နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို “မျှော်”ရတဲ့ အကြောင်းရင်းတစ်ခုက အချိန်တို အတွင်းမှာ နိုင်ငံခြားငွေ အလုံးအရင်း စီးဝင်လာပြီး “ဆူလွယ်နပ်လွယ်” ဖြစ်တဲ့ သယံဇာတ တူးဖော်ရေးနဲ့ ထုခွဲရောင်းချရေးဘက်ကို သွားချင်လို့ဖြစ်ပါတယ်။ ကိန်းဂဏန်းအနေနဲ့ ချပြတဲ့အခါမှာလည်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေက မျက်နှာပန်းလှတယ် မဟုတ်ပါလား …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာ့စီးပွားရေး အလားအလာနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေ၊ လေ့လာသူတွေရဲ့ ထုတ်ဖော်ပြောဆိုချက်တွေကို တီးခေါက် ကြည့်လိုက်ရင် “အနုတ်လက္ခဏာ”၊ ဆုတ်ယုတ်မှု၊ စိုးရိမ်မကင်းမှုတွေကိုပဲ အများဆုံး တွေ့နေရတယ်။ လက်တွေ့မှာလည်း ကုန်ဈေးနှုန်း တရိပ်ရိပ် တက်လာတာနဲ့အတူ ငွေဖောင်းပွလာပြီး ငွေလဲနှုန်းမှာလည်း ကျပ်ငွေတန်ဖိုး ကျဆင်းလာတာကြောင့် မြန်မာ့ စီးပွားရေး အလားအလာဟာ ကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်ဖို့ သွေဖည်နေပါတယ်။
တစ်ဖက်မှာလည်း အစိုးရဘဏ္ဍာရေး လိုငွေပြခြင်း၊ ကုန်သွယ်ရေးလိုငွေ စံချိန်တင်ခြင်း၊ အရန်နိုင်ငံခြားငွေ ပမာဏ လျော့နည်းလာခြင်းနဲ့ ဂျီဒီပီတိုးတက်မှု ရာခိုင်နှုန်း လျော့ကျလာဖွယ်ရှိခြင်း အစရှိတာတွေက တိုင်းပြည် စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုဘက်ကို ပုံဖော်နေတယ် မဟုတ်ပါလား။
ဒီလို အခြေအနေမျိုးမှာပဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၆ ဘီလီယံ ၀င်ရောက်လာမယ်လို့ ခန့်မှန်းလိုက်တယ်။
တကယ်တော့ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်ကို အကြမ်းအားဖြင့် ၂၀၁၅ ရွေးကောက် ပွဲမတိုင်မီကာလနဲ့ ရွေးကောက်ပွဲ အလွန်ကာလဆိုပြီး နှစ်ပိုင်းခွဲခြားနိုင်တယ်။ အမေရိကန်နဲ့ အနောက်ဥရောပ နိုင်ငံတွေက ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ပေါ် မူတည်ပြီး ဆုံးဖြတ်ကြမှာဖြစ်လို့ အဲဒီမတိုင်မီ ကာလအတွင်းမှာ သူတို့ဆီက ရင်းနှီးမြှုပ်နှံမှုကို စောင့်ကြည့်မှုတွေကသာ လွှမ်းမိုးသွားမှာ ဖြစ်ပါတယ်။
အာဆီယံ အပါအ၀င် အာရှနိုင်ငံတွေကတော့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တဲ့အခါ စီးပွားရေး လုပ်သာကိုင်သာရှိမှု၊ ကြိုးနီစနစ် ဖြေလျှော့ပေးမှု၊ အဂတိလိုက်စားမှု၊ ပြန်လည်ပြင်ဆင် ရေး ဆွဲနေတဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ လျှပ်စစ် ဓာတ်အားနဲ့ အခြေခံ အဆောက်အအုံ အစရှိတဲ့ အချက်တွေပေါ် မူတည်ပြီး စဉ်းစားဆုံးဖြတ် သွားဖွယ်ရှိတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို မလွတ်တမ်း စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။
လက်ရှိ မြန်မာနိုင်ငံစီးပွားရေး တိုးတက်အောင် လုပ်ဆောင်တဲ့ နေရာမှာ အယူအဆနှစ်ခု “အားပြိုင်”နေတာကို တွေ့ရတယ်။ ပထမတစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေး လမ်းကြောင်းဖြစ်ပြီး ဒုတိယ တစ်ခုကတော့ ပို့ကုန်မြှင့်ရေး လမ်းကြောင်း ဖြစ်ပါတယ်။
အစိုးရယန္တရားထဲမှာတော့ ပထမလမ်းကြောင်းကို ပိုပြီး အားသန်နေပုံရတယ်။ ဒါကြောင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဒေါက်တာကံဇော်ကိုယ်တိုင် ၂၀၁၅ ခု၊ မတ်လ၂၁၊ ၂၂ နှစ်ရက် ဆက်တိုက် အစိုးရသတင်းစာမှာ “နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက လိုအပ်ချက်ဟာ အရင်းအနှီးဖြစ်ပါ တယ်”လို့ ရှင်းပြထားတယ်။
အရင်းအနှီးဆိုတဲ့ “ခေါင်းစဉ်”အောက်မှာ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)၊ ပြည်ပချေးငွေနဲ့ ပြည်တွင်း စုဆောင်းငွေတို့ ပါဝင်တယ်။ ဒါပေမဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတိုင်းမှာတောင် ပြည်တွင်း စုဆောင်းငွေက ပြည်တွင်း လိုအပ်ချက် ရင်းနှီးမြှုပ်နှံမှုကို ဖြည့်ဆည်းပေးနိုင်တာ မရှိလို့ မြန်မာနိုင်ငံ အနေနဲ့လည်း နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုတွေ ရရှိအောင် ဆောင်ရွက်နေရ တယ်လို့ ဒေါက်တာကံဇော်က ဆိုထားတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပချေးငွေကို “မျှော်”ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက် ပြည်ပရင်းနှီး မြှုပ်နှံမှု လိုအပ်ချက်နဲ့ ပတ်သက်ပြီး “ဆွဲထုတ်” ပြစရာ ၃ ချက် ရှိလာတယ်။ ပထမအချက်က နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု “မျှော်”ရတဲ့ အကြောင်းတွေပဲဖြစ်ပါတယ်။ ဒုတိယအချက်က ဒေသခံတွေ အကျိုးခံစားရမှုဖြစ်ပြီး တတိယအချက်က နိုင်ငံရေး တည်ငြိမ်မှု ဖြစ်ပါတယ်။
နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို “မျှော်”ရတဲ့ အကြောင်းရင်းတစ်ခုက အချိန်တိုအတွင်းမှာ နိုင်ငံခြားငွေ အလုံးအရင်း စီးဝင်လာပြီး “ဆူလွယ်နပ်လွယ်”ဖြစ်တဲ့ သယံဇာတ တူးဖော်ရေးနဲ့ ထုခွဲရောင်းချရေး ဘက်ကို သွားချင်လို့ဖြစ်ပါတယ်။ ကိန်းဂဏန်း အနေနဲ့ ချပြတဲ့အခါမှာလည်း နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေက မျက်နှာပန်း လှတယ်မဟုတ်ပါလား။ နောက်တစ်ချက်က ပို့ကုန်မြှင့်တင်မှု လမ်းကြောင်းဘက်ကို သွားဖို့ လတ်တလောမှာ အဆင်သင့် မရှိသေးခြင်းဘဲ ဖြစ်ပါတယ်။
ပို့ကုန်ဆိုရာမှာ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေးနဲ့ လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်၊ သယံဇာတ ထွက်ကုန်အစရှိတဲ့ ကုန်ကြမ်း အဆင့်သာရှိတဲ့ ထွက်ကုန်တွေကို အများဆုံး တင်ပို့နေတယ်။ ရေရှည်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တန်ဖိုးမြှင့်ထုတ်ကုန် (Value added) ဘက်ကို သွားနိုင်ဖို့လိုတယ်။ ပို့ကုန်နဲ့ ဆက်စပ်တဲ့ စက်မှု လုပ်ငန်းတွေကို ဦးစားပေးပြီး ထူထောင်နိုင်ဖို့ လိုအပ်လာတယ်။
ဒီအပိုင်းမှာတော့ တရုတ်နိုင်ငံကို လေ့လာသင့်ပါတယ်။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်နားမှာ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ပြည်ပပို့ကုန် ၅၀ ရာခိုင်နှုန်းကျော်ဟာ FDI နဲ့ ဆက်စပ် လုပ်ငန်းတွေက ပြန်ထွက်လာတဲ့ ပို့ကုန်တွေ ဖြစ်နေတယ်။ FDI ၀င်ရောက်မှု ပမာဏပေါ် လိုက်ပြီး ပြည်ပပို့ကုန်တွေကို မြင့်တက်လာအောင် တရုတ်ပြည်က လုပ်ဆောင်နိုင်ခဲ့တယ်။ မြန်မာပြည်မှာတော့ ဒီလို လုပ်ဆောင်နိုင်ဖို့ အချိန်ယူရမှာဖြစ်လို့ တစ်နှစ်သာသာလောက် ကျန်တော့တဲ့ သမ္မတ ဦးသိန်းစိန် သက်တမ်းအတွင်းမှာ ဖြစ်လာနိုင်ဖို့ လွန်စွာ ခက်ခဲတယ်။
သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာဇော်ဦးက “ပို့ကုန်တိုးတက်မှု မဖြစ်ထွန်းသေးဘဲ သွင်းကုန်ပဲ များလာတယ်။ ကျွန်တော်တို့ရဲ့တိုးတက်မှုက ဘယ်ပေါ် မူတည်နေသလဲဆိုတော့ ပြည်ပရင်းနှီးမြှုပ်နှံမှုပေါ်မှာပဲ မူတည်နေတာဗျ။ ဒါလည်း သိတဲ့အတိုင်းပဲ။ ပြည်တွင်း ထုတ်လုပ်မှုတွေက သိပ်အားရစရာ မရှိလှဘူး။ အလွယ်တကူ ချက်ချင်း မလုပ်နိုင်သေးဘူး။ စက်မှုဇုန်ပဲ ကြည့်မလား၊ လယ်ယာစိုက်ပျိုးရေးပဲ ကြည့်မလားပေါ့။ အဓိကကတော့ FDI က မှန်းထားသလောက် မလာတော့ဘူး ဆိုတဲ့သဘောလည်း ပါတာပေါ့” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ပို့ကုန်ဝင်ငွေထဲမှာ လက်ရှိအချိန်ထိ သဘာဝဓာတ်ငွေ့ တင်ပို့မှုက အများဆုံး နေရာယူ ထားတယ်။ အခြားပို့ကုန် အမျိုးအမည် မများလှသလို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်နိုင်ခြင်းလည်း မရှိ သေးပါဘူး။ တစ်နည်းအားဖြင့် ၀င်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏနဲ့အညီ ပို့ကုန်ထုတ်လုပ်မှု သိသိသာသာ မြင့်တက်နိုင်ခြင်း မရှိသေးတာကို တွေ့ရတယ်။
ဆန်အပါအ၀င် လယ်ယာစိုက်ပျိုးရေး ထွက်ကုန်တွေကို နိုင်ငံခြား တင်ပို့ ရောင်းချရာမှာလည်း ခိုင်မာတဲ့ ဈေးကွက် ဖော်ဆောင် နိုင်ခြင်း မရှိလို့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ အလားတူ အသေးစား၊ အလတ်စား လုပ်ငန်း (SMEs)တွေ အားကောင်း ဖွံ့ဖြိုးလာခြင်း မရှိတာက ကုန်ထုတ်လုပ်မှု တိုးမြှင့်လို့ မရနိုင်သေးတဲ့ လမ်းကြောင်းဆီကို တွန်းပို့နေတယ်။
နိုင်ငံခြား အရင်းအနှီးတွေ စီးဝင်လာတဲ့အခါ စက်ရုံ၊ အလုပ်ရုံတွေ လည်ပတ်နိုင်ပြီး အလုပ်အကိုင်၊ အခွင့် အလမ်းတွေကို ဖော်ဆောင်နိုင် မယ်လို့ ကြွေးကြော်ထားတယ်။ ဒါပေမဲ့ လက်တွေ့ အောက်ခြေမှာ ပြည် သူတွေ ဘက်က နိုင်ငံခြားကုမ္ပဏီတွေ လာရောက် ရင်းနှီးမြှုပ်နှံတဲ့ အကျိုးကျေးဇူးကို အမှန်တကယ် ခံစားရရဲ့လား ဆိုတာ ပြန်လည် သုံးသပ်စရာ ဖြစ်လာတယ်။
အနီးစပ်ဆုံး သာဓကအနေနဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီတွေက ရေနံ ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်းနဲ့ ရေနံ သိုလှောင်ကန် စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ခဲ့ရာမှာ ဒေသခံတွေရဲ့ လူမှုစီးပွားဘ၀ ဘယ်လောက် အတိုင်းအတာထိ တိုးတက် ဖြစ်ထွန်းလာသလဲဆိုတာ ဒေသခံတွေ ကိုယ်တိုင် ထုတ်ဖော် ပြောဆိုချက်တွေကို နားစွင့်သင့်ပါတယ်။
သိမ်းယူထားတဲ့ မြေယာတွေအတွက် လျော်ကြေး ထိုက်တန်စွာမပေးလို့ အငြင်းပွားမှုများရှိခြင်း။
လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများ သိမ်းယူခံလိုက်ရလို့ အသက်မွေးမှု လမ်းကြောင်း ပြောင်းသွားခြင်း၊ အလုပ်လက်မဲ့ ဖြစ်သွားခြင်း။
စီမံကိန်း အကြောင်းပြုပြီး သမားရိုးကျ ငါးဖမ်းသူများ လွတ်လပ်စွာ ငါးဖမ်းခွင့်မရတော့ခြင်း။
ရေနံတင် သင်္ဘောကြီးများ ဆိုက်ကပ်မှာ ဖြစ်ပေမယ့် ရေနံယိုစိမ့်မှု သို့မဟုတ် မတော်တဆမှု တစ်ခုခုဖြစ်ခဲ့လျှင် အကာအကွယ်ပေးဖို့ လုံလောက်တဲ့ အစီအမံနှင့် ဥပဒေ အကာအကွယ်များ မရှိခြင်း။
စီမံကိန်းအတွက် လိုအပ်သော အောက်ခြေမှ ပညာရှင်အထိ ၀န်ထမ်းများကို တရုတ်နိုင်ငံကသာ ခေါ်ယူခဲ့သဖြင့် ဒေသခံများမှာ ကြိုတင် ပြောဆိုထားတဲ့အတိုင်း အလုပ်အကိုင်များ မရရှိခြင်း။
တရုတ်လူမျိုးများ မလုပ်လိုသည့် အလုပ်ကြမ်း အချို့ကိုသာ ဒေသခံများက နေ့စားအဖြစ် လုပ်ကိုင်ခွင့် ရရှိခြင်း၊ ဒေသခံများ အလုပ်လုပ်ပိုင်ခွင့် နည်းပါးခြင်း၊ လုပ်အားခ ဈေးနှိမ်ခံရခြင်း။
စီမံကိန်း မစခင်ကတည်းက ဒေသခံများကို ကျွမ်းကျင် ၀န်ထမ်းများ ဖြစ်လာစေရန် ကြိုတင်လေ့ကျင့် ပြင်ဆင်ပေးထားမှု မရှိခြင်း။
ဒေသဖွံ့ဖြိုးရေးအတွက် လမ်းဖောက်လုပ်ပေးခြင်း၊ သောက်သုံးရေ လုံလောက်စေခြင်း တို့ကို ဆောင်ရွက် ပေးမည်ဟု ပြောထားပေမယ့် တကယ်တမ်းမှာ စီမံကိန်းကားများ ဖြတ်သန်း သွားလာ၍ လမ်းများပျက်စီး သွားခြင်း၊ သဘာဝ ရေအရင်းအမြစ်များ ပျက်စီးသွားပြီး အညစ်အကြေးများ ပါဝင်သော ရေများကိုသာ ဖြန့်ဖြူးပေးခြင်း။
အလားတူပဲ လက်ပံတောင်းစီမံကိန်း ဆန္ဒထုတ်ဖော်ပွဲတွေက ဒေသခံတွေ ဘေးထွက် ဆိုးကျိုးတွေကို ခံစား နေရခြင်းရဲ့ သက်သေသာဓကပဲ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကိုပဲ “မျှော်”နေရတဲ့ အနေအထားမှာ အကောင်းဆုံး လုပ်ဆောင် သင့်တာက ဘယ်လို အမျိုးအစားတွေ ၀င်ရောက်လာသလဲဆိုတာ စိစစ်ပြီးတိုင်းပြည်အတွက် အမှန်တကယ် အကျိုးအမြတ် အများဆုံး ဖြစ်ထွန်းစေမယ့် FDI ကိုသာ လက်ခံရုံပဲ ရှိပါတော့တယ်။ FDI ဖြစ်ရင်ပြီးရောဆိုတဲ့ သဘောမျိုး မထားဘဲ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု များပြားပြီး ပြည်သူလူထုအတွက် ဘေးထွက် ဆိုးကျိုး များတယ်ဆိုရင် ချင့်ချိန်တန်ချင့်ချိန်၊ ငြင်းပယ်တန် ငြင်းပယ်သင့်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာဖို့ဆိုတာ နိုင်ငံရေးတည်ငြိမ်မှု (political stability) ရှိဖို့လိုတယ်။ နိုင်ငံရေး တည်ငြိမ်ဖို့ဆိုတာကလည်း အစိုးရတစ်ရပ်ရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေပြီး ပြည်သူတွေက အာဏာရ ပါတီနဲ့အစိုးရရဲ့ လုပ်ဆောင်ချက်တွေ၊ ကိုင်တွယ်ဖြေရှင်းမှုအပေါ် ကျေနပ်မှု ရှိ မရှိ၊ ဆန္ဒပြ ရုန့်ရင်း ဆန်ခတ်မှုတွေ ဘယ်လောက် အတိုင်းအတာအထိ ဖြစ်ပွားသလဲ ဆိုတာတွေနဲ့ တိုင်းတာလေ့ရှိတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင်ကိစ္စ၊ မြေယာသိမ်းမှု၊ အလုပ်သမားနဲ့ ကျောင်းသား ဆန္ဒပြမှုတွေကို အစိုးရကိုင်တွယ် ဖြေရှင်းပုံတွေက သမားရိုးကျ လမ်းဟောင်းထဲက ခွဲထွက်နိုင်ခြင်းမရှိ သေးဘဲ အကြမ်းဖက် ဖြိုခွင်းတဲ့ နည်းလမ်းမှာပဲ အဆုံးသတ်နေတယ်။
မကြာသေးမီက ဘီဘီစီနဲ့ အင်တာဗျူးမှာ သမ္မတ ဦးသိန်းစိန်က လက်ပံတန်း အကြမ်းဖက် ဖြိုခွဲမှု၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ အမှန်တရားကို မျက်ကွယ်ပြုပြီး တစ်ဖက်စောင်းနင်း ပြောဆို သွားတယ်လို့ ဝေဖန်ခဲ့ကြတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေမှာလည်း သမ္မတဦးသိန်းစိန် အခုလို ပြောဆိုခဲ့ခြင်းအပေါ် ထောက်ခံတာကို တစ်ခုတလေမှ မတွေ့မြင်ရသေးပါဘူး။
ပြောမယ်ဆိုရင် လတ်တလော အလုပ်သမားနဲ့ ကျောင်းသားတွေ အကြမ်းဖက် ဖြိုခွင်းခံရမှု၊ နယ်စပ်ပြဿနာနဲ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းတွေက တိုင်းပြည် “ပုံရိပ်”ကို ထိခိုက် ကျဆင်းစေခဲ့တယ်။
ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေဘက်က ဘယ်လိုစဉ်းစားမလဲ၊ စွန့်စားမှုကို ရှေ့တန်းတင်ပြီး ကြိုတင်နေရာဦးဖို့အတွက် မြန်မာပြည်ထဲမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မလားဆိုတာ သုံးသပ်စရာတွေ ဖြစ်လာ ပါတယ်။
ခြုံကြည့်ရင် မြန်မာနိုင်ငံထဲကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မျှော်မှန်းထားသလောက် စီးဝင်လာခြင်း မရှိဘူး ဆိုတဲ့အချက်က ပကတိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခင်းအကျင်းတွေအပေါ် ရောင်ပြန်ဟပ်နေတယ်။ အလားတူ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဘီလီယံ ၀င်ရောက် လာဖို့ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ပေါ်မှာ အနည်းနဲ့အများ မူတည်နေသေးတယ် မဟုတ်ပါလား။
Written by မောင်သုတ
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald
No comments:
Post a Comment