Saturday, February 18, 2012

မလိုလားအပ်တဲ့ ကိုယ်ဝန် ကြိုတင်ကာကွယ်ပါ

ဈေးကွက်ထဲမှ ကိုယ်ဝန်တားဆေးတွေကို ပေါပေါများများ သုံးစွဲနေကြပေမယ့်၊ ကလေးမရနိုင်ရန် ကာကွယ်ရန်အတွက်အတွက်ဟု ယေဘုယျလောက်သာ သိကြပြီး ၄င်းတို့ဧ။် အကျိုးအပြစ်များကို သိသူ နည်းသေးတဲ့အတွက် ဗဟုသုတအနေဖြင့် ဖတ်ရှုနိုင်စေရန် ရည်ရွယ်ပါသည်။

စာရေးသူဆေးခန်းတွင် လာပြသော အမျိုးသမီး တစ်ဦးအကြောင်းမှ စပြောပါမည်။ ထိုအမျိုးသမီးသည် ထူးဆန်းသည်။ ထူးဆန်းသည်ဟုဆိုရာတွင် နတ်သမီးလို လှပခြင်းကြောင့်လည်း မဟုတ်၊ ဦးချိုပေါက်နေခြင်းကြောင့်လည်း မဟုတ်၊ ခေါင်းနှစ်လုံး ပါ၍လည်းမဟုတ် သို့သော် ကျွန်တော့်အတွက် ထူးဆန်းသူဖြစ်သည် ။ ထူးဆန်းသည်ဟု ဆိုခြင်းမှာ သူမသည် လင်ယောကျာင်္းမရှိပါပဲ (သုံးလ) တားဆေးလာထိုးသောကြောင့်ဖြစ်သည်။ လင်ယောကျာင်္း မရှိသော်လည်း မလွတ်မကင်နိုင်သော ကိစ္စများကြောင့် တခြားရည်ရွယ်ချက်ဖြင့် ထိုးသူများလည်း ရှိပါသည်။ သူမမှာ ထိုလူများကဲ့သို့မဟုတ်ပါပဲ လိင်ကိစ္စ အရှုပ်ရှင်း မရှိပါလျှက် သုံးလဆေးလာထိုးနေခြင်းဖြစ်သည်။ စိတ်ဝင်စား စရာကောင်းပြီး ဆေးထိုးရခြင်း အကြောင်းကို မေးကြည့်သောအခါမှ ဇာတ်ရည်လည်စွာ နားလည်တော့သည်။

ထိုအမျိုးသမီးသည် ညောင်းညာကိုက်ခဲလွယ်သည်၊ မကြာခဏ ပင်ပန်းလွယ် နွမ်းလွယ်သည် ထို့ကြောင့် အိမ်နီးနားခြင်းဖြစ်သူက ကိုယ်ဝန်တားဆေး (သုံးလ)ဆေးထိုးလျှင် အညောင်းညာပြေသည်၊ အကိုက်ခဲပျောက်သည်၊ နေ၍ ထိုင်၍ကောင်းသည် စမ်းထိုးကြည့်ရန် တိုက်တွန်းသဖြင့် သူမလည်း စမ်းထိုးကြည့်ရာ ကိုက်ခဲသော ဝေဒနာများ သက်သာသဖြင့် သုံးလ တစ်ကြိမ် မှန်မှန် ထိုးနေကြဖြစ်ပြီး သုံးကြိမ်မြောက်ပင် ထိုးပြီးခဲ့ပြီ ဖြစ်ကြောင်းပြောသည်။ စာရေးသူမှာ သူမ၏ အထူးဆန်းစကားများအောက်တွင် အံ့သြမှင်သက်မိကာ ခဏမျှ လွင့်မျောသွားမိပြီး၊ ခဏအကြာမှ သတိကပ်ကာ ထိုလူနာအား တားဆေးများ၏ အကျိုး အပြစ်များကို ရှင်းပြ၊ ပြောပြပေးရတော့သည်။ထိုလူနာ ကို ပြောပြခဲ့သလို ရွာသူရွာသား စာဖတ်သူတို့ကိုပါ ဗဟုသုတရစေရန်နှင့်၊ ဆရာထက်ဝေး တောင်းဆိုထားသော 72 pillsအကြောင်းကိုပါ ပြောပြရန် ရှိသေးတာကြောင့် အကြမ်းဖျဉ်း ရေးသားလိုက်ပါသည်။ အိမ်ထောင်သည်များ အတွက်ရော ၊ အိမ်ထောင်သည် ဖြစ်လာမည့် သူများအတွက်ပါ အကျိုးရှိစေရန် ရည်ရွယ်ပါသည်။

မိမိဧ။်ဆေးခန်းတွင် ကိုယ်ဝန်တားရန် လာရောက်တိုင်ပင်သော အမျိုးသမီးများကိုလည်း တားဆေးတို့ဧ။် အစွမ်း သတ္တိနှင့် အကျိုးအပြစ်များကို ယှဉ်တွဲရှင်းပြကာ သင့်လျှော်သော တားဆေးများ ရွှေးချယ်နိုင် ရန်လည်း အကြံပေး ခဲ့သည်။ အချို့သော အိမ်ထောင်ရှင်မများသည် ခင်ပွန်းများပါ ခေါ်လာပြီး စနစ်တကျ သားဆက်ခြားရေးအတွက် ကြိုတင်ဆေးနွေး ကာကွယ်မှုများပြုလုပ်လာကြခြင်းဖြင့် မလိုလားအပ်သော ကိုယ်ဝန်ရရှိခြင်းကို ကာကွယ်ရာရောက် သည်။ ကိုယ်ဝန်မရချင်လျှင် ကြိုတင် ကာကွယ်နည်းများစွာရှိသည် မဆင်မခြင်နေခြင်းဖြင့် ရလာသော ကိုယ်ဝန်အပေါ်တွင်တော့ မည်သည့်အကြောင်းနှင့်မျှ ဖျက်ချပေးမည် မဟုတ်ကြောင်း “ကိုယ်ဝန်လုံးဝ မဖျက်ပေးပါ ” ဟူသော စာကို ဖောင့်ဆိုဒ်ကြီးကြီးဖြင့် ပရင့်ထုတ်ကာ ဆေးခန်း နံရံတွင် ကပ်ထားရသည်။ တားဆေးထိုးရန် လာသော လူနာသည် တစ်ခါတစ်လေတွင် အမျိုးသမီး တစ်ဦးတည်းလာပြီး၊ တစ်ခါတစ်လေတွင် ဇနီးမောင်နှံ နှစ်ဦးစလုံးလာသည်။ တစ်ချို့ကျတော့ အခုမှ အိမ်ထောင်ကျခါစ အခုမှ တားဆေးထိုးမည့် လူများ ပါသလို၊ တစ်ချို့ကတော့ အိမ်ထောင်သက်ရှည်ကြာစွာ တားဆေး သုံးစွဲသူများပါသည်။ မည်သို့ပင်ဖြစ်စေ တားဆေးသုံးမည့်သူသည် တားဆေး၏ အကျိုးပြစ်အကြောင်း အကြမ်းဖျဉ်းတော့ သိထားနားလည်သင့်သည်။ (Abuse) လွဲမှားစွာ အသုံးပြုရန် မဟုတ်ပါ၊ single များအတွက် မရည်ရွယ်ပါ။ တားဆေးနှင့်ပတ်သတ်ပြီး သင့်လျှော်သော အမျိုးစား ရွှေးချယ်တတ်စေရန် အိမ်ထောင်ရှင်များ ၊ အိမ်ထောင်ပြုမည့်သူများအတွက် စေတနာပရပွဖြင့် ရေးသားလိုက်ပါသည်။

သားဆက်ခြားနည်းလမ်းများကတော့

♠♠♠ အီစထရိုဂျင်နှင့် ပရိုဂျက်စထရိုဂျင် ဟော်မုန်း နှစ်မျိုးပါစားဆေး
♠♠♠ ပရိုဂျက်စထရိုဂျင် ဟော်မုန်း တစ်မျိုးသာပါသော စားဆေး
♠♠♠ ထိုးဆေးများ ( ၁လခံ ၊ ၃လခံ)
♠♠♠ သားအိမ်တွင်း ပစ္စည်းထည့်နည်း
♠♠♠ ကွန်ဒုံးများ (ယောကျာ်းသုံး ၊ မိန်းမသုံး)
♠♠♠ ဆက်ဆံပြီးနောက် သန္ဓေတားခြင်း
♠♠♠ မိန်းသားကြောဖြတ်ခြင်း ၊ ယောကျာ်း သားကြောဖြတ်ခြင်း
♠♠♠ သုတ်ပိုးများ သတ်ဆေး
♠♠♠ သားအိမ်ခေါင်း အုပ်ဆောင်းများ ( cervical caps)
♠♠♠ မျိုးပွားခြင်းဆိုင်ရာ သိနားလည်မှုအပေါ် အခြေခံတားသော နားလမ်းများ
♠♠♠ ကလေးမွေးဖွားပြီး နို့တိုက်ခြင်းဖြင့်  ကိုယ်ဝန်မရစေသော နည်း
♠♠♠ လက်မောင်းကြွက်သား အရေပြားအောက် ခွဲထည့်သော တားဆေးများ စသည်တို့ ဖြစ်ပါသည် ။

(၁) ဟော်မုန်း ပါသော သန္ဓေတားစားဆေးများ

စားဆေးလို့ဆိုကတည်းက ပါးစပ်က သောက်ရတာမှန်း လူတိုင်း သိမှာပါ ။ ဆေးမှာ အီစထရိုဂျင်နှင့် ပရိုဂျက်စထိုဂျင် ဟော်မုန်း နှစ်မျိုးစလုံးပါတဲ့ ဆေးရှိသလို ၊ပရိုဂျက်စထိုဂျင်တစ်မျိုတည်းပါရှိတဲ့ဆေးများ ရှိပြီး သားဥကြွေခြင်းကို တားဆီးပေးပါသည် ။ ကလေးမရနိုင်စေရန် သောက်ဆုံးကြပါသည် ။

ဆေးရဲ့ ကောင်းကျိုးမှာ ကိုယ်ဝန်တားပေးနိုင်ပြီး၊ ကိုယ်ဝန်ရရှိနိုင်ခြေနည်းသည်။ သုံးရလွယ်ပြီး၊ ၀ယ်ရလွယ်သလို ဈေးနှုန်းလည်း သင့်တင့်သည်။ ပုံမှန်ရာသီ ပြန်လာတတ်သော်လည်း သွေးဆင်းနည်းတတ်သည်။ မိန်းမရာသီကြောင့် ကိုက်ခဲခြင်း ၊ မီးယပ်ရောဂါတွေ၊ မီးယပ်ကင်ဆာရောဂါတွေ ၊ သန္ဓေသား နေရာမမှန်တာတွေဖြစ်ခြင်း လျော့နည်းစေပါသည် ။ ဆေးသောက်သုံးမှု ရပ်လိုက်ရုံနဲ့ ကိုယ်ဝန်ပြန်ရနိုင်ပါသည် ။

ဆေးရဲ့ ဆိုးကျိုးကတော့ ခေါင်းကိုက်တာ ၊ ပျို့အန်ချင်တာ ၊ မျက်နှာမှာလည်း အမည်းစက်တွေ ပေါ်လာတတ်တာ ၊ ဖောယောင်လာတာ ၊ ၀လာတာ ၊ ရင်သားတင်းရင်းလာတာ ၊ ပုံမှန်ရာသီလာရင်း ကြားပေါက်ရာသီဆင်းတတ်တာ ၊ သားအိမ်ခေါင်းမှ အရည်များ ပိုဆင်း တတ်ခြင်းတွေဖြစ်နိုင်ပါသည် ။

နှလုံး သွေးတိုးနှင့် သွေးကြောဆိုင်ရာရောဂါတွေ ပိုဖြစ်စေနိုင်ပါသည်။ ရင်သားကင်ဆာလည်းဖြစ်နိုင်ပြီး ဆေးသောက်ပြီး ရာသီမလာတာလည်းဖြစ်နိုင်ပါသည်။ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အတက်ရောဂါကျ ဆေးများသောက်လျှင်လည်း တားဆေးရဲ့ အာနိသင်ပြောင်းလဲမှု ရှိတတ်သည်။ အသက် ၃၅ နှစ် အထက်နှင့် ဆေးလိပ်သောက်တတ်သူတွေ မှာတော့ သေဆုံးမှု နှုန်း ပိုမြင့်တတ်သည်။ လုံးဝ မသုံးသင့်တဲ့ လူတွေကတော့ ကိုယ်ဝန်ရှိသူများ၊ နှလုံးသွေး တိုးနှင့် သွေးကြောရောဂါရှိသူများ၊ အသည်းရောဂါရှိသူများ၊ ကင်ဆာရောဂါရှိသူများ၊ အသည်းရောင် အသားဝါ ဖြစ်နေသူများ၊ ကလေးနို့တိုက်နေသော မိခင်များ ဖြစ်သည်။ Failure rate: ဆေးသောက်နေရင်း ကိုယ်ဝန်ရ သွားနိုင်ခြေကတော့ ၀.၁% လောက်ပဲ ရှိပါသည် ။

(၂) ထိုးဆေး (၁လခံ၊ ၃လခံ)ဆေး

ထိုးဆေးတွေရဲ့ လုပ်ဆောင်ချက်သည်လည်း သားဥကြွေခြင်းကို တားဆီးပေးခြင်းပါပဲ။ သားအိမ်ခေါင်းက အရည်များကို ပိုမိုကာ ပျစ်ချွဲစေပါတယ်။ ထိုးဆေးတွေရဲ့ ကောင်းကွက်ကတော့ ကိုယ်ဝန် မရအောင် ကောင်းကောင်း ထိန်းချုပ်ပေးနိုင်ပြီး၊ သားအိမ်ကြော (သားကြော)ဖြတ်ပြီးပြီးချင်း ထိုးနိုင်ပါသည် ။ စိတ်ဝေဒနာရှင် အမျိုးသမီးများအတွက်သုံးရတာ အဆင်ပြေပြီး၊ ကလေးမွေးပြီး ကာကွယ်ဆေး ( vaccine) ထိုးရသော မိခင်များလည်း သုံးနိုင်သေးသည်။

ထိုဆေးရဲ့ အားနည်းချက်ကတော့ ရာသီ မမှန်တတ်သလို၊ ရာသီ မပေါ်ပဲ ပျောက်နေချိန် ကြာမြင့်တတ်သည်။ ကိုယ်ဝန်ပြန်ယူဖို့ ဆေးရပ်မယ်ဆို လျှင် ချက်ချင်း ကိုယ်ဝန်မရတတ်ပဲ ပြန်စောင့်ရတတ်သည်။ အများ ဆုံး ၁၈ လလောက်ထိ ပြန်စောင့်ရတာမျိုးလည်း ဖြစ်တတ်ပါသည်။ Failure rate အနေနဲ့ကတော့ ၀.၅% ကနေ ၁.၅% လောက်သာ ရှိပါသည်။

(၃) သားအိမ်အတွင်း ထည့်သော ပစ္စည်း

ထိုပစ္စည်းကို intrauterine Contraceptive Devices (IUCDs) လို့ခေါ်ပြီး၊ ၄င်းကို ကြေးနီ (copper)၊ ပလပ်စတစ်တို့နဲ့ ပြုလုပ်ထားပါသည်။ သူ့ရဲ့ လုပ်ဆောင်ချက်(action)တွေကတော့ သားအိမ် အတွင်းမှာ အနည်းငယ် ယောင်ရမ်းမှု ဖြစ်ပေါ်စေတတ်သည်။ သားဥပြွန်ရဲ့ ရွှေ့လျားမှုကို တိုးစေတတ်သည်။ သန္ဓေတည်တာဟာ သား ဥပြွန်ထဲမှာ တည်တာပါ၊ လှုပ်နေတဲ့အခါ သန္ဓေမတည်အောင် လုပ်ပေးတဲ့သဘောပါ။

သူ့ရဲ့ကောင်းကျိုးကတော့ အချိန် အကြာကြီး ကိုယ်ဝန်တားနိုင်သည် ။ ငါးနှစ်အထိ အသုံးပြုနိုင်ပါသည် ။ နို့တိုက်မိခင်တွေပါ အသုံးပြုနိုင်ပြီး ပစ္စည်းလေး ပြန်ထုတ်လိုက်တာနဲ့ ကိုယ်ဝန်ပြန်ယူလို့ ရပါသည် ။ ထည့်ပြီး မိမိနှင့် အဆင်မပြေဘူးဟု ခံစားရလျှင်လည်း ပြန်ထုတ်နိုင်ပါသည် ။

ဆိုးကျိုးအနေနဲ့ကတော့ ၃နှစ်ကနေ ၅ နှစ်အတွင်း အသစ်ပြန်လဲ ပေးရတာမျိုး၊ တင်ပဆုံရောင်ရမ်းတဲ့ရောဂါနှင့် သွေးဆင်းများတာမျိုး ဖြစ်နိုင်ပါသည်။ မိန်းမရာသီလာချိန်တွေမှာ ကိုက်ခဲနေတတ်သည်။ထည့်ထားရင်းနဲ့ လည်း ပြန်ထွက်သွားတတ်သည် ။ဖြစ်နိုင်ခြေနှုန်းကတော့ ၃%ထက်တောင် ပိုနည်းပါသေးသည်။ ထည့်ထားရင်းနဲ့ သားအိမ်အတွင်းနှင့် သားအိမ်အပြင်မှာရော ကိုယ်ဝန်ရနိုင်ပါသည်။

လုံးဝမသုံးသင့်သူများကတော့ အရင်က ဖန်ပြွန်သန္ဓေသားကိုယ်ဝန်ဆောင်ခဲ့သူတွေ၊ တင်ပဆုံရောင်ရမ်းရောဂါရှိတဲ့ လူတွေ၊ ကိုယ်ဝန်သည်တွေ၊ ကိုယ်ခံအားကျဆင်းမှု ရောဂါရှိတဲ့ လူနာတွေ၊ သားအိမ်အခေါင်းပေါက် (cavity)လိမ်နေတဲ့ လူတွေ၊ နှလုံးရောဂါရှိသူတွေ၊ HIV ပိုးရှိသူတွေအနေနဲ့ လုံးဝ မသုံးသင့်ပါဘူး။ Failur rate : အနေနဲ့ကတော့ ထည့်ထားတဲ့ IUDs ပစ္စည်းပေါ် မူတည်ပြီး ၀.၃% ကနေ ၂%လောက်ပဲ ရှိပါသည်။

(၄) ကွန်ဒုံး (condoms)ကတော့ သုတ်ပိုးတွေ မိန်းမကိုယ်ထဲ မ၀င်အောင် တားဆီး(barrier) လုပ်ပေးတဲ့နည်းပါ။ ကောင်းတကာတော့ ဈေးသက်သာပြီး မသုံးရမည့် အခြေနေမျိုး လုံး ၀မရှိတာ အတွက်ကြောင့်ပါပဲ။ ၀ယ်ရတာရော၊ အသုံးပြုရတာအပြင်၊ လွင့်ပစ်ရလည်း လွယ်ပါသည်။ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါ။ ထို့ကြောင့် တခြားနည်းများနှင့် အဆင်မပြေသော အိမ်ထောင်သည်များအတွက် အလွန် အသုံးဝင်သော သားဆက်ခြားနည်း ဖြစ်ပါသည်။

သတိထားသင့်တာကတော့ ကျွတ်ထွက်တတ်သည်။ ပေါက်ပြဲ တတ်သည်။ တချို ကာမဂုဏ်ခံစားမှု အားမရသလိုဖြစ်ကြပြီး ”အလွှာပါးလျှင် ကမ္ဘာခြားတယ် “လို့တောင် တင်စားပြောဆိုခဲ့ကြသည်။ Failure rate:အနေနဲ့ ကတော့ ၄% ကနေ ၁၀%ပါ။ ပေါက်သွားတာရယ်၊ ကျွတ်သွားတာရယ်ကို မသိလိုက်တာရယ်ကြောင့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

(၅)အရေးပေါ် လိင်ဆက်ဆံပြီး တားတဲ့ ဆေးကတော့ ဟော်မုန်း ၂မျိုးကို high dose နဲ့လုပ်ထားတဲ့ သောက်ဆေး နှစ်လုံးပါပဲ။ သားဥပြွန် လှုပ်ရှားမှုကို များစေပြီး သန္ဓေမတည်အောင် လုပ်ပေးထားတာပါ။ အကာကွယ်မဲ့ ဆက်ဆံပြီး ၇၂ နာရီ (သို့) ၄ ရက်အတွင်း အသုံးပြုနိုင်ပါသည် ။

ဆိုးကျိုးအနေနဲ့ ဆေးသောက်ပြီး ပျို့အန်တတ်သည်။ ဒါ့ပြင် ဆေးသောက်ပြီးကိုယ်ဝန် ရသွားတာမျိုးလည်း ရှိသည်။ ၁၀၀% စိတ်ချလို့တော့ မရနိုင်ပါ။ ကိုယ်ဝန်မရတာ တားဆီးပေးရမည့် အမျိုးသမီးတွေကိုသာ ဆရာဝန်တွေက အွန်(on)ပေးတဲ့ ဆေးမျိုးပါ။ ဥပမာ- မုဒိမ်းကျင့်ခံရသော အမျိုးသမီး၊ စိတ်ရောဂါသည် အမျိုးသမီးတို့အတွက်သုံးခြင်း ဖြစ်သည်။

ယခုအခါ တော်တော်များများသည် လွဲမှားစွာ မိမိသဘောနှင့် သုံးနေကြသည်။ စာရေးသူဧ။် ဆေးခန်းကို ဆေးဆိုင်နှင့် မှားကာ ထိုဆေးလာမေးသူများလည်း ရှိသလို၊ စူပါမားကတ်များရှိဆေးကောင်တာတွင်လည်း ရှက်သလိုလို မျက်နှာနှင့် ပြုံးဖြီးဖြီးလုပ်ကာ ထိုဆေးလာဝယ်သော အမျိုးသမီးငယ်လေးများကိုလည်း မြင်ခဲ့ဖူးသည်။

အချုပ်အားဖြင့် သတိပေးလိုတာကတော့ မည်သည့် တားဆေးမှ ၁၀၀% စိတ်မချရပါဘူး။ သုံးနေရင်းနှင့်ပင် အကျိုးကြောင်း မတိုက်ဆိုင်စွာ ကိုယ်ဝန်ရနိုင်ပါသည်။ တစ်လ တစ်လုံးသောက်သော ဆေးသည် လုံးဝ စိတ်မချရပါ။ (မသုံး သင့်ပါ)။ နိုင်ငံခြားသွားကာ အလုပ်လုပ်မည့် ဇနီးမောင်နှံနှစ်ဦး ထိုဆေးသောက်ထားပြီး သွားခါနီးမှ ကိုယ်ဝန်ရှိသောကြောင့် နိုင်ငံခြား မသွားဖြစ်တော့သည့် အဖြစ်ပျက်များလည်း မျက်ဝါးထင်ထင်ကြုံဖူးခဲ့သောကြောင့် သတိနဲ့ ယှဉ် ဆင်ခြင်စေရန် ရေးသားလိုက်ပါသည်။ ကလေးမလိုချင်လျှင် ကနဦးကတည်းက ကိုယ်ဝန်မရစေရန် ကြိုတင်ကာကွယ်မှုမျိုးပြုလုပ်ထားသင့်ကြောင့်လည်း အကြံပေးလိုက်ချင်ပါတော့သည်။

ရတနာပုံ - မလိုလားအပ်တဲ့ ကိုယ်ဝန် ကြိုတင်ကာကွယ်ပါ

No comments: