Friday, January 24, 2020

ဝက်နံရိုးမီးတောက် - ပဲပြားနှင့် ဝက်အူချောင်းခရုဆီဟင်း - မုန်ညင်းဝက်သားလိပ်ဟင်း

မုန်ညင်းဝက်သားလိပ်ဟင်း
-------------------------------


 ဒီဟင်းလျာကတော့ ထူးထူးခြားခြား လက်စွမ်းပြ ချင်တဲ့ အိမ်ရှင်မတွေအတွက် သင့်တော်တဲ့ ဟင်းလျာ တစ်ပွဲပါ။

ပါဝင်ပစ္စည်းများ
• မုန်ညင်းဖြူ  -  ၇  ရွက်
• ဝက်သားစဉ်းကော  -  ၁၅၀ ဂရမ်
• ကြက်သွန်နီ  -  ၁ လုံး
• ကြက်သွန်မြိတ်  -  အနည်းငယ်
• ဆီ  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ခရုဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• ပဲငံပြာရည်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
 အကြည်/ အနောက်
• ကော်မှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• ချင်း  -  အနည်းငယ်
• ငရုတ်သီးအနီ  -  ၁ တောင့်
• ငရုတ်ချဉ်အနှစ်  -  စားပွဲဇွန်း ၂ ဇွန်း
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• တရုတ်မဆလာ  -  အနည်းငယ်

ပြုလုပ်နည်း
   ၁။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။
   ၂။ ချင်းကို အမျှင်လေးတွေ လှီးထားပါ။
   ၃။ ကြက်သွန်မြိတ်ကို လှီးပါ။
   ၄။ ငရုတ်သီးအနီကို ပါးပါးလှီးပါ။
   ၅။ ကြက်သွန်နီကို နုပ်နုပ်စဉ်းပါ။
   ၆။ ဝက်သားစဉ်းကောသားကို နုပ်နုပ်စဉ်းထားသော ကြက်သွန်နီ၊ တရုတ်မဆလာ၊ ငရုတ်ကောင်းမှုန့်၊
ဆား၊ သကြား၊ ပဲငံပြာရည်အကြည်၊ ကော်မှုန့်နှင့်
ဆီ အနည်းငယ် ထည့်ပြီး နှံ့အောင် နယ်ပါ။
   ၇။ မုန်ညင်းရွက်ကို ဆား အနည်းငယ်ထည့်ပြီး ရေနွေး ဖြောထားပါ။
   ၈။ ရေနွေးဖြောထားသော မုန်ညင်းရွက်များကို ရေအေး ထဲမှာ စိမ်ထားပါ။
   ၉။ အရသာနယ်ထားသော ဝက်သားများကို ရေနွေးဖြော ထားသော မုန်ညင်းရွက်ထဲ ထည့်ပြီး လိပ်ပါ။
၁၀။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
၁၁။ ဆီပူလာလျှင် ကြက်သွန်ဖြူနှင့် ချင်းထည့်ပြီး ဆီသတ်ပါ။
၁၂။ အနံ့မွှေးလာလျှင် ပဲငါးပိစပ်အနှစ်၊ ခရုဆီ၊ ပဲငံပြာရည်အနောက်/အကြည်၊ ဆား၊ သကြား၊ ငရုတ်ကောင်း မှုန့်နှင့် တရုတ်မဆလာတို့ကို ထည့်ပြီး ဆီသတ်ပါ။
၁၃။ ရေ အနည်းငယ်ထည့်ပါ။
၁၄။ ရေဆူလာလျှင် လိပ်ထားသော မုန်ညင်းကို အထဲမှ ဝက်သားကျက်သည်အထိ နှပ်ပေးပါ။
၁၅။ ငရုတ်သီးအနှစ်နှင့် ကြက်သွန်မြိတ် ထည့်ပါ။
၁၆။ အရွက်လည်း ကျက်ပြီး၊ အသားလည်း နူးလာပြီဆိုလျှင် ကော်ရည်ကို ဖျော်ပြီး ထည့်ပါ။
------------------------------
Eant Wint Htut

ပဲပြားနှင့် ဝက်အူချောင်းခရုဆီဟင်း
-----------------------------------------


 ‌ဒီဟင်းလျာကတော့ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ဟင်းလျာတစ်ပွဲ  ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
• ပဲပြား  -  ၁ တုံး
• ဝက်အူချောင်း  -  ၃ ချောင်း
• ဆီ  -  အနည်းငယ်
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ပဲငံပြာရည် အကြည်/အနောက်  -  အနည်းငယ်
• ချင်း  -  အနည်းငယ်
• တရုတ်မဆလာ  -  အနည်းငယ်
• ခရုဆီ  -  စားပွဲဇွန်း ၁ ဇွန်း
• ကြက်သွန်ဖြူ/နီ  -  ၅၀ ဂရမ်
• ကြက်သွန်မြိတ်  -  အနည်းငယ်
• ကော်မှုန့်  -  အနည်းငယ်
• ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• တရုတ်နံနံ  -  အနည်းငယ်

ပြုလုပ်နည်း
     ၁။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။
     ၂။ ကြက်သွန်နီကို ပါးပါးလှီးပါ။
     ၃။ ချင်းကို အမျှင်များလှီးပါ။
     ၄။ ကြက်သွန်မြိတ်ကို အနေတော်လှီးပါ။
     ၅။ ဝက်အူချောင်းကို အနေတော် အတုံးလေးများ လှီးပါ။
    ၆။ ပဲပြားကို အနေတော်အတုံးလေးများ လှီးပါ။
     ၇။ လှီးထားသော ပဲပြားကို ကော်မှုန့်၊ ဆားနှင့် ငရုတ်ကောင်းမှုန့် ထည့်ပြီး နယ်ပါ။
    ၈။ ပဲပြားကို ဆီပူပူမှာြွကပ်အောင်ကြော်ပါ။
    ၉။ ပဲပြာြးွကပ်ပြီဆိုလျှင် ဆီစစ်ထားပါ။
၁၀။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ချင်းကို ဆီသတ်ပါ။
၁၁။ အနံ့မွှေးလာလျှင် ဝက်အူချောင်းများ ထည့်ပြီး ဆီသတ်ပါ။
၁၂။ ကြက်သွန်မြိတ်နှင့် တရုတ်နံနံ အနည်းငယ်ထည့်ပါ။
၁၃။ အရသာများအဖြစ် ပဲငံပြာရည်အနောက်/အကြည်၊ ခရုဆီ၊ ဆား၊ ငရုတ်ကောင်း မှုန့်၊ တရုတ်မဆလာ နှင့် သကြား အနည်းငယ် ထည့်ပါ။
၁၄။ ရေ အနည်းငယ် ထည့်ပါ။
၁၅။ ပြီးလျှင် ကြော်ထားသော ပဲပြားများကို ထည့်ပြီး နှပ်ထားပါ။
၁၆။ ကော်ရည်ထည့်ပါ။
----------------------------
Eant Wint Htut

ဝက်နံရိုးမီးတောက်
------------------------------

 ဒီလအတွက်တော့ အေးစိမ့်စိမ့်ရာသီလေးနဲ့လိုက်ဖက်မယ့် ရှူးရှဲ ဝက်နံရိုးမီးတောက်လေးကို ရွေးချယ်ချက်ပြုတ်ပေးထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ စားလေ့ရှိပြီး မြန်မာဘက်မှာလည်း လူကြိုက်များနေတဲ့ ဟင်းပွဲလေးကို ထမင်းနဲ့လည်း တွဲစားလို့ရသလို သူ့ချည်းပဲလည်း စားကောင်းတဲ့ ဟင်းပွဲလေးပါ။
 အဲဒီဟင်းရဲ့ အရသာလေးကတော့ ချဉ်စပ်လေးဖြစ်ပြီး အမွှေးအကြိုင်နိုင်နိုင်နဲ့ နံရိုးကို နူးအိနေအောင် ပြုလုပ်ထားပြီးမှ အရိုးပြုတ်ရည်ကို ချဉ်စပ်ဆော့စ်ပြန်လုပ်ပြီး တွဲဖက်စားရတာပါ။ ပရိသတ်တို့လည်း မြင်ဖူးနေကျဖြစ်ပေမယ့် အိမ်မှာ ကိုယ်တိုင်လည်း အလွယ်တကူ ချက်ပြုတ်နိုင်ဖို့ နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
• ဝက်နံရိုး  -  ၈ဝဝ ဂရမ်
• သံပရာသီး  -  ၃ လုံး
• ငရုတ်သီးစိမ်း  -  ၁ဝဝ ဂရမ်
• နံနံပင်  -  ၁ဝဝ ဂရမ်
• ကြက်သွန်မြိတ်  -  ၃၀ ဂရမ်
• ချင်း  -   ၅ ဂရမ်
• ကြက်သွန်ဖြူ  -  ၁၅ ဂရမ်
• စပါးလင်  -  ၂ ချောင်း
• ပတဲကော  -  ၁ တတ်
• ဆား  -  လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ရေ  -  ၃ လီတာ
• ပင်စိမ်း  -  ၅ ဂရမ်


ပြုလုပ်နည်း
၁။ ပေါင်းအိုးအခြေမှာ နံရိုးမလှသည်များထည့်ပြီး ရေ၊ ချင်း၊ ကြက်သွန်မြိတ်၊ စပါးလင်၊ ပတဲကောနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်၍  အပေါ်ဆန်ခါဆင့်မှာ နံရိုးအလှ များကို ဆားအနည်းငယ်လူးပြီး ၄၅ မိနစ်ခန့် နူးသည်အထိ ပေါင်းပါ။
၂။ နံရိုးများနူးပါက ဆယ်ယူပြီး ပေါင်းခံရည်ထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်း၊ ကြိတ်ထားသည်များ ထည့်ကာ သံပရာရည်ညှစ်ပြီး ဆော့စ်ရည်ကျဲကျဲ စပ်ပေးရ
ပါမယ်။
၃။ ထို့နောက် ပန်းကန်အလှထဲမှာ နံရိုးပေါင်းများထောင်ထားကာ အပေါ်မှ ဆော့စ်ရည် လောင်းပြီး နံရိုးမီးတောက်စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
-------------------------------
May Phyo Thi

No comments: