခေါ်တဲ့ တွဲဖက်ဖြစ်တဲ့ ပစ္စည်းတွေကို နီးနီးကပ်ကပ် စီထားပြီး၊ အဲ့ဒီ ပစ္စည်း တွေကို တွဲဝယ်ဖို့ လှုံ့ဆော်တဲ့နည်း၊ တွဲဝယ်ရင် ဈေးလျော့ပေးပြီးရောင်းချတဲ့နည်းတွေနဲ့ မြန်မြန်နဲ့ များများရောင်း ချ‌ အောင် စီစဉ်နိုင်ပါတယ်။


Eye Level is Buy Level ဆိုတဲ့ စကားလို များများ မြန်မြန် ရောင်းချင်တဲ့ ပစ္စည်းကို ပိုပြီးမြင်သာတဲ့ နေရာမှာ ထင်းထင်းရှင်းရှင်းမြင်အောင်သီးခြား ခင်းကျင်းစီရီထားရမှာ ဖြစ်ပါတယ်။ ပစ္စည်းထားစင်ရဲ့ end cap လို့ခေါ်တဲ့ အစွန် ဆုံးနေရာမှာ အလှအပဆင်ပြီးထားသင့်ပါတယ်။ 


အချို့ပစ္စည်းတွေက ဝယ်သူနဂိုလာတုန်းက ဝယ်ဖို့စဉ်းစားထားတဲ့ စာရင်းထဲမှာမပါဘဲ မြင်မှချက်ခြင်း ဝယ်ဖို့ သတိရစေတာမျိုး၊ ဝယ်ချင်စိတ်ပေါက်လာစေတာမျိုးဖြစ်တတ်ပါတယ်၊ အဲ့လို ပစ္စည်းတွေကို Impulse Zone (ရုတ်တ ရက်ဝယ်ယူမိစေတဲ့ ဇုန်) လို့ ခေါ်တဲ့ ငွေရှင်းကောင်တာနားမှာ ထားရှိစီရီခင်းကျင်းထားခြင်းဖြင့် ရောင်းရစေနိုင်ပါတယ်။ (ဥပမာ- စီးကရက်၊ မီးခြစ်၊ တစ်ရှုးထုတ်၊ အချိုရည်၊ ဓာတ်ခဲ၊ မုတ်ဆိတ်ရိတ်ဓား၊ သကြားလုံး၊ ပီကေ စသည်များ)

လင်းလင်းချင်းချင်းရှိခြင်းနဲ့ အလင်းပေးဆိုင်းဘုတ်တွေ (small light box, neon light, LED Light) ထားရှိတာ ကလည်း ပစ္စည်းကိုဝယ်ချင်လာအောင် စွမ်းဆောင်နိုင်ပါတယ်။ ရာသီအလိုက်၊ပွဲတော်အလိုက် ပရိုမိုးရှင်းရောင်းချတဲ့ ပစ္စည်းတွေကို မြန်မြန်နဲ့ များများ အရောင်းထွက်အောင် မီးရောင်လှလှထွန်း ထားတာမျိုး၊ မီးရောင်ပါတဲ့ ဆိုင်းဘုတ်နဲ့ ပရိုမိုးရှင်းကြော်ငြာတာမျိုးလုပ်ရင် ပိုမိုဆွဲဆောင်နိုင်ပြီး ရောင်းကောင်းစေမှာ ဖြစ်ပါတယ်။ ပစ္စည်းတွေကို Display ကောင်းကောင်း နဲ့ များများ ခင်းကျင်းစီရီပြီး၊ ခုနပြောတဲ့ အလင်းရောင် Lighting ထိုးပြပေးမယ် ဆိုရင် ကျိန်းသေပေါက် ရောင်းကောင်းမှာဖြစ်ပါတယ်။  


Convenience Store (CVS) လို့ခေါ်တဲ့ စတိုးဆိုင်တွေရဲ့  အားသာချက်တွေဖြစ်တဲ့ လူစည်တဲ့ နေရာမှာ ဖွင့် လှစ်ထားခြင်း၊ အလွယ်တကူ အဆင်ပြေပြေဝယ်ယူနိုင်တဲ့ ဆိုင်ဖြစ်လို့ ဝယ်သူတွေမကြာခဏ လာရောက်ဝယ်ယူပြီး အရောင်းသွက် ရောင်းအားကောင်းတဲ့ ဆိုင်တွေဖြစ်ခြင်း၊ Chain Store နာမည်ကြီး စတိုးဆိုင်အုပ်စု ဖြစ်ရင် ခေါင်ထိ အကုန် ဆိုသလို ရုံးချုပ်တစ်နေရာမှာ ဆွေးနွေးပြီးသဘောတူညီချက်ရတာ နဲ့ ဆိုင် ၁၀၀ ကျော်ရှိတဲ့ သူတို့ရဲ့ ဆိုင် အားလုံးမှာ မိမိ ကုန်ပစ္စည်း အမှတ်တံဆိပ်အားလုံးကို တင်ရှိရောင်းချနိုင်ခြင်း၊ စတဲ့ အားသားချက်တွေကြောင့် အား ထားသင့်တဲ့ ဆိုင်အမျိုးအစားဖြစ်လို့ အရောင်းမဟာမိတ်ဖွဲ့ပြီး ရေရှည် လက်တွဲ အလုပ်လုပ်ခြင်းဖြင့် လူသိများပြီး ရောင်းအားကောင်းတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ဖြစ်လာအောင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

                                                                                                                              

မေတ္တာဖြင့်- 

                                                                                                                        

သက်ထွန်း (သျှမ်း)


#OpinionLeadersMedia


#Article

No comments: