Friday, September 9, 2016

12-sign Zodiac or 13-sign Zodiac?

(၁၂)ရာသီလား၊ (၁၃)ရာသီလား?
12-sign Zodiac or 13-sign Zodiac?
==============================


အခု Facebook မှာ Share နေကြတဲ့ ရာသီခွင်အသစ် (၁၃) ရာသီ ဆိုတာ အခုမှ ပေါ်လာတဲ့ အယူအဆအသစ် မဟုတ်ပါဘူး။ NASA အတွက် အထူးအဆန်းကိစ္စ တစ်ခုလည်း မဟုတ်ပါဘူး။ အကြောင်းအရာ အဟောင်းကြီးဖြစ်ပါတယ်။ သတင်း Page စာမျက်နှာတွေမှာ ရေးကြလို့ အခုမှ လူတွေ သိလာကြတာဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀၀၀ အတွင်း ပထမဦးဆုံးဆိုတာ တောင်ပါပါတယ်။ Subject ကို နည်းနည်း အမွှန်းတင်ရေးကြတဲ့ သဘောပါ။

တကယ်ဆို ရာသီစက်က (၁၃) ရာသီတောင် မဟုတ်ပါဘူး။ (၁၄)ရာသီ တောင် ရှိပါတယ်။ ကျွန်တော်တို့ မသုံးကြတာပါ။ ရှင်းပြပါ့မယ်။

ရာသီစက်ဝန်း Zodiac ဆိုသည်မှာ နေသွားလမ်းကြောင်း Ecliptic ရဲ့ မြောက်ဖက် ၈ံဒီဂရီနဲ့ တောင်ဘက် ၈ံဒီဂရီအတွင်းမှာ တည်ရှိနေတဲ့ ကြယ်စုများကို ၃၀ံ ဒီဂရီကို ရာသီတစ်ခုအနေနဲ့ ရာသီ(၁၂)ခု ခွဲခြားပြီး မိဿရာသီကနေစပြီး မိန်ရာသီအထိ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး သိနေတာက ဒီ (12-sign Zodiac) ဖြစ်ပါတယ်။ ဒါက မူလ ရာသီစက်ဝန်း Main Theory ဖြစ်ပါတယ်။

Ophiuchus ကြယ်စုအကြောင်း
------------------------------------------

Ophiuchus (Oh-fee-YOU-cuss) နာမည်ရှိတဲ့ ကြယ်စုဟာ နဂါးငွေ့တန်း Milky Way ကြယ်စုရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ Aquila ကြယ်၊ Serpens ကြယ်နဲ့ Hercules ကြယ်များ အကြားမှာ တည်ရှိပါတယ်။ Ophiuchus ကြယ်စုရဲ့ တောင်ဘက်အခြမ်း ဟာ ဗြိစ္ဆာရာသီ Scorpius ရဲ့ အနောက်နဲ့ ဓနုရာသီ Sagittarius ရဲ့ အရှေ့ဘက်ကြားမှာ တည်ရှိပါတယ်။

Ohpiuchus “Serpent-bearer” ကြယ်စုကို ၁၉၃၀ ခုနှစ် ထဲက IAU (International Astronomical Union) က သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ophiuchus  ကြယ်စုရဲ့  သင်္ကေတကတော့ လူတစ်ယောက်က မြွေတစ်ကောင်ကို ဆုပ်ကိုင် ထားတဲ့ ပုံစံဖြစ်ပါတယ်။ Ohpiuchus ကြယ်စုမှာပါတဲ့ လူရဲ့ခြေထောက်များက နေသွားလမ်းကြောင်းကို ထိနေတာမို့ ဒီကြယ်စုကိုလည်း ရာသီစက်ဝန်းထဲ ထည့်သွင်းသင့်တယ်လို့ စတွေးကြတာကနေ ဒီရာသီကို ထည့်ပြီး ရာသီစက်ဝန်း Zodiac ကို နောက်လူတွေက တိုးချဲ့ချင်လာကြတာဖြစ်ပါတယ်။ ဒီလို အိုင်ဒီယာတွေက Modifiy Theory တွေ ဖြစ်ပါတယ်။ အဲဒီ့ကြယ်စုကိုပဲ ရာသီတစ်ခု အနေနဲ့ အချို့က ယူဆကြတာ ဖြစ်ပါတယ်။

ဒီအိုင်ဒီယာတွေက ဘယ်က စပြီး ဖြစ်ပေါ်လာသလဲ ဆို - ၁၉၇၀ ခုနှစ် မှာ Stephen Schmidt ဆိုသူက က ရာသီစက်ဝန်း Zodiac ကို ရာသီ ၁၄-ခု (Ohpichus ကြယ်စုနဲ့ Cetus ကြယ်စုကို ရာသီတစ်ခုစီ အနေနဲ့ ထည့်ပြီး) (၁၄-ရာသီစနစ်) (14-sign zodiac) လုပ်ဖို့ အကြံပေးတာကနေ စပါတယ်။

အဲဒီ့ အိုင်ဒီယာကို အခြေခံပြီး Walter Berg နဲ့ Mark Yazaki တို့က ၁၉၉၅ ခုနှစ်မှာ (၁၃)ရာသီ 13-sign zodiac လုပ်ဖို့ အကြံပေးကြပါတယ်။ အဲဒီအိုင်ဒီယာတွေက ဂျပန်မှာတော့ ခေတ်စားပါတယ်။ ကျန်တဲ့ တိုင်းပြည်တွေမှာတော့ ခေတ်မစားပါ။ ခေတ်စားရသော အကြောင်းတွေကိုလည်း စာဆက်ဖတ်ရင် သိလာကြမှာပါ။

Ohpiuchus ကြယ်စုရဲ့ သမိုင်းကြောင်း
----------------------------------------------------

Ohpiuchus ကြယ်စုရဲ့ သမိုင်းကြောင်းလေးက စိတ်ဝင်စားစရာပါ။

Ohpiuchus ကြယ်စုကို ဂရိတွေရဲ့ အေဒီ ၁၀ရာစုခန့်က ပေါ်ပေါက်ခဲ့တဲ့ Marcus Manilius ဆိုတဲ့ နက္ခတ်ဒဏ္ဍာရီကဗျာထဲကနေ စတင် ဖော်ပြထားတာ ဖြစ်ပါတယ်။

ကဗျာထဲမှာ Ophiuchus ကြယ်စုရဲ့ မြွေနဲ့အဆိပ်ကို ပြီးစေတဲ့အကျိုးသက်ရောက်မှုတွေကို ဖော်ပြခဲ့ပါတယ်။ ဒီနက္ခတ်နဲ့ ယှဉ်ပြီး မွေးလာတဲ့ လူတွေဟာ ဆရာဝန်တွေ၊ သမားတော်ကြီးတွေ၊ ရောဂါဝေဒနာတွေကို ပျောက်ကင်းစေနိုင်သူတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရာသီရဲ့ သင်္ကေတက မြွေနဲ့လူသားမို့ အဆိပ်နဲ့ ဆေးဝါးတွေနဲ့ သက်ဆိုင်နေလို့ဖြစ်ပါတယ်။

(၁၃)ရာသီ ဖြစ်လာပုံ
---------------------------

“1930 ခုနှစ် IAU ရဲ့ နက္ခတ်နယ်နိမိတ်သတ်မှတ်ချက်များ” (1930 IAU Constellation Boundaries) ကို အခြေခံပြီး ရာသီစက်ဝန်းကို ရာသီ(၁၃)ခု လုပ်သင့်ကြောင်း အကြံပြုကြပါတယ်။

နေ က နှစ်စဉ် နိုဝင်ဘာလ (၂၉) ကနေ ဒီဇင်ဘာလ (၁၇ )ရက်အတွင်းမှာ Ophiuchus ရာသီကို ရောက်ရှိကြောင်း၊ နိုဝင်ဘာလ (၂၉) ကနေ ဒီဇင်ဘာလ (၁၇)အတွင်းက Ophiuchus ရာသီဖွားဖြစ်ကြောင်း ၁၉၇၀ ခုနှစ်မှာ စာအုပ်တွေ ရေးသားထုတ်ဝေကြပါတယ်။

၁၉၇၀ မှာ Stephen Schmidt ဆိုသူက သူရဲ့ “Astrology 14 advocated  a 14-sign Zodiac” စာအုပ်မှာ Ophiuchus (Dec 6 to Dec 31) နဲ့ Cetus (May 12 to Jun 6) ဆိုပြီး ရာသီအသစ်နှစ်ခုကို ထည့်ပြီး ရာသီစက်ဝန်းကို (၁၄)ရာသီ လုပ်ပါတယ်။

အဲဒီနောက်မှာ ဒီအိုင်ဒီယာကို ယူပြီး Walter Berg က သူ့ရဲ့ “The 13 Signs of the Zodiac (1995) စာအုပ်ကိုရေးပြီး ၁၉၉၆ ခုနှစ်မှာ ဂျပန်မှာ ထုတ်ဝေလိုက်ပါတယ်။
အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်လာပြီး Bestseller  ဖြစ်သွားပါတယ်။  ဒီ Berg ရဲ့ (၁၃)ရာသီစနစ်ဟာ ဂျပန်မှာ Pop ဂီတနဲ့အတူ ပြန့်နှံ့သွားပါတယ်။ ဥပမာအနေနဲ့ Final Fantasy Video Game Series နဲ့ အခြား ဂိမ်းစီရီးများမှာပါ ရာသီ(၁၃)ခု စနစ်ကို ယူသုံးကြပါတယ်။ ဒါကြောင့် (၁၃)ရာသီစနစ် ဂျပန်မှာ ခေတ်စားသွားပါတယ်။

၂၀၁၁ ခု ဇန်န၀ါရီလမှာ နက္ခတ္တဗေဒပညာရှင် Astronomer Parke Kunkle က “The 13th Zodiac Sign Ophiuchus” ကို စာအုပ်ထုတ်ဝေတဲ့ အတွက် ဒီအိုင်ဒီယာက ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းကို (၁၃)ခု ယူတဲ့ (13 Signs Astrology) ဗေဒင်ပညာစနစ်တစ်ခုလည်း ပေါ်ပေါက်လာပါတယ်။
Ophiuchus ကြယ်စုမှ လူ၏ခြေထောက်များ နေသွားလမ်းကိုထိနေပုံ

နိရာယန၊ သာယန၊ အယန
----------------------------------

နက္ခတ်ဗေဒင်မှာ အရှေ့တိုင်းနည်းစနစ် နဲ့ အနောက်တိုင်းနည်းစနစ်များဟာ အတွေးအခေါ်အယူအဆ အိုင်ဒီယာများ မတူညီကြပါ။ ကွဲပြားခြားနားစွာ မှတ်သားရပါတယ်။

ခက်ခဲတဲ့ နက္ခတ္တဗေဒ သဘောတရား စကားလုံးတွေကို မသုံးပဲ အရပ်သားနားလည်အောင် ကြိုးစားပြီး ရှင်းပြကြည့်ပါမယ်။

ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ဖူးကြပါမယ်။

ကမ္ဘာသည်မိမိဝန်ရိုးပေါ်တွင် ၂၃ံ ၁/၂  ဒီဂရီတိမ်းစောင်း၍ နေကိုလှည့်ပတ်လျက်ရှိသည်။

အဲဒီလို ကမ္ဘာဟာမိမိဝန်ရိုးပေါ်မှာ တိမ်းစောင်းနေတာကလည်း အချိန်ကာလနဲ့အမျှ တဖြည်းဖြည်းချင်း တိုးလာနေလို့ အခုဆို ၂၄ံဒီဂရီ ရှိနေပြီ ဖြစ်ပါတယ်။

နက္ခတ်ဗေဒင် Astrology မှာ စနစ် နှစ်မျိုးရှိပါတယ်။
Sidereal Astrology (နိရာယနစနစ်) နဲ့ Tropical Astrology (သာယနစနစ်) တို့ဖြစ်ပါတယ်။

အရပ်သားနားလည်လွယ်အောင် ပြောပြရရင် ကောင်းကင်နက္ခတ်အမြင်နဲ့ ကိုက်ညီတဲ့ စနစ်နဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ စနစ်လို့ အလွယ်ပြောရပါမယ်။ အဲဒီစနစ်နှစ်ခုရဲ့ ကွာခြားချက်ကတော့ (တိမ်းစောင်းထောင့်) (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာ ဖြစ်ပါတယ်။

စနစ်နှစ်မျိုးကို သူ့နေရာနဲ့ သူ အသုံးပြုကြရပါတယ်။

အရှေ့တိုင်းဗေဒင်ပညာက ကောင်းကင်အမြင်နဲ့ကိုက်ညီတဲ့ နိရာယနစနစ် Sidereal Astrology ကို အသုံးပြုပြီး၊ အနောက်တိုင်းဗေဒင်ပညာက ရာသီဥတုနဲ့ ကိုက်ညီတဲ့ သာယနစနစ် Tropical Astrology ကို အသုံးပြုကြပါတယ်။

ကမ္ဘာကို ၂၃ံ ၁/၂ ဒီဂရီ စောင်းကြည့်တာနဲ့ ကမ္ဘာကို မစောင်းပဲ တည့်တည့်ထား ကြည့်တာမျိုး ဖြစ်ပါတယ်။

(တကယ်တော့ အရှေ့တိုင်းနည်းစနစ်အရ  ၂၀၁၁ ခုနှစ် ဧပြီလကစပြီး (တိမ်းစောင်းထောင့်) အယန ၂၄ံ အံသာကွာခြားချက်ရှိလို့ စနစ်နှစ်မျိုးဟာ တစ်ခုနဲ့တစ်ခုဟာ ၂၄ ရက်ခန့်ကွာနေပြီး ဖြစ်ပါတယ်။ နောင် နှစ်ပေါင်းရာချီလာရင် (တိမ်းစောင်းထောင့်) အယနအံသာဟာ တိုးလာမှာမို့ ၂၅ံဒီဂရီ ကွာလာရင် ၂၅ ရက်ခန့်ကွာပါမယ်။ ၂၆ံ ဒီဂရီ ကွာလာရင် ၂၆ံ ရက် ကွာပါမယ်။။

ရာသီစက်ဝန်းသတ်မှတ်ချက် နေသွားရက်စွဲတွေဟာ (တိမ်းစောင်းထောင့်) (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာကြောင့် နှစ်ကာလကြာလာရင် ပြောင်းလဲလာမယ်ဆိုတာကို နက္ခတ္တဗေဒပညာရှင်တွေက သိကြပါတယ်။
သာမန်အရပ်သားများကတော့ ဒီအချက်နဲ့ အလှမ်းဝေးလို့ အစိမ်းသက်သက် ဖြစ်နေမှာ ဖြစ်ပါတယ်။

ဘယ်အရာမှ မမြဲပါ
--------------------------

ဦးနေ၀င်းသတ်မှတ်လို့ သင်္ကြန်ကျရက်က ဧပြီ လ (၁၂) ရက်ကနေ (၁၃) ရက် ဖြစ်ရတယ်လို့ ဒယ်အိုး ဆရာတော် ဟောပါတယ် လို့ လွန်ခဲ့တဲ့ နှစ်တွေက  Facebook မှာ ၀ိုင်း Share ကြပါတယ်။

တကယ်တော့ ဦးနေ၀င်းသတ်မှတ်လို့ သင်္ကြန်ကျရက်က  နောက်ဆုတ်လာတာ မဟုတ်ပါဘူး။ နှစ်ကာလကြာလာလို့ သဘာဝတရားအရ တိမ်းစောင်းထောင့် (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာတိုးလာလို့ သင်္ကြန်ကျရက် က  ဧပြီလ (၁၂) ရက်ကနေ ဧပြီလ(၁၃) ရက် ဖြစ်လာတာပါ။ နောင် နှစ်ပေါင်း ရာချီ ကြာလာရင် သင်္ကြန်ကျရက်က ဧပြီ လ (၁၄)ရက်၊ နောက်တစ်ခါ ဧပြီ လ (၁၅)ရက် ဖြစ်လာမှာပါ။ ဘယ်သူကမှ သတ်မှတ်လို့မှလည်း မရပါဘူး။ သဘာဝတရားပါ။

အလားတူပါပဲ ရာသီ (Sign) များရဲ့ ရက်စွဲသတ်မှတ်ချက်များဟာလည်း နောင် နှစ်ကာလ ရာချီကြာရှည်လာရင် တိမ်းစောင်းထောင့် (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာ တိုးလာလို့ ရက်စွဲတွေက နောက်ကို တစ်ရက်ချင်းစီ ဆုတ်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရဲ့သက်တမ်းမှာတော့ ရာသီဖွားရက်စွဲများဟာ အပြောင်းအလဲ ဖြစ်ဦးမှာ မဟုတ်ပါဘူး။ ဥပမာ မိဿရာသီဖွားဆို မတ်လ ၂၁ ရက်ကနေ ဧပြီလ ၂၀ ရက်ပဲ ရှိနေပါဦးမယ်။

နှစ်ကာလ ရာချီကြာလာပြီး ကျွန်တော်တို့ရဲ့ မြစ်တွေ၊ တီတွေ၊ တွတ်တွေ ခေတ်ကာလ ရောက်ပြီဆိုရင်တော့ တစ်ရက်နောက်ဆုတ်ပြီး မိဿရာသီဖွား ဆို မတ်လ ၂၂ ရက်ကနေ ဧပြီလ ၂၁ ရက် လို့ ပြောင်းလဲ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ ဗုဒ္ဓရဲ့စကားကို သဘာဝတရား (သြကာသလောကကြီး)ကနေ လေးလေးနက်နက် ထောက်ခံပြနေတာ ဖြစ်ပါတယ်။

ရာသီ (Sign) များ ရက်စွဲ သတ်မှတ်ထားပုံ
------------------------------------------------------

အခုတော့ ရာသီ (Sign) များ ရက်စွဲ သတ်မှတ်ထားပုံကို ရှင်းပြပါမယ်။

ဖော်ပြထားတဲ့ ဇယားလေးကို နှိုင်းယှဉ်ပြီး ကြည့်လိုက်ရင် ရှင်းသွားပါမယ်။

ဥပမာအားဖြင့် - Aries မိဿရာသီ ဟာ Tropical Zodiac မှာ မတ်လ ၂၁ ရက်နေ့ကနေ စ၀င်ပါတယ်။ မတ်လ ၂၁ ရက်ကနေ  ဧပြီလ ၂၀ ရက်နေ့ အထိ ဖြစ်ပါတယ်။

Aries မိဿရာသီ ဟာ Sidereal Zodiac မှာ ဧပြီလ ၁၅ ရက်ကနေ စ၀င်ပါတယ်။ မေလ ၁၅ ရက်နေ့အထိဖြစ်ပါတယ်။

(စကားချပ်အနေနဲ့…. ဒီနေရာမှာ လတစ်လမှာ နေသွားရက် ၃၀ ရက်ရှိတယ်လို့ ယူဆရပါမယ်။ တစ်နှစ်မှာ နေသွားရက် ၃၆၀ ရက် ရှိပါတယ်။ ပြက္ခဒိန်ရက် ၃၆၅ ရက်နဲ့ မယူရပါ။

စက်ဝိုင်းတစ်ပတ်ပြည့်အောင် လုပ်နေတာမို့ (စက်ဝိုင်းတစ်ခုဟာ ၃၆၀ံ ဒီဂရီ ရှိတယ်လို့ သတ်မှတ်ထားလို့) ၃၆၀ံ ဒီဂရီကို ၁၂ ရာသီနဲ့ဝေပုံချ စားကြည့်လိုက်ပြီး၊ တစ်ရာသီကို ၃၀ံ ဒီဂရီနဲ့ပဲ တွက်မှာပါ။ တစ်နည်းအားဖြင့် နေသွားရက် (၃၀)ရက် နဲ့ပဲ တွက်ရမှာပါ။ မတ်လ (၃၁)ရက်လို့ မယူရပဲ မတ်လ (၃၀)ရက် လို့ပဲ ယူရပါမယ်

တစ်ရာသီကို နေသွားရက် (၃၀)ရက်လို့ ယူဆပြီး တွက်ရပါတယ်။)

အဲဒီတော့

Aries မိဿရာသီရဲ့ အစ ဧပြီလ ၁၅ ရက်နဲ့ မတ်လ ၂၁ ရက်ကို ခြားနားကြည့်ရင် ၂၄ ရက် ရပါတယ်။ ဒါ ကျွန်တော် အခုနက ပြောနေတဲ့ စနစ်နှစ်ခုရဲ့ ကွာခြားချက် (တစ်နည်းအားဖြင့်) တိမ်းစောင်းထောင့်ဖြစ်ပါတယ်။ အသေးစိတ် နှုတ်ကြည့်တာပေါ့။

မတ်လ ၂၁ ရက်ကနေ မတ်လ ၃၀ ရက်အထိ ၉ ရက်ဖြစ်ပါတယ်။ ၉ ရက်ကို မှတ်ထားပါ။ ဧပြီလဆန်း ၁ ရက်ကနေ ဧပြီလ ၁၅ ရက်အထိက ၁၅ ရက်ဖြစ်ပါတယ်။ ခုန ၉ ရက်နဲ့ အခု ၁၅ ရက်ကို ပေါင်းရင် ၂၄ ရက် ဖြစ်ပါတယ်။

ဒါကြောင့် ကောက်ချက်ချရရင် ၁၂-ရာသီစက်ဝန်းစနစ်မှာ Tropical Zodiac နဲ့ Sidereal Zodiac က ၂၄ ရက် ကွာခြားပါတယ်။

ထင်သာမြင်သာ ဥပမာ ပေးရရင် “Tropical Zodiac”  စနစ်ကို သုံးရေးတဲ့ “စံ-ဇာနည်ဘို အိပ်ဆောင်စာအုပ်လေးတွေ” နဲ့ “Sidereal Zodiac” စနစ်ကို သုံးရေးတဲ့ “အင်းဝ” အိပ်ဆောင်စာအုပ်လေးတွေဟာ ရာသီရက်စွဲ သတ်မှတ်ပုံမတူတဲ့အတွက် စာအုပ်တစ်အုပ်နဲ့ တစ်အုပ် ရက်စွဲ ၂၄ ရက် ကွာနေရခြင်းဖြစ်ပါတယ်။

“Tropical Zodiac”  သာယနစနစ် ရက်စွဲက စောပြီး၊ ရှေ့ရောက်ပြီး၊ Sidereal Zodiac နိရာယနစနစ် ရက်စွဲက ၂၄ ရက် နှောင်းပြီး၊ နောက်ကျပါတယ်။ သာယနစနစ်ကို အယနအံသာ ၂၄ နှုတ်ရင် နိရာယနစနစ် ရရှိပါတယ်။

မိဿရာသီဖွားချင်း တူရင်တောင် စံ-ဇာနည်ဘို စာအုပ်က ၂၄ ရက်စောပြီး၊ အင်းဝ စာအုပ်က ၂၄ ရက် နောက်ကျပါတယ်။

(၁၂)ရာသီလား၊ (၁၃)ရာသီလား?
--------------------------------------

ကျွန်တော်တို့ မြန်မာပြည်အပါအ၀င် တစ်ကမ္ဘာလုံးမှာတော့ Tropical 12-sign Zodiac ပဲ ခေတ်စားပါတယ်။ ဒါကို လူတိုင်းက အပျော်သဘောမျိုး ဖတ်ကြပါတယ်။ Popular ဖြစ်ပါတယ်။

Ophiuchus ရာသီပါတဲ့ 13-sign Zodiac ကတော့ ဂျပန်နိုင်ငံလောက်ပဲ သုံးကြပါတယ်။ World Wide Popular မဖြစ်ပါ။
အခု Facebook မှာ ထပ်ဆင့် တင်ပြနေကြတဲ့ NASA က သတ်မှတ်တဲ့ ရာသီ ရက်စွဲများဆိုတာက တော့ Subject ကို သေသေချာချာ မသိပဲ အပေါ်ရံ နားလည်သဘောပေါက်သလို ဘာသာပြန်ကြရာကနေ လူတွေဖတ်မိကြပြီး သို့လော သို့လော ဖြစ်ကြတာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့

(၁၃) ရာသီစနစ်က ၁၉၉၅ ခုနှစ်ကထဲက ရှိနေပြီးဖြစ်တဲ့ Modified Theory စနစ်တစ်ခုဖြစ်ပါတယ်။ သူ့ကို အသုံးပြုမှုက မကျယ်ပြန့်ပါ။ ဂျပန်နိုင်ငံမှာပဲ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာကတော့ Main Theory ဖြစ်တဲ့ ၁၂ ရာသီစနစ်သာ ဖြစ်ပါတယ်။

(၁၂ )ရာသီစနစ်ရဲ့ ရာသီဖွားရက်စွဲတွေ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ လက်ရှိ သိနေကြတဲ့အတိုင်းပဲ ဖြစ်ပါတယ်။
Facebook မှာ Share နေကြတာက  (၁၃)ရာသီစနစ် ဖြစ်ပါတယ်။

(၁၂)ရာသီစနစ်နဲ့ (၁၃)ရာသီစနစ်ရဲ့ ကွာခြားပုံကိုဇယားမှာ နှိုင်းယှဉ်ကြည့် နိုင်ပါတယ်။ အသေးစိတ် သိရှိလိုသူများက Wikipedia မှာ Zodiac လို့ရိုက်ထည့်ပြီး ရှာကြည့်နိုင်ကြပါတယ်။

ပညာရပ်တစ်ခုဆိုတာ သူ့အယူအဆနဲ့သူ၊ ကိုယ့်အယူအဆနဲ့ကိုယ် ဖြစ်ပါတယ်။ ကိုယ်မှန်မယ်ထင်တာ ကိုယ်ယူဆခွင့်ရှိပြီး၊ ကိုယ့်အကြိုက်နဲ့ ကိုယ် နေခွင့်လည်း ရှိပါတယ်။ ဒီမိုကရေစီပါ။

ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြင်းကြ ခုံကြ၊ ဆွေးနွေးနေကြသူများအတွက် ကျွန်တော့် ဆရာဦးကျော်မြင့်(မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့) ပြောပြဖူးတဲ့ ရီစရာမောစရာပေမယ့် မှတ်သားစရာ ကောင်းလှတဲ့  ဟာသစကားလေးနဲ့ ပဲ နိဂုံးချုပ်ပါ့မယ်။

“ဗေဒင်ဆိုသည်မှာ ရသေ့ရှစ်သောင်း၊ ဆရာအပေါင်းတို့က တစ်ယောက်တစ်မျိုး ပြောဆိုထားသော စကားများဖြစ်သည်။”

လေးစားစွာဖြင့်

အောင်မြင်ဗိုလ်

(ဒေါက်တာအောင်မြင်ဗိုလ်)
(၈-၉-၂၀၁၆)

No comments: