လက်ရှိနိုင်ငံရေး အခြေအနေမှာ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊
မီဒီယာဥပဒေ အမြန်ဆုံး အကောင်အထည်ဖော်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းပေးရေး စသော ပြဿနာများထက်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်ရေးဆွဲရေးမှာ ထိပ်တန်းပြဿနာ
ဖြစ်လာလေသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ရေးဆွဲကြမလား။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှ ဒီမိုကရေစီ စံချိန်စံနှုန်းများဖြင့် မကိုက်ညီသော စစ်အာဏာရှင်စနစ်ကို
အထောက်အကူပြုသော ဥပဒေများကို ပြင်ဆင် ရေးဆွဲကြမလား ဆိုသည်ကို အလေးအနက်ထား စဉ်းစားဖို့
လိုလာသည်။
ကျနော့်အနေနှင့်မူ ဖြစ်နိုင်လျှင် ၂ဝဝ၈ ဖွဲ့စည်းပုံကို လုံးဝဖျက်သိမ်းပြီး ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ကို ရေးဆွဲဖို့ လိုလားပါ သည်။ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးမရခင် ကိုလိုနီအရိပ်အောက် ဗြိတိသျှနယ်ချဲ့သမား လက်ထက်ကရေးဆွဲသော ၁၉၄၇ ခုနှစ်အခြေခံဥပဒေသာလျှင် ဒီမိုကရေစီများ ယေဘုယျပါရှိသည်ဟု ဆိုနိုင်သော်လည်း အပြည့်အဝ ကိုက်ညီသည်ဟု မဆိုနိုင်ပေ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီသမိုင်းမှာ အလွန်ကြေကွဲဖွယ် ကောင်းလေသည်။ မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၃ ကြိမ် ၃ ခါ ရေးဆွဲခဲ့ပြီး ပြည်သူလူထုဘက်မှ ရပ်တည်သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိခဲ့ပေ။ ပထမ တစ်ခုက လွတ်လပ်ရေး ရခါနီး၌ ရေးဆွဲသော ဖွဲ့စည်းပုံဖြစ်လေသည်။ ဒုတိယတစ်ခုမှာ ၁၉၇၄ ခုနှစ် မဆလ တစ်ပါတီ အာဏာရှင်စနစ်ကို အကျိုးပြုသော ဖွဲ့စည်းပုံ ဥပဒေဖြစ်ကာ ပြည်သူလူထု အတွက် (လုံးဝ) အကျိုးမရှိသော၊ မောင်းတင်ထားသော ပြောင်းဝထိပ်တွင် မဲပေးခဲ့ရခြင်း ဖြစ်၏။ မဲပေးစဉ်က မဲ လည်းဖြူရမည်။ ဖြူလည်းဖြူရမည်ဟု အာဏာရှင် ဗိုလ်နေဝင်း ညွှန်ကြားခဲ့သည်။ ထိုစဉ်က အမဲထည့်သူများမှာ အဖြူများဖြစ်ကုန်ကြသည်။ ဆန္ဒမဲ တစ်ပြားယူကာ အဖြူပုံး၊ အမဲပုံးထည့်ရခြင်း ဖြစ်ပါသည်။ ၁၉၇၄ ဖွဲ့စည်းပုံမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ယုံကြည်ရမည်ဆိုသော နဖူးစည်းအောက်၌ မိမိတို့သဘောဆန္ဒများက ဆိုရှယ်လစ်စနစ်ကို မထိပါးရဆိုသော ကန့်သတ်ချုပ်ချယ်မှုအောက်တွင် မဲပေးရခြင်းဖြစ်သည်။ ထို့ကြောင့် ၇၄ ဖွဲ့စည်းပုံ ဥပဒေကို ပြည်သူများသည် ၁၄ နှစ်ကြာအောင် သွေးအလိမ့်လိမ့်၊ ဒဏ်ရာအများအပြားနှင့် ပခုံးပေါ်ထမ်းကာ ဖြတ်သန်းခဲ့ရသည်။
တတိယအကြိမ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်အာဏာရှင်စနစ်အောက်၌ပင် အပြန်ပြန် အလှန်လှန် စေ့စေ့စပ်စပ် ရေးဆွဲခဲ့သော စစ်တပ်အကျိုးပြုဖွဲ့စည်းပုံ ဖြစ်ပါသည်။ ထိုဖွဲ့စည်းပုံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်သည်ဟုမည်မျှပင်ပြောပြော ထိုသူသည် ဒီမိုကရေစီ အာပတ်သင့်သွားပေမည်။ အမှားကို အမှန်လုပ်ပြောခြင်းလည်း ဖြစ်ပါသည်။ ထိုဥပဒေသည် ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် မကိုက်ညီကြောင်း အခိုင် အမာပြောလျှင် မည်သူငြင်းနိုင်ပါမလဲ။
ယနေ့ကာလတွင် အားနည်းချက်အတော်များများရှိသော်လည်း အစိုးရသစ်မှာ ဈေးကွက်စီးပွား ရေး စနစ်နှင့် ဒီမိုကရေစီလမ်းကြောင်းကို အကန့်အသတ်နှင့် လျှောက်နေသည်ကိုကား ငြင်း၍မရပေ။ အာဏာရပါတီ ပြည်ခိုင်ဖြိုးကမူ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ကော်မတီကိုပင်ဖွဲ့ကာ လက်ခံထားသည်ကို တွေ့ရသည် ထို့ကြောင့် ဖွဲ့စည်းပုံပြင်ရေးမှာ ယနေ့ကာလ၏ တောင်းဆိုချက် ဖြစ်လာသည်။ ထိုသို့ ဖြစ်လာသည်ကိုလည်း နိုင်ငံရေးပါတီ အသီးသီးက လက်ခံသောကြောင့် ဖြစ်သည်။ အစိုးရက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေးကို တိမ်းညွှတ်လာ၍လည်း ဖြစ်သည်ဟု ဆိုရပေမည်။
ကျနော်၏ မူလသဘောထားမှာ ဖွဲ့စည်းပုံ အသစ်ပြန်ရေးဆွဲရေးဖြစ်ပါသည်။ သို့သော် ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မီ အသစ်ပြင်ရေးဆွဲရေးမှာ လွယ်လှသည်မဟုတ်ပေ။ ထိုသို့ မလွယ်ကူရသည်များကို ထောက်ပြရမည်ဆိုလျှင် –
(၁) ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးကို တပ်မတော်က လုံးဝ ထောက်ခံမည်မဟုတ်။
(၂) ဦးသိန်းစိန် အစိုးရနှင့် ပြည်ခိုင်ဖြိုးပါတီကလည်း အသစ်ရေးဆွဲရေးကို တင်းတင်းမာမာ ပြတ်ပြတ်သားသား မဟုတ်သည့်တိုင် ယခုအခြေအနေ၌ လက်ခံမည်မဟုတ်။
(၃) တိုင်းရင်းသားပါတီများနှင့် အတိုက်အခံ နိုင်ငံရေးပါတီအားလုံးက အသစ်ပြန်လည် ရေးဆွဲရေးကို လက်ခံနိုင် သည်ဖြစ်သော်လည်း ယခုကာလ၏ ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် ရယူရေးမူအရ ဖွဲ့စည်းပုံအသစ် ပြန်ရေးဆွဲရေးမှာ အလားအလာ နည်းလွန်းလှလေသည်။ အဘယ်ကြောင့်ဆိုသော် အာဏာအပေါ်စီးတွင် ရှိနေသော အဖွဲ့အစည်း ၃ ခုက လက်မခံသောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ် ရေးဆွဲရေးမှာ ၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်ခင်တွင် အလားအလာနည်းပါးလွန်းလှ၏။ ထိုသို့ဆိုလျှင် ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့အတွက် NLD ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ပြည်သူများက လက်ခံကြသော်လည်း မဖြစ်မနေ ပြန်အသစ်ရေးဆွဲအောင် မည်ကဲ့သို့ ပြုလုပ်ကြမလဲ။ NLD နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက အောက်တိုဘာလအတွင်း အသစ်ရေးဆွဲမလား။ ပြင်ဆင်မလားဆိုသည်ကို သဘောထား ကောက်ခံကြမည်။ ထိုအတွက်လည်း ပြင်ဆင်နေပါသည်။ ထိုသို့ ဆန္ဒသဘောထား ကောက်ခံမည်ဆိုလျှင် –
(၁) ၇၄ ဖွဲ့စည်းပုံ ရေးဆွဲစဉ်၊ ၂ဝဝ၈ ဖွဲ့စည်းပုံရေးဆွဲစဉ်က အာဏာရအစိုးရက အချိန်ယူပြီး ဆန္ဒသဘောထား ကောက်ခံသလို ယခုလည်း ထိုသို့ လုပ်ဆောင်နိုင်ပါ့မလား။ ထိုသို့ ပြည်သူလူထုတစ်ရပ်လုံး၏ သဘောထားဆန္ဒ ရယူရေးမှာ ငွေကြေးကုန်ကျများမည်ဖြစ်သလို ကျယ်ပြန့်သော အုပ်ချုပ်ရေးရှိမှသာလျှင် ဖြစ်ပေမည်။ ယခု အောက်တိုဘာလတွင် နိုင်ငံရေးပါတီများ ကောက်ခံမည့် ဆန္ဒသဘောထားကို ပြည်သူမည်မျှများများ (ဆန္ဒမဲ ပေးနိုင်သူ အချိုး၏ တစ်ဝက်ကျော်) ၏ သဘောထားကို ရနိုင်၊ မရနိုင်မှာ မသေချာလှပေ။
(၂) ထိုဆန္ဒသဘောထားကောက်ခံမှုကို လက်ရှိ အစိုးရက အကူအညီပေးနိုင်ပါ့မလား။ ထိုကဲ့သို့ ဖွဲ့စည်းပုံ အသစ် ရေးဆွဲရေးအတွက် အစိုးရက လက်ခံသဘောတူပါ့မလား။
(၃) သမ္မတ ဦးသိန်းစိန်ကရော၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီတို့ကပါ ၂ဝဝ၈ ဖွဲ့စည်းပုံသည် ပြည်သူလူထု အများစု သဘောတူထောက်ခံထားသော ဖွဲ့စည်းပုံဖြစ်သည်ဟု တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိ ကြေညာထားပြီး ဖြစ် ၍ အသစ်ပြန်လည်ရေးဆွဲရန် ပြည်သူလူထု၏ သဘောထားဆန္ဒကောက်ခံရေးကို လက်ခံလိုက်မည် မဟုတ်ပေ။
(၄) ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲခွင့်ကို အစိုးရက ခွင့်မပြုဘူး ဆိုလျှင် တိုင်းရင်းသားပါတီများ၊ အတိုက်အခံ နိုင်ငံရေးပါတီများက မည်ကဲ့သို့ ဆောင်ရွက်ကြမလဲ။ အာဏာမရှိသော ပြည်သူ အကျိုးစီးပွားအတွက် ရပ်တည်သော ပါတီများအဖို့ ပြည်သူသဘောထားဆန္ဒအတိုင်း တိုက်ပွဲဝင်ဖို့သာ ရှိပေမည်။ ထိုသို့ တိုက်ပွဲဝင်လျှင် လမ်းပေါ်ထွက် ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းများသာရှိပေမည်။ ထိုသို့ အခြေအနေမျိုးကို ပြည်သူများနှင့် အတိုက်အခံများက အဆင်သင့် ရှိနေပြီလား။
ထိုအခြေအနေနှင့် ထိုအချက်အလက်အားလုံးကို အသေအချာသုံးသပ် တွက်ချက်ကြည့်လျှင် ဖွဲ့စည်းပုံအသစ် ရေးဆွဲရေးမှာ ဖြစ်နိုင်ချေနည်းပြီး အလားအလာလည်း မကောင်းလှပေ။ ထို့ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲဖို့သာ အလားအလာကောင်းနေသည်ကို တွေ့ရှိရပါသည်။

မိမိဆန္ဒအတိုင်းအသစ်ရေးဆွဲရေး အခြေအနေမပေးသဖြင့် ပြင်ဆင်ရေးကိုသာ ကျနော်တို့ အလေးထားသုံးသပ်ရပေမည်။
ဖြစ်နိုင်ချေအရှိဆုံးမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဖြစ်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ၏ အားနည်းချက်များ၊
နိုင်ငံတကာ အထူးသဖြင့် အမေရိကန်နှင့် အနောက်နိုင်ငံများက ဒီမိုကရေစီစံချိန်စံနှုန်းများဖြင့်
မကိုက်ညီသည်ကို ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီတို့က ရိပ်မိကြသည်။ ဒီမိုကရေစီမကျသော တပ်မတော်
သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်ခြင်းကပင် ဒီမိုကရေစီမကျပေ။ ထိုအခြေအနေများနှင့်ပါရှိနေသော
ဥပဒေပုဒ်မ များက နိုင်ငံတကာနှင့် ဆက်ဆံရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး တို့အတွက် အဟန့်အတားဖြစ်နေသည်။
လေးလေးနက်နက် ယုံကြည်လက်ခံကြလျှင် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ အလားအလာကောင်းပါသည်။
တပ်မတော်သား ကိုယ်စားလှယ်များကို မိမိတို့ စိတ်ဆန္ဒအရ ချက်ချင်းဖယ်ရှား၍မရပေ။ သမ္မတကို
နိုင်ငံတော်၏ ထိပ် ဆုံး၊ စစ်ဦးစီးချုပ်ကို ချုပ်ကိုင်နိုင်သော နေရာတွင် ထားရန်မှာ
ဖြစ်နိုင်ပါသည်။ စစ်တပ်က အချိန်မရွေး အာဏာ သိမ်းခွင့်ရှိသည်ဆိုသော ဥပဒေ ပယ်ဖျက်ဖို့မှာလည်း
ဖြစ်နိုင်ပါသည်။ (အဘယ်ကြောင့်ဆိုသော် ဤဥပဒေသတ် မှတ်ချက် မရှိသည့်တိုင် တပ်မတော်က လူအင်အား၊
လက်နက်အင်အား ကောင်းသောကြောင့် လူမြင်မကောင်း သူမြင်မကောင်း ဥပဒေထဲ မထည့်ပဲ အာဏာသိမ်းနိုင်သည်
မဟုတ်ပါလော။ ၇၄ ဖွဲ့စည်းပုံတွင် တပ်မတော်က လိုအပ်လျှင် အာဏာသိမ်းနိုင်သည်ဟု ဥပဒေမပါရှိ။
သို့သော် ၈၈ တွင် ဗိုလ်ချုပ်ကြီးစောမောင်က အာဏာသိမ်း လိုက်သည် မဟုတ်ပါလော) ထိုဥပဒေကို
၂ဝဝ၈ ဖွဲ့စည်းပုံမှ ပယ်မည်ဆိုလျှင်လည်း ပယ်လို့ရပါသည်။
NLD ပါတီ သို့မဟုတ် ပြည်ခိုင်ဖြိုးပါတီ၊ အစိုးရတို့ ထိပ်တိုက်တွေ့နိုင်သည်မှာ သမ္မတအရည် အချင်း ကန့်သတ်ချက်မှာပြည်ခိုင်ဖြိုး၊ တစည၊ NDF စသည့်ပါတီများက လူတစ်ဦး တစ်ယောက်အတွက် ဖွဲ့စည်း ပုံကို ပြင်ရန် မလိုဟု ကြေညာထားကြသည်။ ထိုကန့်သတ်ချက် ဥပဒေသည် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေး ဆွဲထားခြင်းဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကို အကာအကွယ်ယူကာ ပြောနေကြသည်။ ထို ဥပဒေရေးဆွဲစဉ်က ဒေါ်အောင်ဆန်းစုကြည် အာဏာရဖို့ကို မနာလို မရှုစိမ့်သော စစ်အာဏာရှင်များက တမင်ရေးဆွဲထားခြင်း ဖြစ် လေသည်။ (ဟုတ်မဟုတ်ကို သစ္စာရေသောက်၍ သစ္စာအဆူးခံရဲလျှင် ပြော၍ရပါသည်) ထိုဥပဒေသည် အမျိုး သားရေးကို အလေးထားသော မျိုးချစ်ဥပဒေမျိုးဖြစ်သည်ဟု အကြောင်းပြကာ ကာကွယ်၍ ရပါသည်။ သို့သော် သဘာဝမကျလှပါ။ အိန္ဒိယလို ဒီမိုကရေစီအရှိဆုံးနှင့် အမျိုးသားရေး စိတ်ဓာတ် အားအကောင်းဆုံးသော နိုင်ငံတွင် ဝန်ကြီးချုပ်ကသားဖြစ်သူက နိုင်ငံခြားသူကို ယူလာ၍ အဟန့်အတားမဖြစ်ပေ။ နောက်ဆက်ခံသူ ဝန်ကြီးချုပ်၏ မိန်းမဖြစ်သူက အီတလီသူစစ်စစ် (နိုင်ငံခြားသားဖြစ်သည်) သမီးနှင့် သားကလည်း နိုင်ငံခြားသွေးပါနေကြ၏။ ဥပဒေက ကန့်သတ်ပိတ်ပင်မှုမရှိခဲ့။ နိုင်ငံဥသျှောင်တာဝန်ကို ယူခဲ့ပါသည်။ ဤသို့ဆိုလျှင် ဒေါ်အောင်ဆန်းစု ကြည်ရော ဘာကြောင့် သမ္မတ မဖြစ်ရမှာလဲ။
၂ဝ၁၅ ရွေးကောက်ပွဲအတွက် ဒီမိုကရေစီစံနှုန်းများ အပြည့်အဝမရသည့်တိုင် ဒီမိုကရေစီ စံနှုန်း ရာခိုင်နှုန်း အများအပြားပါသော ဖွဲ့စည်းပုံကို ပြင်ဆင်ရေးဆွဲရပေမည်။ ထိုထဲတွင် သမ္မတ အရည်အချင်း ကန့်သတ်မှုလည်းပါသည်။ အမျိုးသားရေးစိတ်ဓာတ်များကို လျော့၍ တိုင်းပြည် တိုးတက်မှု၊ ပြည်သူများ၏ ထောက်ခံမှုကို သုံးသပ်ကာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ပြင်ဆင်သင့်ပါသည်။ တပ်မတော် ကိုယ်စားလှယ် ရာခိုင်နှုန်းကိုလည်း အထိုက်အလျောက် လျော့ချသင့်၏။
၂ဝ၁၅ ရွေးကောက်ပွဲတွင် ကုလသမဂ္ဂ၏ အကူအညီနှင့် ကွပ်ကဲမှု၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ စောင့်ကြပ်မှုအောက်တွင် ကျင်းပသင့်သည်။ သို့ သော် ၂ဝဝ၈ ဖွဲ့စည်းပုံကို မပြင်ပဲ စောင့်ကြပ်ကွပ်ကဲမှုအောက်တွင် ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ အားလုံးအတွက် အဆင်ပြေချောမွေ့နိုင်သည်မှာ ဖွဲ့စည်းပုံအသစ်ရေးဆွဲရေး မဟုတ်ပဲ ပြင်ဆင်ရေးသာလျှင် အလျှော်ကန်ဆုံး ဖြစ်ပေလိမ့်မည်။ ထိုကိစ္စကို ချင့်ချင့်ချိန်ချိန် စဉ်းစားသုံးသပ်ကာ တိုင်းရင်းသား ပါတီအားလုံး၊ အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီအားလုံးက ပြည်သူလူထု၏ဆန္ဒနှင့် ကိုက်ညီအောင် ညှိနှိုင်းကာ ရွေးချယ်ကြရပေလိမ့်မည်။
By ဒီဗွီဘီ
http://burmese.dvb.no