Monday, February 6, 2012

ရခိုင်ဟင်းလျာ

ရခိုင်လူမျိုးတွေချက်တဲ့ဟင်းလျာတွေက အတော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဆီထည့်တာနည်းတယ် မပါသလောက်ပဲ။ ပြီးတော့ စိမ်းစားငါးပိကို ဟင်းအတော်များများမှာ ထည့်ချက်တတ်ကြပါတယ်။ ကျွန်တော်သဘောကျတာကတော့ အချိုမှုန့်သိပ်မထည့်တာရယ် ဆီသိပ်မများတာရယ်ပေါ့နော်။ ကဲသူငယ်ချင်းတို့ ဒီတစ်ခါ ရခိုင်မြန်မာဟင်းလေးတွေချက်စားကြည့်ရအောင်။ အနည်းဆုံး မိသားစု သုံးလေးယောက်တော့စားနိုင်မှာပါ။

ကြက်သားငါးပိချက် ဘူးသီးဟင်းခါး ရုံးပတီသီးကြော်

ကြက်သားငါးပိချက်

ပါဝင်သည့်ပစ္စည်းများ

ခရမ်းချဉ်သီး - ၅၀ ကျပ်သား

ငရုတ်သီးစိမ်း - ၅ ကျပ်သား

ကြက်သား - ၃၀ ကျပ်သား

ကြက်သွန်ဖြူ - ၃ ဥ

ကြက်သွန်နီ - ၂ ဥ

စိမ်းစားငါးပိ - ကွမ်းသီးလုံးခန့်

နံနံပင် (သို့) ပျဉ်းတော်သိမ်၊ နနွင်း - အနည်းငယ်

ဆား၊ ဟင်းခတ်မှုန့် - အနည်းငယ်

ဆီ (စားပွဲဇွန်း) - ၂ ဇွန်း

ပြင်ဆင်ချက်ပြုတ်နည်း

- ခရမ်းချဉ်သီးရေဆေး၊ အထဲမှ အစေ့များ အနှစ်များကို ညှစ်ထုတ်ပြီး ညှပ်ထားပါ။

- ငရုတ်သီးစိမ်း ညှပ်ထားပါ။

- ကြက်သွန်နီလှီးပြီး ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ စိမ်းစားငါးပိထည့်၍ ဒယ်အိုးထဲထည့်ပြီး မီးဖိုပေါ်တင်ပါ။ လိပ်နေအောင်မွှေပေးပါ။

- ခရမ်းချဉ်သီး ကြေသွားပြီဆိုလျှင် ဆီ ၂ဇွန်းထည့်မွေပါ။

- နနွင်းမှုန့်ထည့်ပြီး ရေဆေး၍ အတုံးသေးလေးများ တုံးထားသော ကြက်သားကို ခရမ်းချဉ်သီးထဲထည့်ပါ။

- ရေနည်းနည်းထည့်ပြီး အဆက်မပြတ်မွှေပေးပါ။ ဆားဟင်းခတ်မှုန့်ထည့်ပါ။

- အရည်ခန်းလာလျှင် ကြက်သားနူးသည်အထိ ရေနည်းနည်းထည့်ပါ။

- ကြက်သားကျက်လျှင် နံနံပင် (သို့) ပျဉ်းတော်သိမ်ထည့်၍ အပေါ့အငန်မြည်းပြီး အဆင်သင့်စားသုံးနိုင်ပါပြီ။

ဘူးသီးနဲ့ ပဲပင်ပေါက်ဟင်းခါး

လိုအပ်သောပစ္စည်းများ

ဘူးသီး အစိတ်သေး ၁စိတ်၊ ပဲပင်ပေါက် အနည်းငယ်၊ ကြက်သွန်နီ ၁ဥ၊ ကြက်သွန်ဖြူ ၃မြွှာ၊ ပုစွန်ခြောက် အနည်းငယ်၊ ငါးပိစိမ်းစား အနည်းငယ်၊ ဆား၊ငရုတ်ကောင်း အနည်းငယ်စီ။

ချက်ရန်ကြာမြင့်ချိန် (၁၅ မိနစ်)

- ဟင်းရည်အိုးအဖြစ် ရေအနည်းငယ်ကို ပုစွန်ခြောက်၊ ကြက်သွန်နီ၊ ငါးပိစိမ်းစား၊ ဆား အားလုံးထည့်ပြီး ဆူအောင်တည် ထားပါ။

- ဘူးသီးစိတ် အခွံနွှာပါးပါးလှီး၊ ပဲပင်ပေါက်ကို သန့်စင်ထားပါ။ ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းကိုရောပြီး ညက်ညက်ထောင်းထားပါ။

- ဟင်းရည်အိုးဆူလျှင် ဘူးသီးထည့်၊ ဘူးသီးနူးလျှင် အပေါ့အငန်မြည်း၊ ပဲပင်ပေါက်နှင့် ကြက်သွန်ဖြူ၊ ငရုတ်ကောင်းထောင်းထားသည်ကို ထည့်မွှေပြီးနောက် အဖုံးပိတ်၍ အိုးချပါ။ တစ်မိနစ်ခန့်ကြာလျှင် အဖုံးဖွင့်နိုင်ပါပြီ ပူပူလေး သုံးဆောင်ပါ။

ရုံးပတီသီးကြော်

ပါဝင်သည့်ပစ္စည်းများ

ရုံးပတီသီးနုနု ၁၀တောင့်၊ ငရုတ်သီးစိမ်း ၂တောင့်၊ ကြက်သွန်ဖြူ ၅မွှာ၊ ကြက်သွန်နီ ၁ ဥ၊ ခရမ်းချဉ်သီး ၁ လုံး၊ ပုစွန်ခြောက် ၁၀ကောင်၊ ဆား^ဟင်းခတ်မှုန့် လက်ဖက်စားဇွန်း ၁ဇွန်း၊ ဆီ စားပွဲဇွန်း တစ်ဝက်၊ ပင်စိမ်း ၁ ပင်

ပြင်ဆင်ချက်ပြုတ်နည်း

- ရုံးပတီသီးကို ရေဆေးပါ။ ပါးပါးလှီးထားပါ။

- ပုစွန်ခြောက်ထောင်းထားပါ။

- ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။

- ကြက်သွန်နီ ရှစ်စိတ် စိတ်ပါ။

- ငရုတ်သီးစိမ်း ပါးပါးညှပ်ထားပါ။

- ဒယ်အိုးမီးဖိုပေါ်တင်ပါ။

- ဒယ်အိုးပူလျှင် ဆီ စားပွဲဇွန်း တစ်ဝက်ထည့်ပါ။

- ကြက်သွန်ဖြူ ထည့်ပါ။

- ကြက်သွန်နီ ထည့်ပါ။ ငရုတ်သီးစိမ်းနှင့် ခရမ်းချဉ်သီး ထည့်ပါ။

- ပုစွန်ခြောက် ထောင်းထည့်ပါ။

- ရုံးပတီသီး ထည့်ပါ။

- ဆား၊ဟင်းခတ်မှုန့် ထည့်ပြီး မွှေလိုက်ပါ။

- အစိမ်းရောင် မပျောက်ခင်ချပြီး သုံးဆောင်နိုင်ပါသည်။

ပဲပင်ပေါက်ချဉ်၊ ခရမ်းသီးပြုတ်၊ပဲစောင်းလျားသီးတို့ကို တို့မြှုပ်စရာအဖြစ် ထမင်းပွဲမှာပြင်ဆင်စားသုံးနိုင်ပါသည်။

စာကြွင်း။ ။ ရခိုင်မြန်မာဟင်းချက်နည်းလေးတွေကို ရခိုင်အမကြီးတစ်ဦး (မဦးခင်စော) က စာအုပ်ပြုစုထုတ်ဝေတော့မယ့်အချိန် ကျွန်တော်က စပ်စပ်စုစုကူးယူထားခဲ့တာ အလျဉ်းသင့်သလို သူငယ်ချင်းတို့ကိုပြန်လည်ဝေမျှသွားပါ့မယ်။

No comments: